သဲအိတ်ဆရာ
Vol. 10 Ch. 3
“နည်းပညာမဖွံဖြိုးပေမဲ့လို့ သဘာဝနဲ့နီးစပ်လိုက်တာ။ နေရာတိုင်းမှာ ကျောင်းသားတွေအပြည့်နဲ့ တက်ကြွနေတဲ့ ကျောင်းတော်ကြီးပဲ။”
အီဂိုက ကျောင်းဆရာအဖြစ် တာဝန်ပေးခံရပြီးပြီးချင်း ကျောင်းကိုသိပ်သဘောမကျခဲ့ပေမဲ့ ကျောင်းစဖွင့်တဲ့ ပထမနေ့မှာပဲ ကျောင်းတော်ကြီးရဲ့လေထုနဲ့ပတ်ဝန်းကျင်ကြောင့် အကောင်းမြင်စိတ်ဖြစ်ပေါ်လာပါတယ်။ အခုသူတို့က ဆရာများရုံးခန်းမှာ ရှိနေကြတာဖြစ်ပြီး မနက်ပိုင်း တာဝန်ခွဲဝေဖို့ စောင့်ဆိုင်းနေကြတာပါ။
“ကျွန်မတို့ရဲ့တော်ဝင်နတ်သူငယ်ကျောင်းတော်နဲ့ယှဥ်ရင် နည်းနည်းကျဥ်းပေမဲ့ တကယ့်ကို ခမ်းနားတဲ့ကျောင်းတစ်ကျောင်းပါပဲ။ ပြီးတော့ ကျွန်မကြားထားတာ တစ်ခုရှိသေးတယ်။”
မာရီယာက ကမ္ဘာပေါ်က သာမန်ဆရာမတစ်ယောက်နဲ့ တူစေဖို့အတွက် ကျွဲကော်ကိုင်းမျက်မှန်ကို တပ်ပြီး ရွှေရောင်ဆံပင်တွေကို မြင်းမြီးလို နောက်မှာစုချည်ထားတယ်။ သန့်စင်တဲ့ အဖြူရောင်လက်ရှည်ရှပ်ကို ရွေးချယ်ဝတ်စင်ထားပြီး အနက်ရောင် မီနီစကတ်၊ စတော့ကင်အရှည်တို့နဲ့ တွဲဖက်ဝတ်ဆင်ထားတာ။ အန်နီမေးရှင်းရုပ်ရှင်တွေထဲမှာ တွေ့ရလေ့ရှိတဲ့စံပြဆရာမတစ်ယောက်လိုပါပဲ။
“ဒီကျောင်းရဲ့လက်ရှိအစောင့်တပ်ခေါင်းဆောင်တောင်မှ ဘီတာအဆင့်ကို ရောက်နေပြီလို့ဆိုပါတယ်။”
“ခြံစောင့်ခေါင်းဆောင်က ဘီတာ၊ အဟွက်။” အီဂိုတစ်ယောက် နှလုံးရောဂါရတော့မယ်။ ဖက်ဒရေးရှင်းရဲ့စွမ်းအင်အတိုင်းအတာယူနစ်အရ S rank တွေက ဘီတာတွေနဲ့အဆင့်ချင်းတူတယ်။ အီဂိုကိုယ်တိုင်တောင် ဓားမပါရင် အတော်လေးအားနည်းတဲ့ ဘီတာအဆင့်မှာပဲရှိတယ်လို့ ပြောနိုင်ပါတယ်။
‘ငါ့လိုအဆင့်မျိုးက ဒီမှာခြံစောင့်အဆင့်ပဲရှိတာတဲ့။’ ဒါကတော့ သူ့ရဲ့တိုးတိတ်တဲ့ ခံစားချက်လေးတွေပါ။
“ဒါကြောင့် ကျွန်မတို့တွေ မဖြစ်လို့စာသင်ပေးနေရတယ်ဆိုပြီး ပေါ့ပေါ့တန်တန် မသင်မိဖို့လိုပါတယ်။ ဒါက ဖက်ဒရေးရှင်းရဲ့ဂုဏ်သိက္ခါနဲ့ဆိုင်တဲ့ ကိစ္စပဲ။”
မာရီယာက အခုလိုပြောလိုက်တော့ တခြားဂေါ်ဘလင်နှစ်ကောင်လည်း သဘောတူတဲ့အနေနဲ့ သတိဆွဲလိုက်ကြတယ်။
