ဟန်လျန်
Vol. 109 Ch. 1139
“ဒီခံစားချက်... လောကဦးနတ်ဘီလူးလား... မဟုတ်ဘူး၊ ဒါက လောကဦးနတ်ဘီလူး မဟုတ်ဘူး၊ ငါ့သွေးစည်းနဲ့ ပဲ့တင်ထပ်နိုင်တယ်ဆိုတော့ သေချာပေါက် ဟန်မိသားစုရဲ့ မျိုးဆက်ပဲ ဖြစ်ရမယ်”
ဟန်ဟွမ်ရဲ့အကြည့်ဟာ လောကဦးပဋိပက္ခကို ခွင်းပြီး ကောင်းကင်တာအိုဆီ ကျရောက်သွားပါတယ်။
ဒီအချိန်မှာ ဟန်ယွင်ကျင်းဟာ အိမ်ဆောင်တစ်ဆောင်ထဲ ခပ်သုတ်သုတ် ဝင်သွားပါတယ်။ ဟန်ယွင်ကျင်းဟာ ခုတင်ဘေးမှာ ပေါ်လာပြီး ခုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မိန်းမတစ်ယောက်ကို ကြည့်လိုက်ပါတယ်။
ဒီမိန်းမရဲ့ မျက်နှာဟာ နာကျင်မှုကြောင့် ချွေးတွေစိုရွဲနေပါတယ်။ ဗိုက်ကိုလည်း လက်နှစ်ဖက်နဲ့ ကိုင်ထားပါတယ်။ သူမရဲ့ဗိုက်ဟာ အနီရောင်တောက်နေပြီး အကြောအခြင်တွေကို မြင်နေရပါတယ်။ ဘယ်သူမဆို သူမဗိုက်ထဲမှာ ပြင်းပြင်းထန်ထန် ရုန်းကန်နေတဲ့ သန္ဓေသားလောင်းကို တွေ့မြင်နိုင်ပါတယ်။
“ယောက်ျား...”
ကိုယ်လုပ်တော်ယွမ်ဟာ ဟန်ယွင်ကျင်းကို တွေ့တဲ့အခါ မကျေနပ်တဲ့အသံနဲ့ ခေါ်လိုက်ပါတယ်။
ဟန်ယွင်ကျင်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘာတွေ ဖြစ်နေတာလဲ၊ မင်းဘာဖြစ်လို့ မီးမဖွားနိုင်တာလဲ”
ကိုယ်လုပ်တော်ယွမ်ရဲ့ မျက်နှာဟာ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်သွားပြီး တုန်တုန်ယင်ယင် ပြန်ဖြေပါတယ် “သူက ကျွန်မရဲ့ ဓမ္မစွမ်းအားကို စုပ်ယူပြီး မွေးဖွားလာဖို့ ခုခံနေတယ်၊ ကျွန်မရဲ့ ဓမ္မစွမ်းအားတွေကို ကျွန်မ ထိန်းချုပ်လို့ မရတော့ဘူး”
ကိုယ်လုပ်တော်ယွမ်ဟာ ဟန်ယွင်ကျင်းအတွက် ကလေးဆယ်ယောက်ကျော် မွေးဖွားပေးခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မကြုံခဲ့ရပါဘူး။
ဟန်ယွင်ကျင်းဟာ လက်ဆန့်ပြီး ကိုယ်လုပ်တော်ယွမ်ရဲ့ ဝမ်းဗိုက်ကို ဖိလိုက်ပါတယ်။ ဟန်ယွင်ကျင်းဟာ ဓမ္မစွမ်းအားသုံးပြီး ကလေးကို ရွှေ့ပြောင်းချင်ပေမဲ့ သူ့ဓမ္မစွမ်းအားနဲ့ သန္ဓေသားလောင်း ထိမိလိုက်တဲ့အခါ အပူလောင်မှုကို ရုတ်ခြည်း ခံစားလိုက်ရပါတယ်။ ဟန်ယွင်ကျင်းဟာ ထိတ်လန့်သွားပြီး ဓမ္မစွမ်းအားကို အမြန်ပြန်ရုပ်သိမ်းလိုက်ပါတယ်။
