ခရီးသွားလာခြင်း နောက်ဆုံးအပိုင်း
Vol. 82 Ch. 1139
ဝမ်ဝေ့၏ နောက်ဦးတည်ရာက ကျန့်ချောင်း၏ မှတ်ဉာဏ်များဆီမှ သူ ရှာတွေ့ထားသည့် စည်းမျဉ်းသစ်ပင်ကို ရဖို့အတွက် ကောင်းကင်စည်းမျဉ်းကမ္ဘာ ဖြစ်၏။ ကြားတွင် ကမ္ဘာများစွာ ကွာဝေးနေသော်လည်း ဤနေရာသို့ ခြေတစ်လှမ်းဖြင့် ရောက်လာပြီးသည့်နောက်တွင် သူက တခြားတစ်ခုကို အာရုံခံမိ၍ ထိုနေရာသို့ တည်နေရာ ပြောင်းရွေ့သွားခဲ့သည်။
သူက ဒိုင်မေးရှင်းအနိမ့်အတွင်း ကုန်သွယ်ရေး ဗဟိုချက်၏ လွှမ်းမိုးမှုအောက် မရှိသည့် နေရာတစ်ခုသို့ ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုနေရာက မိုးပြိုကမ္ဘာဟု ခေါ်ဆို၏။ ဤနေရာတွင် တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်ပျက်တော့မည်ဖြစ်ကာ ဝမ်ဝေ့၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
ဤကမ္ဘာတွင် ကောင်းကင်ခုံရုံးရှိနေသည့် အကြောင်းအရင်းကမူ ကြီးကြပ်ရေးမှူးနှင့် ဓားအရှင်တို့က မဟာမိတ်များကို စုစည်းဖို့ ဤနေရာအထိ ရောက်ရှိလာ၍ ဖြစ်၏။ ရွှေရောင်နတ်ဘုရား၏ သောင်းကျန်းရေး ဖြစ်စဉ်က အရှိန်မြှင့်တင်လာ၍ ဝမ်ဝေ့က သဘောကျနေမိသည်။ သူ့အနေဖြင့် ကျန်ရှိနေသော ဒိုင်မေးရှင်းအနိမ့်၏ သုံးပုံနှစ်ပုံကို အုပ်စိုးနိုင်သည်နှင့် ခုံရုံးများကို တည်ထောင်ဖို့ အချိန်ဖြုန်းစရာ မလိုတော့ပေ။
ဝမ်ဝေ့က ခုံရုံးအစည်းအဝေးကို တိတ်တဆိတ် တက်ရောက်ခဲ့ပြီး ပလ္လင်က ဗလာကျင်းနေကာ အမတ်များက သူတို့၏ အုပ်ချုပ်သူ ပြန်ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြသည်။ သူတို့က အနည်းငယ် စိတ်လှုပ်ရှားနေဟန်ပေါ်၏။ တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားပြီး ဘယ်ဘက်မျက်လုံးအောက် မှည့်လေးရှိသည့် လူလတ်အရွယ်အမျိုးသားက အခန်းအတွင်း ပေါ်ထွက်လာခဲ့သည်။
ကျင့်ကြံရေး လောက၏ စံနှုန်းအားလုံးအရ ထိုအမျိုးသားသည် ခန့်ညား၏။ သို့သော် ဝမ်ဝေ့တို့လိုမျိုး တည်ကြည်ခန့်ညားနေခြင်းတော့ မဟုတ်ပေ။ သို့သော်လည်း သူက ပြုံးပြလိုက်သည့်အခါ အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။ တစ်ကမ္ဘာလုံးက ထိုအပြုံးအောက်တွင် လင်းလက်သွားဟန်ပေါ်၏။ ထိုအရာက ကူးစက်ရောဂါမျိူးကဲ့သို့ လူအားလုံးကလည်း သူ့လို လိုက်လံပြုံးမိသွားကြသည်။
ဒီအပြုံးက လူတော်တော်များများရဲ့ ယုံကြည်မှုကို ဖမ်းစားနိုင်တာပဲ...
