← Chapters

လမ်းစဉ်သို့ ဝင်ရောက်ခြင်းဆိုသည်မှာ

Vol. 66 Ch. 872

လမ်းစဉ်သို့ ဝင်ရောက်ခြင်းဆိုသည်မှာ

Vol. 66 Ch. 872

လနန်းတော်ထဲတွင် ချင်မူနှင့် ပိုင်ချွီအာသည် ဓားကွက်များနှင့်ပတ်သက်၍ အမှန်တကယ်ပင် ဆွေးနွေးနေကြ၏။ ပိုင်ချွီအာ၏ ဓားကွက်များက ချင်မူ့ဆီမှ အခြေခံသော်လည်း နှစ်လေးသောင်းကြာ ပြုပြင်မွမ်းမံခဲ့ပြီးနောက်တွင် သူမ၏ဓားကွက်များက ချင်မူ၏ဓားကွက်များနှင့် ကွဲပြားခြားနားစွာ တိုးတက်လာခဲ့သည်။

ချင်မူနှင့် ပန်ကုန်းစုန် လွန်ခဲ့သော နှစ်လေးသောင်းသို့ ပြန်ရောက်သွားခဲ့စဉ်အခါက ပိုင်ဖန်းရုံမြိုတွင် ချင်မူသည် ဓားကွက်များကို ပိုင်ချွီအာ၊ ပိုင်ချင်းဖုနှင့် ကျန်ရှိသူများအား ပြသခဲ့၏။ သို့သော် ချုံဧကရာဇ်ခေတ် ပျက်စီးသွားသည့်အချိန်တွင် ချင်မူ၏ဓားကွက်များကို မြင်တွေ့ခဲ့ရသူများအနက်မှ ပိုင်ချွီအာတစ်ယောက်သာ အသက်ရှင်ကျန်ခဲ့လေသည်။

ချင်မူ ထွက်သွားသည့်နောက်ပိုင်း ပိုင်ချွီအာက ပြည်သူများကို သူမတစ်ယောက်တည်း ကာကွယ်ပေးခဲ့ပြီး ချုံဧကရာဇ်ခေတ် ဆက်လက်ရပ်တည်နိုင်မည့် နေရာတစ်နေရာ လိုက်ရှာခဲ့သည်။ သူမကား ပထမလူသားဧကရာဇ်နှင့်တူသည်ဟု ဆိုရလိမ့်မည်။ သူတို့နှစ်ယောက်ကြား မတူသည့်အရာမှာ ပိုင်ချွီအာသည် အမှန်တကယ် ရှေ့ဆက်သွားနိုင်ရန် စိတ်ပိုင်းဖြတ်ထားခြင်းဖြစ်၏။

ပိုင်ချွီအာ၏ စမှတ်က ပို၍ပင် ခက်ခဲကြမ်းတမ်းသေးသည်။ ပထမလူသားဧကရာဇ်က ခိုင်ဧကရာဇ်၏ မျိုးဆက်ဖြစ်သည့်အလျောက် ငယ်ရွယ်စဉ်ကတည်းက အဆင့်အမြင့်ဆုံးပညာရေးကို သင်ကြားခဲ့ရပြီး အားအကောင်းဆုံးသော ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို လေ့ကျင့်သင်ယူခဲ့ရသည်။

ဆန့်ကျင်ဘက်တွင် ပိုင်ချွီအာမှာ ပိုင်ရုံဖန်းမြို့အရှင်၏ သမီးတော်တစ်ဦးသာ ဖြစ်ပြီး နဂါးမျိုးနွယ်၏ မျိုးသန့်သွေးစစ်ပင် မဟုတ်ပေ။ သူမ သင်ယူခဲ့ရသည့် အကောင်းဆုံး‌ကောင်းကင်နတ်သိုင်းမှာ ချင်မူ၏ဓားသိုင်းနှင့် ချင်မူ သူမဆီသို့ ပေးခဲ့သော ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်သာ ဖြစ်သည်။ သို့သော် ထိုစဉ်တုန်းက ချင်မူမှာ ဓားကွက်များကို အပြည့်အစုံ သင်ကြားပေးရန် အချိန်မရခဲ့သလို၊ ရှေးဟောင်းနဂါးကျင့်စဉ်ကလည်း တစ်ပိုင်းတစသာ ရှိသေးသည်။

ပိုင်ချွီအာမှာ သူမကိုယ်သာသူမ အားကိုးရင်း ကျင့်စဉ်များ၊ သိုင်းကွက်များကို ပြောင်းလဲလိုက်၊ အဆင့်မြှင့်လိုက် လုပ်ခဲ့ရသည်။ ချင်မူ၏အရိပ်အယောင်များကို သူမ၏ဓားကွက်များတွင် မြင်တွေ့နိုင်သေးသော်လည်း ဓားကွက်၏ အနှစ်သာရနှင့် သဘောတရားက ချင်မူ့လမ်းစဉ်ဆီမှ သွေဖယ်သွားသည်မှာ ကြာပြီဖြစ်၏။

