← Chapters

ကောင်းကင်နယ်စားမင်း၏ သားတော်

Vol. 66 Ch. 868

ကောင်းကင်နယ်စားမင်း၏ သားတော်

Vol. 66 Ch. 868

ဤနတ်ဘုရားများနှင့် မိစ္ဆာတို့၏ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည့် တခဏလေးအတွင်း ပထမဆုံးမိစ္ဆာနတ်ဘုရားကား လဲကျသွားခဲ့ပြီဖြစ်သည်။ သူ့မျက်လုံးများသည် အသက်ဓာတ်တို့ဖြင့် မီးဝင်းဝင်းတောက်နေခဲ့သော်လည်း တစ်စက္ကန့်အတွင်းမှာပင် ဟောင်းလောင်းပေါက်ကြီး ဖြစ်သွားကာ အသက်ဓာတ်အားလုံး ငြိမ်းသေသွားတော့သည်။

သူ၏ရုပ်ခန္ဓာက မပျက်စီးသေးသော်လည်း အသက်ရှူရပ်သွားချေပြီ။ ကြောက်မက်ဖွယ်ရာ အားတစ်ရပ်က သူ၏မူလဝိညာဉ်ကို ဆွဲငင်စုပ်ယူလိုက်သကဲ့သို့ တခဏလေးအတွင်း ငေါက်ခနဲ သေဆုံးသွားခြင်း ဖြစ်သည်။

ကျန်မိစ္ဆာနတ်ဘုရားများက ချင်မူ့ဆီသို့ ခုပ်အုပ်နေကြဆဲဖြစ်သည့်အတွက် သတိမထားမိလိုက်ပေ။

သို့သော် ‌နောက်တခဏတွင် ဒုတိယမိစ္ဆာနတ်ဘုရားလည်း မျက်လုံးများ မှေးမှိန်သွားကာ ဘုန်းခနဲ လဲကျသွားသည်။ ထို့နောက် တတိယမြောက် မိစ္ဆာနတ်ဘုရား... စတုတ္ထမြောက် မိစ္ဆာနတ်ဘုရား....

ချင်မူ့ဆီသို့ အလျင်ရောက်သွားသော မိစ္ဆာနတ်ဘုရားက ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်နေစဉ် သူ့အနောက်မှ မိစ္ဆာနတ်ဘုရားတို့ လဲကျသွားသံများ ထွက်ပေါ်လာသည်။

သူက ငေးကြောင်နေသည့် မျက်ဝန်းများဖြင့် ခေါင်းလှည့်ကြည့်လိုက်၏။

သူ့အနောက်၌ ကျန်ခဲ့သော မြောက်ပိုင်းကောင်းကင်ဘုံတစ်ဘုံချင်းစီ၏ အရှင်သခင် တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်သည်။ သူတို့လက်က ရှေ့ကာထားကြပြီး မျက်နှာများသည် အသေကောင်လို ဖြူဆုပ်နေကြကာ ကြောက်လန့်တုန်လှုပ်နေသည့် အမူအရာများ ရှိကြ၏။

“မြေအောက်ဘုံအရှင်လေး...”

နောက်ဆုံးကျန်ရှိသော မိစ္ဆာနတ်ဘုရားမှာ ထိုစကားကို ပြောပြီးသည်နှင့် မျက်လုံးများ မှေးမှိန်သွားတော့သည်။ အမှောင်ထုထဲတွင် လိပ်ပြာသဏ္ဍာန်ရှိသော မီးတောက်တစ်ခု ဖွဲ့တည်လာပြီး ဘေးနှစ်ဖက်သို့ အလွန်လှပစွာ ကားထွက်သွားသည်။

မီးတောက်သည် အံ့အားသင့်ဖွယ်ရာ လှပသော မျက်လုံးတစ်လုံး ဖြစ်သော်လည်း မိစ္ဆာအငွေ့အသက်တို့ ပြည့်နေ၏။ မျက်လုံး သူ့ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ နောက်ဆုံးမိစ္ဆာနတ်ဘုရားမှာ အသိစိတ်ပျောက်သွားတော့သည်။

ဘုန်း

နောက်ဆုံးအလောင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။

ကျန်ကောင်းကင်ဘုံအရှင်သခင်များမှာ ကြောက်လန့်သွားကြပြီး အလျင်အမြန် နောက်ဆုတ်နေကြသော်လည်း နောက်ကျသွားပြီဖြစ်၏။

ကောင်းကင်ဘုံအရှင်သခင်တစ်ယောက်သည် ရုတ်ခြည်းဆိုသလို ဝိညာဉ်ခမ်းခြောက်သွား၏။ သူက လက်နှစ်ဖက်ဖြင့် သူ့လည်ပင်းသူ ညှစ်ပြီး ပါးစပ်ကြီးဟလျက် အသက်ငင်နေသည်။ ထို့နောက် ဒူးထောက်ကျသွားပြီး လျှာတန်းလန်းနှင့် အသက်မရှူတော့ပေ။

