တိုက်ခိုက်ရေးကောင်းကင်ဘုံများ
Vol. 66 Ch. 871
ချင်မူနှင့် ပိုင်ချွီအာ အပြင်ကောင်းကင်မှ ပြန်ဝင်လာသည့်အချိန်တွင် နေလုံးကြီးကား ငြိမ်းသေသွားပြီဖြစ်သည်။
ကောင်းကင်မြေပုံထဲရှိ နေသည် အလွန်အချိန်ကျ၏။ မည်သူမှ မထိန်းချုပ်နေသော်လည်း ဆယ့်နှစ်နာရီပြည့်တိုင်း ဝင်္ကပါက အလိုအလျောက် အလုပ်လုပ်နေခြင်း ရပ်တန့်သွားလိမ့်မည်။
ချင်မူနှင့် ပိုင်ချွီအာ ပြန်ရောက်သည့်အချိန်၌ လလည်း ငြိမ်းသွားပြီဖြစ်၏။ ကောင်းကင်မြေပုံထဲရှိ ကြယ်တာရာများလည်း တစ်ချိန်တည်း မှေးမှိန်သွားကြသည်။
ဤကြယ်များနှင့် လများသည် နေနည်းတူ တစ်ရက်လျှင် တစ်ကြိမ် လင်းလိုက်၊ မှိန်လိုက် သံသရာ လည်ကြ၏။
ချင်မူနှင့် ပိုင်ချွီအာက နေဝင်္ကပါကို ဖွင့်ခဲ့သောကြောင့် နေနှင့်လ တစ်ပြိုင်တည်း ပေါ်ထွက်ခဲ့လာကာ လင်းရ၊ မှိန်ရမည့် သံသရာကို ကမောက်ကမ ဖြစ်စေခဲ့သည်။ ယခုတွင် နေရော၊ လပါ ငြိမ်းသေသွားချေပြီ။
ပိုင်ချွီအာက ချင်မူ့ကို ခေါ်၍ ကြယ်တာရာများတစ်လျှောက် အလွန်လျင်မြန်စွာ ပျံသန်းသွားရင်း ကြယ်တာရာများကို လင်းထိန်လာစေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူများ၊ ယွမ်တု၏ နတ်ဘုရားများ၊ မိစ္ဆာနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများမှာ ပြိုင်ဘက်ကင်းအောင် ထူးဆန်းနေသော မြင်ကွင်းတစ်ခုကို ကြုံတွေ့ရပြန်သည်။
ကောင်းကင်တစ်ပြင်လုံး အမှောင်ဖုံးနေ၏။ ယခုအချိန်သည် နေ့ဖြစ်သင့်သော်လည်း၊ နေလုံးကြီးကက လင်းထိန်ပြီး တောက်ပနေသင့်သော်လည်း နေကား မရှိပေ။ ယုတ်စွအဆုံး ကြယ်လေးတစ်စင်းပင် မတွေ့ရ။
သို့သော် ဤအခိုက်အတန့်တွင် မှောင်မိုက်နေသော ကောင်းကင်၏ တောင်ဘက်၌ ကြယ်အစက်အပြောက်များ ရုတ်တရက် ပေါ်ထွက်လာသည်။ ကြယ်ရောင်ထဲတွင် ထူးဆန်းသော မှော်စွမ်းအင် ကိန်းဝပ်ပါရှိနေဟန်တူပြီး ကြယ်ရောင်များက တောင်အရပ်မှ မြောက်အရပ်သို့ ဆက်တိုက် လင်းထိန်လာသည်။ အလွန်လှပသည့် မြင်ကွင်းဖြစ်ပေသည်။
“ကောင်းကင်ထဲက ကြယ်တွေ ရူးကုန်ပြီ”
အားလုံး ခေါင်းယမ်းလိုက်ကြသည်။ “ပထမဆုံး ညသန်းခေါင်ကြီး နေထွက်လာတယ်... အခု နေ့ခင်းကြောင်တောင်ကြီး မှောင်ပိန်းနေတယ်.... ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေ ဖြစ်လာရင် မိစ္ဆာနတ်ဆိုးတွေပဲ ရှိနေတတ်တယ်... ဒီတော့ မိစ္ဆာနတ်ဆိုးတွေ ကောင်းကင်ထဲမှာ လျှောက်ဆော့နေကြတာပဲ ဖြစ်မယ်”
ချင်မူနှင့် ပိုင်ချွီအာက ကောင်းကင်မြေပြင်တစ်လျှောက်လုံးရှိ ဝင်္ကပါများကို အသက်သွင်းနေကြသည်။ နှစ်ယောက်သား ပျော်ရွှင်စွာ ပျံသန်းရင်း တောင်မှမြောက်အထိတောက်လျှောက် လင်းထိန်နေစေ၏။
ပုံမှန်အားဖြင့် ကောင်းကင်မြေပုံကို စောင့်ရှောက်နေသော နတ်ဘုရားများသည် စကြဝဠာတစ်ခုလုံး လင်းထိန်သွားအောင် မလုပ်တတ်ပေ။ အလွန်ဆုံး ကြယ်ဝင်္ကပါထောင်ဂဏန်းခန့်ကိုသာ ထွန်းလင်းတတ်ကြသည်။