ရုံးခန်းထဲဝင်လာတဲ့ ဆရာမဟဲရိုးကတော့ သူတို့ကိုကြည့်ပြီး ပြုံးလိုက်တယ်။ “ဆရာအသစ်တွေက တကယ့်ကို တက်ကြွနေတာပဲ။ ငယ်ရွယ်တာ ကောင်းလိုက်တာ။ ဒီမှာ နင်တို့အတွက် ဒီနေ့သင်ရမယ့် အချိန်စာရင်း။”
ဆရာမဟဲရိုးက သူတို့ကို အချိန်စာရင်းစာရွက် တစ်ယောက်တစ်ရွက်စီ ပေးလိုက်တယ်။ မာရီယာနဲ့တခြားသူတွေကတော့ အချိန်စာရင်းကို လေးနက်စွာနဲ့ ကြည့်လိုက်ကြပေမဲ့ အီဂိုကတော့ ခပ်ပေါ့ပေါ့ပါပဲ။
“ဒုတိယနှစ်လက်ရွေးစင်တန်းကို တိုက်ပွဲသင်ခန်းစာသင်ပေးရမှာလား။” အီဂိုက ပြန်မေးတော့ ဆရာမဟဲရိုးက နားလည်ရလွယ်အောင်လို့ သေချာပြန်ရှင်းပြပေးတယ်။
“ပထမနှစ်စာမေးပွဲပြီးတော့ အလားအလာကောင်းတဲ့ ကျောင်းသားတချို့ကို သီးခြားလေ့ကျင့်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လေ။ ခွန်အားနဲ့ခွဲတာမဟုတ်ပေမဲ့ စာလိုက်နိုင်ပြီး တိုးတက်တာမြန်တဲ့သူတွေကို အထူးလေ့ကျင့်ပေးဖို့အတွက် အထူးတန်းကို ဖွဲ့လိုက်တာ။ လောလောဆယ်တော့ ကျောင်းသားဆယ်ယောက်ပဲရှိတယ်ဆိုပေမဲ့ပေါ့။ ဒါမှ သူတို့တွေကို အနီးကပ်လေ့ကျင့်ပေးနိုင်မှာလေ။”
ဆရာမဟဲရိုးက အသက်ဝအောင်ရှုဖို့အတွက် ခဏနားပြီးမှ ရှေ့ဆက်ပါတယ်။ “အဲဒီကျောင်းသားတွေက အီဗန်၊ လီဆာ၊ နျူရေ၊ ဂရေဟမ်၊ ဘယ်လာ၊ ဂိုးလ်၊ လီနာ၊ မိရိုင်၊ ယုဆနဲ့ ဂျိုနသန်တို့တွေ။ ဒါပေမဲ့ ယုဆနဲ့မိရိုင်က ဂျပန်မှာ ကိုယ်ပိုင်နည်းပြနဲ့လေ့ကျင့်နေလို့ အခုလောလောဆယ်တော့ ကျောင်းမှာမရှိဘူး။ နှစ်ဝက်စာမေးပွဲမှ ပြန်လာလိမ့်မယ်။”
“တစ်နည်းအားဖြင့် ကျောင်းတော်ရဲ့အတောက်ပဆုံးကြယ်ပွင့်တွေရဲ့အနာဂတ်ကို ကျွန်တော်လိုဖက်ဒရေးရှင်းကောင်စစ်ဝန်ရဲ့လက်ထဲ ယုံယုံကြည်ကြည်အပ်လိုက်တဲ့ သဘောပဲပေါ့။ ကျေးဇူးတင်ပါတယ်ခင်ဗျ။”
အီဂိုကတော့ ကျေးဇူးတင်စွတ်တင်နေပေမဲ့ ဆရာမဟဲရိုးကတော့ စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်တယ်။ ‘ဆရာမအေမီက ရှေ့တန်းရောက်နေပြီး ဆရာမဘရီစာက အဲဒီကျောင်းသားတွေ လေ့ကျင့်ပေးဖို့ အားနည်းနေလို့ ဒီအရူးကောင်ကို အမြောက်စာကျွေးရတာ။ ငြင်းမယ်ထင်ထားပေမဲ့ တကယ်လက်ခံလိုက်တာပဲ။’
....
