ရွေးချယ်စရာ
Vol. 82 Ch. 1144
ကမ္ဘာဦးဟွင်သွမ်း၊ မရဏကုန်းမြေ တားမြစ်ဇုန်
သေခြင်းတရား လွှမ်းခြုံထားသည့် ရှေးကျသော သက်ရှိက ဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။ ထိုနေရာတွင် အနက်ရောင်သာ ကြီးစိုးနေပြီး မည်သူမှ မရှိပေ။ ထိုသူ၏ မျက်လုံး ပွင့်လာသည့်အခါ ဇုန်တစ်ခုလုံးက တုန်ယင်သွားလေသည်။
"ဘာဖြစ်နေတာလဲ" မရဏအရှင်က သူ့ဘာသာသူ မေးလိုက်သည်။
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ စင်မြင့်က ဖျက်ဆီးခံလိုက်ရတာလား...
သူက ထိုသတင်းနှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ သူက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် နှစ်ယောက် ပေါ်ထွက်လာသည်ကို သိပြီးသည့်နောက်တွင် ထိုအရာကို ထင်မှတ်ထားပြီးသား ဖြစ်၏။ သို့သော်လည်း အချိန်အတော်ကြာပြီးသည့်နောက်တွင်မူ ဘာမှဖြစ်ပျက်မလာခဲ့ပေ။ သူတို့က တစ်ဦးကို တစ်ဦး ထိန်းညှိကာ အတူတကွ ပူးပေါင်းလုပ်ကိုင်ဖို့ ငြင်းဆန်ကြလေသည်။ သို့သော် ယခုတွင် ထိုအရာက ပြီးဆုံးသွားလေပြီ။
"ဟမ် လုပ်လိုက်တာ သူတို့ မဟုတ်ဘူးလား" မရဏအရှင်က နောက်ဆုံးတွင် အပြည့်အဝ နိုးထလာခဲ့သည်။
သခင်က အခွံ့ကို တွေ့သွားပေမဲ့ ဖြေရှင်းပြီးသွားတာလား...
ဒါက မဟာတာအိုရဲ့ လက်ချက်လား...
သူက သတင်းအချက်အလက်များကို ထပ်ပြီး မရှာနိုင်တော့သည့်အတွက် အနည်းငယ် ဒေါသထွက်လာမိသည်။ သူ့သခင်အတွက် တန်ဖိုးရှိရုံသာမက ပြီးပြည့်စုံစွာသင့်တော်သည့် အခွံ့ကို ရှာတွေ့ဖို့ အင်မတန် ခက်ခဲလှသည်။
မရဏအရှင်က ငြီးတွားလိုက်၏။ သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ ချက်ချင်း ပြေးသွားလိုကာ အမှန်တရားကို သိချင်နေမိသည်။ နှမြောစရာကောင်းလှစွာဖြင့် သူ့လက်ရှိစွမ်းအားက ထိုသူနှစ်ယောက်ထဲမှ တစ်ယောက်နှင့်သာ ရင်ဆိုင်နိုင်လေ၏။ သူတို့၏ သဘောထားကွဲလွဲမှု သို့မဟုတ် ပဋိပက္ခများက မည်သို့ပင်ဖြစ်စေကာမူ သူ့ကို သတ်ဖို့ရာ သူတို့က အတူတကွ ပူးပေါင်းသွားနိုင်ကြောင်း သိထားသည်။
မရဏအရှင်က သက်ပြင်းချလိုက်၏။
တကယ်လို့ ငါသာ ပြင်ပနတ်ဘုရား ကိုယ်ပွားတွေလောက် အားကောင်းနေမယ်ဆိုရင် မဟာတာအိုက ငါ့ရဲ့အပြုအမူတွေကို ဖြေရှင်းဖို့လွယ်မှာ မဟုတ်ဘူး...
