ပြီးပြည့်စုံသည့် အုတ်မြစ်
Vol. 82 Ch. 1140
ဝမ်ဝေ့က တစ်စုံတစ်ယောက်သည် ထိုနေရာတွင် ကျင့်ကြံနေသည်ကို မြင်လိုက်ရသည်။ ထိုသူက ခရမ်းရောင် ပိုးမွှားဧကရာဇ် ဖြစ်၏။ ထိုသူသည် လူများ၏ စိတ်ခံစားချက်ကို စားသုံးသည့် ထူးကဲသော ပိုးမွှားမျိုးနွယ်မှ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုသူက ဤနေရာတွင် ရှိနေသည်မှာ ခေတ္တမျှကြာမြင့်နေပြီဖြစ်၏။
တုကူကျင်း မရှိတော့ နောက်ထပ် ဧကရာဇ်တစ်ယောက် ပေါ်ထွက်လာတာလား…
ဝမ်ဝေ့က ထိုသူသည် မျှခြေညီစက်ယန္တရားကြောင့် ပေါ်ထွက်လာသည့် ဤကမ္ဘာ၏ ဒုတိယဇကရာဇ် ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူက ထိုသူကို လျစ်လျူရှုကာ သစ်ပင်ကိုသာ အာရုံစိုက်လိုက်၏။
အဲဆိုတော့ ငါ တစ်ယောက်တည်းပဲ ဒီလိုအတွေးမျိုး တွေးမိတာ မဟုတ်ဘူးပဲ…
ဝမ်ဝေ့က ခရမ်းရောင် ပိုးမွှားဧကရာဇ်သည် စည်းမျဉ်းသစ်ပင်ကို မဟာတာအို အရင်းအမြစ်သစ်ပင်အဖြစ် ပြောင်းလဲဖို့ အားစိုက်ထုတ်သည်ကို ကြည့်နေလိုက်သည်။ သူ့ဗဟုသုတနှင့် အတွေ့အကြုံများအရ ထိုသူသည် ပထမဦးဆုံးသူ မဟုတ်ပေ။
ဝမ်ဝေ့က ယခင်ဧကရာဇ်များစွာသည်လည်း တူညီစွာ စမ်းကြည့်ကာ ကျရှုံးသွားကြောင်း အာရုံခံမိ၏။ သူတို့၏ ကျော်ဖြတ်မှုများက သစ်ပင်သည် ဤမျှကြာရှည်နေရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သို့သော် အကြောင်းအရင်းတချို့ကြောင့် သူတို့ လိုချင်သလို ဆင့်ကဲပြောင်းလဲလာခြင်း မရှိပေ။
သူတို့ရဲ့ အပြုအမူက ငါ့အတွက် အချိန်သက်သာစေတယ်။ ပြီးတော့ ဘာမလုပ်ရဘူးဆိုတာကိုလည်း ပြသလိုက်တာပဲ။ ဒါပေမဲ့ အဲဒီခွေးကောင်က ငါရဲ့ ရတနာကို ဖျက်ဆီးရဲတယ်လား…
သူက ခရမ်းရောင် ပိုးမွှားဧကရာဇ်သည် သူသာလျှင် အသုံးပြုနိုင်သည့် အဆိုးမြင်စိတ်ခံစားချက်များဖြင့် ဤသစ်ပင်ကို တိုက်စားဖို့ ကြိုးစားနေသည်ကို ပြောနိုင်လေသည်။
ဝမ်ဝေ့က သူ့ကို လက်ညိုးထိုးကာ
“သစ်ပင်ရဲ့ အာဟာရသာ ဖြစ်လာလိုက်တော့”
