← Chapters

မြစ်ကမ်းဘေးက နွားကျောင်းသား

Vol. 66 Ch. 869

မြစ်ကမ်းဘေးက နွားကျောင်းသား

Vol. 66 Ch. 869

နဂါးချီလင်မှာ အသံကို ရင်းနှီးနေ၍ အံ့အားသင့်သွားသည်။

သို့သော် သတိလက်လွှတ်မနေရဲသေးပေ။ သူက ခန္ဓာကိုယ်ကို ဆတ်ခနဲ လှုပ်ခါ၍ ချီလင်ခေါင်း၊ လူခန္ဓာနှင့် လူငယ်တစ်ယောက်အသွင် ပြောင်းလိုက်သည်။ သို့သော် အလွန်လျင်မြန်စွာ ပြောင်းလိုက်မိပြီး ချင်မူ သူ့ကျောပေါ်တွင် ရှိနေသေးသည်ကို မေ့သွား၏။

ချင်မူမှာ ခြေကားရားလက်ကားရားဖြင့် ပြုတ်ကျသွားသော်လည်း နဂါးချီလင်က သူ့ကို ကပျာကယာ ဖမ်းပေးပြီး ပခုံးပေါ်တင်ကာ လရောင်အနောက်သို့ သတိအနေအထားဖြင့် ကြည့်နေသည်။

ယနေ့သည် လဆန်းခုနစ်ရက်နေ့ ဖြစ်သည့်အတွက် လဝင်္ကပါက လခြမ်းကွေးအသွင် ဖြစ်နေပြီး ကျန်ဝင်္ကပါအပိုင်းများက အရိပ်ထဲ၌ နစ်မြုပ်နေသည်။

ဝင်္ကပါသည် အလွန်ကြီးမားကျယ်ဝန်းကာ မိုင်ပေါင်းရာချီ ရှည်လျား၏။ အရိပ်များနှင့် ကွယ်နေသော အစိတ်အပိုင်းက ပျောက်မကွယ်သွားပေ။ လည်ပတ်နေဆဲ ဖြစ်ပြီး တိမ်မြုပ်နေရုံသာ ရှိသည်။

ဝင်္ကပါက လနန်းတော်တစ်ဆောင်ကိုလည်း ဖော်ဆောင်ထားသည်။ လအတွင်းရှိ နန်းတော်မှာ အလွန်လှပနေပြီး မျက်စိပသာဒ ရှိလှ၏။

“လကို ထိန်းချုပ်နေတဲ့တစ်ယောက်က သေချာပေါက် မိန်းမလှတစ်ယောက်ပဲ နေမယ်”

နဂါးချီလင် အရိပ်ထဲမှ ခေါင်းထွက်ကြည့်လိုက်သော်လည်း ပျက်စီးထိခိုက်ထားသည့်နေရာမှ လရောင်ခြည်သည် ရေတံခွန်ပမာ စီးကျနေသည်ကိုသာ မြင်ရလေသည်။

လခြမ်းကွေး၏ ထိပ်ဖျား၌မူ အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ သူမက သူတို့ဆီသို့ ကြည့်ရင်း မျက်တောင်တဖျပ်ဖျပ် ခတ်နေသည်။

“သူလား”

နဂါးချီလင် အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏ပခုံးထက်တွင် ချင်မူမှာ အရုပ်ကြိုးပြတ် ဖြစ်နေပြီး ခေါင်းမှာလည်း ရွဲ့စောင်းကျနေသည်။

နဂါးချီလင်မှာ ချင်မူ့ကို ကပျာကယာ ထိန်းလိုက်ရသည်။ လခြမ်းကွေးထက်ရှိ အမျိုးသမီးက လမ်းလျှောက်လာကာ အံ့အားသင့်နေသောအသံဖြင့် မေးလေသည်။ “သူ ဘာဖြစ်သွားတာလဲ”

“ဂိုဏ်းသခင် ဒဏ်ရာထားတယ်”

နဂါးချီလင်က ဆက်ပြောသည်။ “သူ့ဒဏ်ရာတွေက အင်မတန် ပြင်းထန်ပေမယ့် သိပ်တော့ မစိုးရိမ်ရဘူး... ဂိုဏ်းသခင်၊ ထတော့”