သို့သော် ယခုတွင် ချင်မူနှင့် ပိုင်ချွီအာက စကြဝဠာတစ်ခုလုံးကို တစ်ခါတည်း ထွန်းလင်းခဲ့ကြ၏။ ဤမြင်ကွင်းမှာ လွန်စွာခမ်းနားတင့်တယ်လှလေသည်။
စကြဝဠာတစ်ခုလုံး လင်းထိန်သွားပြီးနောက် အလင်းရောင်များက အလင်းမြစ်တစ်စင်းစီးဆင်းသွားသကဲ့သို့ တောင်မှမြောက်သို့ ကူးစက်သွားသည်။ နက္ခတ်တာရာ အတုဖြစ်ပါသော်လည်း ဤကမ္ဘာပေါ်တွင် မမြင်ရနိုင်သော အလှတရားတစ်မျိုးကို ပေးစွမ်းနိုင်သေး၏။
ရုတ်တရက် ကောင်းကင်ထဲတွင် လမင်းကြီး လင်းထိန်လာပြီး လရောင်တို့ ဖြာကျလာသည်။
လဆန်း ၁၅ ရက်နေ့ ဖြစ်သည့်အတွက် လမင်းကြီးက လုံးဝန်းနေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာသားများနှင့် နတ်ဘုရားတစ်ပိုင်းများမှာ အလွန်ဇဝေဇဝါ ဖြစ်နေကြ၏။ ကောင်းကင်ထဲရှိ လကို တာဝန်ယူထားသော နတ်ဘုရား ရူးနေပုံရလေသည်။ လမင်းကြီးသည် ယခုလေးတင်မှ လင်းထိန်လာခဲ့သော်လည်း တစ်စုံတစ်ယောက်က လပေါ်ရှိ ကန့်လန်ကာကို ဆွဲလျက် လ၏တစ်ဝက်အား ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားသည်။
ထို့နောက် လအစောင့် နတ်ဘုရားမှာ ယနေ့က ၁၅ ရက်နေ့ ဖြစ်မှန်း သတိရသွား၍ ကန့်လန်ကာကို ပြန်ဆွဲနေဟန်တူသည်။ မကြာမီ လပြည့်ဝန်းကြီးကား အံ့အားသင့်နေသော ပြည်သူများ၏ ရှေ့မှောက်၌ ပြန်ပေါ်လာပြန်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ခြံဝင်းထဲ၌ လေညှင်းခံရင်း အရက်သောက်နေကြသော လူတချို့ ရှိသည်။ ဤမြင်ကွင်းကို မြင်လျှင် သူတို့နှုတ်ခမ်းထောင့်မှ အရက်များ စီးကျလာ၏။ အလားတူ မုန့်စားနေသူများ၏ ပါးစပ်ထဲမှလည်း မုန့်များ ပြန်ထွက်ကျလာသည်။
“အူဝဲ....”
ကလေးငယ်လေးတစ်ယောက်က ထငိုသော်လည်း သူ့အမေက အလျင်အမြန် သူ့ပါးစပ်အပေါ်မှ အုပ်ထားသည်။ ငယ်ရွယ်သော မိခင်ဖြစ်သူသည် ကောင်းကင်ထဲ၌ ပေါ်လာသော လကို သတိအနေအထားဖြင့် ကြည့်ရင်း တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေ၏။
ကောင်းကင်မြေပုံ၊ လနန်းတော်
ချင်ူမူနှင့် ပိုင်ချွီအာ နန်းတော်အရှေ့ မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချရင်း ပါးစပ်ထဲရှိရာစကားများ လျှောက်ပြောနေကြသည်။
နဂါးချီလင်က သူတို့အနောက်တွင် စိတ်ပျက်ဟန်ဖြင့် မျက်လုံးလှန်နေ၏။ သို့သော် ဤနှစ်ယောက်မှာ အလွန်ပျော်ရွှင်နေကြပြီး သူတို့ပြောနေသည့် စကားတိုင်းက အဓိပ္ပါယ်ရှိကာ နွေးထွေးနေသည့်အလား ခံစားနေကြရသည်။
‘ဂိုဏ်းချုပ် အနောက်ကမ္ဘာမြေကို ရောက်နေတုန်းကအတိုင်းပဲ’
နဂါးချီလင်၏ခေါင်းကြီးက မြေပေါ်၌ လဲနေပြီး သူက နဂါးလက်သည်းတစ်ချောင်းဖြင့် မြေကြီးအပေါ်တွင် လက်ချင်းတွဲနေသော လူသားတုတ်ချောင်းနှစ်ချောင်း ဆွဲလိုက်ရင်း သူ့ဘာသာသူ တွေးနေသည်။ ‘အဲဒီအချိန်တုန်းကဆို ဂိုဏ်းချုပ်လည်း ဦးနှောက်မရှိတော့တဲ့အတိုင်းပဲ... စကားတွေက ဘာတွေပြောနေမှန်း မသိပေမယ့် အမြဲ သူ့ရုပ်က ပျားသကာလို ချိုနေတဲ့အတိုင်း ဖြီးနေတာ’