သူက မတုံ့ပြန်နိုင်ခင် ခရမ်းရောင်ပိုးမွှားဇကရာဇ်က အဖြူရောင်အလင်းတန်းအဖြစ် သစ်ပင်ထဲ ဝင်ရောက်သွားခဲ့သည်။ ထို့နောက် သူ ယခင်က ထည့်သွင်းခဲ့သည့် အဆိုးမြင် စိတ်ခံစားချက်အားလုံးကို စုပ်ယူလိုက်ပြီး အားလုံးကို သန့်စင်ကာ သစ်ပင်အတွက် အာဟာရအဖြစ် ပြောင်းလဲသွားသည်။
“ငါက စိတ်အခြေအနေကောင်းနေလို့ မင်း ကံကောင်းသွားတယ်။ မင်းရဲ့ တာအို အမှတ်အသားကိုတော့ အကောင်းအတိုင်း ချန်ထားလိုက်မယ်”
ဝမ်ဝေ့က ရေရွတ်ပြီးသည့်နောက်တွင် သစ်ပင်ကို လှည့်ကြည့်လိုက်သည်။
အမြစ်တွေက မိုးမြေစည်းမျဉ်းတွေနဲ့ ခိုင်ခိုင်မာမာ ရစ်ပတ်ထားပြီးတော့ ကောင်းကင်တာအိုကိုယ်တိုင်က စောင့်ကြည့်နေတာပဲ။ ဒီလိုဆိုရင် ဒီအရာကို ဆင့်ကဲပြောင်းလဲဖို့က မဟာတာအို အရင်းအမြစ်နဲ့ အားဖြည့်ဖို့ မဟုတ်လောက်ဘူး။ သစ်ပင်ကို အဲဒီမှာ တိုက်ရိုက် စိုက်ပျိုးဖို့ နည်းလမ်းရှာရမယ်…
ထိုအရာက အနည်းငယ် အခက်တွေ့နိုင်သော်လည်း မဖြစ်နိုင်ခြင်း မဟုတ်ပေ။ ထို့ကြောင့် ဝမ်ဝေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“ငါက စိတ်နှလုံးသား ကင်းမဲ့တဲ့သူ မဟုတ်ပါဘူး။ မျှခြေအကြောင်းကို နားလည်တယ်” သူက သူ့ဘာသာသူ ရေရွတ်လိုက်သည်။
“အဲဆိုတော့ ငါက မင်းဆီက အပြည့်အဝ လုယူမှာ မဟုတ်ဘူး” သူက သစ်ပင်ဝန်းကျင်ရှိ အကာအကွယ်အားလုံးကို ဖယ်ရှားပြီးသည့်နောက်တွင် သစ်ပင်ကို ရယူလိုက်ပြီး ရည်ရွယ်ချက် လှုံ့ဆော်ရေး နည်းစနစ်ကို အသုံးပြုကာ မျိုးစေ့နှစ်ခုကို ဖန်တီးခဲ့သည်။ သစ်ပင်သည် ပုံမှန်အားဖြင့် မျိုးစေ့ ထုတ်မပေးန်ုင်သည့်အတွက် မူမမှန်မှုတစ်ခုသာ ဖြစ်၏။ ထိုအရာတစ်ခုက သဘာဝအတိုင်းကြီးထွားလာမည့် ရှားပါးဝိညာဉ်ပစ္စည်း ဖြစ်လာမည်ဖြစ်ကာ တစ်စုံတစ်ယောက်က ရှာတွေ့ဖို့ ကံကောင်းမှု လိုအပ်ပေသည်။
သူက သစ်ပင်ကို သူ့ကိုယ်ပိုင်နေရာလွတ်ထဲ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ဒုတိယမျိုးစေ့ကိုမူ နေရာမှာပင် စိုက်ပျိုးကာ အချိန်တာအိုကို အသုံးပြု၍ ကြီးထွားစေလိုက်သည်။