သူက ချင်မူ့ကို လှုပ်ခါလိုက်သည်။ ချင်မူ့ခေါင်းမှာ တဆတ်ဆတ် လှုပ်ယမ်းသွားသဖြင့် သူက မျက်လုံးဖွင့်လိုက်သည်။ ချင်မူမှာ သတိရတစ်ချက်၊ မရတစ်ချက်ဖြင့် အမျိုးသမီးကို ကြည့်သည်။ သူမမျက်နှာက ရင်းနှီးနေသလို ခံစားရသော်လည်း မည်သူမှန်း မမှတ်မိပေ။

“ဘာလို့ ဒီရောက်နေတာလဲ” သူက ဗလုံးဗထွေး ရေရွတ်ပြီးနောက် သတိမေ့သွားတော့သည်။

“ကြည့် မစိုးရိမ်ရပါဘူး” နဂါးချီလင်သည် ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။

သို့သော် အမျိုးသမီးမှာ အလွန်စိတ်ပူနေသည်။ သူမက သူတို့ကို လနန်းတော်ထဲသို့ လိုက်ပို့ရင်း ပြောလေသည်။ “ငါ အခုလေးတင် နန်းတော်ကို ရှင်းထားတယ်.... နင်တို့ အဲဒီမှာ နားပေါ့”

နဂါးချီလင်သည် ချင်မူ့ကို နေရာချပေးလိုက်၏။ ချင်မူ၏ ဒဏ်ရာများကို ကြည့်ရှုပြီးနောက် အမျိုးသမီးက တခဏ တိတ်ဆိတ်သွားပြီ သူ့အတွက် ဆေးလုံးများ ဖော်ကာ ဆေးကျိုပေးနေသည်။

နဂါးချီလင်က တဟားဟား ရယ်လိုက်သည်။ “အဲဒီတုန်းက ခင်ဗျားက ဘာမှမသိခဲ့ပေမယ့် အခုတော့ စွမ်းအင်ဆေးလုံးတွေတောင် ဖော်တတ်ပြီး ဆေးတွေလည်း ကျိုတတ်နေပြီပေါ့”

အမျိုးသမီးက ပြုံးသည်။ “နင်တို့အားလုံး ထွက်သွားကြတဲ့နောက်ပိုင်း ငါတစ်ယောက်ပဲ အကုန်လုံး လုပ်ခဲ့ရတာမလို့ပါ... အဲဒီတုန်းက ငါလည်း ငယ်ငယ်လေး ရှိသေးတော့ ဘာမဆို သင်ယူခဲ့ရတယ်... ဒီ‌တော့ ဒါတွေအားလုံး လုပ်နိုင်နေတာ မထူးဆန်းပါဘူး”

နဂါးချီလင် တခဏ တွေးပြီးနောက် ပြန်ဖြေလိုက်၏။ “တကယ်နော် အဲဒီတုန်းက အိပ်မက်အတိုင်းပဲ... ဂိုဏ်းသခင်၊ မှော်ဆရာသခင်၊ သေတ္တာကြီးနဲ့ ကျွန်တော်တို့ ပိုင်ဖန်းရုံမြို့ကို မထင်မှတ်ဘဲ ရောက်လာခဲ့ကြတယ်... ပြီးတော့ နေထွက်လာတော့ ပျောက်ကွယ်သွားကြရတယ်.... ဒါပေမဲ့ အဲဒီညကိုတော့ ဘယ်သူမှ မမေ့နိုင်ကြတာ ထူးဆန်းတယ်ဗျာ”

အမျိုးသမီးသည် ခုတင်အပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ချင်မူ့ဘက်သို့ လှည့်ကြည့်ကာ နူးညံ့ကြင်နာစွာ ပြုံးနေသည်။ “ဟုတ်တယ်... နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် ငါ အိပ်မက်ဆိုးတွေကနေ လန့်လန့်နိုးနေတုန်းပဲ... အဲဒီညကို ပြန်တွေးလိုက်ရင် အသက်ဆက်ရှင်ဖို့ သတ္တိတွေ ရှိလာတယ်”

ချင်မူ နားထဲတွင် ရင်းနှီးနေသောအသံကို ကြားနေရသည်။ ခဏခဏ မျက်လုံးဖွင့်ကြည့်ချင်သော်လည်း ဒဏ်ရာအပြင်းအထန် ရထားသည့်အတွက် လောကကြီးနှင့် အဆက်အသွယ် ပြန်ပျက်သွားပြန်သည်။