နောက်ဆုံးတွင် သူက သူ့ရည်မှန်းချက် ရောက်ရှိမည့် အနေအထားတစ်ခုသို့ ရောက်လာခဲ့ပြီ ဖြစ်၏။ သို့သော် မဟာတာအိုက သူ့အပြုအမူတိုင်းကို စောင့်ကြည့်နေသည့်အတွက် စည်းမျဉ်းများဖြင့် အတင်းအကျပ် ကန့်သတ်ခံထားရသည်။ မဟုတ်ပါက သူ့ကို နှင်ထုတ်နိုင်ပြီး သူ့အားစိုက်ထုတ်မှုနှင့် အစီအစဉ်အားလုံးကို အလကား ဖြစ်သွားစေလိမ့်မည်။
မရဏအရှင်က ထိုဖြစ်ရပ်မှ လက်ရှောင်လိုက်ပြီး ဟွင်သွမ်းစကြဝဠာတစ်ခုလုံးကို အာရုံစိုက်လိုက်သည်။ ထို့နောက် သူက အလုံးစုံပကတိသိမြင် ဘုံကျောင်းကြောင့် ပဋိပက္ခများနှင့် ဖရိုဖရဲဖြစ်မှုများကို သတိထားမိသွားသည်။
အဲဆိုတော့ နောက်ထပ် အဓိကဖြစ်ရပ်အတွက် အချိန်ပဲ...
အလောင်းရောင်းဝယ်ရေးဂိုဏ်းက စစ်ပွဲနှင့်မရဏအချိန်များတွင် အတက်ကြွဆုံး ဖြစ်၏။ ထို့ကြောင့် သူက အဖွဲ့သားအားလုံးကို ယဇ်စင်မြင့်များကို ဖြန့်ဝေဖို့ အမိန့်ပေးလိုက်သည်။
"မရဏက တစ်ရက်ကျ ဒီလောကမှာ လျှောက်လှမ်းလာမှာပဲ။ သက်ရှိတွေအားလုံးက သူ့နာမည်နဲ့ တည်ရှိမှုကို ကိုးကွယ်ကြလိမ့်မယ်"
မရဏအရှင်က ထိုစကားများ ပြောပြီးသည့်နောက်တွင် ပြန်လည် အိပ်စက်သွားလေသည်။
………………...
သမိုင်းမတိုင်မီ ကမ္ဘာ
"သူက ဘာလုပ်ခဲ့တာလဲ" ဟုန်ကျွင်းက ထိုကောင်လေးကို ကာကွယ်ဖို့အတွက် သူ ထားခဲ့သည့် ကာကွယ်မှု ဖယ်ရှားခံလိုက်ရကြောင်း သတိထားမိပြီးနောက် ရေရွတ်လိုက်သည်။ သူက ပင်မတာအိုဖြစ်သည့် ကြမ္မာကို အသက်သွင်းပြီး ဖန်ကူ၏ ပုဆိန်ကို ကိုင်ဆောင်ထားရင်း အမှန်တရားကို တွက်ချက်ကြည့်လိုက်သည်။
"အဲဒါက ဘာလဲ"
သူက အမှန်တရားကို ဖမ်းဆုပ်မည့် အခွင့်အရေးကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူက နောက်မှလိုက်ပါသွားခဲ့၏။ အဖြေကို ရှာတွေ့ဖို့ရာအတွက် မရပ်တန့်ခဲ့ပေ။
သူ့ဒွါရပေါက်များမှ သွေးများ စီးကျလာပြီး သမိုင်းမတိုင်မီ ကမ္ဘာ တစ်ခုလုံးပင် တုန်တုန်ယင်ယင် ဖြစ်သွားခဲ့သည်။ သို့သော်လည်း ဟုန်ကျွင်းက ဂရုမစိုက်ပေ။ သူက အမှန်တရားနှင့် အင်မတန် နီးကပ်နေပြီ ဖြစ်၏။
"အဲဆိုတော့ ကပ်ဘေးဖြစ်ရပ်လား" သူက ရေရွတ်လိုက်သည်။ သူက သူ့မွေးရပ်မြေကို ဖျက်ဆီးပစ်နိုင်သည့် အန္တရာယ်ကို ကြိုတင်မြင်ကာ အသက်ရှင်သန်ဖို့နှင့် ဘေးကင်းဖို့အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားခဲ့သည်။ သို့သော် သူ့အပြုအမူက ထိုကပ်ဘေးကို ဦးတည်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
အဲဆိုတော့ အဲဒီနှစ်ယောက်ကြားက ရွေးချယ်မှုလုပ်ရတော့မဲ့ အချိန်လား...