ကျောင်းရဲ့တိုက်ပွဲကွင်းပြင်မှာတော့ နှစ်သစ်ရဲ့ပထမဆုံးလက်တွေ့တိုက်ပွဲအတန်းအတွက် ဒုတိယနှစ် လက်ရွေးစင်အတန်းက ကျောင်းသားတွေ စုဝေးနေကြပါတယ်။
“နျူရေ၊ ဒီနေ့ငါတို့အတန်းကို ဆရာအသစ်သင်မှာတဲ့။ အစ်မကြီးအေမီက ပိုးကောင်တွေဆီသွားပြီး ဖင်ပိတ်ကန်နေတယ်လေ။” လီဆာက သူသိထားတဲ့ သတင်းထူးကို နျူရေကို ပြောပြလိုက်ပါတယ်။ နျူရေကလည်း စဥ်းစားပြီး ခုလိုခွန်းတုံ့ပြန်တယ်။
“ကျောင်းအုပ်ရဲ့အိမ်စေအစ်မကြီးက ကြမ်းတမ်းပေမဲ့ သူနဲ့တိုက်ခိုက်ရင်းက ငါတို့စွမ်းအားတွေ တိုးတက်လာတာ။ ဆရာအသစ်က မညံ့လောက်ဘူးလို့ ထင်ရပေမဲ့ ဘယ်လိုပုံစံမျိုးဖြစ်မလဲတော့မသိဘူးရယ်။”
အီဗန်ကလည်း ခေါင်းညိတ်လိုက်တယ်။ ကျောင်းရဲ့တိုက်ပွဲချန်ပီယံအနေနဲ့ သူက လက်ရွေးစင်အတန်းကို ကိုယ်စားပြုရပါတယ်။ လောလောဆယ် နျူရေက ဒုအတန်းကိုယ်စားလှယ်ဖြစ်ပြိး အီဗန်က အတန်းကိုယ်စားလှယ်ပါ။
“ဒါနဲ့ နျူရေပြောတဲ့အတိုင်းဆိုရင် အတန်းဖော်လီဆာက နဂါးပြာဝိညာဥ်ကိုကျောင်းအုပ်ဆီ ပြန်အပ်လိုက်ပြီဆို။ ဒါဆို အရင်လိုမျိုး နဂါးပြောင်းပြီးတိုက်တာမျိုး လုပ်လို့မရတော့ဘူးမဟုတ်လား။”
အီဗန်က သူနျူရေဆီကနေ ကြားလာတဲ့ကိစ္စကို လီဆာဆီ မေးလိုက်တယ်။ လီဆာကတော့ ဒီကိစ္စကို သိပ်ပြီးအလေးအနက်ထားပုံမရဘူး။
“ကိစ္စမရှိပါဘူး။ နဂါးပြာနဲ့ လေ့ကျင့်နေတုန်းက အတွေ့အကြုံတွေအများကြီးရှိခဲ့တာကြောင့် နဂါးတစ်ဝက်ပုံကို သေချာပြောင်းနိုင်တဲ့အပြင် လိုအပ်လာရင် လေစွမ်းအားကိုလည်း ထိန်းချုပ်နိုင်နေတုန်းပဲလေ။ ဒီခွန်အားနဲ့ဆိုရင် နင်နဲ့လီနာကို ငါမရှုံးပါဘူးနော်။”
သူတို့စကားပြောနေတုန်းမှာပဲ ဟောခန်းမတံခါးကြီးပွင့်လာတယ်။ လှည့်ကြည့်လိုက်တော့ အပြာရောင် ဇီဝနည်းပညာချပ်ဝတ်ကို ဝတ်ဆင်ထားတးပြီး ခါးမှာ ဆေဘာတစ်လက်ချိတ်ထားတဲ့ ရွှေရောင်ဆံပင်နဲ့ နတ်သူငယ် ခန်းမထဲဝင်လာတာ ဖြစ်နေတယ်။
“အိုး၊ ဆရာအသစ်က ချောသားပဲ။” ဘယ်လာက ခုလိုပြောလိုက်တာပါ။ အီဂိုကတော့ သူတို့အားလုံးကိုလက်ပြနှုတ်ဆက်တယ်။
“ဟယ်လို၊ အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ။ ဆရာ့နာမည်ကတော့ အီဂိုပါ။ ဝေးလံခေါင်ဖျားလှတဲ့ ဂလက်ဆီတစ်ခုကနေ ဒီကိုလာခဲ့တာပါ။ မင်းတို့အားလုံးက ဒီကျောင်းရဲ့ဂုဏ်ဆောင် လက်ရွေးစင်တွေလို့ပြောကြတယ်။ ပိုးကောင်တွေနဲ့မင်းတို့ဂြိုဟ်က စစ်ဖြစ်နေတာဆိုတော့ အရင်တုန်းက ပိုးကောင်တွေနဲ့တိုက်ခိုက်ဖူးတဲ့ အတွေ့အကြုံရှိလား။”
အီဂိုက မေးလိုက်တော့ အီဗန်က ခဏစဥ်းစားပြီးပြန်ဖြေတယ်။ “အနည်းအပါးတော့ရှိပေမဲ့ အဲဒီကောင်ကြီးလည်းပေါ်လာရော ကျွန်တော်တို့ဖိအားနဲ့တင် သတိလစ်သွားတော့တာလေ။”