ဒါက မဟာတာအိုရဲ့ ဆေးကြောမှုစွမ်းအား ဆုံးရှုံးပြီးတဲ့နောက်မှာ အရင်ကလောက် အားမကောင်းတော့ပေမဲ့ ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်းပါသေးတယ်…
ဝမ်ဝေ့က ပျောက်ကွယ်သွားခဲ့သည်။ ဤဖြစ်စဉ်တစ်ခုလုံးအတွင်း ကောင်းကင်တာအိုက ဘာမှပင် ဝင်မပြောခဲ့ပေ။ ထိုအရာက အသုံးမဝင်မှန်း သိထားလေ၏။ ဤကမ္ဘာ၏ ဧကရာဇ် ကျရှုံးသွားသည့် အမြင်ရုပ်လွှာကို ထုတ်လွှတ်ခြင်းကိုပင် နှောင့်နှေးထားခဲ့သည်။
ဝမ်ဝေ့က ဤကမ္ဘာမှ ထွက်လာပြီးသည့်နောက်တွင် ခရီးစဉ်ကို ဆက်လက် သွားလာလိုက်သည်။ သူက တစ္ဆေအင်မော်တယ်ကမ္ဘာဆီ သွားခဲ့၏။ သူတို့၏ ကျင့်ကြံရေးစနစ်က ထူးကဲလှသည်။ သူတို့သည် ခန္ဓာကိုယ်ကို စွန့်ပယ်ပြီး ဝိညာဉ်မျိုးနွယ်နှင့် တူညီသည့် ဘဝအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် သူက စိတ်ဝိညာဉ်လေ့ကျင့်မှုအတွက် ယင်၊ ဝိညာဉ်၊ မရဏ သက်ဆိုင်နေသည့် ကမ္ဘာများထံ သွားရောက်လည်ပတ်ခဲ့၏။ သူက သူ့သံသရာခုံရုံးကို ခစားဖို့ လူတချို့ ရှာဖို့ ရည်ရွယ်ထားသည်။ ထိုပတ်ဝန်းကျင်များက ထိုသို့သော ကျင့်ကြံရေး အမျိုးအစားအတွက် သင့်တော်လှ၏။ ထိုသူများက ခုံရုံးတွင် ခစားဖို့ စမ်းသပ်ချက် အောင်မြင်ဖို့တော့ လိုအပ်သေးသည်။
ဝမ်ဝေ့၏ နောက်ဦးတည်ရာက ကျွမ်းကျင်အတတ်ပညာ ကမ္ဘာများဖြစ်ပြီး အသင်္ချေဆေးလုံးကမ္ဘာ၊ အသင်္ချေလက်နက်ကမ္ဘာနှင့် အသင်္ချေသင်္ကေတ ကမ္ဘာတို့ ဖြစ်သည်။ ထိုကမ္ဘာအားလုံးက တိုက်ခိုက်ရေးအစား အရည်အချင်းပေါ် မူတည်၍ တာအို သက်သေပြဖို့ရာ အလေးပေးကြသည်။ အသင်္ချေသင်္ကေတ ကမ္ဘာက အပြိုင်အဆိုင်အများဆုံးဖြစ်ပြီး အစီအရင်ဆရာများနှင့် အဆောင်ပြုလုပ်သူများက သင်္ကေတများကို နားလည်သည့် အဓိကအုပ်စု ဖြစ်ပေသည်။ သူက အသင်္ချေသင်္ကေတ ကမ္ဘာတွင် ယန်းလီလင်းနှင့် တွေ့ဆုံခဲ့ပြီး စကားစမြည် ပြောခဲ့သေး၏။