အခု ငါတို့ရဲ့ ကံဆက်နွယ်မှုအရ ငါက တစ်ဖက်ကို ရွေးချယ်ပြီးသွားပြီ...
သူက သက်ပြင်းချလိုက်သည်။
"ဆရာ ဘာဖြစ်လို့လဲ" ခရမ်းရောင်နန်းဆောင်၏ အပြင်ဘက်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။
သို့သော်လည်း သူက သူ့ကို ပြန်မပြောနိုင်ခင် နောက်ထပ် ဟိန်းထွက်နေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
"ဟုန်ကျွင်း ဘာဖြစ်သွားတာလဲ"
"ငါဂမ္ဘီရ တွက်ချက်ကြည့်နေလို့ပါ"
"သာမန်ဂမ္ဘီရ တွက်ချက်တာမျိုးက ဒီလိုတုန့်ပြန်မှုမျိုး ရှိမှာ မဟုတ်ဘူး" ဟိန်းထွက်မနေသည့် ခပ်ဩဩ အသံတစ်သံက ထပ်မံမေးလာသည်။
"အရေးကြီးတဲ့ သတင်းအချက်အလက်များ ရှိလား"
"မရှိဘူး"
"သေချာရဲ့လား"
"အပြုအမူက တန်ပြန်သက်ရောက်မှုကြောင့်ပါ" ဟုန်ကျွင်းက တည်ငြိမ်စွာပြောလိုက်သည်။
"ငါကအခု ဒဏ်ရာရသွားတာဆိုတော့ သီးသန့်ကျင့်ကြံဖို့ လိုတယ်။ ငါ အားဖြည့်နေတုန်း မင်းတို့တွေ ကိစ္စတွေကို စောင့်ကြည့်ပေးထားဖို့ လိုတယ်"
"အဲလောက်တောင် ဆိုးတယ်လား" ခပ်ဩဩ အသံတစ်သံက ထပ်မံ မေးလိုက်သည်။
"ဟုတ်တယ်"
"မစိုးရိမ်နဲ့။ ငါတို့ရှိနေရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး" ဟိန်းထွက်နေသည့် အသံတစ်သံက ပြန်ပြောလိုက်သည်။
ဟုန်ကျွင်းက သူတို့၏ ပျောက်ကွယ်သွားသော တည်ရှိမှုကို ခံစားမိပြီးသည့်နောက်တွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ ထိုသူနှစ်ဦးသည် ထိုသတင်းကို မည်သို့တုန့်ပြန်မှန်း မသိသေးသည့်အတွက် ဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်သည်။
အခု ငါ့ရဲ့ နောက်ခြေလှမ်းက ဘာလုပ်ရမလဲ...
သူက သူ့ဆုံးဖြတ်ချက်သည် တစ်ကမ္ဘာလုံးအပေါ် သက်ရောက်မှုရှိနေသည့်အတွက် သေချာသတိထားဖို့ လိုအပ်နေသည်။
ဟုန်ကျွင်းက သက်ပြင်းချကာ သူ့တပည့်များကို ဖျောင်းဖျလိုက်သည်။ ထို့နောက် သူက သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့၏။ သူက ဒဏ်ရာများနှင့် ပတ်သက်ပြီး လိမ်ညာနေခြင်း မဟုတ်ပေ။ သူက အမှန်တကယ် ပြန်လည်အားဖြည့်ဖို့ လိုအပ်နေ၏။
……………..