ဝမ်ဝေ့က တွေးလိုက်မိသည်။
ပိုပြီးအရေးကြီးတာက ဒါကချီယွီလျို့ချင်ရုပ်ခန္ဓာလား...
ဝမ်ဝေ့က အကြောင်းအရင်းနှစ်ခုအတွက် ထိုအချက်ကြောင့် အံ့အားသင့်သွားသည်။ ပထမတစ်ခုက ထိုရုပ်ခန္ဓာနှင့် မွေးဖွားလာသည့် အမျိုးသားများက အင်မတန် ရှားပါး၏။ သူတို့မွေးဖွားလာသည်နှင့် သူတို့သည် အင်မတန် ခန့်ညားချောမောနေကြလိမ့်မည်။ ဒုတိယအနေဖြင့် ဤအမျိုးသားက မဟာတာအို အရင်းအမြစ် ၁၇ ရာခိုင်နှုန်းသာရှိထားသည့် ပထမတန်းစား ဧကရာဇ်သာ ဖြစ်နေသည်။
ထို့ကြောင့် အဆင့်မြင့် ကောင်းကင်ရုပ်ခန္ဓာ ပိုင်ဆိုင်ထားသူတစ်ဦးက ပထမတန်းစား ဧကရာဇ် မည်သို့ ဖြစ်မည်နည်း။ အထူးသဖြင့် ဤသို့ ကံကြမ္မာအမြောက်အမြားနှင့် ကံကောင်းမှု အမြောက်အမြားရှိသည့် ခေတ်ကာလတွင် ဖြစ်သည်။ အနည်းဆုံးတော့ သူက အတုအယောင် ထာဝရဧကရာဇ် ဖြစ်သင့်သည်။
အော် ငါ သိပြီ။ သူ့ဇနီးက သူ့ကို ပေးလိုက်တာပဲ...
ဝမ်ဝေ့က ထိုအမျိုးသား၏ ကံကြမ္မာကို ကြည့်ရင်း အမှန်တရားကို သဘောပေါက်သွားခဲ့သည်။ ထို့နောက် သူက ထူးဆန်းသည့် ကံကြမ္မာရှိသည့် ထိုဧကရာဇ်ကို ကြည့်လိုက်သည်။
သူ့လိုမျိုး စိတ်ဝင်စားစရာ ကောင်းတဲ့သူကိုတော့ တွေ့ဖူးမယ် မထင်ဘူး...
"အရှင် ဘယ်လိုအခြေအနေရှိလဲ"
"ငါ သူတို့ကို ဖျောင်းဖျခဲ့တယ်" သူကခေါင်းညိတ်လိုက်စဉ် လူအုပ်ကြီးက ချီးကျူထောပနာပြုကြလေသည်။ ဤသည်က ထိုအမျိုးသား၏ ဆွဲဆောင်မှုကို ပြသနေလေ၏။ တောက်ပအပြုံး ဧကရာဇ်က လက်ဝေ့လိုက်ပြီးသည့်နောက်တွင် လူအုပ်ကြီးက ငြိမ်ကြသွားသည်။
"ကုန်သွယ်ရေးဗဟိုချက်အပြင် နောက်ထပ် ဖရိုဖရဲဖြစ်မှုက အဆုံးမဲ့လေဟာနယ်ထဲ ပျံ့နှံ့လာတော့မှာဆိုတာကို ကြားရတယ်။ ငါတို့တွေ အချိန်ဖြုန်းနေလို့ မရဘူး။ အဲ့ဒါဆိုတော့ ငါတို့တွေ အခုချက်ချင်း စလိုက်ကြရအောင်။"
" အရှင့်အမိန့်အတိုင်းပါ" အမတ်များက ပြိုင်တူ ပြောလိုက်ကြသည်။
ဝမ်ဝေ့က ထိုအမျိုးသားသည် ထိုအမတ်များကို သူ့အပေါ် ယုံယုံကြည်ကြည် ခစားအောင် လုပ်နိုင်သည်ကို အားကျနေမိ၏။ အများစုက အတုအယောင် ဖြစ်ကြသော်လည်း သူ့အမတ်များလည်း ဤသို့ တစ်ခါတရံ ပြုမူဖို့ လိုလားသည်။ သူက ထိုအရာကို ထိုးဖောက်မြင်နိုင်ပင်လျှင် စိတ်ထဲ မထားပေ။