‘မဖြစ်နိုင်ဘူး... ငါက မဟာတာအိုပညာရှိပါ... မမွေးသေးတဲ့ သန္ဓေသားလောင်းက ငါ့ကို ဘယ်လိုလုပ်ပြီး ထိခိုက်အောင် လုပ်နိုင်ရတာလဲ’
ဟန်ယွင်ကျင်းဟာ မယုံဘဲ ဆက်ကြိုးစားကြည့်ပါတယ်။ ဒါပေမဲ့ အပူလောင်တဲ့ ခံစားချက်က ပြင်းထန်လွန်းပြီး ဝိညာဉ်ကိုတောင် လာဟပ်ပါတယ်။
ဒီတစ်ခါတော့ ဟန်ယွင်ကျင်းကို တကယ်ကို အလန့်တကြား ဖြစ်သွားပါတယ်။
ဒီအချိန်မှာပဲ ဟန်ယွင်ကျင်းဘေးမှာ လူတစ်ယောက် ပေါ်လာပါတယ်။ ဟန်ကျွယ်ပါ။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းပြီး သန္ဓေသားလောင်းကို ဆွဲထုတ်လိုက်ပါတယ်။ ကိုယ်လုပ်တော်ယွမ်ဟာ ဆွဲဆွဲငင်ငင် အော်ဟစ်ပြီး ခုတင်ပေါ်မှာ သတိလစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဘယ်လက်နဲ့ သန္ဓေသားလောင်းကို ယူပြီး ညာလက်နဲ့ ဖန်တီးရှင်သခင် စွမ်းအား သုံးကာ ကိုယ်လုပ်တော်ယွမ်ရဲ့ ဒဏ်ရာတွေကို ကုသပေးလိုက်ပါတယ်။
ဟန်ယွင်ကျင်းဟာ သူ့အဖေကို တွေ့လိုက်ရမှ ရင်ထဲက အလုံးကြီး ကျသွားပါတယ်။ ဒါပေမဲ့ ဟန်ယွင်ကျင်းဟာ ဟန်ကျွယ်ကို အရိုအသေပေးဖို့တောင် သတိမရတော့ဘဲ ကိုယ်လုပ်တော်ယွမ်ကို ချက်ချင်း စစ်ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ သန္ဓေသားလောင်းကို ငုံ့ကြည့်လိုက်တဲ့အခါ သေမျိုးတွေရဲ့ သာမန် သန္ဓေသားလောင်းထက်တောင် သေးငယ်နေတာကို တွေ့လိုက်ရပါတယ်။ သန္ဓေသားလောင်းဟာ လက်တစ်ဝါးစာပဲ ရှိပြီး အနီရောင် တောက်နေပါတယ်။ သန္ဓေသားလောင်းရဲ့ မျက်နှာပေါ်မှာတော့ ထူးဆန်းတဲ့အပြုံးတစ်ပြုံး ရှိနေပါတယ်။
သန္ဓေသားလောင်းဟာ မွေးဖွားလာတဲ့အခါ တခြားကလေးတွေလို အော်ဟစ်ငိုကြွေးခြင်းမရှိဘဲ လက်ဆန့်ပြီး ဟန်ကျွယ်ကို ဆုပ်ကိုင်ကာ တခစ်ခစ် ရယ်မောပါတယ်။ ဒါပေမဲ့ သူ့ရယ်သံက ကြောက်စရာကောင်းပါတယ်။ ဟန်ကျွယ်ကတော့ မျက်နှာသေပါပဲ။ ဒီအချိန် ဟန်ကျွယ် မြင်ကွင်းထဲမှာ အသိပေးချက်တစ်ချက် ပေါ်လာပါတယ်။