အမှန်တွင် ချင်မူဖြစ်စေ၊ ပိုင်ချွီအာဖြစ်စေ သူတို့နှစ်ယောက်အကြားရှိ ကံကြမ္မာသည် အတော်လေး ထူးဆန်းလှ၏။ သူတို့အတွေးများသည်လည်း အလားတူ ထူးဆန်းကြသည်။
ပိုင်ချွီအာ၏ ရင်ထဲတွင် ချင်မူက ကပ်ဘေးကျရောက်လာသည့်အချိန်တွင် သူမကို ကာကွယ်ပေးခဲ့ပြီး မျှော်လင့်ချက်ပေးခဲ့သော အစ်ကိုကြီးဖြစ်သည်။ ချင်မူ ထွက်သွားပြီး နှစ်ပေါင်းလေးသောင်းကြာသည့် နောက်တွင်ပင် သူ၏တောင့်တင်းခိုင်မာသော ပခုံးများ၊ အားအင်အပြည့်ပါသော သူ့အသံနှင့် သူ့စကားများ၊ လုပ်ဆောင်မှုများကို မေ့မရခဲ့ပေ။
သို့သော် ချင်မူ့ရင်ထဲ၌မူ ပိုင်ချွီအာက ချုံဧကရာဇ်ခေတ်၏ ပြိုင်ဘက်ကင်း ဓားနတ်ဘုရားဖြစ်သည်။ သူမသည် မာန်ဟုန်မြစ်အစတွင် သူ့ကို ကယ်တင်ပေးခဲ့သည့် ဓားဆေးနေခဲ့သော အမျိုးသမီးဖြစ်သည်သာမက ‘လူ့အသက်သည် ကောင်းကင်ဘုံထက် မြင့်မြတ်သည်’ဆိုသော အယူအဆအား ခိုင်ဧကရာဇ်ခေတ်သို့ လက်ဆင့်ကမ်းပေးခဲ့သူလည်း ဖြစ်၏။
သူမက တုနှိုင်းမဲ့သော ဉာဏ်ပညာဖြင့် စိတ်ဓာတ်ခိုင်မာသူ ဖြစ်လေသည်။
သူတို့နှစ်ယောက်အကြား၌ ခံစားချက်များ ပေါက်ဖွားလာနေသော်လည်း နှစ်ယောက်စလုံးသည် တစ်ယောက်ကိုတစ်ယောက် မှီခိုအားထားချင်ကြ၏။
နှစ်ပေါင်းလေးသောင်းသမိုင်းကြောင်း တစ်ခုတည်းကိုသာ ကြည့်လျှင် သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မှီခိုအားထားနေကြသူများ အမှန်တကယ် ဖြစ်လိမ့်မည်။ သို့သော် တစ်ယောက်က နှစ်ပေါင်းလေးသောင်းမတိုင်ခင်မှ ဖြစ်ကာ တစ်ယောက်က နှစ်ပေါင်းလေးသောင်းအလွန်မှ ဖြစ်နေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်မြေပုံကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျောင်းသားများကို ဤနေရာသို့ ခေါ်ချလာသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် နေထိုင်သော နတ်ဘုရားတစ်ပိုင်းများနှင့် ကောင်းကင်ဘုံအသီးသီးမှ အင်အားစုများလည်း စောစောက အဖြစ်အပျက်များ၏ အရင်းအမြစ်ကို သိရန် ဤနေရာသို့ ပျံတက်လာကြ၏။ သူတို့ထဲတွင် ချင်းယွင်ကောင်းကင်ဘုံ၏ တာအိုရသေ့များလည်း ပါလေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အမူအရာက အလွန်မည်းမှောင်နေသည်။ ဧကရာဇ်အတိုင်ပင်ခံသည် သင်္ချာနှင့်ပတ်သက်ပြီး အင်မတန် စည်းကမ်းတင်းကြပ်သူဖြစ်၏။ ကောင်းကင်ထဲရှိ နေနှင့်လ ရွဲ့စောင်းစုတ်ပြတ်နေခြင်းက သူ့ကို အမြှောက်ဖြင့် ပစ်ချဖြိုခွင်းပစ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာစေခဲ့သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လုပ်ငန်းကိစ္စများနှင့် မအားလပ်၍သာ ကောင်းကင်မြေပြင်အကြောင်း တွေးရန် အချိန်ပိုမရှိခဲ့ပေ။