ဒုတိယကောင်းကင်ဘုံအရှင်သခင်နှင့် တတိယကောင်းကင်ဘုံအရှင်သခင်လည်း ထိုနည်းတူ သေဆုံးသွားသည်။

ကျန်ရှိသူအားလုံး လုံးလုံးလျားလျား ကြောက်လန့်ကုန်ကြပြီး‌ ခြေဦးတည့်ရာ ထွက်ပြေးကြသည်။ သို့သော် သေမင်းက အရိပ်သဖွယ် ရောက်လာ၍ တစ်ယောက်ပြီးတစ်ယောက် အသက်နှုတ်ခံနေရတော့သည်။

“မဟာကာလ ကယ်ပါဦး” အရှင်သခင်တစ်ယောက်က အမှောင်ထုထဲတွင် တုန်လှုပ်ချောက်ချားစွာ အော်နေသော်လည်း သူ့အသံမှာ တိတိရိရိ ဖြတ်တောက်ံလိုက်ရ၏။ သူကား အလောင်းတစ်လောင်း ဖြစ်သွားပြီး ကောင်းကင်ထက်မှ မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျလာသည်။

မဟကာလက မျက်လုံးမဖွင့်ပေ။ အမှောင်ထုထဲ၌ ဖြစ်ပျက်နေသော အရာများနှင့် ပတ်သက်၍ သူ ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ ‘ကောင်းကင်နတ်အရှင်ယွီ’၏ ရှုံးနိမ့်မှုက သူ့ကို ဤလက်အောက်ငယ်သားများက စတေးရန် စိတ်ပြတ်သားစေခဲ့သည့်အတွက် ဝင်ပါမည်မဟုတ်ပေ။

ကောင်းကင်ဘုံအရှင်သခင်တိုင်း ချင်မူ့အပေါ် သတ်ဖြတ်လိုစိတ်မရှိသော်လည်း သေခြင်းတရားက ဂရုမစိုက်ပုံရသည်။ သေခြင်းတရားကို ထိန်းချုပ်သော မိစ္ဆာနတ်ဆိုးဘုရင်သည် မြေအောက်ဘုံအရှင်လေးပဋိညာဉ်ကို တင်းတင်းကြပ်ကြပ် လိုက်နာပြီး ဝိညာဉ်သိမ်းရန် ရောက်နေ၏။

မြေအောက်ဘုံအရှင်လေးပဋိညာဉ် ချုပ်ဆိုထားသရွေ့ မြောက်ပိုင်းကောင်းကင်ဘုံကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ပေးမည်ဟု တန်ခိုးရှင်သစ်ခုတ်သမားနှင့် သဘောတူထားသည့် လောင်းကြေးကို မလိုက်နာလျှင် သူတို့အားလုံး မြေအောက်ဘုံအရှင်လေး၏ စေလိုရာစေ၊ သေလိုရာသေရမည့် ရုပ်‌သေးရုပ်များ ဖြစ်သွားချေပြီ။

သွေးအိုင်ထဲတွင် ချင်မူ၏အရိုးစုမှ အသွေးအသားများ ထွက်လာနေဆဲ ရှိသေးသည်။ သူက လက်ဝါးတစ်ဖက်ကို အားနည်းစွာ မြှောက်ရင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် မြောက်ပိုင်းကောင်းကင်ဘုံအရှင်သခင်တချို့ကို ကယ်ပေးချင်ပါသော်လည်း သူ့တွင် အားတစ်စက်မှ မရှိပေ။

‘ကောင်းကင်နတ်အရှင်ယွီ’နှင့် တိုက်ပွဲတွင် ‘ကောင်းကင်နတ်အရှင်ယွီ’က လမ်းစဉ်အဆင့် မဟာကောင်းကင်နတ်သိုင်း၏ ကောင်းကင်ဘုံ ၂၈ ထပ်အထိ ထုတ်လွှတ်ခဲ့၏။

‘ကောင်းကင်နတ်အရှင်ယွီ’သည် ရှေးဟောင်းနတ်ဘုရားအားလုံး၏ မဟာတာအိုများကို ကောင်းကင်ဘုံ ၂၈ ထပ်အထိ တတ်မြောက်ထားလေသည်။ ချင်မူ သူ့ကို သေအောင် တိုက်ခိုက်နိုင်ခဲ့ခြင်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုမှ ရလဒ်များကို သူ၏အစွမ်းအစများဖြင့် ပေါင်းစည်းထားခြင်းကြောင့် ဖြစ်သည့်အပြင် သူ၏မှော်စွမ်းအင်ကလည်း ‘ကောင်းကင်နတ်အရှင်ယွီ’၏ မှော်စွမ်းအင်ထက် များစွာသန်မာအားကောင်း၍လည်း ပါသည်။