ခုံရုံးက ဤအစည်းအဝေးပြီးသည့်နောက်တွင် စတင်လှုပ်ရှားလာကြသည်။ ပြင်းထန်သည့် လေထုအောက်တွင် တောက်ပအပြုံးဧကရာဇ်က အဝေးတစ်နေရာကို ကြည့်ရင်း သူ့ဘုရင်မဆီ သွားလိုက်သည်။ သူက ထိုနေရာသို့ ရောက်ရှိလာသည့်အခါ သေးငယ်ကာ လှပသည့် မိန်းမပျိုလေးက သူ့ရင်ခွင်အတွင်း ပြေးဝင်လာ၏။
ဧကရာဇ်က တောက်တောက်ပပ ထပ်မံ ပြုံးလိုက်ပြန်သည်။
"မစိုးရိမ်ပါနဲ့။ ကိုယ့်စကားကို တည်မှာပါ။"
"ရှင် အဲ့လိုလုပ်ဖို့ မလိုပါဘူး။ အထူးသဖြင့် ကျွန်မတို့တွေ အကျိုးဆက်ကိုလည်း မသိရဘူးလေ" သူမက ဖျောင်းဖျလိုက်သည်။
"မဟုတ်ဘူး။ ကိုယ် လုပ်မှဖြစ်မယ်။ မင်းရဲ့ မျိုးနွယ်က ကိုယ့်ကို မင်းရဲ့ ရုပ်ခန္ဓာ ယူလိုက်လို့ ရွံရှာစက်ဆုပ်နေကြတာ။ သူတို့ကို ဂုဏ်ကျက်သရေ ပေးပြီးတော့ စကားကို စောင့်ထိန်းရမယ်" တောက်ပအပြုံးဧကရာဇ်က သူ့မျက်ဝန်းထဲ ရှားပါးသည့် တိုက်ခိုက်လိုစိတ်ရှိနေသည်။
သူက သူ့ကျင့်ကြံရေးပါရမီသည် ကမ္ဘာတွင် အဆိုးဆုံးထဲမှ တစ်ခုဖြစ်ကြောင်း သိထား၏။ သူက သေမျိုးဘဝ တစ်လျှောက်လုံးကို သူ၏ လျှာဖျားလေးနှင့် ဆွဲဆောင်မှုရှိသော အပြုံးတို့ပေါ်မှီခိုရင်း နေထိုင်ခဲ့ရသည်။ သို့သော် သူက ကျင့်ကြံရေးလောကအတွင်း ဝင်ရောက်လိုက်သည်နှင့် ထိုအရာအားလုံးက အသုံးမဝင်တော့ပေ။ သူက အမျိုးသမီးတချို့ကို သူ့အား ရှားပါးအရင်းအမြစ်များ ပေးလာရန် ဆွဲဆောင်ဖို့ ကြိုးစားခဲ့ဖူးသော်လည်း အစောပိုင်းအဆင့်မျှသာ အလုပ် ဖြစ်ခဲ့သည်။ နောက်ပိုင်းအဆင့်တွင် သူ၏ ပါရမီ နိမ့်ကျမှုကြောင့် ရွံရှာစက်ဆုပ်ခြင်း ခံရ၏။
ထို့နောက် ကံကြမ္မာဖန်ကာ သူ့ဇနီးဖြင့် တွေ့ဆုံခဲ့သည်။ သူတို့က ချစ်ကျွမ်းဝင်သွားပြီး သူမက အန္တရာယ်များသည့်အချိန်တွင် သူ့အသက်ကို ကယ်တင်ဖို့ အတွက် သူမ၏ ရုပ်ခန္တာကိုယ်ကို ကူးပြောင်းလွှဲပေးခဲ့သည်။ သို့သော်လည်း ထိုဖြစ်စဉ်က မပြီးပြည့်စုံသည့်အတွက် သူ့အောင်မြင်မှုများက တာအိုကို သက်သေပြပြီးသည့်နောက်တွင် အရမ်းနိမ့်ကျနေခဲ့သည်။
ထို့အပြင် သူမ၏ မျိုးနွယ်က သူ့ကို မုန်းတီးကာ အမဲလိုက်လုနီးပါးအထိ ဖြစ်သွားခဲ့သည်။ သူတို့က သူ့ဇနီး၏ အဆင့်အတန်းကြောင့်သာ ရပ်တန့်လိုက်ခြင်း ဖြစ်၏။ ထိုစဉ်ကတည်းက သူက သူတို့အား ဂုဏ်ကျက်သရေ၊ ချမ်းသာကြွယ်ဝမှု နှင့် အာဏာကို ဆောင်ကြဉ်းပေးမည်ဟု ကတိစကားခံခဲ့၏။