အီဗန်က သူတို့နယ်မြို့လေးတစ်မြို့မှာကြုံခဲ့ရတဲ့ ယင်ကောင်ဗိုလ်ချုပ်နဲ့တိုက်ပွဲအကြောင်းပြောနေတာပါ။ ဒါပေမဲ့ အီဂိုကတော့ တလွဲသွားတွေးမိပါတယ်။
“ကလေး၊ မင်းနာမည်က ဘယ်သူလဲ။”
“အီဗန် ဘလက်လို့ခေါ်ပါတယ်။”
“မင်းအဲဒီတုန်းက ပထမဆုံးအနေနဲ့ ပိုးကောင်မျိုးကွဲခေါင်းဆောင်နဲ့ကြုံဖူးတာမလား။ စိတ်မပူနဲ့၊ ဆရာ့တုန်းကလည်း အဲဒီကောင်တွေရှေ့မှာ နည်းနည်းလေးမှ လှုပ်နိုင်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ ဒီနှစ်ဆရာနဲ့လေ့ကျင့်ပြီးသွားရင် အဲဒီလိုအကောင်မျိုးတွေကို သုတ်သင်နိုင်လိမ့်မယ်လို့ အာမခံတယ်။”
အီဗန်က အူကြောင်ကြောင်နဲ့ နျူရေကို လှည့်ကြည့်တယ်။ နျူရေကတော့ ‘နင်က ပိုးကောင်ဗိုလ်ချုပ်လို့မှ ထည့်မပြောလိုက်တာကိုး။’ဆိုပြီး လက်မကိုဇောက်ထိုးထောင်ပြတယ်။
“ဟုတ်ပြီ၊ ကျောင်းသားအီဗန်အပြင် တခြားသူတွေမှာရော ပိုးကောင်တွေနဲ့တိုက်ပွဲအတွေ့အကြုံရှိလား။”
အီဂိုက ထပ်မေးတော့ လီဆာက အမြီးလေးနှံ့ရင်းနဲ့ လက်ထောင်ပြလိုက်တယ်။ “ဟုတ်၊ ရှိပါတယ်ရှင့်။”
“မင်းအတွေ့အကြုံကိုပြော။” အီဂိုက လီဆာကိုကြည့်ပြီး ပြောလိုက်တယ်။ လီဆာက ကောက်ကျစ်တော့မယ့်အပြုံးကို ပြုံးထားရင်းနဲ့ သူ့အတွေ့အကြုံကို နည်းနည်းလေးလျှော့ပြီးတော့ ပြောလိုက်ပါတယ်။
“ဘရာဇီးကို စစ်ဆင်ရေးနဲ့သွားတုန်းက ပိုးကောင်တွေဖမ်းတာခံရပြီး ဒုက္ခရောက်ခဲ့သေးတယ်လေ။ ဆာ Silver Knightသာမကယ်ရင် သမီးဘဝလေး ပျက်စီးသွားတော့မလို့ရှင့်။”
“ဒီအတန်းတက်ပြီးတာနဲ့ အဲဒီအညတရပိုးကောင်တွေကို ခြင်တွေလို ရိုက်သတ်နိုင်စေရမယ်။”
လီဆာကတော့ ပြုံးရာကနေ ပေါ်လာတဲ့ သွားစွယ်တွေကို လက်ဖဝါးနဲ့ဖုံးဖိထားရင်းကနေ ဘေးမှာရှိနေတဲ့ နျူရေကို ပြုံးပြလိုက်တယ်။ နျူရေကတော့ သက်ပြင်းချရင်းနဲ့ လက်ထောင်လိုက်တယ်။
“ကျွန်မကတော့ နယူးယောက်မြို့လယ်ခေါင်မှာ နင်ဂျာလိုလို ပိုးကောင်တွေနဲ့ချဖူးပါတယ်။”
ဂရေဟမ်ကလည်း လက်ထောင်တယ်။ “တောထဲမှာ ယင်ကောင်တချို့နဲ့ချဖူးပါတယ်။”
ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက် ပြောသွားလိုက်ကြတာ လီနာနဲ့အဆုံးသတ်သွားတယ်။ “များများစားစားတော့ မကြုံဖူးပေမဲ့ လီနာက စစ်တပ်နဲ့အတူလိုက်ပြီး ပိုးကောင်ရှင်းလင်းရေးလုပ်ဖူးပါတယ်။”
အီဂိုကတော့ လက်နဲ့မေးကိုဆုပ်ကိုင်ထားလိုက်ရင်းနဲ့လက်ရှိအခြေအနေကို ပြန်သုံးသပ်တယ်။ အပေါ်ယံမှာတည်ငြိမ်ပြီး လေးလေးနက်နက်စဥ်းစားနေဟန်ပေါ်ပေမဲ့ တကယ်က ထိတ်လန့်တုန်လှုပ်နေတာပါ။
‘မကောင်းဘူး၊ ဒီကလေးတွေထဲမှာ အကြီးဆုံးဆိုလို့ ဆယ့်ခြောက်နှစ်လေ။ ဒါပေမဲ့ အားလုံးက အတွေ့အကြုံရှိပြီးသားလား။ ငါသူတို့အရွယ်တုန်းက ကြောက်လို့ အစောင့်တပ်နောက်မှာ ဝင်ပုန်းနေတုန်းပဲရှိသေးတာ။’
ဖက်...