သို့တိုင်အောင် ချင်မူမှာလည်း ရုပ်ပင် မပေါ်တော့သည့်တိုင်အောင် ရိုက်နှက်ခံခဲ့ရသေးလေသည်။

ယခု သူ့တွင် ချင်ဖုန်းကျင့်ကို တားရန် အားအင်ကုန်ခမ်းနေပြီဖြစ်၏။

ဤအချိန်တွင် သူ့အစ်ကိုကြီး ချင်ဖုန်းကျင့်ကတော့ မြေအောက်ဘုံအရှင်လေးပဋိညာဉ်မှတစ်ဆင့် မြောက်ပိုင်းကောင်းကင်ဘုံအရှင်သခင်များ၏ ဝိညာဉ်များကို စိတ်လှုပ်တရှား စုပ်ယူနေပြီး ဖြည်းဖြည်းချင်း စားရန် သားသတ်ဒယ်အိုးထဲတွင် သိမ်းထားရင်း ခုန်ပေါက်ပျော်ရွှင်နေလိမ့်မည်။

ယုတ္တိကျကျတွေးခေါ်ခြင်း ဆိုသည်မှာ ချင်ဖုန်းကျင့်အတွက် တည်ရှိသော စကားလုံးမဟုတ်ပေ။ သူ၏ဦးနှောက်ထဲ၌ သူ့အမေမှလွဲ၍ ကျန်ဖြစ်တည်မှုများ၊ သက်ရှိသတ္တဝါများသည် စား၍ရခြင်း၊ မရခြင်းအပေါ်တွင်သာ မူတည်ပြီး ခွဲခြားခံရ၏။

သူ့အဖေ ချင်ဟန်ကျန်းနှင့် သူ့ညီ ချင်မူမှာလည်း စား၍ရသော အုပ်စုတွင် ပါဝင်သည်။ သူ့အမေက ချင်မူ့ကို မစားစေချင်၍သာ ချင်ဖုန်းကျင့်မှာ စိတ်ပါတပါဖြင့် သူ့ညီအား လွှတ်ပေးထားခြင်း ဖြစ်သည်။

“ဒီကျောက်စိမ်းမြို့တော်အဆင့် ကောင်းကင်ဘုံသခင်တွေသာ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လာရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လုပ်ဆောင်နိုင်စွမ်းက အကြီးအကျယ် တိုးတက်သွားမှာပဲ...” ချင်မူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သူ့ရင်ထဲတွင် အင်မတန် နာကျင်နေသည်။

နောက်ဆုံးမိစ္ဆာနတ်ဘုရား အမှောင်ထုထဲ၌ လဲကျသွားသည်။

မဟာကာလက မျက်လုံးဖွင့်၍ မှင်သေသေအကြည့်ဖြင့် ချင်မူ့ဆီ ကြည့်နေသည်။ “မင်း သူတို့ကို အသက်ရှင်ခွင့်ပေးထားမယ် ထင်နေတာ.... ဒီလောက် ရက်စက်မယ် မထင်ခဲ့ဘူး”

သွေးအိုင်ထဲတွင် ချင်မူမှာ ပို၍ပင် ရင်နာသွားပြီး သူ့ပါးစပ်ထဲမှ သွေးများက ရေပန်းလို ပန်းထွက်လာတော့သည်။

မဟာကာလသည် လှည့်၍ နန်းတော်ထဲ ဝင်သွား၏။ “ပြန်တော့... ငါ မင်းကို နေ့ဝက်အချိန်ပေးမယ်... မင်း မဟာကာလနန်းတော်ရဲ့ နယ်နိမိတ်ကနေ အသက်ရှင်ရက် ထွက်မသွားနိုင်ရင် ငါ မင်းကို ငါ့ဘာသာငါ သတ်မယ်... မင်း နေရာကနေ ထွက်သွားနိုင်ရင်တော့ ငါ ဒေါသကို မြိုသိပ်ပြီး လက်ခံပေးမယ်.... ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဘာမှမလုပ်တော့ဘူး”

နဂါးချီလင်က လျင်မြန်စွာ ပြေးချလာပြီး ခန္ဓာကိုယ်ကုသနေဆဲဖြစ်သော ချင်မူ့ကို ကျောပေါ် တင်သည်။ ထို့နောက် စကားတစ်ခွန်းမှ မပြောတော့ဘဲ တောင်အောက် ပြေးဆင်းသွားတော့သည်။

မဟာကာလနန်းတော်အတွင်းတွင် မဟာကာလ၏ တပည့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်၍ တိတ်ဆိတ်နေသော မဟာကာလကို အကဲခတ်နေကြ၏။