ယခုတွင် နေ့နှင့်ညလည်း ကပြောင်းကပြန် ဖြစ်နေသဖြင့် သူ့မှာ အမှန်တကယ် သည်းမခံနိုင်ဘဲ ရောက်ချလာခြင်း ဖြစ်ပေသည်။
ကောင်းကင်မြေပုံကို ချင်းယွင်ကောင်းကင်ဘုံ၏ တာအိုရသေ့များ ဖန်တီးထားခြင်းဖြစ်သည့်အတွက် နက္ခတ်တာရာသဘာဝများ ပရမ်းပတာ ဖြစ်လာသည့်အခါ ဤတာအိုရသေ့များလည်း ပြဿနာကို ဖြေရှင်းရန် ကောင်းကင်ထက်သို့ ပျံတက်လာကြသည်။
ကောင်းကင်မြေပြင်ထဲတွင် လူများ တစထက် တစ များပြားလာသော်လည်း ယွီချိန်ကျစ်က လနန်းတော်ဆီ အလျင်ပြေးသွားသူ ဖြစ်သည်။ ချင်မူနှင့် ပိုင်ချွီအာ အလျင်အမြန် ထရပ်လိုက်ကြသည်။ ပိုင်ချွီအာသည် ချုံဧကရာဇ်ဓားနတ်ဘုရား ဖြစ်ပြီး တောင်ပိုင်းချုံဧကရာဇ်ကို ကိုယ်စားပြု၏။ ခိုင်ဧကရာဇ်၊ သစ်ခုတ်သမားနှင့် တိရီယွဲ့လို သိုင်းပညာရှင်များပင် သူမ၏အငယ်များ ဖြစ်လေသည်။
သူမမှာ အခြားသူများနှင့် မျက်နှာချင်းဆိုင်ရမည်ကို ရှက်သဖြင့် ချင်မူ့ကို ထားခဲ့ကာ လနန်းတော်ထဲသို့ ခပ်သုတ်သုတ် ဝင်သွားတော့သည်။
ယွီချိန်ကျစ်က သူမကို သေသေချာချာ မမြင်လိုက်ဘဲ မိန်းကလေးတစ်ယောက်ဟုသာ သတိထားမိလိုက်၍ နန်းတော်ထဲတွင် ဟိုကြည့်သည်ကြည့် ကြည့်နေသည်။
ချင်မူ သူ့ကို တားရင်း ရယ်လိုက်သည်။ “ယွီချိန်ကျစ်၊ ဧကရာဇ်အတိုင်ပင်ခံနဲ့ ဘယ်လိုအခြေအနေ ရှိလဲ... သူ့ကို ငါ့ရဲ့ ထောက်ခံစာ ပေးလိုက်လား”
ယွီချိန်ကျစ် ပြန်မဖြေခင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လျှောက်လာသည်။ “ဘာထောက်ခံစာလဲ”
ချင်မူက လှည့်၍ ရယ်မောလိုက်သည်။ “ယွီချိန်ကျစ်က လက်ဖျားခါလောက်အောင် ဉာဏ်ကောင်းလို့ ပါရမီရှင်တစ်ယောက်ဆိုတာ ကျွန်တော် ခံစားခဲ့ရတယ်လေ... အဲဒါနဲ့ စာတစ်စောင်ရေးပြီး ဧကရာဇ်အတိုင်ပင်ခံဆီ ပေးဖို့ ပြောလိုက်တာ... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ သူ့ကို အမှုထမ်းခွင့်ပေးရင် နိုင်ငံအတွက် အကျိုးပြုလိမ့်မယ်လို့ ထောက်ခံထားတာပါ”
ဧကရာဇ်အတိုင်ပင်ခံ အံ့အားသင့်သွား၏။ “တာအိုမိတ်ဆွေယွီချိန်... မင်းမှာ ငါ့ဆရာတူအစ်ကိုကြီးဆီက စာတစ်စောင် ပါရဲ့သားနဲ့ ဘာလို့ မထုတ်ခဲ့တာလဲ”
ယွီချိန်ကျစ်က ရယ်သည်။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ လေးစားမှုကို ရရှိဖို့နဲ့ အရေးပါတဲ့နေရာမှာ အထားခံရဖို့ပါ... ဘာကြောင့် ဂိုဏ်းသခင်ရဲ့ ထောက်ခံစာကို လိုပါဦးမလဲ”
ဧကရာဇ်အတိုင်ပင်ခံသည် ချင်မူ့ဘက် လှည့်လိုက်၏၊ “သူက ငါဆီ လာရှာပြီး ငါနဲ့ တာအိုအကြောင်း ဆွေးနွေးခဲ့ကြတယ်... သူ့မှာ ပါရမီရှိတာ တွေ့ခဲ့ရတာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ ပြည်ပရေးရာကိစ္စတွေမှာ တာဝန်ပေးလိုက်တာပဲ... သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နယ်နိမိတ်အတွင်းက အင်အားစုအသီးသီးနဲ့ အပေးအယူလုပ်ဖို့ တာဝန်ရှိတယ်”