[အမျိုးအမည်မသိ နတ်ဘီလူး: အဆုံးမဲ့ခေတ်၏ တည်ရှိမှုအသစ် ဖြစ်သည်။ ဗလာနယ်မြေ အခြေခံ နိယာမများ၏ ဓာတ်ပြုမှုကြောင့် ဗလာနယ်မြေ၏ အဟန့်အတားများ အားလုံးကို သုတ်သင် ဖျက်ဆီးလိုသောစိတ် ရှိသည်။ လောကဦးနတ်ဘီလူးနှင့် ယှဉ်နိုင်သော အလားအလာ ရှိသည်။]
နောက်ဆုံးတော့ သွေးစည်းအသစ် ပေါ်လာခဲ့ပါပြီ။
ခေတ်တိုင်းမှာ ထူးချွန်ထက်မြက်တဲ့ မျိုးနွယ်စုတွေ ရှိကြပါတယ်။ အဆုံးမဲ့ခေတ်ကလည်း အရင်ခေတ်တွေထက် သာလွန်တဲ့ အရည်အချင်းရှိတဲ့လူတွေကို မွေးထုတ်တာ မဆန်းပါဘူး။
ဟန်ကျွယ်ဟာ ကလေးကို သူ့ဆီလျှောက်လာတဲ့ ဟန်ယွင်ကျင်းဆီ လှမ်းပေးလိုက်ပါတယ်။ ဒီမြေးရဲ့ အရည်အချင်းကို ဟန်ကျွယ်ဟာ ချိပ်ပိတ်ဖို့ စိတ်ကူးမရှိပါဘူး။ လောကဦးနတ်ဘီလူးလောက် အရည်အချင်းရှိတာက အဆုံးမဲ့ခေတ်ကို ဖျက်ဆီးဖို့ မလုံလောက်ပါဘူး။
“ဒီကလေးက သာမန်မဟုတ်ဘူး၊ မင်း သူ့ကို ကောင်းကောင်း သွန်သင်ရလိမ့်မယ်” ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။
ဒီကလေးဟာ မွေးဖွားလာတဲ့အခါ သန္ဓေသားလောင်း ဘဝတုန်းကလို စွမ်းအားမကြီးတော့ပါဘူး။ သူ့အမေဗိုက်ထဲမှာတုန်းက အခြေခံနိယာမတွေရဲ့ ကာကွယ်မှုကြောင့် စွမ်းအားကြီးတယ်လို့ ထင်ရတာပါ။
ဟန်ယွင်ကျင်းဟာ လက်ထဲက ကလေးကို ကြည့်ရင်း ခံစားချက်တွေ ရှုပ်ထွေးသွားပါတယ်။ ရင်ထဲမှာလည်း ကြောက်စိတ် ဝင်နေသေးတာကြောင့် ဟန်ယွင်ကျင်းဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “အဖေ... တကယ်ပဲ ဘာအန္တရာယ်မှ မရှိတော့ဘူးလား”
“မရှိတော့ဘူး... မင်း သူ့ကို သေချာ သွန်သင်ဖို့ လိုတယ်”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ နေရာကနေ ပျောက်ကွယ်သွားပါတယ်။
ဒီကလေးငယ်ဟာ အရာရာကို ဖျက်ဆီးလိုတဲ့စိတ်နဲ့ မွေးဖွားလာတာကြောင့် မကောင်းဘူးလို့ ထင်ရပါတယ်။ ဒါပေမဲ့ အရာအားလုံးက ပန်းနဲ့ခေါင်းလို နှစ်ဖက်ရှိတာကြောင့် ဒီလိုမျိုး တထစ်ချ သတ်မှတ်လို့လည်း မရပြန်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီကလေးက သူ့မြေးဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ တစ်ခါတည်း သတ်ပစ်ချင်စိတ် မရှိပါဘူး။