သူ့နောက်ဦးတည်ရာက စက်ယန္တရား ရုပ်သေးရုပ်ကမ္ဘာဖြစ်ပြီး ချိုက်စုန့်က အချိန် အများဆုံး ကုန်ဆုံးနေသည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။ ထို့နောက် သူ၏ နောက်လိုက် သို့မဟုတ် ချစ်စဖွယ် အိမ်မွေးသားရဲလေးများကို ရှာတွေ့မလားဟု သားရဲသခင်ကမ္ဘာကို သွားရောက်စူးစမ်းကြည့်ခဲ့သည်။ သူ ဖတ်ဖူးသမျှ ဇာတ်လိုက်များအားလုံးက အင်မတန် ရှားပါးလှသည့် ဒဏ္ဍာရီလာသတ္တဝါများဖြင့် အဖော်ပြုပေးခံရသည့်အတွက် ဝမ်ဝေ့က သူကိုယ်တိုင်အတွက် တစ်ကောင် လိုချင်မိသည်။ နှမြောစရာကောင်းလှစွာဖြင့် မည်သည်အရာကမှ သူ့အာရုံကို မဖမ်းစားနိုင်ခဲ့ပေ။
သူ့နောက်ဆုံးဦးတည်ချက်က အလယ်ပိုင်းစိတ်ဝိညာဉ်ကမ္ဘာ ဖြစ်၏။ ထိုအရာက စိတ်ဝိညာဉ်မျိုးနွယ် အုပ်စိုးသည့် ကောင်းကင်အလိုဆန္ဒကမ္ဘာတစ်ခု ဖြစ်ပေသည်။ မရဏအရှင်က ထိုနေရာမှ ပေါ်ထွက်လာခြင်း ဖြစ်နိုင်သည်။ ဝမ်ဝေ့က တစ်စုံတစ်ခု ရှာတွေ့နိုင်မလားဟု သူ့ကံကောင်းမှုကို စမ်းသပ်ကြည့်ချင်မိသည်။ သူက အမြဲလိုလို ကံကောင်းခဲ့သည် မဟုတ်ပါလော။ နှမြောစရာကောင်းလှစွာဖြင့် ကံကြမ္မာက သူ့ဘက်တွင် ရှိမနေခဲ့ပေ။ နောက်ဆုံးတွင် သူက အစွန်အဖျားပင်လယ်ဆီ ရောက်ရှိလာခဲ့သည်။ သူက မီးခိုးရောင်ပင်လယ်ကို ကြည့်ရင်း အသက်ပြင်းပြင်းရှူကာ ဝင်ရောက်လိုက်သည်။
……………….
မည်သည့်အရာမှ ဖြစ်ပျက်မလာခဲ့ပေ။ ဝမ်ဝေ့က စိတ်အေးအေးထားပြီး အစီအရင်များ ရှိနေလားဟု လေ့လာဖို့ ကြိုးစားလိုက်သည်။ သို့သော် သူ မည်မျှပင်ကြိုးစားစေကာမူ သာမန်မြူခိုးကလွဲ၍ ဘာမှမဟုတ်ခဲ့ပေ။
သူက တင်ပျဥ်ခွေထိုင်ကာ စောင့်နေလိုက်၏။ ထို့နောက် ရှားပါးအရင်းအမြစ်မြောက်များစွာက သူ့ဝန်းကျင်တွင် ပေါ်ထွက်လာခဲ့သည်။
ဝူဟုန်၏ နည်းစနစ်ထဲတွင် ထိုပစ္စည်းများအကြောင်း သတင်းအချက်အလက်များနှင့် ပန်းချီများ ပါဝင်လေသည်။ ထို့ကြောင့် ဝမ်ဝေ့က တစ်ခုချင်းစီကို မှတ်မိ၏။
“စလိုက်ကြရအောင်”
လေးဖက်လေးတန်မှ အနီရောင်မှော်စက်ကွင်းလေးခု ပေါ်ထွက်လာကာ သူ့ကို ဝန်းရံလျှက် ရှိသည်။ သူတို့က ပထမဦးစွာ ထိုနည်းစနစ်အတွက် အရန်ပစ္စည်းအားလုံးကို စုပ်ယူဖို့ရာ ဝါးမျိုရေးစွမ်းအားကို ထုတ်လွှတ်လာခဲ့သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အလယ်ပိုင်းတာအို အရင်းအမြစ်မျိုးစေ့မှ ကောင်းကင်တာအိုမျိုးစေ့ကိုပါ ဝါးမျိုသွားခဲ့သည်။