‘ကောင်းကင်နတ်အရှင်ယွီ’ သည် အင်အားကြီးမားလွန်း၏။ ချင်မူနှင့် သူ၏တိုက်ပွဲတွင် သူက လမ်းစဉ်အဆင့် ပြိုင်ဘက်ကင်းသိုင်းကွက်ကို ထုတ်လွှတ်ပြီး တာအိုတစ်မှ တာအိုနှစ်ဆယ့်ရှစ်အထိ အသုံးချခဲ့သည်။ လမ်းစဉ်အဆင့် ဝင်ရောက်ထားသော ကောင်းကင်နတ်သိုင်းနှစ်ဆယ့်ရှစ်ခုက ချင်မူ့ကို ရှိမျှစွမ်းအင်အားလုံး ထုတ်သုံးရန် ဖိအားပေးခဲ့လေသည်။

ချင်မူမှာ အားကုန်ထုတ်လွှတ်ပြီးနောက် ခြေကုန်လက်ပန်းကျသွားခဲ့သည်။ အန္တရဝသိုင်းနတ်ဘုရားကျမ်းစာနှင့် မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို သုံးရင်း သူ့ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ဆက်တိုက်အသုံးပြုရုံအပြင် ရွေးချယ်စရာမရှိခဲ့ပေ။ ထို့ကြောင့် သူ့ခန္ဓာကိုယ်အား ပို၍ပင် ပင်ပန်းသွားစေခဲ့သည်။

ယခုတွင် သူ့မှာ သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေသည်။ ပါးစပ်ထဲတွင် ခါးသောအရသာကို ခံစားနေရပြီး တစ်ယောက်ယောက် သူ့ကို ဆေးတိုက်နေပုံရသည်။ ဝိညာဉ်ဆေးက ပါးစပ်ထဲ ဝင်ရောက်လာည့်အခါ လည်ချောင်းဝမှ ဝမ်းထဲသို့ ပူဆင်းသွားသည်။ ဆေးစွမ်းအင်သည် သူ့ကိုယ်တွင်း၌ လှုံ့ဆော်ခံလိုက်ကာ သူ၏ခြေလက်များ၊ အရိုးများအတွင်းသို့ ပျံ့နှံ့စီးဆင်းသွား၏။

ချင်မူ မျက်လုံးဖွင့်ကြည့်သည့်အခါ ရင်းနှီးနေသော အမျိုးသမီးတစ်ယောက်ကျ ပါးစပ်ဟ၍ ဝိညာဉ်ပုတီးစေ့တစ်လုံး ထွေးထုတ်လိုက်သည်ကို မြင်လိုက်ရသည်။

ဝိညာဉ်ပုတီးစေ့သည် သူ့ကို လှည့်ပတ်နေပြီး သူ၏မူလဝိညာဉ်နှင့် ပျက်စီးနေသော ကောင်းကင်ရတနာများအား လွန်စွာ သက်တောင့်သက်သာ ရှိလာစေ၏။

ချင်မူ ပြန်အိပ်ပျော်သွားသည်။ သူ့နားထဲတွင် အမျိုးသမီးနှင့် နဂါးချီလင် စကားပြောနေသောအသံများအား ကြားနေရ၏။ နဂါးချီလင်နှင့် အမျိုးသမီးမှာ အလွန်ရင်းနှီးနေပုံရလေသည်။

အချိန်မည်မျှ ကြာမှန်းမသိ ကြာသွားပြီး အခြားသူတို့၏အသံများ ချင်မူ့နားထဲ တိုးဝင်လာသည်။ အသံတို့က သစ်ခုတ်သမား၊ ကောင်းကင်ဆရာသခင်ကျစ်ရှီတို့၏ အသံများနှင့် တူပြီး တိရီယွဲ့အသံကိုလည်း ခပ်သဲ့သဲ့ ကြားနေရသည်။

သူတို့ ပြောနေသောစကားများကို သူ ရှင်းရှင်းလင်းလင်း မကြားရပေ။ ထို့နောက် တိတ်ဆိတ်သွားသည်။

ချင်မူ အိပ်ပျော်နေသည်။ သူ့အိပ်မက်ထဲတွင် ကလေးဘဝသို့ ပြန်ရောက်သွားသလို ခံစားနေရ၏။ အချိန်က နောက်ပြန်သွားနေသယောင် ထင်ရပြီး ဒုက္ခိတဘိုးဘွားကျေးရွာ၌ အဘိုးကြီးမာ၊ သားသတ်သမားနှင့် အခြားသူတို့နှင့်အတူ ကြိုးကြိုးစားစား လေ့ကျင့်နေရသော အချိန်သို့ ပြန်ရောက်သွားသည်။