ဤတစ်ကြိမ်တွင် မဟာကာလ အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။ ကောင်းကင်ဆရာသခင်ကျစ်ရှီနှင့် သစ်ခုတ်သမားက ပထမဦးစွာ ပြဿနာလာရှာပြီး မြောက်ပိုင်းကောင်းကင်ဘုံနှင့် လောကသခင်ခန္ဓာအကြား တိုက်ပွဲစတင်ခဲ့သည်။ မဟာကာလသာ ဝင်မပါခဲ့လျှင် ဤကောင်းကင်ဘုံအရှင်သခင်များသည် အသက်မသေရန် အလို့ငှာ မြောက်ပိုင်းကောင်းကင်ဘုံကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပေးခဲ့ကြလိမ့်မည်။

သို့တိုင်အောင် မဟာကာလ ဝင်ပါခဲ့သည့်တိုင် မြောက်ပိုင်းကောင်းကင်ဘုံ၏ အရှင်သခင်သုံးရာဆယ့်ခြောက်ယောက်စလုံး အသက်ဆုံးရှုံခဲ့ရချေပြီ။

ဤကောင်းကင်ဘုံအရှင်သခင်များမှာ သူ့လက်အောက်တွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အင်အားစုဟု ဆိုနိုင်သည်။ ထို့အပြင် ကောင်းကင်ဘုံတစ်ဘုံစီမှ သန်မာအားကောင်းသော ကောင်းကင်နတ်သိုင်းပညာရှင်များ ရွေးချယ်ရာတွင် မရေမတွက်နိုင်သည့် လူငယ်သိုင်းပညာရှင်များစွာ သေဆုံးခဲ့ရသည်။ မဟာကာလသည် ယခုလို ဆုံးရှုံးနစ်နာမှုကြီးအသာထား၊ အသေးငယ်ဆုံးအငြှိုးလေးအတွက်ပင် ကလဲ့စားချေတတ်သည့်အတွက် ကျော်ကြားသူဖြစ်၏။

သို့သော် သူက သူ့ကိုယ်သူ ထိန်းထားပြီး တိတ်ဆိတ်စွာ သည်းခံနေသည်သာမက ချင်မူ့ကို သူ့ပိုင်နက်ထဲမှ ထွက်သွားရန် အချိန်နေ့တစ်ဝက်ပင် ပေးထားသေးသည်။ ဤသည်မှာ ရယ်စရာမမကောင်းဘူးလော။

‘အဆင့်တူမှာ သူက ကောင်းကင်နတ်ဘုံရဲ့ အင်အားအကြီးဆုံး လက်နက်ကို အနိုင်ယူနိုင်ခဲ့တယ်.... လောကသခင်ခန္ဓာဆိုတဲ့အတိုင်းပဲ.... သူ အသက်ရှင်နေသရွေ့ အနာဂတ်က အဲဒီလောက် အသက်မမဲ့တော့ဘူး’

မဟာကာလသည် အတွေးထဲ နစ်မျောနေရာမှ တခဏကြာသော် ကျယ်လောင်စွာ ရယ်လိုက်၏။ “ငါ သူ့ကို ဒီတိုင်း ထွက်သွားခွင့်ပေးလိုက်တာက မြောက်ပိုင်းကောင်းကင်ဘုံရဲ့ မျက်နှာကို အိုးမည်းသုတ်လိုက်သလိုပဲ မင်းတို့တွေ ထင်နေကြတယ်မလား”

မိုစန်းတုံ၊ ရွှယ့်ထိုက်သိုနှင့် ကျန်ရှိသူများ မည်သည်ကိုမျှ မပြောရဲကြပေ။

“မင်းတို့ရဲ့ဆရာအနေနဲ့ ငါ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်”

မဟာကာလက ဟက်ခနဲ တစ်ချက် ရယ်၍ ပြောသည်။ “ငါက နဂါးဟန်ခေတ်မတိုင်ခင် မွေးဖွားလာခဲ့တဲ့သူပဲ... ရှေးခေတ်ကနေ ဒီနေ့ထက်ထိ အသက်ရှင်သန်နိုင်ခဲ့တာ ဘာကြောင့်လဲသိလား... အရှက်မရှိလို့”

မိုစန်းတုံနှင့် ကျန်ရှိသူများတွင် ထူးဆန်းသောအမူအရာများ ရှိပြီး တစ်ယောက်မှ ပြန်မဖြေကြ‌ပေ။

မဟာကာလ ထရပ်လိုက်သည့်အခါ အမှောင်ထုက သူ့နောက်မှ လိုက်လာသည်။ သူက ပြုံးနေ၏။ “အဲဒီတုန်းက ငါ့ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုတွေ၊ ငါ့ထက် ဉာဏ်ကောင်းတဲ့သူတွေ အများကြီး ရှိခဲ့ပေမယ့် အသက်ရှင်သန်နိုင်ခဲ့သူတွေကတော့ နည်းတယ်.... ဆန့်ကျင်ဘက်မှာ ငါကတော့ မိစ္ဆာဘိုးဘေးကြီးအဖြစ် အမြဲလေးစားခံခဲ့ရတယ်... ငါသာ အရှက်ရှိနေခဲ့ရင် သေသွားတာကြာပြီ”