ချင်မူ ယွီချိန်ကျစ်အတွက် အလွန်ဝမ်းသာသွားပြီး ပြုံး၍ ပြောလိုက်သည်။ “ယွီချိန်ကျစ်လည်း ရှိနေတော့ ဧကရာဇ်အတိုင်ပင်ခံ နည်းနည်းပါးပါး နားရတာပေါ့”
ယွီချိန်ကျစ်က လနန်းတော်ထဲ လျှောက်ကြည့်နေပြန်၍ ချင်မူ့မျက်ဝန်းများ လှုပ်ရှားသွားသည်။ “ယွီချိန်ကျစ်၊ ကောင်းကင်နတ်ဘုံက ကောင်းကင်မြေပုံအသစ် ဖန်တီးလို့ ဒီကို လူလွှတ်လိုက်သေးလား... ဒီမှာ ချင်းယွင်ကောင်းကင်ဘုံက တာအိုရသေ့တော်တော်များများ ရောက်နေတာ တွေ့တယ်.... မင်း သွားစုံစမ်းကြည့်ပါလား”
ယွီချိန်ကျစ်သည် သူ့ကို ကြည့်ပြီး မသွားချင်သွားချင်ဖြင့် ထွက်သွား၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောသည်။ “အစ်ကိုကြီး၊ ကောင်းကင်မြေပုံထဲက နက္ခတ်တာရာသဘာဝတွေက နေနဲ့ည မှားနေတယ်.... ဘာကြောင့် ဒီလိုဖြစ်တာလဲ မင်းသိလား”
သူက လနန်းတော်ကို ကြည့်၍ ဆက်ပြောသည်။ “တစ်ယောက်ယောက် ဒီမှာ နေတဲ့ပုံပဲ”
ချင်မူ ချောင်းဟန့်လိုက်၏။ “ကျွန်တော်က အခုမှ မဟာကာလလက်ကနေ လွတ်လာပြီး ဒီရောက်လာတာ .... ဘာဖြစ်သွားလဲ မသိဘူး”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဆက်ပြောသည်။ “ပြီးခဲ့တဲ့ ရက်ပိုင်းက မင်း မဟာကာလနန်းတော်ထဲမှာ ပိတ်မိနေတယ် ကြားကြားချင်း ချုံဧကရာဇ်ဓားနတ်ဘုရားက မင်းအတွက် အတော်လေး စိတ်ပူသွားပြီး မင်းကို သွားရှာတယ်... မင်း သူနဲ့ တွေ့ပြီးပြီလား”
ချင်မူ ဖြေတော့မည့်အချိန် တခြားအရပ်မျက်နှာဘက်မှ လမ်းလျှောက်လာနေသော ပိုင်ချွီအာကို မြင်လိုက်ရသည်။ သူမက ပြောလေသည်။ “မိတ်ဆွေလေးကျန်း၊ ငါ ကောင်းကင်မြေပုံကနေ မဟာကာလနန်းတော်ထဲ ဝင်ပြီး ဂိုဏ်းသခင်ချင်ကို ကယ်တင်မလို့ လုပ်ခဲ့တယ်.... ကောင်းကင်မြေပုံထဲက နတ်ဘုရားတွေကလည်း ငါသတ်လို့ သေသွားကြာတာပါ... ဒီနေရာရဲ့ ဝင်္ကပါတွေက ရှုပ်ထွေးလွန်းတော့ ဝင်္ကပါတစ်ခုခုကို မထင်မှတ်ဘဲ ထိမိသွားပြီး နက္ခတ်တာရာသဘာဝတွေ ကမောက်ကမဖြစ်ကုန်တာ ဖြစ်မယ်... အခု ဂိုဏ်းသခင် ဘေးမသီရန်မခ ပြန်ရောက်လာတာ မြင်ရတော့ ငါ စိတ်သက်သာရာရပါပြီ”
ဧကရာဇ်အတိုင်ပင်ခံသည် ပိုင်ချွီအာကို အလွန်လေးစား၍ အလေးအနက် ပြန်ဖြေနေ၏။ “ဆရာမအတွက် ခက်ခဲခဲ့မှာပဲ... ကျွန်တော်လည်း ကောင်းကင်မြေပုံကို ရှင်းလင်းဖို့ ပြင်ဆင်နေခဲ့တာပါ... အချိန်မရတာက တစ်မျိုး၊ အင်အားမရှိတာက တစ်မျိုး ဖြစ်နေခဲ့တာနဲ့ နောက်ကျသွားတယ်”
သူက ချင်မူ့ကို တိတ်တိတ်ကလေး တံတောင်ဖြင့် တွတ်၍ တိုးတိုးကပ်ပြောသည်။ “အစ်ကိုကြီး၊ ဂါဝရပြုလိုက်... ဒါ ချုံဧကရာဇ်ဓားနတ်ဘုရားပဲ”
ချင်မူ မှင်သက်သွားသည်။