ဤအခြင်းအရာကြောင့်လည်း ချင်မူ သူမကို လေးစားမိခြင်းဖြစ်ပေသည်။

ဓားကွက်များတွင် ခေတ်တစ်ခေတ်၏ စိတ်ဓာတ်အားမာန် ကိန်းဝပ်နေမှသာလျှင် လမ်းစဉ်အဆင့်သို့ ဝင်ရောက်နိုင်၏။

ဤသို့ လမ်းစဉ်ထဲ ဝင်ရောက်ခြင်းသည် ဧကရာဇ်ပလ္လင်အဆင့်သိုင်းကွက်များကို သုံးခြင်း၊ ကောင်းကင်နတ်ဘုံ၏ ‘‌ကောင်းကင်နတ်အရှင်ယွီ’ လုပ်ခဲ့သလို ရှေးဟောင်းနတ်ဘုရားများ၏ မဟာတာအိုသင်္ကေတအမှတ်အသားများနှင့် သင်္ချာဖွဲ့စည်းပုံများအပေါ် အားကိုးခြင်းနှင့် မတူပေ။

ဧကရာဇ်ပလ္လင်ကျင့်စဉ်ဖြင့် လမ်းစဉ်သို့ ဝင်ရောက်ခြင်းက ကျင့်စဉ်တည်ထောင်သူ၏ သိုင်းအခြေခံအပေါ် မှီခိုရသည်။ ၎င်းက ကျင့်ကြံသူအား အဆုံးမရှိအောင် တွေးခေါ်နိုင်စေသည်။

မဟာတာအိုသင်္ကေတအမှတ်အသားများဖြင့် လမ်းစဉ်သို့ ဝင်ရောက်ခြင်းသည် ကျင့်ကြံသူကို ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်စေနိုင်သော ဖြတ်လမ်းနည်းလမ်းတစ်ခု ဖြစ်၏။

ဤနှစ်မျိုးလုံးက ဖြတ်လမ်းနည်းလမ်းနှစ်နည်း ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်သည် ခေတ်တစ်ခေတ်၏ စိတ်ဓာတ်အားမာန်ဖြင့် လွှမ်းမိုးခံရသည့်အခါ သူ၏တာအိုနှလုံးသားက ခေတ်အတွင်း၌ ကိန်းဝပ်တည်ရှိလာပြီး ခေတ်၏အသက်ရှူသံ၊ ခေတ်၏နှလုံးခုန်သံနှင့်အတူ ရှင်သန်လာသည်။ ထို့နောက် လောကီကိစ္စရေးရာတို့၏ လှုံ့ဆော်မှုတစ်ဆင့် တာအိုနှလုံးသားက လမ်းစဉ်သို့ ဝင်ရောက်သွားမည်။

ဤကဲ့သို့ လောကီကိစ္စရေးရာများမှတစ်ဆင့် လမ်းစဉ်သို့ ဝင်ရောက်ခြင်းသည် လူ့ဘုံသို့ ရောက်လာသည့်အချိန်မှသာ ဖြစ်နိုင်၏။ လောကီကိစ္စရေးရာများမှတစ်ဆင့် လမ်းစဉ်သို့ ဝင်ရောက်ခြင်းက လမ်းစဉ်သို့ အမှန်တကယ် ဝင်ရောက်ခြင်း မည်ပေသည်။

ရွာလူကြီး၏ ဓားတာအိုက အာဇာနည်တို့၏ ကြီးမြတ်သော နှလုံးသားဖြင့် ရှုံးနိမ့်မှုများကို တရစပ် ခုတ်ပိုင်းရင်းဖြင့် ပေါ်လွင်လာခြင်း ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြုပြင်ပြောင်းလဲမှုများနှင့် ခိုင်မာပြတ်သားသောစိတ်ဖြင့် ရှေ့ဆက်တိုးသွားရင်း လမ်းစဉ်သို့ ဝင်ရောက်ခဲ့၏။

သားသတ်သမားသည် ကောာင်းကင်နှင့်မြေပြင်ကို ဦးမညွှတ်ချင်သော စိတ်၊ အရှုံးကို လက်မခံလိုသော စိတ်ဖြင့် လမ်းစဉ်သို့ ဝင်ရောက်ခဲ့လေသည်။ သူက ကောင်းကင်အား ဓားမဖြင့် ရွယ်ခဲ့ပြီး ‌ကျေးဇူးအကြွေးတင်လျှင် ပြန်ဆပ်မည့်၊ အငြှိုးရှိလျှင် ကလဲ့စားချေမည့် လူစားမျိုး ဖြစ်သည်။