ဝမ်ဝေ့၏ အဝတ်အစားများကလည်း ပျောက်ကွယ်သွား၏။ ထိုမှော်စက်ကွင်းများက သင်္ကေတများနှင့် ဆင်တူသည့် ရွှေရောင်ကြိုးမျှင်များဖြင့် ရစ်ပတ်ထားသော အပြာရောင်မျိုးစေ့ကို စုပ်ယူသွားခဲ့သည်။ သူက သားအိမ်ထဲ ရှိနေသလို ခံစားနေရသော်လည်း သူ့မိခင်က ကောင်းကင်တာအို ဖြစ်၏။
ထို့နောက် သူ့ခန္ဓာကိုယ်က အက်တမ် တစ်ခုချင်းစီ၊ စိတ်ဝိညာဉ်အမှုန် တစ်ခုချင်းစီ၊ စွမ်းအင်တစ်ခုချင်းစီနှင့် အယူအဆသဘောတရား တစ်ခုချင်းစီအလိုက် ပြိုကွဲသွားသည်။ သို့သော် သူက အသက်ရှင်လျှက် ရှိနေသေး၏။
မည်သည့်အရာမှ မစွန်းထင်းစေနိုင်သည့် သို့မဟုတ် သက်ရောက်စေမှု မရှိနိုင်သည့် ပြီးပြည့်စုံသည့် မျက်ရည်ကိုလည်း ထိုမှော်စက်ကွင်းများက စုပ်ယူသွားကြသည်။
ဝမ်ဝေ့၏ အသိစိတ်က မီးခိုးရောင် အစက်အပြောက်များ၊ မျဉ်းကြောင်းများနှင့် ကလေးတစ်ယောက်က ရေးဆွဲထားသလိုမျိုး ရှုပ်ယှက်ခတ်နေသည့် အဖြူရောင်နေရာလွတ်တစ်ခုအတွင်း ရောက်ရှိသွားခဲ့သည်။
ငါ့တည်ရှိမှုရဲ့ ပုံကြမ်းပဲ…
ထိုအတွေးက ဝမ်ဝေ့၏ စိတ်ထဲ တစ်နေရာမှ ဝင်ရောက်လာကာ ထိုအရာကို ထိတွေ့ပြီးသည်နှင့် သိလာသည့် မိုးမြေ၏ လျှို့ဝှက်ချက်တစ်ခု ဖြစ်ကြောင်း သိလိုက်မိသည်။
မဟာတာအိုသွေး ပါဝင်နေသည့် ခရမ်းရောင်ပုလင်းက မြေကြီးအထက် ပျံသန်းထွက်လာကာ မှော်စက်ဝန်းများဖြင့် ပေါင်းစည်းသွားလေ၏။ ဝမ်ဝေ့က ပထမဦးဆုံး ထိုအရာကို စစ်ဆေးကြည့်လိုက်သည့်အခါ သူက ဤနေရာဆီ လာလိုက်သည်ကို ဝမ်းသာနေလေသည်။ အကြောင်းအရင်းကမူ သွေးဆီမှ အရှိန်အဝါက ပုလင်း၏ ကာကွယ်မှုကြောင့်သာ မဟုတ်လျှင် သူ့ကို သုတ်သင်ပစ်ဖို့ လုံလောက်နေသည်။
ပေါင်းစည်းပြီးသည့်နောက်တွင် ဝမ်ဝေ့က ထူးထူးဆန်းဆန်း ရေးဆွဲမှုများရှိသည့် နောက်ထပ် နေရာလွတ်တစ်ခုကို မြင်လိုက်ရ၏။ ထိုစဉ် အရောင်များကမူ အဖြူရောင်နှင့် အနက်ရောင် ပါဝင်နေသည်။ သူ့နေရာလွတ်က အဓိက မီးခိုးရောင်ဖြစ်ကာ တခြားသောအရောင်များလည်း ပါဝင်လာလေ၏။ သို့သော် ဤတစ်ခေါက်က အဖြူနှင့်အနက်ဖြစ်ပေသည်။