မိုစန်းတုံနှင့် ကျန်ရှိသူများမှာ အမှောင်ထုကြောင့် မည်သည့်နေရာသို့ ကြည့်ရမှန်း မသိကြပေ။

အမှန်တွင် ဤတပည့်များ၏ အပြုအမူများ၊ အတွေးအ‌ခေါ်များသည် မဟာကာလနှင့် အတော်အသင့် ဆင်တူ၏။

ချင်မူ နန်းတော်ထဲတွင် နေခဲ့သော နေ့ရက်များတုန်းက ချင်မူ့ကို စိန်ခေါ်မည့် ဆင်ခြေများဖြင့် သူတို့၏သိုင်းအခြေခံတွင် လိုအပ်နေသော နေရာများအား ဖာ‌ထေးနိုင်ခဲ့သည့် မဟာကာလ၏ တပည့်များစွာ ရှိသည်။

သူတို့သည် အရူးများမဟုတ်ပေ။ အမှောင်မိုကျားသုတ္တန်ကို ချင်မူ တတ်မြောက်သွားနိုင်မှန်း သိကြသော်လည်း မည်သို့ဆိုစေ လုပ်ခဲ့ကြသေးသည်။ ဤသည်မှာ မဟာကာလနှင့် တစ်သွေးတစ်သားတည်းဟု ဆိုနိုင်၏။

“အပြင်လောက ကမောက်ကမ ဖြစ်လေလေ၊ မိစ္ဆာနတ်ဆိုးမျိုးနွယ်အတွက် အကျိုးရှိလေလေပဲ”

မဟာကာလက ဇိမ်ပြေနပြေ ဆက်ပြောသည်။ “သူတို့တွေ ဖရိုဖရဲ ကမောက်ကမ ဖြစ်နေမှ ငါတို့လို မိစ္ဆာနတ်ဆိုးတွေ ရှင်သန်နိုင်လိမ့်မယ်.... ကောင်းကင်နတ်ဘုံ ခိုင်မာတဲ့ အနာဂတ်ကို တည်ဆောက်ပြီးသွားရင်တော့ ငါတို့မိစ္ဆာနတ်ဆိုးမျိုးနွယ်အတွက် တကယ် အဆုံးသတ်ပဲ... ငါ ‌ကောင်းကင်နတ်ဘုံက အဲဒီပုဂ္ဂိုလ်ကို လာတိုက်ခိုက်ပေးဖို့ ဖိတ်ခေါ်ခဲ့ရတဲ့ ရည်ရွယ်ချက်က ကောင်းကင်နတ်ဘုံရဲ့ ဒီလက်နက် တကယ် ပြိုင်ဘက်ကင်းသလား မြင်ချင်လို့ပဲ... အခုကြည့်ရင် ကောင်းကင်နတ်ဘုံ ပြိုင်ဘက်မကင်းနိုင်သေးဘူး”

သူက ဝမ်းသာအားရ ရယ်လိုက်၏။ “ရုတ်တရက် ငါ့နှလုံးသားအပေါ်က ဝန်ထုပ်ကြီး ပေါ့သွားပြီ... အဲဒါကြောင့် ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာကို သတ်မရဘူး.... ဒါ့အပြင် သူ့ကို သတ်နိုင်ပါမယ်လို့လည်း ယုံကြည်ခချက်မရှိဘူး”

မိုစန်းတုံနှင့် ကျန်ရှိသူများမှာ မဟာကာလ မည်သည့်အတွက်ကြောင့် ချင်မူ့ကို အရေးထားနေမှန်း နားမလည်၍ ဇဝေဇဝါ ဖြစ်နေကြသည်။

“မြေအောက်ဘုံအရှင်လေးက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာပဲ”