ချင်မူက ပထမလူသားဧကရာဇ်၏ လှုံ့ဆော်မှုကြောင့် လမ်းစဉ်သို့ ဝင်ရောက်ခဲ့သည်။ သူသည် ကြီးမားလေးလံသော ဝန်ထုပ်ဝန်ပိုးများနှင့် တာဝန်ဝတ္တရားများကို သယ်ထမ်းခဲ့ရသော်လည်း မည်သည့်အရာကိုမျှ မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ စစ်မြေပြင်တွင် အားကောင်းပြင်းထန်သော တိုက်ကွက်များဖြင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို ပြောင်းလဲချင်ခဲ့၏။

ပိုင်ချွီအာ၏ဖြစ်ရပ်တွင်မူ သူမသည် ပြည်သူပြည်သားများအား စောင့်ရှောက်ကာကွယ်ပေးရင်း သူတို့ရင်ထဲတွင် မျှော်လင့်ချက်နှင့် အသက်ရှင်လိုစိတ် ပေါက်ဖွားလာစေရန် ဓားဖြင့် လမ်းစဉ်သို့ ဝင်ရောက်သွားခြင်း ဖြစ်၏။

သူမ၏ဓားတာအိုက ချုံဧကရာဇ်ခေတ် အဆုံးသတ်ပြီး ပြည်သူပြည်သားများ ဘေးကင်းလုံခြုံသွားသည့်အချိန်၌ တိုးတက်ခြင်းရပ်တန့်သွားသည်။ စစ်ပွဲများ၊ ဖရိုဖရဲအခြေအနေများ မရှိတော့သည့်အခါမှ ချုံဧကရာဇ်ခေတ်မှ ပြည်သူပြည်သားများမှာ အသက်ရှင်ရန် အခွင့်အရေး ရခဲ့ကြလေသည်။

ထိုအချိန်တွင် သူမ၏ဓားတာအိုသည် ကောင်းကင်ဘုံ ၂၈ ထပ်သို့ ရောက်နေပြီဖြစ်သည်။

ထို့နောက် ခိုင်ဧကရာဇ်လို မျိုးဆက်သစ်၏ ပါရမီရှင်များ ပေါ်ထွက်လာခဲ့၍ ချုံဧကရာဇ်ခေတ်၏ ပိုင်ချွီအာမှာ သူမ၏ ကြီးလေးသော တာဝန်များကို ချပစ်နိုင်ခဲ့သည်။ သူမ၏ဓားတာအို ဆက်လက်မတိုးတက်တော့သည်မှာလည်း ဤအကြောင်းအရင်းကြောင့် ဖြစ်ပေသည်။

သိုသော် သူမ၏ဓားကွက်များနှင့် အတွေးအခေါ်တို့က နှစ်ပေါင်းနှစ်သောင်း တည်တံ့မည့် ခိုင်ဧကရာဇ်ခေတ်အပေါ် လွှမ်းမိုးခဲ့ပြီး နှစ်ပေါင်းလေးသောင်းကြာပြီးနောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့လည်း ကူးစက်လာခဲ့သည်။

နှစ်ယောက်သား ဓားပညာအကြောင်း ဆွေးနွေးနေကြစဉ် ချင်မူက သူ တည်ထောင်ခဲ့သော ဆယ့်ရှစ်ချက်မြောက် ဓားကွက်နှင့် ဆယ့်ကိုးကွက်မြောက် ဓားကွက်အား သူမဆီသို့ ပေးပြီး အပြန်အလှန်အနေဖြင့် သူမ၏ ဓားတာအို မဟာကောင်းကင်နတ်သိုင်းကိုလည်း လေ့လာခဲ့သည်။

သူမ၏ဓားတာအို မဟာကောင်းကင်နတ်သိုင်းမှတစ်ဆင့် ဤမိန်းကလေး ကြုံတွေ့ခဲ့ရသော စမ်းသပ်မှုများ၊ ဆင်းရဲဒုက္ခများနှင့် ခေါင်းမာသော ဇွဲလုံ့လကိုလည်း မြင်တွေ့ရသည်။

ဤတစ်ကြိမ်တွင် ချင်မူသည် သူ၏ဓားကွက်များကို သူမအား အပြည့်အဝ သင်ကြားပေးနိုင်လိုက်သလို၊ ‌ရှေး‌‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်တစ်ခုလုံးကိုလည် ပေးအပ်နိုင်ခဲ့၏။

ချုံဧကရာဇ်ဓားနတ်ဘုရား ပိုင်ချွီအာ ပိုမြင့်မားသောအဆင့်သို့ မတက်နိုင်ခဲ့ခြင်းမှာ ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်တွင် လိုအပ်နေသော အပိုင်းများ ရှိနေ၍ ဖြစ်သည်။ ယခု သူမ၌ ကျင့်စဉ်တစ်ခုလုံး ရှိသွားပြီဖြစ်သည့်အတွက် ဓားတာအိုကို ဆက်လက်မမြှင့်တင်နိုင်တော့လျှင်ပင် သိုင်းအဆင့်ကိုတော့ တွန်းတင်နိုင်လိမ့်မည်။