အဆုံးမဲ့ တက်လှမ်းခြင်း ကမ္ဘာ၊ ဒိုင်မေးရှင်းအနိမ့်ရှိ အသင်္ချေအင်ပါယာကမ္ဘာ
ဝမ်ဝေ့က ပုလ္လင်ပေါ်တွင် ထိုင်နေကာ အတွေးနက်နေသည်။ လတ်တလော အဖြစ်အပျက်များက သူ့အား မည်မျှပင်သတိထားစေကာမူ မလုံလောက်ကြောင်း သက်သေပြသွားခဲ့၏။
မရဏကမ္ဘာကို မဖျက်ဆီးခင် ထာဝရကောင်းကင်ဘုံအဆင့် ရောက်အောင် စောင့်လိုက်တာက ပိုကောင်းသွားမလား...
အထူးသဖြင့် သူက အဆင့်မြင့်သက်ရှိများ ပါဝင်နေသည့် ကစားပွဲအတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအရာက သူ့အတွက် အခွင့်အရေးများ ပေးလာနိုင်သည်။
ငါက အခြေအနေဘယ်လိုပဲ ဖြစ်ဖြစ် မဟာတာအိုက စည်းမျဉ်းတွေ လိုက်နာလိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ အဲလိုတော့ မဟုတ်ဘူးပဲ။ အဲဒီခွေးကောင်က ငါ ထင်ထားသလိုမျိုး စိတ်ခံစားချက် တည်ငြိမ်နေတာ မဟုတ်ဘူးပဲ...
သူက စည်းမျဉ်းအားလုံး မသိသေးသည့် ဖြစ်နိုင်ချေတစ်ခု ရှိနေသည်။ သို့သော် ဝမ်ဝေ့က ဂရုမစိုက်ပေ။ ထိုအရာက တစ်ကိုယ်ကောင်းဆန်ဆန် လှုပ်ရှားနိုင်ကြောင်း ယုံကြည်သွားခဲ့သည်။
သိပ္ပံနှင့် နည်းပညာကမ္ဘာ...
သူ ထွက်ခွာသွားသည်နှင့် သူက ထိုကမ္ဘာကို သေချာပေါက် ဖျက်ဆီးပစ်မည် ဖြစ်၏။ ထိုအမှတ်အသားကို သုံးသပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ကွမ်တန်စိတ်ဆန္ဒသည် သူ့ထိန်းချုပ်မှုထက် ကျော်လွန်အောင် ဆင့်ကဲပြောင်းလဲသွားကြောင်း သိလိုက်ပြီး သူ အလိုရှိလျှင်ပင် မဖျက်ဆီးနိုင်လောက်သည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
ဒါပေမဲ့ ငါ့ဆီမှာ အချိန်ရမယ်ဆိုရင်တော့ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တားမြစ်ဖို့ နောက်ထပ် ဖြေရှင်းနည်းတစ်ခုကို တွေ့မှာပါ။ ဒါမှမဟုတ်ဘူးဆိုလည်း အဲလိုမလုပ်ခင် အားနည်းတဲ့ ပုံစံကို ဖန်တီးလို့ရတာပဲ။
အနည်းဆုံးတော့ ငါက မဖျက်ဆီးခင် စောင့်ကြည့်သူတွေဆီက သတင်းအချက်အလက် အသစ်ကို ယူလို့ရသေးတယ်။ ဒါပေမဲ့ အခုတော့...