“အစောပိုင်းနှစ်တွေတုန်းက သူက ဆရာသစ်ခုတ်သမားနဲ့ ကျန်တဲ့ကောင်းကင်ဆရာသခင်တွေကို လမ်းပြပေးခဲ့တယ်... ဆရာပြောတာတော့ သူက လူ့အသက်ဟာ ကောင်းကင်ဘုံထက် မြင့်မြတ်တယ်ဆိုတဲ့ အယူအဆကို ဖြန့်ဝေခဲ့တဲ့ တစ်ယောက်တဲ့... ခိုင်ဧကရာဇ်ခေတ်တုန်းကလည်း အတော်လေး အကူအညီဖြစ်ခဲ့တယ် ပြောတယ်”
ဧကရာဇ်အတိုင်ပင်ခံသည် ဆက်၍ ပြောပြနေ၏။ “အခုလို ရှေးခေတ်သိုင်းပညာရှင်က မင်း ဒုက္ခရောက်နေတယ် ကြားတာနဲ့ ချက်ချင်း ရောက်လာပေးတာ ဘယ်လောက်ကျေးဇူးတင်စရာကောင်းလိုက်သလဲ... လေးလေးစားစား ဂါဝရပြု”
ချင်မူမှာ အကြီးတစ်ယောက်အပေါ် ဂါဝရပြုသကဲ့သို့ ပိုင်ချွီအာကို လေးလေးစားစား ဂါဝရပြုရုံအပြင် ရွေးချယ်စရာမရှိတော့ပေ။ သို့သော် ဧကရာဇ်အတိုင်ပင်ခံမှာ မလုံလောက်သေးသလို ခံစားနေရသည်။
ပိုင်ချွီအာက အလျင်အမြန် ပြောသည်။ “ထုံးစံတွေ မလိုပါဘူး... ငါကလည်း ထုံးစံတွေကို သိပ်အလေးအနက် ထားတဲ့သူ မဟုတ်ဘူး... ဝမ်ထျန်းကဲတောင် ငါ့ကို မြင်ရင် အရိုအသေပေးတာမဟုတ်ဘူး”
“ဆရာမက ဒါနဲ့ ထိုက်တန်ပါတယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် အလေးအနက် ပြော၏။ “ဆရာလည်း ဆရာမနဲ့ တွေ့ရင် သေချာပေါက် အရိုအသေပေးရမယ်”
ယွီချိန်ကျစ်က ပျံသန်းလာပြီး တဖြည်းဖြည်း အရှိန်လျှော့ကာ လနန်းတော်အရှေ့တွင် ဆင်းသက်လိုက်သည်။ သူက ပိုင်ချွီအာကို စပ်စုသလို ကြည့်ပြီးနောက် ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် လနန်းတော်အတွင်းသို့ ကြည့်သည်။ ချင်မူ ချောင်းဟန့်လိုက်၏။ “ယွီချိန်ကျစ်၊ ချင်းယွင်ကောင်းကင်ဘုံကလူတွေ ဘာပြောလဲ... သူတို့ ကောင်းကင်မြေပုံအသစ် ဖန်တီးဦးမှာလား”
ယွီချိန်ကျစ်က အကြည့်လွှဲပြီး ရင်ဘတ်ထဲရှိ မေးခွန်းများကို မြိုသိပ်လိုက်သည်။ “ကောင်းကင်နတ်ဘုံက သံတမန်တွေရဲ့ သေဆုံးမှုကို စုံစမ်းဖို့ ကောင်းကင်နယ်ထိန်းစခန်းက ပညာရှင်တစ်ယောက် လွှတ်ခဲ့တယ်တဲ့... မြေနဂါးကို ဖမ်းပြီး ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ပို့လိုက်ပြီပြောတယ်”
ချင်မူ ရင်ထဲ ထိတ်သွားသည်။
မြေနဂါးကို ဖမ်းချုပ်နိုင်သော ပညာရှင်တစ်ယောက် ကောင်းကင်နတ်ဘုံတွင် ရှိနေသည်လား။
မြေနဂါးသည် ကျောက်စိမ်းမြို့တော်အဆင့်နှင့် နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်များအောက် မနိမ့်ကျသော်လည်း ကောင်းကင်နယ်ထိန်းစခန်း၏ ဖမ်းဆီးမှုကြောင့် သေဒဏ်ခံယူရန် နတ်ဘုရားစီရင်ရာစင်မြင့်သို့ ရောက်သွားသည်တဲ့လော။
“ကောင်းကင်နယ်ထိန်းစခန်းက နတ်ဘုရားဘယ်နှယောက် အောက်ဘုံဆီ ဆင်းလာခဲ့တာလဲ” ချင်မူ မေးကြည့်လိုက်ကြသည်။
“ကောလဟာလတွေအရ ကောင်းကင်နယ်ထိန်းစခန်းမှာ ကမ္ဘာလောကတွေကို ဖြတ်ပြီး ရာဇဝတ်သား လိုက်ဖမ်းနိုင်အောင် ကူညီပေးတဲ့ ဆန်းကြယ်ရတနာတစ်ပါး ရှိတယ်တဲ့”