ဖန်တီးရှင်သခင် စွမ်းအားရဲ့ ကုသမှုကြောင့် ကိုယ်လုပ်တော်ယွမ်ဟာ အကောင်းပကတိ ပြန်ဖြစ်သွားပါတယ်။ ကိုယ်လုပ်တော်ယွမ်ဟာ ဟန်ယွင်ကျင်းဘေးနားကို ရောက်လာပြီး ဟန်ယွင်ကျင်း လက်ထဲက ကလေးကို ပွေ့ချီလိုက်ပါတယ်။
ကိုယ်လုပ်တော်ယွမ်ဟာ အရင်လိုမျိုး ကြောက်ရွံ့ခြင်းမရှိတော့ဘဲ သူမမျက်နှာမှာ ချစ်ခြင်းမေတ္တာတွေ ပြည့်လျှံနေပါတယ်။
“ရှင့်အဖေက ပြောသွားတယ်၊ ကျွန်မတို့တွေ ကလေးကို သေချာသွန်သင်ဖို့ လိုတယ်တဲ့၊ ဘယ်ကလေးမဆို လမ်းမှားလျှောက်နိုင်တာပဲ၊ ကျွန်မတို့တွေ သူ့ကို သာမန်ကလေးလို့ပဲ သဘောထားပြီး ဆက်ဆံကြရအောင်”
ဟန်ယွင်ကျင်းဟာ တိတ်ဆိတ်သွားပါတယ်။ အကြောင်းတချို့ကြောင့် ဟန်ယွင်ကျင်းဟာ မဟာတာအို အနန္တကပ်ဘေးတုန်းက ဟန်ဟွမ်ကို တွေးမိလိုက်ပါတယ်။ သူ့သားလည်း အဲဒီလိုမျိုး ဖြစ်လာမှာကို စိုးရိမ်သွားပါတယ်။
အင်မော်တယ်ကမ္ဘာက ကောင်းကင်ဘုံကိုးဘုံ အထက်မှာ တိမ်တွေ ဝန်းရံနေတဲ့ ကောင်းကင်မုခ်ဝတစ်ခု တည်ရှိနေပါတယ်။ ဒီကောင်းကင်မုခ်ဝကို ချူရှောင်ချီ စောင့်ကြပ်နေပါတယ်။
ချူရှောင်ချီဟာ ရင်ဘက်ကို ဖိပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ဘာတွေဖြစ်နေတာလဲ၊ ဒါ ဘာခံစားချက်လဲ’
ချူရှောင်ချီဟာ အကြောင်းအရင်းမရှိဘဲ ထိတ်လန့်သွားပါတယ်။ သူ့ဝိညာဉ်ကလည်း ရေခဲချောက်ထဲ ပြုတ်ကျသွားသလိုမျိုး ခံစားလိုက်ရပါတယ်။ ဒီခံစားချက်ကို သူ တစ်ခါမှ မခံစားဖူးပါဘူး။ သူ့ဘေးနားက အင်မော်တယ်စစ်သားတွေဟာ ချူရှောင်ချီကို အကျိုးအကြောင်း မေးမြန်းပြီး အနားယူဖို့ တိုက်တွန်းပါတယ်။
ချူရှောင်ချီဟာ ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးဘဲ အင်မော်တယ် စစ်သားတွေကို နှုတ်ဆက်ပြီး ထွက်ခွာသွားပါတယ်။ နေအိမ်ကို ပြန်ရောက်တဲ့အခါ ချူရှောင်ချီဟာ သူ့စွမ်းအားကို လှည့်ပတ်ပြီး ဒဏ်ရာတွေကို ကုသပါတယ်။ ဒီအခါ သူ စောစောက ခံစားခဲ့ရတဲ့ ထူးဆန်းတဲ့ ခံစားချက်ဟာ ပျောက်ကွယ်သွားပါတယ်။
‘ထူးဆန်းလိုက်တာ...’