"ဒါပေမဲ့..."
"မစိုးရိမ်ပါနဲ့။ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်"
လင်မယားနှစ်ယောက်က ချစ်စိတ်ပြင်းပြသည့် ညတစ်ညကို ဖြတ်သန်းခဲ့ကြသည်။
ဝမ်ဝေ့က ဖြစ်စဉ်တစ်ခုလုံးအတွင်း ဘေးနား ရှိနေလေ၏။
သူ့လိုလူမျိုးက ပြီးပြည့်စုံတဲ့ သံတမန်ပဲ...
သူက ပါရမီကို သဘောကျလေသည်။ ထိုတောက်ပအပြုံး ဧကရာဇ်က သူ့အာရုံကို ဖမ်းစားနိုင်ခဲ့၏။ ထိုအမျိုးသားက သူ့မျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံ လေးဆယ်ရာခိုင်နှုန်းကျော်ကို သူ့အား ထောက်ပံ့ပေးဖို့အတွက် အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့သူ ဖြစ်ပေသည်။ တိုက်ပွဲမတိုင်ခင်အထိ မည်သူကမျှ ရှာမတွေ့ခဲ့ကြပေ။
သူ့လို ပါရမီရှင်မျိုးက အသုံးဝင်လာနိုင်တယ်။ အဲ့ဒါဆိုတော့ ငါ မတက်လှမ်းခင်အထိ သူ ကြာကြာအသက်ရှည်နိုင်အောင် သတိပေးရမယ်...
"ငါဘယ်ရောက်နေတာလဲ" တောက်ပအပြုံးဧကရာဇ်က မေးလိုက်သည်။ သူက အလျင်အမြန် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အိပ်မက်တစ်ခုအတွင်း ရောက်နေကြောင်း သဘောပေါက်သွားခဲ့၏။ သို့သော် သူ့လိုလူမျိုးအတွက် အိပ်မက် မက်သည်မှာ ရှားပါးလွန်းသည်။ တစ်စုံတစ်ယောက်က သူ့ကို ဆွဲခေါ်လာခြင်းသာ ဖြစ်ရပေမည်။
"မင်းရဲ့ အပြုအမူတွေက မီးတောင်ကို အသက်သွင်းဖို့ တောမီးထဲ ခုန်ချနေတာနဲ့ အတူတူပဲဆိုတာသိတယ်မလား"
"အရှင်က ဘယ်သူများလဲ" သူက ပြုံးရင်းမေးလိုက်သည်။ သူ့စိတ်ဝိညာဉ်တာအိုက အဆုံးစွန်ထိ အသက်ဝင်လာခဲ့သည်။
"ငါက သတင်းအချက်အလက် တချို့ ပေးဖို့ ရောက်နေခဲ့တာ။ ဒါက ငါတို့ပြန်မတွေ့နိုင်ခင်အထိ မင်းရဲ့ အသက်ရှင်နိုင်နှုန်းကို တိုးမြှင့်ပေးဖို့ မျှော်လင့်တယ်။" ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ငါက မင်းလိုမျိုး ပါရမီရှင်တွေကို အလေးထားတယ်။ မင်းက တစ်ရက်ကျရင် ငါ့အတွက် အသုံးဝင်လာနိုင်တယ်။"
တောက်ပအပြုံးဧကရာဇ်က အမူအရာ လေးနက်စွာ ရှိနေသည်။ သူ့စိတ်ထဲတွင် ရှိနေသည့် သတင်းအချက်အလက်က အမှန်ဖြစ်ပါက စိတ်ပျက်သွားစရာ သတင်းမျိုး ဖြစ်နိုင်သည်။
ငါ တားလိုက်ရမလား...