အချိန်က ပို၍ပင် နောက်ပြန်ဆုတ်ပြီး ယခုတွင် သူက ခြင်းသေးသေးလေးထဲ၌ လဲနေသော ကလေးပေါက်စလေးတစ်ယောက် ဖြစ်နေချေပြီ။ သူက ခြေလက်များ ယက်ကန်ယက်ကန်ဖြင့် အော်ဟစ်ငိုယိုရင်း သူ့ဆီသို့ လက်လှမ်းနေသော အဘွားစစ်အား ကြည့်နေသည်။

အဘွားစစ်သည် အလွန်အရုပ်ဆိုးသော်လည်း နွေးထွေးကြင်နာသည့် မျက်ဝန်းများဖြင့် သူ့ကို ခြင်းထဲမှ မ,ချီလိုက်သည်။

သူမဘေးတွင် ကျောက်ရုပ်တုတစ်ရုပ် ရှိပြီး ၎င်းဘေး၌ နွေးထွေးကြင်နာမည့်ပုံရသော အဘိုးကြီးမာ ရပ်နေသည်။

အိပ်မက်ထဲရှိ မြင်ကွင်းများ ဆုတ်ခွာသွားကာ အချိန်နောက်ပြန်ရောက်သွားပြန်သည်။ သူသည် ခြင်းထဲ၌သာ ရှိနေပြီး မိန်းကလေးတစ်ယောက်က ခြင်းကို သယ်လျက် သွားနေ၏။ သူမမှာ နောက်မှလိုက်နေသော နတ်ဘုရားများ၊ မိစ္ဆာနတ်ဆိုးများဆီမှ ထွက်ပြေးရင်း တသွင်သွင်စီးဆင်းနေသည့် မြစ်ထဲ၌ ကြောက်လန့်စွာ ပုန်းနေသည်။

အနက်ရောင်ရေလှိုင်းကြီးများက မည်သည့်အရာကိုမဆို ရိုက်ချတိုက်ချရင်း စီးဆင်းနေသည်။ ချင်မူက ခြင်းထဲမှနေ၍ ထိုမိန်းကလေးကို ကြည့်နေသည်။ မိန်းကလေးမှာ သူ့ကို အစွမ်းကုန်ကာကွယ်ရင်း နတ်ဘုရားများ၊ မိစ္ဆာနတ်ဆိုးများဖြင့် တိုက်ခိုက်နေသည်။

သူမတစ်ကိုယ်လုံး ဒဏ်ရာဗလပွ ဖြစ်နေပြီး ပင်ပန်းနွမ်းနယ်နေပုံလည်း ရသည်။

“ဒေါ်လေး ပင်းအာ...”

မွေးကင်းစကလေးလေးမှာ ပုပုတိုတို လက်သေးသေးလေးများ မြှောက်၍ သူမမျက်နှာကို လှမ်းထိချင်နေသော်လည်း မမှီပေ။

ချင်မူသည် ယိုတုမှ ထွက်ခွာလာပြီး မဟာမြို့ပျက်ထဲ ရောက်လာသည့် မှတ်ဉာဏ်များကို တစ်ခါမှ ရှာမတွေ့ခဲ့ပေ။ သူ့အရွယ်က ငယ်လွန်းသေးသည် မဟုတ်ပါ၏လော။ မြေအောက်ဘုံအရှင်သခင်က သူ့ကို ချိတ်ပိတ်ခဲ့ပြီး သူ့အမေက သူ့ကို ‌ဒေါ်လေးပင်းအာ လက်ထဲ ထည့်ပေးကာ ယိုတုမှ ထွက်၍ မဟာမြို့ပျက်ဆီ သွားစေခဲ့သည်။

ဒေါ်လေးပင်းအာမှာ သူ့ကို ကာကွယ်ရင်း မြစ်ထဲ၌ သေဆုံးခဲ့ပြီး အမှောင်ထု ရောက်လာသည့်အချိန်တွင် အဘွားစစ်က သူ့ကို ကယ်တင်ပေးခဲ့သည်။

ဤမှတ်ဉာဏ်က သူ့အတွက် ဗလာကျင်းနေခဲ့သော်လည်း ဤအိပ်မက်ထဲတွင် ခပ်ရေးရေးမျှ မှတ်မိလာချေပြီ။