“နင် အဆုံးသတ်မြို့ပျက်ကို သွားကြည့်ချင်လား”

ပိုင်ချွီအာက ချင်မူ အဆုံးသတ်မြို့ပျက်အကြောင်း ပြောခဲ့သည်ကို ကြား၍ အနည်းငယ် တွေးကာ ဆက်ပြောသည်။ “ဟိုတုန်းက ငါ ပြည်သူတွေကို ခေါ်ပြီး အရှေ့ပင်လယ်ဆီ သွားခဲ့ဖူးတယ်... အဲဒီအချိန်တုန်းက ယွမ်တုက ချိတ်ပိတ်မခံထားရသေဘူး... ပင်လယ်ထဲက နေရာတစ်နေရာမှာ နဂါးကြီးတစ်ကောင်နဲ့ တွေ့ခဲ့ရတယ်... အဲဒါနဂါးကြီးက နင်ပြောတဲ့ နဂါးအရှင်ပဲ ဖြစ်မယ်ထင်တယ်... နဂါးအရှင်စီရင်စုရဲ့ နဂါးအရှင်က အဲဒီမှာဆိုတော့ အဆုံးသတ်မြို့ပျက်လည်း အနီးအနားမှာပဲ ရှိလိမ့်မယ်”

ချင်မူ့မျက်လုံးများ အရောင်တောက်သွားပြီး နဂါးအရှင်ကို တွေ့ခဲ့သည့်နေရာအား အလျင်အမြန် မေးလိုက်သည်။

ပိုင်ချွီအာက သူ့အတွက် ရေပြင်မြေပုံ ဆွဲပြသည်။ “နဂါအရှင်က တော်တော်‌လေး စိတ်ဆတ်တယ်... သူက ရှေးဟောင်းနဂါးတွေရဲ့ မျိုးဆက်ဆိုတော့ နင် အဲဒီကိုသွားရင် သတိထားမှကိုဖြစ်မယ်”

ကောင်းကင်မြေပုံထဲတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျောင်းသားများသည် အလွန်ကြိုးစားအားထုတ်နေကြပြီး အလုပ်များနေသော ပျားများသဖွယ် ကောင်းကင်မြေပုံဝင်္ကပါအတွင်းရှိ ပျက်စီးနေသည့် အစိတ်အပိုင်းများကို ဖာထေးရင်း ဝင်္ကပါတည်ဆောက်ပုံအား ပြောင်းလဲနေကြသည်။

ကောင်းကင်မြေပုံသည် အဖိုးတန်ရတနာတစ်ပါး ဖြစ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဤရတနာတစ်ခုလုံးကို ပြန်လည်တည်ဆောက်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် ဝင်္ကပါလက်နက်တစ်ခု လုပ်ချင်နေ၏။

ဧကရာဇ်အတိုင်ပင်ခံက ‌ကောင်းကင်မြေပုံကို သိမ်းထားရန်လည်း စဉ်းစားသေးသည်။ သို့သော် ထိုသို့လုပ်လိုက်လျှင် ကောင်းကင်နတ်ဘု၏ ကောင်းကင်မြေပုံအသစ် တည်ဆောက်နေသော နှုန်းထားကို အရှိန်မြှင့်လိုက်သလိုသာ ဖြစ်ပေလိမ့်မည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် ဤအခြေအနေက ပို၍ပင် အန္တရာယ်များလေသည်။

ကောင်းကင်နတ်ဘုံ၏ ပျင်းရိမှုကို အသုံးချပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာအား အန္တရာယ်ပြုနိုင်မည့်နေရာနှင့် မတူအောင် လုပ်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အမြတ်ထွက်လိမ့်မည်။

ရုတ်တရက် ချင်မူ ကောင်းကင်နတ်အရှင်ယွီကို တွေးမိသွားသည်။

‘သေစမ်း ငါ ညီလေးယွီကို မြစ်သင်္ချိုင်းတက္ကသိုလ်မှာ ထားခဲ့တာ နှစ်ဝက်နီးပါး ရှိပြီပဲဟ’

ချင်မူမှာ ပြန်ရုံအပြင် ရွေးချယ်စရာမရှိတော့ပေ။ ပိုင်ချွီအာက လနန်းတော်အရှေ့တွင် ရပ်လျက် သူ့အား လက်ပြနှုတ်ဆက်နေသည်။

ချင်မူ ‌လှည့်ကြည့်လိုက်မိသည်။ ထိုမိန်းကလေးကား ဖြာကျနေသော လရောင်အောက်တွင် ဓားဖြင့် ကခုန်နေ၏။

လရောင်ထဲ၌ ဓားသိုင်းကစားနေသော မိန်းကလေးကို ချင်မူ ငေး၍ ကြည့်နေမိသည်။ ပိုင်ချွီအာ၏ ဓားတာအိုသည် ပို၍အဆင့်မြင့်သွားသလို သူ ခံစားရလေသည်။

ဤမိန်းကလေးသည် သူမအသက်ဖြင့် ရင်း၍ ကာကွယ်ပေးရမည့် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုကို ရှာတွေ့သွား၍ ဓားတာအိုတွင် ဆက်လက်တိုးတက်လာဟန်တူ၏။

‘သူက ချုံဧကရာဇ်ရဲ့ အယူအဆတွေကို အမွေရခဲ့တဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်ချင်တာလား... ဒါမှမဟုတ် ငါ့ကိုပဲ ကာကွယ်ပေးချင်နေတာလား...’