ယွီချိန်ကျစ်က ဆက်ပြောသည်။ “အဲဒီရတနာကို မြင်ဖူးတဲ့လူတွေက ရွှေကျီးကန်းသုံးကောင်နဲ့ တူတယ်ပြောတယ်... ကောင်းကင်နယ်ထိန်းစခန်းက ရွှေကျီးကန်းသုံးကောင်ကို စီးနင်းရင်း အမှုတွေ ကိုင်တွယ်ဖို့ ကမ္ဘာလောကတွေကို ဖြတ်သွားကြတယ်တဲ့”
“ရွှေကျီးကျန်းသုံးကောင်ဟုတ်လား.... မဟာနေဧကရာဇ်ရဲ့ ရုပ်ခန္ဓာများလား”
ချင်မူ အံ့ဩသွားသည်။ မဟာနေဧကရာဇ်သည် ကြယ်အရှင်သခင်များ၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ကောင်းကင်ပိုက်ကွန်ကို ထိန်းချုပ်ခဲ့၏။ ကောင်းကင်နတ်ဘုံ မဟာကောင်းကင်သံသရာကြယ်တပ်ဖွဲ့၏ စစ်သူကြီးလည်း ဖြစ်ကာ ကောင်းကင်ဘုံများအား ကြီးကြပ်ကွပ်ကဲလေသည်။ သူသည် မယုံနိုင်လောက်အောင် အင်အားကြီးမား၏။
မဟာနေဧကရာဇ် သေဆုံးပြီးနောက် သူ၏ရုပ်ခန္ဓာမှာ ရတနာတစ်ပါးအဖြစ် ပြောင်းလဲခံလိုက်ရပြီး ကောင်းကင်နယ်ထိန်းစခန်းသို့ အပို့ခံလိုက်ရခြင်း ဖြစ်နိုင်မည်လား။
ယွီချိန်ကျစ်က ဆက်ပြောသည်။ “ကောင်းကင်နတ်ဘုံက ကောင်းကင်မြေပုံအသစ် တည်ဆောက်နေတာကို ကြီးကြပ်ဖို့ လူတွေလည်း လွှတ်ခဲ့တယ်... ချင်းယွင်ကောင်းကင်ဘုံက ကောင်းကင်မြေပုံကို ဒီဇိုင်းဆွဲရမယ်... ဆောက်လုပ်ရေးကောင်းကင်ဘုံက တည်ဆောက်ရေးအပိုင်း တာဝန်ယူမယ်”
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ “ဆောက်လုပ်ရေးကောင်းကင်ဘုံတဲ့လား”
ယွီချိန်ကျစ်က ရှင်းပြသည်။ “သွန်းလုပ်ရေးကောင်းကင်ဘုံနဲ့ ဆောက်လုပ်ရေးကောင်းကင်ဘုံတွေက လက်နက်တွေ၊ ရတနာတွေ သွန်းလုပ်ဖို့အတွက် တာဝန်ရှိတဲ့ ကောင်းကင်နတ်ဘုံလက်အောက်က ကောင်းကင်ဘုံကြီးနှစ်ဘုံပဲ.... ခိုင်ဧကရာဇ်ခေတ်ရဲ့ စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်နဲ့လည်း ပတ်သက်မှုတချို့ ရှိတယ်.... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စက်မှုလက်မှုစံအိမ်လိုပေါ့... ကောင်းကင်မြေပုံအသစ်ကို တည်ဆောက်ပြီး သေချာပေါက် အဟောင်းကို အစားထိုးကြမှာပဲ... အဲဒါ ရှောင်လွှဲလို့မရဘူး”
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွား၏။ “ဆောက်လုပ်ရေးနဲ့ သွန်းလုပ်ရေးကောင်းကင်ဘုံရဲ့ အစွမ်းအစတွေက ဘယ်လိုရှိလဲ”
“ဒီကောင်းကင်ဘုံနှစ်ဘုံက သူတို့ကိုယ်သူတို့ တိုက်ခိုက်ရေးကောင်းကင်ဘုံတွေလို့ ခေါ်တယ်.... စစ်ဖြစ်လာရင် သူတို့က လက်နက်တွေ ဖြစ်လာကြမှာ... ဟိုတုန်းက ခိုင်ဧကရာဇ်ရဲ့ ထိုက်မင်ကောင်းကင်ဘုံက စက်မှုလက်မှုနတ်ဘုရားမျိုးနွယ် နေထိုင်ခဲ့တဲ့ နေရာပဲ... ဒါပေမဲ့ ဒီကောင်းကင်ဘုံနှစ်ဘုံနဲ့ ယှဉ်ရင် အနည်းငယ် နိမ့်ကျသေးတယ်.... ဧကရာဇ်ပလ္လင်အဆင့် နတ်ဘုရားတွေ၊ မိစ္ဆာတွေနဲ့တောင် ဒီကောင်းကင်ဘုံနှစ်ဘုံကို ဖျက်စီးဖို့ မဖြစ်နိုင်ဘူး”