မဟာကာလဆီမှ ဤစကား ထွက်လာသည့်အခါ သူတို့အားလုံး ကျောရိုးထဲ စိမ့်အေးသွားကြသည်။ သူက ထူးဆန်းသော အမူအရာတစ်ခုဖြင့် ဆက်ပြောသည်။ “ငါ့လိုပဲ သူလည်း ယိုတုမှာ မွေးလာခဲ့တာ... ငါက ယိုတုရဲ့ အငြိုးတွေ၊ မိစ္ဆာအငွေ့အသက်တွေ၊ မိစ္ဆာချီတွေကနေ မွေးဖွားလာတဲ့ ပထမဆုံး မိစ္ဆာနတ်ဘုရား... သူကတော့ အမိဝမ်းက‌နေ မွေးဖွားလာတဲ့ ယိုတုရဲ့ ပထမဆုံး သက်ရှိပဲ... ငါတို့နှစ်ယောက်စလုံးမှာ ရှေးကျပြီး သူများနဲ့ မတူညီတဲ့ နေရာတွေ ရှိတယ်... ဒါပေမဲ့ မွေးဖွားလာတဲ့ အနေအထားအရ ငါက သူ့အောက် အနည်းငယ် နိမ့်ကျတယ်... ထူးဆန်းတာက သူက သူ့ကိုယ်ပိုင်စွမ်းအားသူ မထိန်းချုပ်နိုင်တဲ့ပုံပဲ... သူ့စွမ်းအားမှာ ကိုယ်ပိုင်အသိစိတ်အလျဉ် ရှိနေတယ်ထင်တယ်...”

ကောင်းကင်နတ်ဘုံ၊ အစောင့်ရှောက်အဆောင်

ကောင်းကင်နတ်ဘုံ တာအိုဂိုဏ်း၏ တာအိုသခင်သည် ကျောက်စိမ်းတိုင်၏ ထိပ်ဆုံးမှ ကျောက်စိမ်းတုံးတစ်တုံး လှီးဖြတ်လိုက်၏။ သူက လှီးဖြတ်ခံလိုက်သောနေရာ လျင်မြန်စွာ ပြန်ပြည့်သွားသည်ကို ကြည့်ရင်း ‌ခေါင်းယမ်းနေသည်။

တာအိုသခင်က ကောင်းကင်နတ်အရှင်ယွီ၏ အမှတ်အသား ပါရှိသည့် ကျောက်စိမ်းတုံးကို ယူ၍ ‌အောက်ဆင်းသွားပြီး အောက်ရှိလူဆီ ပေးလိုက်သည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်၊ နောက်ဆုံးလက်နက်က ဘာဖြစ်သွားလို့လဲ”

“ပျက်စီးသွားတယ်”

အောက်ရှိ လူသည် ရုပ်ရည်ချောမောသော လူတစ်ယောက် ဖြစ်၏။ သူ့တစ်ကိုယ်လုံးမှ အဖြူရောင်အလင်း ထုတ်လွှတ်နေပြီး သူ့မျက်လုံးများကလည်း ဖြူဆွတ်နေသည်။ ထိုလူက ‌ခေါင်းယမ်းကာ ပြောလေသည်။ “ဒီလက်နက်က လိုအပ်နေသေးတယ်.... ကောင်းကင်နယ်စားမင်းရဲ့ မဟာတာအိုက မပြည့်စုံဘူး.. ငါ ဒီလက်နက်နဲ့ အောက်ဘုံဆီ ဆင်းတုန်းက လောကသခင်ခန္ဓာကြောင့် ပျက်စီးပြိုကွဲသွားတယ်”

တာအိုသခင်အိုကြီးက တအံ့တဩ မေးလေသည်။ “လောကသခင်ခန္ဓာတဲ့လား”

“ဒီလောကသခင်ခန္ဓာကလည်း ကောင်းကင်နတ်အရှင်တစ်ယောက်ပဲ”

ရှေးဟောင်းနတ်ဘုရားဘုရင်တွင် ထူးဆန်းသောအမူအရာ ရှိသည်။ “ဟိုတုန်းက ကျောက်စိမ်းရေကန်တွေ့ဆုံပွဲမှာ ငါ ကောင်းကင်နတ်ဧကရာဇ်ကို ချီးကျူးဂုဏ်ပြုစကား ပြောနေတုန်းက လောကသခင်ခန္ဓာက ကျောက်စိမ်းရေကန်မှာ သောင်းကျန်ခဲ့တယ်... အဲဒီနောက်ပိုင်း သူ့ဓားကွက်ကြောင့် ကျန်ခဲ့တဲ့ ဒဏ်ရာတွေကို မြင်ခဲ့ရဖူးတယ်.... အခုတစ်ခေါက်လည်း သူ့ဓားကွက်တွေကြောင့် သူ့ကို မှတ်မိလိုက်တာ... သူက နဂါးဟန်ခေတ်ရဲ့ လောကသခင်ခန္ဓာ ဖြစ်နေမယ် မထင်ထားဘူး... သူက လူသေတစ်ပိုင်းအဖြစ်နဲ့တောင် အဲဒီတစ်ယောက်ကို အနိုင်ခဲ့တယ်လေ”