ဝမ်ဝေ့က နည်းစနစ်ကို အသုံးပြုကာ ဤအဖြူရောင်နေရာလွတ်၏ တစ်နေရာဆီ လှမ်းကြည့်လိုက်သည်။ သူက ဤနေရာလွတ်၏ တစ်စိတ်တစ်ပိုင်းကို သူ့နေရာလွတ်ထဲ ကူးယူရမည်ဖြစ်ကြောင်း သိလိုက်၏။
“ငါ သိပြီ။ ထူးကဲသာလွန်မှုသက်ရှိတွေက ဒါကို ပြီးပြည့်စုံတယ်လို့ ယူဆကြတာပဲ။ မဟုတ်သေးဘူး … ထူးကဲသာလွန်မှုဆိုတာက ကိုယ်တိုင်ပြီးပြည့်စုံတဲ့ ဖြစ်စဉ်တစ်ခုပဲ။ အဲဒါကြောင့် တားမြစ်ချက်တစ်ခု ဖြစ်နေတာ…
ဝမ်ဝေ့က ဘာလုပ်ရမလဲ သိသွားခဲ့သည်။ သူက ထိုအားကောင်းသည့် စိတ်ဆန္ဒကိုထိန်းချုပ်ဖို့ စိတ်ကို အာရုံစိုက်ထားလိုက်သည်။
ဒါက အစစ်အမှန် ကောင်းကင်တာအိုကို ကြိုးကိုင်သလို ခံစားချက်မျိုးလား…
သူက ထိုစွမ်းအားသည် စွဲမက်ဖို့ကောင်းကြောင်း ဝန်ခံရပေမည်။ ထိုအရာက မျိုးစေ့တစ်ခုမှ အစပြုထားသည့်အတွက် အစစ်အမှန် မဟုတ်ကြောင်း သိထားလေသည်။
သူက စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။ သူ့ရည်ရွယ်ချက်က ရိုးရှင်းလှ၏။ မဟာတာအို၏ ပြီးပြည့်စုံသောကဏ္ဍကို သူ့ကိုယ်ပိုင်တည်ရှိမှုထဲ ကူးယူဖို့ ဖြစ်သည်။ ထိုဖြစ်စဉ်က အာရုံစိုက်မှု လိုအပ်၏။ ထို့ကြောင့် ဝမ်ဝေ့က ဟုန်အာသည် သူ့စံပြအဆင့်ဝိညာဉ်ကြောင့် ဧကရာဇ်အဆင့်တွင် အသုံးပြုဖို့ ခွင့်ပြုပေးထားကြောင်း နားလည်သွားခဲ့သည်။ ယခုအခါ သူက စိတ်စွမ်းအားလုံးကို ထုတ်သုံးနိုင်ပြီ ဖြစ်သည်။
ထို့အပြင် သူ့စိတ်စွမ်းအားက ထိုမဟာတာအို၏ ပုံကြမ်းအတွင်း မြင်ခဲ့ရသည့် စည်းမျဉ်းများဖြင့် ပေါင်းစည်းလိုသည့် စိတ်ဆန္ဒကို တောင့်ခံထားရသည်။ သူ့ခန္ဓာကိုယ်ရှိ အလိုလိုသိစိတ်က သူသည် ပြစ်မှုတစ်ခုကို ကျူးလွန်နေကြောင်း ပြောနေပြီး ရပ်တန့်ကာ ပိုမိုမြင့်မားသည့် တည်ရှိမှုဖြင့် ပေါင်းစည်းသင့်ကြောင်း ပြောနေသည်။ သို့သော်လည်း သူက တောင့်ခံကာ လုပ်လက်စအလုပ်ကို ပြီးမြောက်ဖို့ရာ အာရုံစိုက်ထားခဲ့သည်။
ကျစ်…
တကယ်လို့ ငါသာ အချိန်ပိုရှိရင်…