ယွီချိန်ကျစ်က ဆက်ပြောသည်။ “ချင်းယွင်ကောင်းကင်ဘုံက ဒီတိုက်ခိုက်ရေးကောင်းကင်ဘုံတွေ အဖိုးထိုက်ရတနာတွေကို သွန်းလုပ်နိုင်အောင် အမြဲဒီဇိုင်းဆွဲပေးပြီး ကူညီခဲ့ရတယ်... နှစ်တစ်သန်းကြာ အဆင့်မြှင်တင်လာခဲ့တာဆိုတော့ ဒီကောင်းကင်ဘုံနှစ်ဘုံက အသက်ဝင်လာပြီး တိုင်းထွာလို့မရတဲ့ ကြောက်မက်ဖွယ်ရာစွမ်းအားနဲ့ ကမ္ဘာဖျက်လက်နက်တွေတောင် ဖြစ်နေလောက်ပြီ”
ချင်မူနှင့် ကျန်ရှိသူများ ဆွံ့အသွားကြသည်။
ကောင်းကင်နတ်ဘုံ၏ အင်အားကား ကြောက်စရာကောင်းလွန်းပေသည်။
“သိကြားဗုဒ္ဓက ခိုင်ဧကရာဇ်ရဲ့ စက်မှုဆရာသခင်၊ စစ်နတ်ဘုရားပဲ... ဒါပေမဲ့ သူတစ်ယောက်တည်း ဆောက်လုပ်ရေးကောင်းကင်ဘုံထဲ ခိုးဝင်ပြီး ကောင်းကင်မြေပုံအသစ်ကို ဖျက်စီးဖို့က မဖြစ်နိုင်လောက်ဘူး”
ချင်မူမှာ တွေးရင်း စိတ်မပူမိဘဲ မနေတော့ပေ။ ‘ကောင်းကင်မြေပုံအသစ် ပြီးသွားရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာတော့ အဆုံးသတ်ပြီ’
ရုတ်တရက် ဧကရာဇ်အတိုင်ပင်ခံက ဝင်ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်မြေပုံအသစ်နဲ့ပတ်သက်ပြီး စိတ်အပူဆုံးမဟုတ်ဘူး... အမိကမ္ဘာမြေနဲ့ မဟာကာလလို ဖြစ်တည်မှုတွေက စိတ်အပူရဆုံးပဲ”
ချင်မူ ရင်ထဲတွင် လှုပ်ရှားသွားပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းကင်မြေပုံအသစ်က ကောင်းကင်မှာပဲ ရှိနေမှာဆိုပေမယ့် အမိကမ္ဘာမြေနဲ့ မဟာကာလတို့ကတော့ အညံ့ခံမလား၊ သေမလားဆိုတာပဲ ရွေးချယ်ခိုင်းလိမ့်မယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် ပြုံးလိုက်၏။ “ဒါကြောင့် ငါတို ကောင်းကင်မြေပုံအသစ်ကို စိတ်ပူစရာမလိုဘူး... ဒီကောင်းကင်မြေပုံအဟောင်းကိုတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ သုံးလို့ရသေးတယ်.... ဒီနေရာကို စောင့်ရှောက်ပေးမယ့်သူ မရှိတာ ဆိုးတာပဲ”
ပိုင်ချွီအာက ပြုံးသည်။ “ငါ အောက်ဘုံနဲ့ အသားမကျသေးတော့ ဒီကောင်းကင်မြေပုံထဲက လနန်းတော်မှာ နေမလို့ လုပ်ထားတယ်”
ဧကရာဇ်အတိုင်ပင်ခံက အလျင်အမြန် ကျေးဇူးတင်လေသည်။
ချင်မူက အလေးအနက်အမူအရာဖြင့် ပြောသည်။ “ကျွန်တော် ချုံဧကရာဇ်ဓားနတ်ဘုရားဆီက ဓားကွက်တချို့နဲ့ပတ်သက်ပြီး လမ်းပြမှု လိုချင်လို့ပါ... ဖြစ်နိုင်မလားမသိဘူး”
ပိုင်ချွီအာကလည်း တည်ကြည်လေးနက်စွာ ပြန်ပြော၏။ “လမ်းပြမှုဆိုတဲ့ အသုံးကို မခံယူဝံ့ပေမယ့် ဂိုဏ်းသခင် ဒီမှာ ရက်ပိုင်းလောက် နေပြီး ဆွေးနွေးလို့ ရပါတယ်”
ချင်မူ ဝမ်းသာသွားပြီး သူမနှင့်အတူ လနန်းတော်ထဲ လိုက်ဝင်သွားသည်။
ဧကရာဇ်အတိုင်ပင်ခံနှင့် ယွီချိန်ကျစ်သည် သူတို့နှစ်ယောက် လနန်းတော်ထဲ ဝင်သွားသည်ကို ကြည့်နေစဉ် ချင်မူက ချုံဧကရာဇ်ဓားနတ်ဘုရား၏ လက်ကို လှမ်းကိုင်ရန် ပြင်နေသော်လည်း ဓားနတ်ဘုရားက သူ့လက်ကို ရိုက်ချလိုက်သည်ကို မြင်တွေ့လိုက်ရ၏။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။