သူက ‘အဲဒီတစ်ယောက်’ အကြောင်း ဆက်မပြောဘဲ ရယ်လိုက်သည်။ “ငါ ဒီတစ်ခေါက် လက်နက်ကို စမ်းသပ်ဖို့ အောက်ဘုံဆီ ဆင်းသွားတာက မဟာကာလက သူ့ကို ရင်ဆိုင်ပေးဖို့ လှမ်းဖိတ်ခေါ်လို့ပဲ.... ဒါပေမဲ့ ငါ့လက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်.... အဲဒါကြောင့် လက်နက်နောက်တစ်ခု လာထုတ်ရတာပေါ့ကွာ ဟားဟား”

သူက တာအိုသခင်အိုကြီးကို ပခုံးပုတ်ရင်း ရယ်နေသည်။ “ငါ မင်းကို ဘာလို့ ဒါတွေ ပြောပြနေလဲသိလား... မင်းသာ လောကီကိစ္စတွေ ဂရုမစိုက်ဘဲ တာအိုတရားကိုပဲ ရှေ့ရှုတဲ့ တာအိုသခင်မဟုတ်ရင် ငါ ပြောခဲ့တဲ့ သတင်းတွေနဲ့တင် မင်းကို နှုတ်ပိတ်လို့ရတယ်”

တာအိုသခင်သည် မျက်လွှာချ၍ ပြုံးလိုက်ပြီး မည်သို့မျှ ပြန်မပြောပေ။

ရှေးဟောင်းနတ်ဘုရားဘုရင်က ပြောသည်။ “ဒီရတနာကို ဖန်ဆင်း‌ကောင်းကင်လက်နက်ဆီ ပို့ပြီး နောက်လက်နက်တစ်ခု တည်ဆောက်ပြီးသွားရင် ငါ့နန်းဆောင်ဆီ လွှတ်လိုက်ပါ... ဪ ဒါနဲ့ ကောင်ကင်နယ်စားမင်းရဲ့ မဟာတာအိုသင်္ကေတအမှတ်အသားတွေကို ထုတ်နုတ်ပြီးပြီလား”

တာအိုသခင်အိုကြီးက ခေါင်းယမ်းသည်။ “ရွှမ်တု ကောင်းကင်နယ်စားမင်းရဲ့ ရုပ်န္ဓာက ကြီးမားလွန်းတော့ အကုန်တိုင်းတာဖို့ ခက်နေပါတယ်... ဒါ့အပြင် ကောင်းကင်နယ်စားမင်းကလည်း အင်အားကြီးတော့ အဲဒီမှာ အခြေချထားတဲ နတ်ဘုရားတွေ စည်းလွတ်ဘောင်လွတ် မလုပ်ရဲကြဘူး”

“အဲဒီအဘိုးကြီးက တော်တော်အင်အားကြီးတာ အမှန်ပဲ... သူ့ခန္ဓာကိုယ်ကလည်း အင်မတန် ကြံ့ခိုင်တယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်က ပြန်ရန် လှည့်ရင်း အေးအေးလူလူ ပြောသည်။ “ဒါပေမဲ့ ငါ သူ့ကို အစားထိုးနိုင်ဖို့ ကြာတော့မှာမဟုတ်ပါဘူး.... ငါကိုယ်တိုင် ရွှမ်တုဆီ သွားပြီး ကျန်တဲ့မဟာတာအိုသင်္ကေတအမှတ်အသားတွေကို ထုတ်နုတ်ပေးမယ်”

တာအိုသခင်အိုကြီးသည် သူ ထွက်သွားသည်ကို ကြည့်နေပြီး ရှေးဟောင်းနတ်ဘုရားဘုရင်၏ ပျော်ရွှင်နေသောအသံက သူ့နားထဲ ဝင်ရောက်လာ၏။ “အဖေ မကြာခင် ခင်ဗျားကို ကျွန်တော် အစားထိုးပြီး ခင်ဗျား ဖြစ်လာတော့မယ်... ခင်ဗျားထက်လည်း သာလိမ့်မယ်”

အမှောင်ထုထဲတွင်

နဂါးချီလင်သည် ချင်မူ့ကို သယ်၍ တရှိန်ထိုး ပြေးနေ၏။ ပတ်ဝန်းကျင်မှာ မည်းမှောင်နေသောကြောင့် တောင်၊ မြောက် ခွဲခြားရန်လည်း ခက်သလို၊ လမ်းလည်း မမြင်ရပေ။

နဂါးချီလင်မှာ မည်သည့်ဘက်မှန်း မသိတော့၍ စိုးရိမ်လာတော့သည်။ ဤနေရာတွင် အမှောင်ထုသာ စိုးမိုးနေသောကြောင့် အရပ်မျက်နှာမခွဲတတ်တော့လျှင် နေ့ဝက်အတွင်း ချင်မူ့ကို သယ်၍ ဤနေရာမှ ထွက်သွားနိုင်တော့မည်မဟုတ်ပေ။