သူက အံကြိတ်ကာ ဖျက်ဆီးခံရမှုဖြင့် သူ ဆုံးရှုံးသွားရသည့် အရေသားချက်များကို စဉ်းစားနေမိသည်။ ထို့နောက် အလင်းမဲ့အမှန်တရားလည်း ရှိနေသေး၏။ ဝမ်ဝေ့က သူ့မိဘနှင့် မိသားစုဝင်သည်လည်း မြူခိုးအတွင်း ဝင်ရောက်ပြီးသည့်နောက်တွင် အကျိုးတစ်ခု ထူးလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် ယခုအခါ ထိုအရာက ပျောက်ကွယ်သွားပြီ ဖြစ်၏။
မရဏအရှင် အခုကစပြီးတော့ နေ့ရက်တွေကို သေချာရေတွက်ထားလိုက်တော့။ ခင်ဗျားက ကျုပ် ရှင်းထုတ်ရမဲ့ စာရင်းမှာ ထိပ်ဆုံးက ရောက်နေပြီ...
ဝမ်ဝေ့က သူ့အနာဂတ်ကိုယ်၏ အပြုအမူများကြောင့် ထူးကဲသာလွန်မှုလမ်းစဉ်နှင့် ပတ်သက်ပြီး စိုးရိမ်နေခဲ့ရသည်။ ထို့ကြောင့် သူက နယ်ခြားများဖြစ်သည့် ပြင်ပနတ်ဘုရားများကို သဘောမကျပေ။ သူ့တွင် အခွင့်အရေးနှင့် စွမ်းအား ရလာသည်နှင့် ထိုအရာများကို အပြီးတိုင် ရှင်းထုတ်ပစ်ရမည်။
ဝမ်ဝေ့က ဝတ်ရုံကို ဖွင့်ကာ ရင်ဘတ်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် အမှတ်အသား မရှိတော့သော်လည်း တစ်စုံတစ်ခု ကျန်ရှိနေသလိုမျိုး ခံစားနေမိသည်။ သူက သူ့ကျင့်ကြံရေးခရီးလမ်းတွင် ဤအမှတ်အသား ပေးခံရသည်လောက် မုန်းတီးသည့်အရာ မရှိခဲ့ဖူးပေ။ သူက တစ်စုံတစ်ယောက်၏ နယ်ရုပ်ဖြစ်မှန်း သိထားပြီးသားဖြစ်သော်လည်း ထိုအမှတ်အသားကမူ တစ်စုံတစ်ယောက်သည် သူ့အား ဘာမှမထိုက်တန်ဘဲ စွန့်ပစ်လို့ရသည့် ပစ္စည်းတစ်ခုအဖြစ် မြင်ကြောင်း သက်သေပြသွားခဲ့သည်။
သူ့ဘဝကို တစ်စုံတစ်ယောက်က ထိန်းချုပ်နေသည့် အတွေးနှင့် ကံကြမ္မာက သူ့ကိုယ်ပိုင် မဟုတ်ကြောင်း လွတ်လပ်မှုကပင် အနှောင်အဖွဲ့များကြား ရောက်ရှိနေကြောင်း ခံစားမိလာသည်။
သူက ထိုအတွေ့အကြုံကို မုန်းတီး၏။
မဟာတာအိုဆီ ကံကြမ္မာမျိုးစေ့ရဲ့ ငါ့အဆင့်အတန်းကြောင့် ငါ့ခန္ဓာကိုယ်ပေါ်မှာ လျှို့ဝှက်အမှတ်အသားတွေရှိလားဆိုတာကို မေးရမယ်...
သူ့မေးခွန်းက အလကားဖြစ်မည် ဖြစ်သော်လည်း ကြိုးစားကြည့်ချင်သေးသည်။ ဘာဖြစ်ဖြစ် သူက ဤကဏ္ဍ၌ သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေသည်။ သူ့အပေါ် ကျန်ရှိနေခဲ့သည့် အမှတ်အသားက အချိန်မရွေး ဖြေရှင်းနိုင်သည့်အရာမျိုး မဟုတ်ပေ။
ပြဿနာက အဲဒီခွေးကောင်က စည်းမျဉ်းတွေကို လိုက်နာမလားဆိုတာပဲ...