ချင်မူ ခေါင်းယမ်းရင်း ရယ်လိုက်မိသည်။ ‘ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်ပေးချင်တာ နေမှာပါ’

မြစ်သင်္ချိုင်းတက္ကသိုလ်တွင်

ချင်မူ့မျက်နှာသည် မည်းမှောင်နေ၏။ ယန်အာ၏ ကျေးဇူးကြောင့် ကောင်းကင်နတ်အရှင်ယွီနှင့် ရေချီလင်မှာ ဝတုတ်ပြဲနေပြီး ကောင်းကင်နတ်အရှင်ယွီသည် နယ်စားဝေ့နှင့်အတူ နှစ်ဝက်ကြာ အတူရှိခဲ့၍ အသံက ကျယ်လာ၏။ ချင်မူမှာ သူ့အသံကြောင့် နားစည်ကွဲထွက်တော့မတတ် ဖြစ်နေသည်။

ချင်မူ၏အမူအရာက ပို၍ပင် မည်းမှောင်သွားပြီး ယန်အာကို ကောင်းကင်နတ်အရှင်ယွီနှင့် ရေချီလင်အား ခွံ့မကျွေးတော့စေရန် တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်။ ကောင်းကင်နတ်အရှင်ယွီကိုလည်း အဆီကျစေရန် ခရီးတစ်လျှောက် ပြင်းပြင်းထန်ထန် လေ့ကျင့်စေသည်။

ရေချီလင်ကိုတော့ နဂါးချီလင်လက်ထဲ အပ်ထား၏။

အဆီချခြင်းဋီကာနှင့်ပတ်သက်၍ နဂါးချီလင်က ကောင်းကောင်းသိသည် မဟုတ်ပါလော။

ယန်အာမှာ သူတို့ကို ခွံကျွေးခွင့်မရတော့၍ ချင်မူ့ဘက် လှည့်လာတော့သည်။ ချင်မူက သူမအတွက် နေကြာစေ့များ ဝယ်ပေးထား၍ မိန်းကလေးအား တစ်စေ့ချင်းခွာကာ သူ့ဆီ ကျွေးစေသည်။

“သခင်လေး မိစ္ဆာနတ်ဘုရားတွေကို စားလား” ယန်အာက တောင့်တောင့်ထွားထွား မိစ္ဆာနတ်ဘုရားတစ်ပါးကို ဖမ်းလာကာ သူ့ကို သွေးဆောင်နေသည်။

ချင်မူ ခေါင်းယမ်းလိုက်၏။

ယန်အာက အလွန်စိတ်ပျက်သွားပြီး မိစ္ဆာနတ်ဘုရားကို သူမဘာသာ စားနေသည်။ ထို့နောက် ပျံထွက်သွားပြန်ပြီး နတ်ဘုရားတစ်ပါးနှင့်အတူ ရောက်လာကာ ထပ်မံ‌သွေးဆောင်ပြန်သည်။ “သခင်လေး နတ်ဘုရားတွေကို စားလား”

ချင်မူ ခေါင်းယမ်းလိုက်သည်။

ယန်အာက ဗိုက်ပြည့်အောင် စားပြီးနောက် လေချဉ်တက်သည်။

သူတို့ ကျောက်စိမ်းမြို့တော်ငယ်သို့ ရောက်လာကြ၏။ ဝမ့်မူရန်၏ ကျောက်စိမ်းမြို့တော်ငယ်မှာ ကျန်တက္ကသိုလ်များနှင့် ယှဉ်လျှင် အနည်းငယ် အားနည်းနေသည်။ ယခင်တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် နာမည်အကြီးဆုံး နံပါတ်တစ်အထွတ်အမြတ်မြေ ဖြစ်ခဲ့သော်လည်း လောကီလူဘုံနှင့် ဝေးဝေးနေခဲ့သောကြောင့် နောက်ကျသွားခဲ့သည်။ ပြုပြင်ပြောင်းလဲမှု စတင်သည့်အချိန်ကိုလည်း မမှီခဲ့ပေ။ သို့ဖြစ်၍ ခိုင်မာတောင့်တင်းသော အခြေခံနှင့် နာမည်ဂုဏ်သတင်းကို အားကိုးရင်းသာ ‌ကျောင်းသားများကို ဆွဲဆောင်ရလေသည်။