အမှောင်ထဲ၌ အရှိန်ပြင်းပြင်း စီးဆင်းနေသော မြစ်ရေများသည် အုံကြွလာကာ သူတို့ကို လွှမ်းမိုးသွား၏။ ရက်စက်ကြမ်းကြုတ်သည့် နတ်ဘုရားများနှင့် မိစ္ဆာများက ရေထဲမှသော်လည်းကောင်း၊ မြစ်ကမ်းနှစ်ဖက်မှသော်လည်းကောင်း အသည်းအသန် လိုက်လာနေကြသည်။ ဒေါ်လေးပင်းအာ၏ ဒဏ်ရာများမှာ ဆိုးရွားလာပြီး သူ့ကို ကာကွယ်မပေးနိုင်တော့ပေ။

ဤအခိုက်အတန့်တွင် အိပ်မက်ထဲရှိ ချင်မူသည် သူတို့ဆီ ရွေ့လျားနေသော နှင်းဖြူရောင်မြူများအား မြင်လိုက်ရ၏။

ဒေါ်လေးပင်းအာက ခြင်းကို သယ်၍ ယိမ်းယိုင်နေသည့် ခြေလှမ်းများဖြင့် မြူထဲသို့ ပြေးဝင်သွားသည်။

နောက်မှ လိုက်လာသူများလည်း မြူထဲ ပြေးဝင်လာကြသည်။

မြူများ လွင့်စင်ပြိုကွဲသွားသည့်အခါ ကောင်းကင်ထဲတွင် နေလုံးကြီးတစ်လုံး တောက်ပနေ၏။ နေရောင်တို့က အလွန်လင်းထိန်နေသဖြင့် ကလေးလေးမှာ မျက်လုံးများပိတ်၍ အနှီးစထဲ၌ မျက်နှာကွယ်လိုက်သည်။

ဒေါ်လေးပင်းအာ၏ ပါးစပ်မှ သွေးများ စီးကျနေပြီး သူမမှာ ဒယိမ်းဒယိုင် ဆက်ပြေးနေသည်။ သူမက လက်ဝါးဖြင့် ခြင်းကို ကာထားပြီး သားချော့တေးတစ်ပုဒ် ညည်းနေသည်။

“ကျူပင်လေးတွေ ရှည်မျောမျော၊ ရှည်မျောမျော...ကျူတောထဲဝယ် တူတူပုန်းတမ်း ကစားကြမယ်ကွယ်... ဟိုးတစ်ချိန်တုန်းက အောင်မြင်ချမ်းသာလာကြတဲ့သူတွေဟာ နွားကျောင်းဖူးကြတယ်တဲ့”

“ကျူပင်လေးတွေ ရှည်မျောမျော၊ ရှည်မျောမျော... တောင်တွေကို ဖြတ်၊ ပင်လယ်တွေကို ဖြတ်လို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်ကြမယ်ကွယ်... ကျူတောရဲ့ ဒီဖက်ခြမ်းက တို့တွေရဲ့ မွေးရပ်မြေ၊ ဟိုဖက်ခြမ်းက ပင်လယ်ပြင်ကြီးလို့ မှတ်ထားကွဲ့”

“ကျူပင်လေးတွေ ရှည်မျောမျော၊ ရှည်မျောမျော... ကျူတောထဲမှာ ကျူရက်ကြမယ်ကွယ်... ကျူလွယ်အိတ်လေး ရက်ပြီးတဲ့အခါ တို့တွေနဲ့အတူ ခရီးဆက်မယ့် အဖော်လေး ဖြစ်လာမှာကွဲ့”

“ကျူပင်လေးတွေ ရှည်မျောမျော၊ ရှည်မျောမျော... နားဝင်ချိုတဲ့ ကျူပုလွေသံစဉ်လေး”

“နွားကျောင်းသားလေးတွေဟာ အဝေးမြေမှာ နွားကျောင်းကာ နေလို့ရယ် ၊ သူတို့ဖေဖေ၊ မေမေတွေကလည်း အမြဲသတိရနေကြတယ်ကွယ်”

....