သူက အိပ်ပျော်နေသည့် ဇနီးဖြစ်သူကို ကြည့်လိုက်၏။
မဟုတ်သေးဘူး။ ငါ မသိသလိုပဲ နေလိုက်ရမှာ။ ပြီးတော့ ဒီသတင်းအချက်အလက်ကို ကောင်းကောင်း အသုံးချရမယ်...
နောက်တစ်ရက်တွင် နေမင်းက တောက်တောက်ပပ လင်းထိန်နေစဉ် တောက်ပအပြုံးဧကရာဇ်က ကောင်းကင်အထက် ပေါ်ထွက်လာခဲ့သည်။
"အစီအရင်ကို ဖွင့်လိုက်"
သူ့အမိန့်အောက်တွင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည့် အစီအရင် တစ်ခု ပေါ်ထွက်လာခဲ့သည်။ ဤသည်က အစမျှသာ ရှိသေး၏။ မိုးပြိုကမ္ဘာရှိ အင်အားစု အားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်က သူတို့၏ အစီအရင်များကို အသက်သွင်းပြီး ခုံရုံးဖြင့် ဆက်နွယ်လိုက်ကြသည်။
ပထမအဆင့်တော့ ပြီးသွားပီ...
တောက်ပအပြုံးဧကရာဇ်က တွေးလိုက်သည်။ ထို့နောက် သူ့အသံက ကမ္ဘာရှိ သေမျိုးအားလုံးထံ ပျံ့နှံ့သွားလေ၏။
"ငါက ကောင်းကင်ဧကရာဇ်ပဲ။ ဒီနေ့ကစပြီး သေမျိုး ဟုတ်ဟုတ်မဟုတ်ဟုတ် ငါ့လူတွေအားလုံးကို မသေမျိုးတွေ နေထိုင်တဲ့ ဒိုင်မေးရှင်းအမြင့်ဆီ ခေါ်ဆောင်သွားမယ်။ အဲ့ဒီမှာ နာကျင်စရာတွေ ဒုက္ခတွေ မရှိဘဲနဲ့ မသေမျိုးဘဝကို ခံစားနိုင်လိမ့်မယ်။ မင်းတို့တွေအနေနဲ့ လက်ကို မြှောက်ပြီး ငါ အောင်မြင်ဖို့ ဆုတောင်းပေးဖို့ပဲ လိုတယ်။ "
အစပိုင်းတွင် လူများက တုန်လှုပ်သွားကြသည်။ သို့သော်လည်း သိပ်မကြာခင် လူအားလုံးက လက်ကို မြှောက်ကာ ဆုတောင်းပေးလိုက်ကြသည်။ မသေမျိုးဘဝထဲ မတက်လှမ်းလိုသည့်သူဟူ၍ မည်သူက ရှိမည်နည်း။ သူတို့က ကျင့်ကြံသူများ၏ စွမ်းအား၊ ချမ်းသာကြွယ်ဝမှု နှင့် အာဏာတို့ကို အားကျနေခဲ့သည်ဖြစ်ရာ ယခုအခါ သူတို့တွင်လည်း အခွင့်အရေးရလာပြီ ဖြစ်၏။
ကောင်းပြီ။ ငါက ဒီလူတွေရဲ့ ခွင့်ပြုချက်ကို ရပြီဆိုတော့ မဟာတာအိုက ငါ့ကို တားဖို့ အကြောင်းအရင်း မရှိတော့ဘူး...