ချူရှောင်ချီဟာ အကြောင်းရင်းကို ရှာမရတာကြောင့် အဲဒီနောက်ပိုင်း နိုးနိုးကြားကြား နေပါတယ်။ အချိန်အတော်ကြာတဲ့အထိ အဲဒီခံစားချက် ပြန်မပေါ်လာတော့မှ ချူရှောင်ချီဟာ စိတ်ချလက်ချ ဖြစ်သွားပါတယ်။
ဒီလိုဖြစ်တာ ချူရှောင်ချီ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ မျိုးဆက် အကုန်လုံး ဒီလို ခံစားရပါတယ်။
ရှန်ရှင်းဆယ်ဖော်ဆိုရင် တတိယ တာအိုစက်ကွင်းဆီ ပြန်လာပြီး ဟန်ကျွယ်ဆီ လာလည်ပါတယ်။ ဟန်ကျွယ်ဟာ သူတို့ကို အတွေ့မခံဘဲ နောက်ကျရင် သိလာလိမ့်မယ်လို့ပဲ တိုတိုတုတ်တုတ် ပြောလိုက်ပါတယ်။
ရှန်ရှင်းဆယ်ဖော်ဟာ ဟန်ကျွယ်စကားရဲ့ ဆိုလိုရင်းကို နားမလည်ပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ တတိယစက်ကွင်းထဲကနေ ခပ်သုတ်သုတ်ပဲ ပြန်ထွက်ခွာသွားကြပါတယ်။ သူတို့မှာလည်း ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိကြပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယွင်ကျင်းရဲ့သားကို တိတ်တဆိတ် ဂရုစိုက်ပြီး ဟန်လျန်လို့ နာမည်ပေးလိုက်ပါတယ်။
ဟန်လျန်ဟာ ငယ်ငယ်လေးကတည်းက အဆော့မက်ပြီး နေရာတိုင်းမှာ ပြဿနာ လိုက်ရှာပါတယ်။ ဟန်ကျွယ်ဟာ သူ့ ကြည့်ပြီး နီကျားကို တွေးမိလိုက်ပါတယ်။
နီကျားရဲ့ ဒဏ္ဍာရီက သမိုင်းထဲမှာ ပျောက်ကွယ်သွားတာ ကြာလှပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ခေတ်တိုင်းမှာ နီကျားလိုမျိုး ကလေးတွေ ရှိတာကို မှတ်မိနေပါသေးတယ်။
အာဏာဖီဆန်တာက လူသားတွေရဲ့ သဘောသဘာဝပါ။ ဒါပေမဲ့ သာမန်သေမျိုးတွေက ကိုယ်ကျင့်တရားကြောင့် ထိန်းချုပ်မှုကြောင့် အလွန်အကျွံ မဖြစ်ကြပါဘူး။
ဟန်လျန်ဟာ ပြဿနာရှာရတာ ကြိုက်ပေမဲ့ ဟန်ယွင်ကျင်းရဲ့ သွန်သင်ဆုံးမမှုအောက်မှာ အပြစ်မရှိတဲ့လူတွေကို ထိခိုက်အောင် မလုပ်ပါဘူး။ ဒါကြောင့် လောလောဆယ်မှာ ဟန်လျန်က အရာရာကို ဖျက်ဆီးလိုတဲ့စိတ်နဲ့ မွေးဖွားလာတယ်ဆိုတာ စိတ်ကူးကြည့်ဖို့ ခက်ပါတယ်။
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို အကြံ အကြီးကြီးတစ်ခု တွေးမိလိုက်ပါတယ်။ အဲဒါက မိုးကောင်းကင် ပါရမီရှင် အခွင့်အရေးကို အသုံးပြုဖို့ပါ။ တကယ်လို့ ဟန်လျန်သာ မိုးကောင်းကင် ပါရမီရှင် အခွင့်အရေးကို ရသွားရင် သူ့အရည်အချင်းက ပိုပြီးတော့ တိုးသွားနိုင်ခြေ ရှိပါတယ်။