ချင်မူမှာ ငေး၍ နားထောင်ရင်း လိုက်ဆိုချင်နေသည်။ သို့သော် အိပ်မက်ထဲတွင် သူက နှစ်လ၊ သုံးလအရွယ် ကလေးလေးသာ ဖြစ်သည့်အတွက် လိုက်မဆိုနိုင်ပေ။

နောက်မှလိုက်လာသူများကား သူတို့နှင့် အလွန်နီးကပ်နေပြီဖြစ်သည်။

အရှိန်ပြင်းပြင်းစီးဆင်းနေသော မြစ်အစတွင် ဒေါ်လေးပင်းအာသည် ကူကယ်ရာမဲ့ ဖြစ်နေသည့်အချိန် မြစ်‌ဘေး၌ ဓားဆေးနေသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရ၏။

ဓားဆေးနေသော အမျိုးသမီးက သူ့ကို ဆေးတိုက်နေသည့် မိန်းကလေးနှင့် ရုပ်ချင်းတူလေသည်။ ဒေါ်လေးပင်းအာ အကူအညီလှမ်းတောင်းလိုက်သည့်အခါ အမျိုးသမီးက ဓားဆွဲထုတ်လိုက်သည်။ ဓားက လေထဲတွင် နဂါးတစ်ကောင်သဖွယ် ကခုန်သွားပြီး မြို့တစ်မြို့လုံးကို စိစိညက်ညက် ဖြိုခွင်း၍ စီရင်စုကိုးစုစလုံးအား ဖျက်စီးပစ်နိုင်သည်။

ဓားရောင်ကလည်း ရင်းနှီးနေသည်။ ဓားကွက်များသည် ချင်မူ၏ဓားကွက်များကို အခြေခံထားသော ဓားကွက်များဖြစ်ပြီး ကမ္ဘာပျက်ကပ်ထဲတွင် သာမန်ပြည်သူများအား ကာကွယ်ပေးနေသည့် ဓားအနှစ်သာရနှင့် ဓားအာရုံမျိုးကို သယ်ဆောင်လာ၏။

“သူ့နာမည်က ဘာလဲ”

ဓားဆေးနေသော အမျိုးသမီးက ဒေါ်လေးပင်းအာ၏ဘေးသို့ ရောက်လာကာ ခြင်းထဲရှိ ကလေးလေးကို ကြည့်သည်။

“သူ့နာမည်က ချင်ဖုန်းကျင့်ပါ”

ဒေါ်လေးပင်းအာမှာ နူးညံ့ကြင်နာသောအကြည့်ဖြင့် ခြင်းထဲရှိ ကလေးကို ကြည့်ရင်း နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ “ကျွန်မ သူ့ကို ဘေးကင်းတဲ့နေရာဆီ ခေါ်သွားပေးရမှာဆိုပေမယ့် ဒီနတ်ဘုရား၊ မိစ္ဆာတွေကို မျက်ခြေမဖြတ်နိုင်ဘူးဖြစ်နေတယ်... ကျွန်မ ဆက်လည်း မတောင့်ခံနိုင်တော့လို့ ရှင့်ဆီ အပ်ထားခဲ့လို့ ရလားဟင်”

ဓားဆေးနေသောအမျိုးသမီးက ခေါင်းယမ်းသည်။ “ကျွန်မနာမည်က ပိုင်ချွီအာပါ... ချုံဧကရာဇ်ခေတ်ကနေ အသက်ရှင်ကျန်ခဲ့တဲ့ လူတစ်ယောက်ပဲ.... ကျွန်မလည်း ရန်သူတွေဆီကနေ ပုန်းနေပြီး နောက်ကလိုက်ဖမ်းနေတဲ့ လူတစ်စုကို သတ်ထားပြီးပြီ... ကျွန်မလက်ထဲ သူ့ကို ထည့်ပေးခဲ့ရင် ပိုပြီး အန္တရာယ်များလိမ့်မယ်... ကျွန်မ ရှင့်ကို အချိန်တစ်ခုအထိ ကာကွယ်ပေးနိုင်ပေမယ့် သိပ်တော့ ကြာမှာမဟုတ်ဘူး”

သူတို့ မြစ်ရေစီးအတိုင်း ခရီးဆက်လာကြသည်။ ကောင်းကင်ထက်၌ တောက်ပနေသော နေလုံးကြီးသည် အနောက်အရပ်သို့ ဝင်ပေတော့မည်။ ဒေါ်လေးပင်းအာက သားချေ့ာတေး ဆိုနေပြီး ဓားဆေးနေခဲ့သော အမျိုးသမီးက တိတ်ဆိတ်စွာ နားထောင်နေသည်။ အကွာအဝေးတစ်ခုအထိ လျှောက်ပြီးနောက်တွင် သားချော့တေးသည် တုံ့ခနဲ ရပ်သွား၏။