သို့တိုင်အောင် ဤနေရာတွင် ပထမလူသားဧကရာဇ်နှင့် ချင်မူ ပက်ပင်းတိုးသည်။ ပထမလူသားဧကရာဇ်အပြင် လူသားဧကရာဇ်ဟောင်းများလည်း ကျောက်စိမ်းမြို့တော်တက္ကသိုလ်၏ အဆောင်မှူးများအဖြစ်ဖြင့် စာသင်ပေးနေကြသည်။

ကျောက်စိမ်းမြို့တော်သည် ယခင်က ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံဆီမှ ကွဲထွက်လာခဲ့သည့် အစိတ်အပိုင်းတစ်ခုဖြစ်၏။ ပထမလူသားဧကရာဇ် အလွန်တွယ်တာသော နေရာဖြစ်ပြီး သူ စိတ်ဓာတ်ကျလာခဲ့တုန်းက ဤနေရာတွင် ကျောက်ရုပ်တုအဖြစ် ပြောင်းလဲခဲ့သည်။

ဒုတိယဘိုးဘေးကြီး၊ တတိယဘိုးဘေးကြီး၊ လူသားဧကရာဇ်ချီကန်းနှင့် ကျန်ရှိသူများသည် ခိုင်ဧကရာဇ်ခေတ်ပျက်သုဉ်းသွားသည့် လွန်ခဲ့သော နှစ်ပေါင်းနှစ်သောင်းကတည်းက အထူးချွန်ဆုံးသော ပါရမီရှင်များ ဖြစ်ကြ၏။ ယခုတွင် သူတို့အသက်ပြန်ရှင်လာကြပြီဖြစ်ရာ ယခင်တုန်ကထက် ပို၍ပင် အင်အားကြီးမားလာကြလိမ့်မည်။

ဤလူသားဧကရာဇ်အားလုံး ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်လှစ်ထားပြီးချေပြီ။ ထို့အပြင် သူတို့သည် ဖုန်းတု၏ အဓိကအင်အားစု ဖြစ်သောကြောင်း ကျောင်းသားအတော်များများအား ကျောက်စိမ်းမြို့တော်သို့ ဆွဲ‌‌ခေါ်နိုင်ခဲ့၏။

ချင်မူ ကောင်းကင်နတ်အရှင်ယွီကို ပညာရှာစေရန် ဤနေရာသို့ ‌ခေါ်လာသည်။ ဆယ်ရက်ကျော်ကြာသည့်အခါ ချင်မူသည် ပြုပြင်ပြောင်းလဲမှု၏ ရလဒ်အားလုံး လေ့လာပြီးသွားသော်လည်း ကောင်းကင်နတ်အရှင်ယွီက မပြီးသေးသောကြောင့် သူ့ကို စောင့်နေရသည်။

“လူသားဧကရာဇ်ချင်၊ မင်းကြည့်ရတာ ဒီဖက်တီးလေကို တော်တော်ဂရုစိုက်ပုံပဲ”

လူသားဧကရာဇ်ချီကန်းက ဖက်တီးလေး ကောင်းကင်နတ်အရှင်ယွီ၏ ဖောင်းကားနေသော မျက်နှာကို ဖြစ်ညစ်ရင်း ရယ်နေသည်။ “သူ့ကို နောက်မျိုးဆက်ရဲ့ လူသားဧကရာဇ်အဖြစ် ပျိုးထောင်ပေးမလို့လား”

ချင်မူ့မျက်လုံးများ အရောင်တောက်သွားသည်။ ကောင်းကင်နတ်အရှင်ယွီအတွက် မည်သို့စီစဉ်ပေးသင့်ကြောင်း သူ မတွေးရသေးပေ။ မရဏတမန်တော် စိတ်ပျက်သွားမည်ကိုလည်း စိတ်ပူရသည်။ မရဏတမန်တော်က ကောင်းကင်နတ်အရှင်ယွီကို အတိတ်ဘဝတုန်းကအောက် မနိမ့်ကျသော ဖြစ်တည်မှုအဖြစ် ပျိုးထောင်ပေးစေချင်သည့်အပြင် ကမ္ဘာလောကကြီးကို အံ့အားသင့်သွားစေမည့် ကောင်းကင်နတ်အရှင်ယွီ ပြန်ဖြစ်လာစျေသည်။

သို့သော် ချင်မူအနေဖြင့် ကောင်းကင်နတ်အရှင်ယွီကို သူနှင့်အတူ အမြဲတမ်း ခေါ်သွားရန်လည်း မဖြစ်နိုင်ပေ။ ကောင်းကင်နတ်အရှင်ယွီကို မျိုးဆက်သစ်၏ လူသားဧကရာဇ်ဖြစ်လာအောင် သိမ်းသွင်း၍ ရကောင်းရနိုင်လိမ့်မည်။

“လူသားဧကရာဇ်မျိုးဆက်သစ်တိုင်းက အရှေ့မျိုးဆက်တွေထက် ပိုမိုအင်အားကြီးတယ်”