ဟန်ကျွယ်ဟာ ဟန်လျန်ရဲ့ အနာဂတ်ကို ကြည့်လိုက်ပါတယ်။ ဟန်လျန်ရဲ့ အနာဂတ်က ဖြစ်နိုင်ခြေတွေ အများကြီးပါ။ အများစုက ဟန်ဟွမ်လိုမျိုး မကောင်းတဲ့လမ်းကို လျှောက်ပါတယ်။ ဒါပေမဲ့ တချို့ အနာဂတ်တွေမှာတော့ ဟန်လျန်ဟာ ဆင်ခြင်တုံတရား ပျောက်မသွားဘဲ နောက်ဆုံးစည်းကို ထိန်းသိမ်းပါတယ်။
ဖြစ်နိုင်ခြေတစ်ခုမှာဆိုရင် ဟန်လျန်ဟာ သူတော်စင်ပါ။ သက်ရှိအားလုံးကို ကယ်တင်တဲ့ သူတော်စင်တစ်ပါး ဖြစ်လာခဲ့ပါတယ်။
စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဖျက်ဆီးဖို့ မွေးဖွားလာတဲ့လူက လောကအနှံ့ ခြေဆန့်ပြီး ကောင်းမှုတွေ လုပ်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်လျန်ကို စိတ်ဝင်စားလာပါတယ်။ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကိုတော့ ဟန်ကျွယ်ဟာ ထုတ်မသုံးသေးပါဘူး။ တစ်ရာပြည့်မှပဲ အကုန်လုံး ထုတ်သုံးမှာပါ။
မဟာတာအိုပညာရှိအဆင့် ရောက်နေတဲ့ ဟန်ကျွယ်ရဲ့ မျိုးဆက်တွေဟာ ဟန်လျန်ကို သိကြပါတယ်။ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ သွေးစည်းပဲ့တင်ထပ်မှုက တော်တော်ကို ကြမ်းလွန်းပါတယ်။ အဲဒါကြောင့် ဟန်လျန်ဆီကို ထူးဆန်းတဲ့မိသားစုဝင်တွေ မကြာခဏ လာလည်ကြပါတယ်။
ဟန်လျန်ကို အချစ်ဆုံးကတော့ ဟန်ချင်းအာပါ။ အပြင်မှာဆော့ဖို့ ဟန်လျန်ကို ခေါ်ခေါ်ထုတ်သွားပါတယ်။
နှစ်တစ်ထောင် ကြာသွားပေမဲ့ ဟန်လျန်က ငါးနှစ်ခြောက်နှစ်အရွယ်ပဲ ရှိပါသေးတယ်။ ဘယ်တော့မှ မကြီးပြင်းလာနိုင်တဲ့ အတိုင်းပါပဲ။
ဟန်လင်ဟာ ဒီကိစ္စကို ဂရုမစိုက်ပါဘူး။ သူဟာ ဟန်လျန်လိုမျိုးပဲ သက်ရှိတွေရဲ့ အတွေးအမြင်တွေကို လုံးဝ ဂရုမစိုက်ပါဘူး။
ဒီနေ့မှာတော့ ဟန်လျန်ဟာ ကောင်းကင်တာအိုရဲ့ ပုကျိုးနတ်တောင်မှာ ကစားနေပါတယ်။ ဟန်ယွီလည်း တောင်ပေါ်မှာ ရှိနေတဲ့အတွက် ဟန်ယွင်ကျင်းဟာ တော်တော်လေး သက်သာရာ ရပါတယ်။
ဒီအချိန် ဟန်လျန်ရှေ့မှာ ဝဲကတော့နက်တစ်ခု ရုတ်တရက် ပေါ်လာပြီး ဧရာမလက်ကြီးတစ်လက် ထွက်ပေါ်လာကာ ဟန်လျန်ကို ဖမ်းဆုပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်လျန် မအော်နိုင်ခင်မှာပဲ တစ်စွန်းတစ်စမှ မကျန်အောင် ပျောက်ကွယ်သွားပါတယ်။
အဲဒီနောက် ဟန်ယွီ ရောက်လာပြီး ဝဲကတော့နက်ထဲကို လျင်မြန်စွာ ဝင်လိုက်ပါတယ်။ ဟန်လျန်က သူ့ရဲ့ ဘိုးဘေးလေးဆိုတော့ ဟန်ယွီဟာ နည်းနည်းလေးတောင် အမှားမဖြစ်မခံနိုင်ပါဘူး။ မဟုတ်ရင် တခြားလူတွေကို သူ ရှင်းပြနိုင်မှာ မဟုတ်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။