တောက်ပအပြုံးဧကရာဇ်က သူ့စွမ်းအား အကုန်သုံးကာ ထိုလူများဆီမှ ရောက်လာသည့် ယုံကြည်မှုအားလုံးကို စုစည်းပြီး ကမ္ဘာ့အစီအရင်ကို အသက်သွင်းခဲ့သည်။ ထို့နောက် သူနှင့်ကမ္ဘာကြီးအပါအဝင်အားလုံးက သက်တန့်အဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ထဲမှာ ပျောက်ကွယ်သွားလေ၏။
တစ်ကမ္ဘာလုံး တက်လှမ်းသွားတာပဲ...
ဝမ်ဝေ့က ပြုံးကာ တွေးလိုက်သည်။
ဒါက ကမ္ဘာမြေက ဝတ္ထုတွေထဲမှာပဲ မြင်နိုင်တဲ့ အရာမျိုးပဲ...
သူက အဝေးတစ်နေရာကို ကြည့်ကာ ရေရွတ်လိုက်၏။
"သူက ကြာကြာ အသက်ရှည်ဖို့ မျှော်လင့်ပါတယ်လေ"
ဝမ်ဝေ့က ကောင်းကင်စည်းမျဉ်းကမ္ဘာဆီ ပြန်လည်ရောက်ရှိလာပြီး ဤနေရာတွင် ခုံရုံးမရှိသေးကြောင်း ချက်ချင်းသိလိုက်သည်။ သူတို့၏ ဧကရာဇ်က တာအို သက်သေပြပြီးကတည်းက ကျင့်ကြံရေး ဝင်ရောက်နေသည်။ သူက ကြာမြင့်လွန်းသည့်အတွက် လူတချို့က တစ်စုံတစ်ခု မှားယွင်းနေသလားဟုပင် ထင်မှတ်လာကြသည်။
ဒီကမ္ဘာရဲ့ ဖွဲ့စည်းပုံက ထူးကဲတယ်။ ကြယ်တာရာသားရဲကမ္ဘာလိုမျိုး ကြယ်တာရာ ကောင်းကင်ကမ္ဘာနှင့် ကုန်းမြေ အခြေပြု ကမ္ဘာတွေ ပေါင်းစည်းထားမှုပဲ...
ဝမ်ဝေ့၏ အံ့ဖွယ်အသိစိတ်က သူသည် မွေးရပ်မြေက ထိပ်သီးနယ်မြေများဖြင့် ယှဉ်နိုင်သည့် ကုန်းမြေကြီးပေါ်တွင် ရပ်နေကြောင်း ပြောနေသည်။ ဤကမ္ဘာတွင် သူတို့ ခေါ်ဆိုသည့် အခေါ်အဝေါ်ဖြစ်သည့် ကုန်းမြေ သို့မဟုတ် ပိုင်နက်က တခြားပိုင်နက်ဖြင့် ဆက်နွယ်ထားခြင်း မရှိပေ။ ထို့အစား သူတို့က ကိုယ်ပိုင်မြေဆွဲအား ရှိသလိုမျိုး လေဟာနယ်ထဲမှာ မျောလွင့်နေကာ ကြယ်တာရာ ခန္ဓာ သို့မဟုတ် ဂြိုလ်သဖွယ် တည်ရှိနေသည်။
ဝမ်ဝေ့က စည်းမျဉ်းသစ်ပင်ရှိရာ လျှို့ဝှက်နယ်မြေကို တွေ့ရှိသွားကာ ထိုနေရာဆီ သွားလိုက်၏။