အီဂိုက သူ့မျက်နှာသူလက်ဝါးနဲ့ ရိုက်လိုက်မိတယ်။ အဲဒီနောက်တော့ အသက်ကို ပြင်းပြင်းရှုသွင်းလိုက်ပြီး အခုလိုတွေးတယ်။ ‘ငါက ဖက်ဒရေးရှင်းရဲ့ကောင်စစ်ဝန်ပဲ။ ဟန်ကိုယ့်ဖို့နေစမ်း၊ အီဂို။’
“အားဟားဟား၊ ဒီလောက်နဲ့ ဘယ်လုံလောက်ဦးမလဲကွ။ မင်းတို့ရဲ့လက်ရှိအရည်အချင်းလေးနဲ့ စစ်ပွဲထဲကိုသွားရင် စက္ကန့်ပိုင်းအတွင်း အသတ်ခံရမှာပဲ။”
အီဂိုက တည်ကြည်အောင် အတင်းလုပ်ယူထားတဲ့ မျက်နှာနဲ့ ကျောင်းသားတွေကို လှောင်ရယ်လိုက်ပါတယ်။ “ကဲ၊ ဒီတော့ မင်းတို့ရဲ့စွမ်းအားဘယ်လောက်ရှိလဲ စမ်းကြည့်လိုက်ရအောင်။”
အီဂိုက ပြောပြီးပြီးချင်းပဲ အီဗန်ကို လက်ညိုးထိုးပြလိုက်တယ်။ “ကောင်လေး၊ မင်းက ဓားသမားမဟုတ်လား။ ကံကောင်းတာက ငါလည်းဓားသမားပဲ။ ဓားချင်းယှဥ်ချမလား။ စိတ်မပူပါနဲ့ ဓားတစ်ချက်ပါပဲ။ ငါအားကုန်သုံးမှာမဟုတ်လို့ စိတ်ပူစရာမလိုဘူး။”
‘ဟုတ်ပြီ၊ လုပ်ထားကွ အီဂို။ သူတို့ထဲက အားအကောင်းဆုံးလူကို ဓားတစ်ချက်နဲ့ အနိုင်ယူနိုင်မယ်ဆိုရင် ကျောင်းသားတွေရဲ့အထင်ကြီးမှုကို ငါရလိမ့်မယ်။ ဒါဆိုရင် ဒီကလေးတွေ ငါ့ကိုလေးစားလာအောင်လုပ်မယ့် အစီအစဥ်တစ်ဝက်လောက် အောင်မြင်သွားပြီ။’
အီဂိုက သူ့အတွေးနဲ့သူ နတ်သူငယ်မျိုးနွယ်တွေရဲ့ဝိညာဥ်ဝါးမျိုဓားကို ဆွဲထုတ်လိုက်တယ်။ ဓားရဲ့တကယ့်အစွမ်းကို အသက်သွင်းမထားပေမဲ့ အီဂိုက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေပါတယ်။ သူက နျူရေကို ညွန်ပြလိုက်တယ်။
“ကောင်မလေး၊ တစ်ကနေ သုံးအထိရေပေး။ သုံးပြည့်တာနဲ့ တစ်ပြိုင်နက်တည်း စတိုက်မယ်။”
နျူရေက ခေါင်းညိတ်လိုက်တယ်။ အီဂိုက အောင်နိုင်သူကြီးလို ပြုံးနေတဲ့အချိန်မှာ အီဗန်က ဓားရိုးပေါ် လက်တင်လိုက်ပြီး ခါးကိုကိုင်းကာ အသင့်ပြင်ထားတယ်။
တစ်... နျူရေက စရေတွက်တယ်။
‘ဒီဂြိုဟ်သေးသေးလေးက ဆယ်ကျော်သက်တစ်ယောက်ဆီမှာ ငါလိုကောင်စစ်ဝန်ကို အံ့ဩအောင်လုပ်နိုင်တဲ့ ဓားပညာမျိုးရှိမှာမဟုတ်ဘူး။’
နှစ်... အီဗန်က ဓားရိုးကို ကျစ်ကျစ်ပါအောင်ကိုင်ရင်း ဓားကိုသာသာလေး ဓားအိမ်ထဲကနေ လျှိုထုတ်လိုက်တယ်။
‘စိတ်မကောင်းစရာပဲ၊ မထိခိုက်အောင်တော့ သတိထားရမယ်။’ အီဂိုက တွေးတယ်။
သုံး....