ဓားဆေးနေခဲ့သော အမျိုးသမီးက ဒေါ်လေးပင်းအာဆီ လှည့်ကြည့်သည်။ ဒေါ်လေးပင်းအာသည် အသက်မရှူတော့ပေ။ သူ၏မျက်လုံးများကလည်း အသက်မဲ့နေ‌ချေပြီ။ သူမက လမ်းလျှောက်နေသော အလောင်းသဖွယ် ခြင်းကို သယ်လျက် မြစ်အတိုင်း ဆက်လျှောက်နေသည်။

သူမ၏ အလွန်တရာ တွယ်တာနေသော သံယောဇဉ်က ဤကလေးငယ်အတွက် ဘေးကင်းလုံခြုံစေမည့် နေရာကို ဆက်ရှာရန်၊ ယုံကြည်အားကိုးရမည့်သူ လက်ထဲ အပ်နိုင်ရန် ရှေ့ဆက်သွားနေနိုင်စေခြင်းဖြစ်သည်။

ဓားဆေးနေခဲ့သော အမျိုးသမီးမှာ ငေးငိုင်သွားသော်လည်း ‌‌ဒေါ်လေးပင်းအာ၏ လက်ထဲမှ ခြင်းကို မယူပေ။ သူမကိုယ်တိုင်က ကလေးတစ်ယောက်ကို ကာကွယ်ပေးနိုင်သူ မဟုတ်၍ ဖြစ်သည်။

ထိုသို့ ယုံကြည်ရသော လူတစ်ယောက်ကို ရှာတွေ့သည့်အချိန်အထိ ဤခေါင်းမာသော အလောင်းကိုသာ ကာကွယ်ပေးနိုင်သည်။

ဓား‌ဆေးနေခဲ့သည့် အမျိုးသမီးသည် ဒေါ်လေးပင်းအာ မသေခင် ညည်းသွားခဲ့သော သားချော့‌တေးကို ဆက်ဆိုနေ၏။

“ကျူပင်လေးတွေ ရှည်မျောမျော၊ ရှည်မျောမျော...ကျူတောထဲဝယ် တူတူပုန်းတမ်း ကစားကြမယ်ကွယ်... ဟိုးတစ်ချိန်တုန်းက အောင်မြင်ချမ်းသာလာကြတဲ့သူတွေဟာ နွားကျောင်းဖူးကြတယ်တဲ့”

ဒေါ်လေးပင်းအာ၏ အလောင်းက ပြုံးလျက် ဆက်လျှောက်လာသည်။

သူတို့ မြစ်အတိုင်း ဆက်သွားနေကြပြီး သီချင်းသံသည် ရပ်မသွားပေ။

နောက်ဆုံးတော့ မှောင်ရီပျိုးလာ၍ အမှောင်ထု ကျူးကျော်လာပေတော့မည်။

“ကျူပင်လေးတွေ ရှည်မျောမျော၊ ရှည်မျောမျော... နားဝင်ချိုတဲ့ ကျူပုလွေသံစဉ်လေး.... နွားကျောင်းသားလေးတွေဟာ အဝေးမြေမှာ နွားကျောင်းကာ နေလို့ရယ် ၊ သူတို့ဖေဖေ၊ မေမေတွေကလည်း အမြဲသတိရနေကြတယ်ကွယ်”

ဓားဆေးနေခဲ့သည့်အမျိုးသမီး သီချင်းညည်းနေစဉ် အမှောင်ထုသည် ရွေ့လျားပြီး သူမအနောက်ရှိ ဒေါ်လေးပင်းအာကို လွှမ်းခြုံသွား၏။

သူက ရေထဲ နစ်မြုပ်သွားသော်လည်း ခြင်းကို မြင့်မြင့်ကိုင်ထားဆဲဖြစ်သော ဒေါ်လေးပင်းအာကို ကြည့်ရင်း မြူခိုးထဲ၌ လမ်းလျှောက်နေသည်။

မြစ်ရေက တဝုန်းဝုန်း စီးဆင်းလျက် သူတို့ကို မြစ်အောက်ပိုင်းသို့ သယ်ဆောင်သွား၏။

‘မှောင်လာရင် အပြင်မထွက်နဲ့’

မြစ်ကမ်းဘေးရှိ ရွာမှ အသံတစ်သံ ပျံ့လွင့်လာသည်။ “အားလုံး... အားလုံး... နားထောင်ဦး... အပြင်ဘက်မှာ ကလေးတစ်ယောက် ငိုနေတယ်...”