လူသားဧကရာဇ်ချီကန်းသည် တောက်ပစွာ ပြုံးနေ၏။ “ဒီကောင်လေး နောင်တစ်ချိန်မှာ မင်းကို အနိုင်ယူနိုင်မယ်ထင်လား”

ချင်မူက နှိမ့်ချစွာ ပြန်ဖြေသည်။ “ဟုတ်သား ကျွန်တော်တို့ လူသားဧကရာဇ်ခန်းမမှာ အဲဒီလိုအစဉ်အလာ ရှိတာပဲ.... ညီလေးယွီကလည်း အမှန်တကယ် ထူးချွန်ထက်မြက်တဲ့သူပါ.. ဒါပေမဲ့ ကျွန်တော်က လောကသခင်ခန္ဓာမဟုတ်လား”

လူသားဧကရာဇ်ချီကန်းက သ‌ရော်‌တော်တော် ပြော၏။ “ဖက်တီးလေးကို ဒီမှာ ထားခဲ့... ငါတို့ လူအိုကြီးတွေ သူ့ကို အတူတူသင်ပေးမယ်... မပူနဲ့ စိတ်ချ သူ မင်းဆိုတဲ့ လောကသခင်ခန္ဓာကြီး အဖေကယ်ပါ၊ အမေကယ်ပါ တ,ယူရတဲ့အထိ အနိုင်ယူနိုင်စေရမယ်”

ချင်မူ တဟားဟား ရယ်၍ ကောင်းကင်နတ်အရှင်ယွီကို ထားခဲ့ကာ သတိပေးနေသည်။ “သူ့ကို သိုင်းကွက်တွေ မသင်ပေးနဲ့နော်... ကောင်းကင်ရတနာကို ဘယ်လိုနိုးထစေရမလဲလည်း မသင်ပေးနဲ့... သူ့ကို သင်ပေးရဲတဲ့သူ ဘယ်သူဖြစ်ဖြစ် အဖေကယ်ပါ၊ အမေကယ်ပါ တ,ယူရတဲ့အထိ ကျွန်တော် ရိုက်ပစ်မယ်”

လူသားဧကရာဖ်အားလုံး အေးစက်စက် ရယ်၍ ဆရာ့မျက်နှာမထောက်၊ ဘိုးဘေးမျက်နှာ အိုးမည်းသုတ်ချင်နေသော သကောင့်သားလေးအား ဆုံးမရန် ပြင်နေကြသည်။ ချင်မူက နဂါးချီလင်နှင့် ယန်အာကို ကပျာကယာ ခေါ်ပြီး ဝှစ်ခနဲ ထွက်သွားတော့သည်။

“သခင်လေး ဘယ်သွားမလို့လဲ” ယန်အာက သူ စိတ်အားတက်ကြွနေသည်ကို မြင်လျှင် မနေနိုင်ဘဲ အပြုံးလေးဖြင့် စပ်စုသည်။

“အရှေ့ပင်လယ်” ချင်မူက အရှေ့စူးစူးသို့ လက်ညှိုးထိုးပြီး ကျယ်လောင်စွာ ပြောသည်။

ယန်အာက ထပ်စပ်စုသည်။ “သခင်လေး မြေ‌‌ပေါ်က မိစ္ဆာတွေ၊ နတ်ဘုရားတွေ စားရတာ ငြီးငွေ့လို့လား... ပင်လယ်စာ စားချင်လို့လား... ပင်လယ်ထဲက နတ်ဘုရားတွေ၊ မိစ္ဆာတွေမှာလည်း ငါးအရသာမျိုး ရှိတယ်နော်”

“ကျွန်တော်တို့ အဆုံးသတ်မြို့ပျက်ကို သွားရှာမှာ”

ချင်မူက တဟားဟား ရယ်မောနေသည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းသခင်၊ အစ်ကိုကြီးဝေစွေ့ဖုန်းရဲ့ သဲလွန်စတွေအတိုင်း လိုက်သွားပြီး အဆုံးသတ်မြို့ပျက်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ကျွန်တော့်အတွက် ချန်ခဲ့မလဲ ကြည့်ကြမယ်”

နဂါးချီလင်သည် အရှေ့ပင်လယ်ဆီသို့ ဝမ်းသာအားရ ပြေးနေသည်။ ပင်လယ်ပြင်ထက်သို့ ရောက်သည့်အခါ လှိုင်းလုံးများနှင့်အတူ ပျော်ရွှင်စွာ လိုက်မျောနေသော သားရဲကြီးများအား မြင်တွေ့ရ၏။

လအနည်းငယ်ကြာသော် နဂါးချီလင်တစ်ကောင် ပင်လယ်ပြင်ထက်တွင် ပိုးလိုးပက်လက် လှန်ကာ လှဲနေသည်။ ချင်မူ မည်မျှရိုက်နှက်ရိုက်နှက် ခရီးဆက်သွားရန် မထတော့ပေ။