နှစ်ယောက်လုံး စတိုက်ကြတယ်။ သူတို့ရဲ့ဓားတွေကကောင်းကင်က လခြမ်းလိုမျိုး ထွက်ပေါ်လာပြီးတော့လျှပ်တစ်ပြက်အချိန်အတွင်းမှာပဲ ရင်ဆိုင်မိကြတော့မယ်။ ဒါပေမဲ့ အီဂိုက ရုတ်တရက် သူ့ခန္ဓာကိုယ်ကြီး လေးလံလာသလို ခံစားရတယ်။ သူအီဗန်ကို ကြည့်လိုက်တော့ အီဗန့်ခန္ဓာကိုယ်က သူ့ထက်အများကြီးကြီးလာတယ်လို့ ခံစားနေရပြီး သူ့ကိုယ်သူတော့ အင်းဆက်လေးတစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားရတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို သွေးရောင်အငွေ့အသက်တွေ ဖုံးလွှမ်းသွားပြီး အီဂိုအသက်ရှုရကျပ်လာတယ်။
‘ဒီအငွေ့အသက်က ဘာလဲ၊ ထင်ယောင်ထင်မှားဖြစ်ကုန်တာလား။’
ထန်း...
ဓားချင်းယှဥ်မိပြီး မီးပွားတွေလွင့်စင်ထွက်လာကာမှ အီဂိုပြန်သတိဝင်လာတယ်။ အခု သူက အသက်ကိုလေးလံစွာရှုနေရပြီး သေဘေးကနေ လွတ်လာတဲ့ ယုန်သူငယ်တစ်ကောင်လို ဖြစ်နေပါတယ်။
‘အဲဒါက ဘာကြီးလဲ၊ ရုတ်တရက် အယ်ဖာအဆင့် သားရဲကြီးတစ်ကောင်ရှေ့ကို ရောက်သွားသလိုပဲ။’
အီဂိုက အီဗန်ရဲ့ဓားချက်ကို ခုခံပြီးတာနဲ့ သူ့အခြေအနေသူ ပြန်စစ်ဆေးလိုက်တယ်။ သူနောက်ကို နည်းနည်းဆုတ်သွားရပေမဲ့ ကြီးကြီးမားမားထိခိုက်မှုမျိုး ရှိမနေပါဘူး။
သူက ချက်ချင်းပဲ ဆရာမဟဲရိုးပေးလိုက်တဲ့ ကျောင်းသားစာရင်းကို လှန်ကြည့်လိုက်တယ်။ အဲဒီမှာ ကျောင်းသားတစ်ယောက်ချင်းစီရဲ့အခြေခံအချက်အလက်တချို့ပါတယ်။
‘ကျောင်းသား အီဗန်ဘလက်၊ ဘက်စုံ A+။ ဒီကလေးက ဘီတာအဆင့်အောက်မှာ ပြိုင်ဘက်ကင်းပြီး ဘီတာတွေကို စိန်ခေါ်နိုင်တယ်ဆိုတာမျိုးလား။’ အီဂိုရဲ့နဖူးကနေ ချွေးစေးတွေ စီးကျလာပါတယ်။ သူလည်း ဘီတာအဆင့်မှာပဲ ရှိနေသေးတာလေ။
“ကောင်လေး၊ မဆိုးဘူး။ မင်းတော်တယ်။ မကြာခင်မှာ မင်းက သေချာပေါက် နာမည်ကျော်စစ်သည်ဖြစ်လာမှာပဲ။”
“အဟားဟား... တကယ်တော့ ဆရာပြောတဲ့အတိုင်း နည်းနည်းတော့ ဖြစ်လာနေပြီဆိုရမလား။ ကျွန်တော်က ကျောင်းရဲ့တိုက်ပွဲချန်ပီယံမလို့ မဂ္ဂဇင်းတွေက ခဏခဏလာလာပြီး အင်တာဗျူးတယ်လေ။”
“....”