“မဖြစ်နိုင်ပါဘူး... နင် ဟိုဟာတွေရဲ့ အသံကြားတာ နေမှာပါ၊ အာ... တကယ် ကလေးငိုနေတာဟ...”

မြူခိုးထဲတွင် ဓားဆေးနေခဲ့သည့် အမျိုးသမီးသည် ခါးကုန်းအဘွားကြီးတစ်ယောက် ကလေးကို ခြင်းထဲမှ သယ်ထုတ်လိုက်သည်ကို ကြည့်ပြီးနောက် တစတစ ပျောက်ကွယ်သွား၏။

“ငါ အနန္တကပ်ဘေးသုတ္တန်ကို သုံးပြီး အိမ်မက်လမ်းတွေကနေတစ်ဆင့် သူ့ဇစ်မြစ်သူ ရှာတွေ့ပြီး ဝိညာဉ်ကို ထိန်းသိမ်းထားနိုင်အောင် ကူညီခဲ့ပြီးပြီ... လော‌လောဆယ်တော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူး”

ချင်စာလုံးမြေပြင်ထဲတွင် အမြဲကျိန်းစက်နေခဲ့သော ဗြဟ္မဗုဒ္ဓသည် မြေပြင်ပေါ် ဆင်းသက်လာကာ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် ကျန်ရှိသူများကို စကားပြောနေ၏။ “အစတုန်းက အနန္တကပ်‌ဘေးသုတ္တန်ကို သူ့ဆီ ပေးမလို လုပ်ခဲ့ပေမယ့် သူက အဲဒါနဲ့ ရေစက်မပါခဲ့ဘူး... အခုတော့ အိပ်မက်တွေကနေတစ်ဆင့် အတိတ်ကို ပြန်မှတ်မိအောင် ကူညီပေးလိုက်ပြီဆိုတော့ သူ့အတွက် ငါ့ရဲ့ အနန္တကပ်ဘေးသုတ္တန်ကို နားလည်ဖို့က အချိန်တစ်ခုပဲ လိုလိမ့်မယ်”

ကောင်းကင်နယ်စားမင်းက ပြန်ဖြေသည်။ “ကံကောင်းလို့ ဗုဒ္ဓအိုကြီး အချိန်ကိုက်နိုးလာလို့ပဲ... မဟုတ်ရင် သူ အသက်ရှင်ရင်တောင် သိုင်းအခြေခံ အတော်လေး ထိခိုက်သွားမှာ စိုးရိမ်မိတယ်”

ဤအခိုက်အတန့်တွင် ချင်မူ တဖြည်းဖြည်း နိုးထပြီး နားထဲတွင် ရင်းနှီးနေသော သားချော့တေးကို ကြားလိုက်ရသည်။

“ကျူပင်လေးတွေ ရှည်မျောမျော၊ ကျူပန်းတွေဟာ နှင်းပွင့်လေးတွေနဲ့ တူသတဲ့.... ကျူပင်လေးတွေက လေမုန်တိုင်းကို အသိဆုံး၊ မိုးအကြောင်းလည်း အသိဆုံးတဲ့”

သူ အိပ်ရာထဲမှ ထကာ သီချင်းသံနောက် လိုက်သွားပြီ အပြင်ထွက်လိုက်သည်။

သီချင်းသံက နွားကျောင်းတုန်းက နေ့ရက်များဆီသို့ ပြန်ရောက်သွားသည့်အလား ခံစားရစေသည်။

သူ အပြင်သို့ ထွက်သွားသည်။ လရောင်က တောက်ပနေပြီး ရင်းနှီးနေသော မိန်းကလေးတစ်ယောက် လနန်းတော်ထဲတွင် သားချော့တေးညည်းရင်း ထိုင်နေ၏။ သူမက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တောင်တန်းများ၊ မြစ်ပြင်များဆီသို့ ငုံ့ကြည့်နေလေသည်။

သူမက ခေါင်းကလေး လှည့်လာကာ အေးချမ်းပြီး ရှက်နေသော အပြုံးလေးဖြင့် သူ့ကို ပြုံးပြနေ၏။

All Chapters