‘ချွီအာ ငါ့ကို ပေးခဲ့တဲ့ ရေပြင်မြေပုံအရဆို နဂါးအရှင်နဲ့ သူ တွေ့ခဲ့တဲ့နေရာက ဒီအနီးအနားမှာပဲ”

ချင်မူ ပတ်ဝန်းကျင်သို့ ကြည့်ရင်း မြေပုံနှင့် တိုက်ကြည့်နေသော်လည်း မည်သည့်အရာကိုမှ မတွေ့ရသေးပေ။

သူက မိုးမခသစ်ရွက်ကို ခွာ၍ အသိစိတ်အလျဉ်ဖြင့် ချင်စာလုံးမြေပြင်ထဲသို့ ဝင်ရောက်ကာ မေးလေသည်။ “ကောင်းကင်နယ်စားမင်း ကျွန်တော့်ကို မြင်ရလား”

တခဏကြာသော် ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက ပြန်ဖြေသည်။ “မြင်ရချက်ပဲ ဒီတစ်‌ခေါက် ဘာလုပ်ချင်ပြန်တာလဲ”

ချင်မူ အလျင်အမြန် ပြန်ဖြေလိုက်သည်။ “ကောင်းကင်နယ်စားမင်း ကျွန်တော် အဆုံးသတ်မြို့ပျက်ကို ရှာတွေ့အောင် ကူညီပေးလို့ ရမလားဟင်”

ကောင်းကင်နယ်စားမင်းက သူ့ကို စိုက်ကြည့်၏။

ချင်မူ့မျက်နှာထားက မပြောင်းလဲသွားပေ။

တခဏကြာသော် ကောင်းကင်နယ်စားမင်းက အေးတိအေးစက် နှာခေါင်းရှုံ့သည်။ “ပင်လယ်ပြင်က ပြားကပ်နေတယ်... အဆုံးသတ်မြို့ပျက် ဒီမှာမရှိဘူး”

ချင်မူ ဆူပုတ်သွားပြီး ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်ဆီ ကြည့်လိုက်သော်လည်း မြေအောက်ဘုံအရှင်သခင်က သူ့ကို လျစ်လျူရှုထားသည်။

သူ့မှာ အသိစိတ်အလျဉ်ကို ပြန်ရုတ်သိမ်းရတော့သည်။ ထို့နောက် ကောင်းကင်အလိုတော်မုခ်ဝကို သူ၏ကျောနောက်တွင် ဖွဲ့တည်ကာ မုခ်ဝအပြင်၌ မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်စားနေသည်။

တခဏကြာသော် လှေလေးတစ်စင်း မျောလွင့်လာပြီး မရဏတမန်တော်က လှေဦး၌ ရပ်နေသည်။

“ကောင်းကင်နတ်အရှင်ရုံ၊ ကျွန်တော် အဆုံးသတ်မြို့ပျက်ဆီ ဘယ်လိုသွားရမလဲ မေးခွင့်ရှိမလားဗျ” ချင်မူက မေးလိုက်သည်။ “ပြီးတော့ နဂါးအရှင်စီရင်စုကိုရောပဲ”

မရဏတမန်တော်လက်ထဲရှိ မီးအိမ်က တုန်ခါသွားပြီး သူသည် လက်မြှောက်လျက် အရပ်မျက်နှာတစ်ခုဆီသို့ လက်ညှိုးထိုးပြ၏။

“ကျေးဇူးတင်ပါတယ်” ချင်မူက ရိုရိုကျိုးကျိုး ပြန်ဖြေကာ ကောင်းကင်အလိုတော်မုခ်ဝကို ပိတ်ရန် ပြင်နေသည်။

“ခဏ”

မရဏတမန်တော်က မုခ်ဝထဲမှ လက်တစ်ဖက် ထုတ်လိုက်သဖြင့် မီးအိမ်၏အလင်းရောင်သည် ချင်မူ့မျက်နှာအပေါ် ဖြာကျလာသည်။ မီးအိမ်အနောက်၌ ရပ်နေသော အဘိုးကြီး၏အမူအရာမှာ သိပ်မရွှင်လန်းပေ။ “ငါ့ကို အရပ်မျက်နှာမေးဖို့လေးအတွက် လှမ်းခေါ်တာပေါ့”

ချင်မူ ခေါင်းညိတ်လိုက်သည်။

မီးအိမ်ကိုင်ထားသော လက်မှာ တဆတ်ဆတ် တုန်သွားပြီး အဘိုးအိုသည် အသက်ရှူသွင်းရှူထုတ်ရင်း စိတ်ထိန်းနေပုံရလေသည်။ “ကောင်းကင်နတ်အရှင်ယွီကို စောင့်ရှောက်ပေးနေတဲ့ မျက်နှာကို ထောက်ထား.... ကောင်းကင်နတ်အရှင်ယွီ ဘယ်မှာလဲ... မင်း ကောင်းကင်နတ်အရှင်ယွီကို ဘယ်မှာ ထားခဲ့လဲ”

All Chapters