“ထားပါတော့၊ ဟိုက အမြီးနဲ့ကောင်မလေး။ မင်းက ခွန်အားအမျိုးအစားမဟုတ်လား။ ငါနဲ့လာတိုက်လှည့်။” အီဂိုလည်းပြောစရာ စကားရှာမတွေ့တော့တဲ့အတွက် လီဆာကို လက်ညိုးထိုးပြလိုက်တယ်။ နျူရေကတော့ အီဂိုရဲ့အချဥ်ဖမ်းမယ့်ရုပ်ကိုကြည့်နေရင်း ခိုးရယ်နေတယ်။ အီဗန်က တိုက်ပွဲချန်ပီယံဆိုပေမဲ့ လီဆာနဲ့ယှဥ်ရင် ဘာမှမဟုတ်တော့ဘူး။
နျူရေက အရင်တစ်ခါလိုပဲ တစ်နှစ်သုံးရေပေးတယ်။ တော်ကြောင်းပြချင်နေတဲ့ အီဂိုကတော့ အခုလို အော်ဟစ်လိုက်ပါတယ်။
“ငါ့ကိုအားကုန်သုံးတိုက်လှည့်...” အီဂိုက အားနဲ့မာန်နဲ့ပြောလိုက်တယ်။ လီဆာကလည်း ခေါင်းညိတ်လိုက်ပြီးတော့ ချက်ချင်းပြေးတက်လာကာ ခုခံဖို့အသင့်မဖြစ်သေးတဲ့ အီဂို့ရင်ဝကို ဆောင့်ကန်လိုက်လေရဲ့။
“အား....” အီဂိုက နောက်ကိုတစ်ခါတည်းလွင့်သွားပြီး တိုက်ပွဲကွင်းနံရံနဲ့မတိုက်မိခင် ခုန်တက်ပြီးကြိုရောက်နေတဲ့လီဆာက လေပေါ်မျောနေတဲ့ အီဂိုရဲ့ခန္ဓာကိုယ်ကို အမြီးနဲ့ပင့်ရိုက်လိုက်တယ်။
“အိုး...” အခုအီဂိုက တိုက်ပွဲကွင်းပြင်ရဲ့အထက်လေထုထဲကို မြောက်တက်သွားပြီး ပြင်ပကောင်းကင်ကြီးကိုတောင် မြင်နေရပြီ။ သူ့အထက်မှာတော့ နဂါးတောင်ပံငယ်တွေကိုသုံးပြီး ကြိုရောက်နေတဲ့ လီဆာက စောင့်နေကာ သူ့ကို မျက်လုံးမှိတ်ပြတယ်။ အဲဒီနောက်တော့ အပေါ်ကနေစီးပြီး ညာလက်သီးနဲ့ထိုးချလိုက်ပါရော။
“အောင်မလေးဗျ.....” လီဆာရဲ့ဂန္တဝင်သုံးဆင့်တိုက်ကွက်ကိုမိသွားတဲ့ အီဂိုလည်း တိုက်ပွဲကွင်းပေါ်ကို ခွေးကျကျတယ်။ တစ်ကိုယ်လုံးနာကျင်နေပြီး အရိုးတွေကျိုးလုမတက် ခံစားနေရပေမဲ့ အီဂိုက ဟန်မပျက်ပြန်ရပ်လိုက်ပြီး ကျောင်းသားစာရင်းကို သေချာပြန်ကြည့်လိုက်တယ်။
‘လီဆာ၊ လူလုပ်မြူတန့်။ နဂါးတစ်ကောင်ရဲ့ခွန်အားမျိုးရှိတဲ့ S rank။ တစ်နည်းအားဖြင့် သူက ဘီတာအဆင့်ပေါ့။’
အီဂိုငိုကြွေးမိလုနီးပါးပဲ။ သူစိန်ခေါ်မိလိုက်တဲ့ ကောင်မလေးက တိုက်ပွဲချန်ပီယံထက် အားကောင်းနေတယ်။ လက်ပတ်နာရီကို ငုံကြည့်တော့ အတန်းပြီးဖို့ အချိန်အတော်လိုသေးတယ်။ တိုက်ပွဲနှစ်ခုလုံးက တစ်ခဏလေးအတွင်းမှာပဲ ပြီးသွားခဲ့တာလေ။