ချင်မူက သူ၏ရုပ်ခန္ဓာကို အကောင်းဆုံး ကုသနေရင်း အားနည်းဖျော့တော့စွာ ပြောသည်။ “ဖက်တီးနဂါး၊ ကောင်းကင်ရဲ့ ထိပ်ဆုံးဆီ ပျံတက်ပြီး ကောင်းကင်မြေပုံအတိုင်း သွား”

နဂါးချီလင် သဘောပေါက်သွားပြီး ရှိသမျှ အားကုန်စုစည်းကာ ကောင်းကင်ထက်သို့ အမြန်ဆုံး ပျံတက်လိုက်သည်။

နေ့ဝက် ကုန်ဆုံးရန် နီးကပ်လာသည်နှင့်အမျှ နဂါးချီလင်သည် လေလို၊ လျှပ်စီးလို မြန်လာ၏။ သူ အရှိန်ကို အဆုံးထိ မြှင့်တင်လိုက်သဖြင့် သူ့ခြေထောက်အောက်တွင် ချီလင်မီးလျှံနှင့် မိုးကြိုးလျှပ်စီးများ ဖျိုးဖျိုးဖျစ်ဖျစ် ဖွဲ့တည်လာတော့သည်။

တဖြည်းဖြည်း ကောင်းကင်ထဲတွင် အလင်း‌ရောင် မြင်လိုက်ရသည်။

နဂါးချီလင်မှာ အလွန်ပျော်ရွှင်သွားပြီး အလင်းရောင်ရှိသော ဧရိယာဆီသို့ ချဉ်းကပ်သွားသည်။ ကောင်းကင်မှာ အပေါက်ပေါက်နေပြီး အလင်းရောင်က ကောင်းကင်ထဲရှိ အပေါက်နေရာမှ ဖြာကျနေခြင်း ဖြစ်၏။

အပေါက်ဧရိယာတွင် ဝင်္ကပါကြီးတစ်ခုအား ခပ်ရေးရေးမျှ မြင်ရသည်။ ၎င်းက ‌ကောင်းကင်မြေပုံထဲရှိ လ ဖြစ်လောက်၏။ ကောင်းကင်မြေပြင် ပျက်စီးသွားသည့်နေရာတွင် ဤဝင်္ကပါမှာ ရွဲ့စောင်းပျက်စီးသွားသဖြင့် လရောင်များအား ပတ်ဝန်းကျင်အပေါ် ယိုစိမ့်ဖြာကျနေစေခြင်း ဖြစ်ဟန်တူသည်။

ချင်မူမှာ ဤလကို မြင်လျှင် ရုတ်တရက် သွေးတစ်ပွက် အန်လိုက်သည်။

နဂါးချီလင် လန့်ဖျပ်သွားသည်။ “ဂိုဏ်းသခင် အသက်ရှိသေးရဲ့လား”

ချင်မူက လက်မြှောက်၍ ရွဲ့စောင်းနေသော လကြီးဆီသို့ လက်ညှိုးထိုးပြီး တုန်ရီနေသည့်အသံဖြင့် ပြောသည်။ “အရုပ်ဆိုးလိုက်တာ နေရာပြောင်း...”

“ဂိုဏ်းသခင် ကိုယ့်အခြေအနေလည်း ကိုယ်သိဦး”

နဂါးချီလင်က သူ့ကို သယ်ရင်း လ၏ပျက်စီးနေသောအပိုင်းဆီသို့ ပြေးသွားပြီး ဒေါသများဖြင့် ပြောနေသည်။ “ကျွန်တော်တို့ မဟာကာလပိုက်နက်ကနေ ထွက်မသွားရင် မဟာကာလ ထွက်လာပြီး ဂိုဏ်းသခင်ကို သတ်လိမ့်မယ်”

ချင်မူသည် သေရန်သာ ရွေးချယ်နေသေးသော်လည်း နဂါးချီလင်ကား သူ့ကို သယ်၍ ကောင်းကင်မြေပုံဆီ ပြေးကာ လရောင်တောက်နေသော ဝင်္ကပါထဲသို့ ဝင်ရောက်သွားပြီဖြစ်သည်။

“ကောင်းကင်မြေပုံထဲမှာ ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားတွေ ရှိနေဦးမလား မသိဘူး”

နဂါးချီလင်က ပတ်ဝန်းကျင်ကို ကြည့်ကာ ခပ်တိုးတိုး ပြောနေသည်။ “နက္ခတ်တာရာသဘာဝတွေ ဖရိုဖရဲ ဖြစ်နေပြီဆိုတော ဒီနေရာမှာ စခန်းချထားတဲ့ ကောင်းကင်နတ်ဘုံက နတ်ဘုရားတွေ ထွက်ပြေးသွားတာ ကြာလောက်ပါပြီ”

“ဘယ်သူလဲ” လရောင်အနောက်မှ တစ်ယောက်က ရုတ်တရက် လှမ်းမေးသည်။

All Chapters