ထိုအတွေးက သူ့ကို ဒေါသထွက်စေသည်။ မဟာတာအိုက ယုံကြည်၍ မရဘဲ သူ့အစီအစဉ်များစွာအပေါ် သက်ရောက်မှုရှိ၏။
အခု ငါ စောင့်ပဲစောင့်နိုင်တယ်။
အနာဂတ်က မည်သို့ပင်ဖြစ်စေကာမူ သူ့အနေဖြင့် နောက်ကျလွန်းခြင်း မရှိအောင် စံပြအဆင့် မဝင်ခင် ထိုမေးခွန်းကို သုံးဖို့ ဆုံးဖြတ်ထား၏။
တစ်စုံတစ်ယောက်က ပုလ္လင်အခန်းအတွင်း ဝင်ရောက်လာသည်။
"ဘာဖြစ်လို့လဲ" ယုယန်က မေးလိုက်သည်။
"ဘယ်လိုလုပ် ရောက်လာတာလဲ" ဝမ်ဝေ့က စဉ်းစားနေရာမှ အသိပြန်ဝင်လာခဲ့၏။
"အပြင်ဘက်ကို မမြင်ဘူးလား"
ဝမ်ဝေ့က ကြည့်လိုက်စဉ် သူ့စိတ်ခံစားချက် ဆိုးဝါးနေမှုက တိမ်မည်းများနှင့် လျှပ်စီးများကို ဖန်တီးသလို ဖြစ်သွားခဲ့သည်။ ဝမ်ဝေ့က ဂရုမစိုက်ဘဲ ထိုအမြင်ရုပ်လွှာကို ဖျောက်ဖျက်လိုက်၏။ သူက သေမျိုးများအား အလန့်တကြား ဖြစ်မသွားစေလိုပေ။
"ဘာတွေများ အဲလောက် ဒေါသထွက်နေရတာလဲ" သူမက သူမသားသည် စိတ်ခံစားချက်များကို မည်မျှ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ကြောင်း သိထားလေ၏။ ထို့ကြောင့် တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်ပျက်ခဲ့ခြင်းသာ ဖြစ်ရမည်။
ယုယန်က တစ်စုံတစ်ခုကို တွေးမိသွား၏။
"ချွေးမလေးဆီက သတင်းဆိုးများ ကြားလို့လား"
"အဲလို မဟုတ်ပါဘူး။ ကျွန်တော့်ကို ဒေါသထွက်စေတဲ့ အရာတစ်ခု ဖြစ်သွားလို့ပါ"
"အဲအကြောင်း ပြောပြချင်လား"
"ကျွန်တော် အဆင်ပြေပါတယ်" ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက တစ်ယောက်တည်း နေချင်မိ၏။
ပြောရလျှင်သူက သူမကို ပြောပြချင်မိသော်လည်း …
"သေချာရဲ့လား။ မင်း ငယ်ငယ်တုန်းကဆိုရင် အမေက ကုတင်ပေါ်မှာ ကမ္ဘာကြီးရဲ့ ပုံပြင်ဇာတ်ကြောင်းတွေအကြောင်း ပြောပြခဲ့တာလေ။ အဲဒီအစား အခု မင်းက ဘယ်လိုခံစားနေရတယ်ဆိုတာကို ပြောပြပေါ့။ လရောင်အောက်မှာ ပြောရင် ပိုကောင်းလိမ့်မယ်"
"ကျွန်တော် အဲဒါကိုတော့ သဘောကျပါတယ်။ ဒါပေမဲ့..." ဝမ်ဝေ့က ရုတ်တရက် ရပ်တန့်လိုက်သည်။
" ကောင်းပြီလေ … ပြောပြပါ့မယ် "
သူက လက်ဖျောက်တီးလိုက်သည့်အခါ နေ့က ညအဖြစ် ပြောင်းလဲသွားလေသည်။