‘မဖြစ်သေးဘူး၊ ခုနေအတန်းဆင်းပေးရင် ကလေးတွေက ငါကြောက်လို့ထွက်ပြေးသွားတယ်လို့ ထင်လိမ့်မယ်။ ဒါပေမဲ့ ခါသန်မာတဲ့ ကျောင်းသားတစ်ယောက်ကို ထပ်ရွေးမိရင်ရော ဘယ်လိုလုပ်မလဲ။ အားနည်းတဲ့သူတွေကို ရွေးရင်ကောင်းမလား။ မဟုတ်သေးဘူး၊ ဒါဆိုရင်လည်း အားနည်းတဲ့သူတွေကို တမင်ရွေးချမှန်း သိသာသွားပြီး ငါ့နောက်ကွယ်မှာ အတင်းပြောလိမ့်မယ်။’
“မဆိုးဘူးပဲ၊ မင်းက နဂါးတစ်ကောင်ရဲ့တိုက်ခိုက်ပုံမျိုးရှိတော့ လီဆာဖြစ်မယ်ထင်တယ်။ ဆက်ကြိုးစားထားနော်။”
“ဟုတ်ကဲ့ပါ ဆရာရှင့်။” လီဆာက ခပ်နောက်နောက်ပုံစံနဲ့ အီဂိုကို သေသေချာချာလေး ဂါရဝပြုခဲ့ပြီးတဲ့နောက်တော့ တခြားကျောင်းသားတွေနဲ့ တန်းတူပြန်ပြီးရပ်နေလိုက်တယ်။
စာရင်းကို သေချာစိုက်ကြည့်ပြီးတဲ့နောက်တော့ အီဂိုက ခေါင်းညိတ်လိုက်တယ်။ ‘စာရင်းထဲကအတိုင်းဆိုရင် လီဆာက အသန်မာဆုံးပဲ။ ဒါပေမဲ့ မိရိုင်ဆိုတဲ့ အတန်းထဲမှာရှိမနေတဲ့ကလေးက အီဗန်ထက်သန်မာသေးတယ်။ အီဗန်က တတိယနေရာမှာဖြစ်ပြီးတော့ လီနာဆိုတဲ့တစ်ယောက်က စတုတ္ထနေရာမှာမဟုတ်လား။ သူက S ပေမဲ့ A+ အီဗန်ထက် အားနည်းတယ်။ ကျန်တဲ့သူတွေက ကလေးအဆင့်တွေဖြစ်သွားပြီ။ အနည်းဆုံးတော့ ငါလီနာကို အနိုင်ယူပြရမယ်ပေါ့။’
“မင်းတို့ထဲက လီနာဆိုတာ ဘယ်သူလဲ။” အီဂိုက မေးလိုက်တော့ ဓားရိုးပေါ်လက်တင်ထားတဲ့ လီနာက ရှေ့ကိုထွကိလာတယ်။ အီဂိုကတော့ လီနာကိုသေချာကြည့်ပြီး မေးလိုက်ပါပြီ။
“မင်းက ဓားအသုံးပြုပေမဲ့ အဓိကက ရေစွမ်းအားသုံးတဲ့ မြူတန့်မဟုတ်လား။ အဲဒါကိုသုံးပြီး ငါ့ကိုတိုက်ကြည့်မလား။”
“အမိန့်အတိုင်းပါပဲ။” လီနာက နျူရေတစ်ကနေ သုံးအထိရေတွက်တာကိုတောင် စောင့်မနေတော့ဘဲ လက်သီးကိုဆုပ်လိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာ လေထုထဲက ရေခိုးရေငွေ့တွေက ဧရာမလက်သီးဆုပ်ကြီးအဖြစ် ဖွဲ့စည်းသွားပြီး လီနာက သူ့လက်သီးနဲ့ အီဂိုကို ရွယ်လိုက်တယ်။
ဘုန်း....
“သောက်ခွေးထဲမှပဲ...” အီဂိုက လီနာ့ရေလက်သီးကို ရှောင်ဖို့လုပ်ပေမဲ့ နောက်ကျသွားပြီ။ လူတစ်ရပ်စာလောက်ရှိတဲ့ လက်သီးသဏ္ဍာန် ဖိအားမြင့်ရေလုံးကြီးက အီဂိုကိုထိမှန်သွားပြီး သူ့ခန္ဓာကိုယ်က တိုက်ပွဲကွင်းပြင်ရဲ့ခေါင်မိုးကိုကျော်လွန်ကာ မိုးကောင်းကင်ပေါ် ထိုးတက်ပျောက်ကွယ်သွားတော့တယ်။
“လီနာက ဒီဆရာနဲ့ပတ်သက်ပြီး ကောက်ချက်ချပြီးသွားပြီ။ အမျိုးအစား: သဲအိတ်။” လီနာက လက်သီးကို ပြန်ချလိုက်ရင်း အားလုံးကြားနိုင်တဲ့အသံနဲ့ ကြေညာလိုက်လေရဲ့။