သူက နေရာလွတ်အသစ်သည် ပျောက်ကွယ်သွားသည့်အခါ ကျိန်ဆဲလိုက်မိသည်။ သူက အစိတ်အပိုင်း အနည်းငယ်ကိုသာ ကူးယူနိုင်လိုက်သည်။ ဝမ်ဝေ့၏ အဖြူရောင်နေရာလွတ်က ပျောက်ကွယ်သွားသည့်အခါ သူ့အသိစိတ်က ကြာပန်း ၃ပွင့်ရှိထားသည့် သရဖူတစ်ခုကို မြင်လိုက်ရသည်။ ထိုနေရာတွင် ရတနာ ၅မျိုးက အရောင်အမျိုးမျိုးဖြင့် ရှိနေလေ၏။
ပန်းသုံးပွင့်သရဖူ…
သူက ထိုပန်းပွင့်များကို ကြည့်နေလေသည်။ ယခင်က ပွင့်ချပ် ၁၂ခုစီ ရှိခဲ့သော်လည်း ယခုအခါ ၁၃ခုမြောက် ရွှေရောင်ပွင့်ချပ် ဖြစ်ပေါ်လာသည်။ တခြားနည်းဖြင့်ပြောရလျှင် သူ့အဆင့် ၁ ပန်းပွင့်က ဆင့်ကဲပြောင်းလဲသွားပြီး အဆင့်သုည ဖြစ်သွားလေသည်။
စိတ်ဝိညာဉ်ပန်းပွင့်က လင်းလက်လာပြီး သူ့အားကောင်းသည့်ဝိညာဉ်က အလျင်အမြန် ပြန်လည်တည်ဆောက်ခံလိုက်ရသည်။ ပြောရလျှင် ပြန်လည်တည်ဆောက်ခံလိုက်ရခြင်းထက် ပိုမိုသန့်စင်ကာ၊ အနည်းငယ် ပိုအားကောင်းလာပြီး ပိုပြီးအလားအလာ ကောင်းလာသည်။
အဆီအနှစ်ပန်းပွင့်က နောက်တစ်ခု ဖြစ်ပြီး တောက်ပနေသည့် အလင်းတန်း ၃ခုက ပေါ်ထွက်လာပြီးသည့်နောက်တွင် သူ့အရေပြား၊ ကြွက်သား၊ အရိုး၊ အတွင်းအင်္ဂါ၊ သွေးနှင့် ဆဲလ်များက ပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ ရှိလာခဲ့သည်။
နောက်ဆုံးတွင် ချီပန်းပွင့်က လင်းလက်လာခဲ့၏။ ဝမ်ဝေ့က သူ့တာအိုအားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်သလို ခံစားလိုက်မိသည်။ သူ့တာအိုခန္ဓာကိုယ်ကလည်း ဆင့်ကဲ ပြောင်းလဲသွားခဲ့၏။
ဒါက…
သိပ္ပံနှင့်နည်းပညာကမ္ဘာတွင် ယခင်စမ်းသပ်ချက်က သူ့အား ထိုအပြောင်းအလဲကို သဘောပေါက်ဖို့ ခွင့်ပြုပေးခဲ့သည်။ ပါဝင်နေသည့် သူ့အယူအဆ သဘောတရားက တိုးမြင့်လာခဲ့၏။ ထိုမျှတင် မကသေးဘဲ ထိုအရာက ပြည့်နှက်နေပြီဖြစ်သည့်အတွက် သူ့အနေဖြင့်များစွာ လုပ်ဖို့ မလိုအပ်တော့ပေ။
မှော်စက်ကွင်းများက ပျောက်ကွယ်သွားခဲ့ကာ ဝမ်ဝေ့၏ ကိုယ်လုံးတီး ခန္ဓာကလည်း ထိုမီးခိုးရောင်မြူခိုးအတွင်း ပေါ်ထွက်လာခဲ့သည်။ သူ့အရှိန်အဝါက အနည်းငယ် သိမ်မွေ့သွားကာ ပိုမို ပြီးပြည့်စုံသွားဟန်ပေါ်၏။