အကြွင်းမဲ့ ပြန်လည်ပေါ်ထွက်လာမှု
Vol. 82 Ch. 1148
သံတမန်များက ဆွေးနွေးပွဲ ပျက်သွားပြီးသည့်နောက်တွင် ထွက်သွားတော့မည် ဖြစ်၏။ ဟွားလုံက အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ဝမ်ဝေ့က အကျိုးအကြောင်းမသင့်သည့်သူမျိုး မဟုတ်ပေ။ ထို့ကြောင့် သူက သူမ၏ ကြိုးပမ်းမှုအားလုံးကို ပိတ်ပင်ထားခဲ့၏။ ယခု သူတို့က ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် သူတို့၏ ခေါင်းဆောင်များထံ ပြန်လည်တင်ပြရမည် ဖြစ်သည်။
"နောက်အစည်းအဝေးကျရင် မင်းတို့ရဲ့ ခေါင်းဆောင်ကို လာခိုင်းလိုက်" ဝမ်ဝေ့က သူတို့ကို ပြန်မလွှတ်ခင် ပြောလိုက်သည်။ ထို့နောက် သူက လူအုပ်ကြီးကို အာရုံစိုက်လိုက်၏။
"မင်းတို့ မြင်တဲ့အတိုင်း ငါတို့က နောက်ထပ် စစ်ပွဲကြီး စတော့မှာ။ ဒီစစ်ပွဲပြီးသွားတာနဲ့ ငါတို့ရဲ့ အဆုံးမဲ့လေဟာနယ်မှာ ဖြန့်ကျက်မဲ့ ရည်မှန်းချက် အောင်မြင်တယ်လို့ ပြောလို့ရတယ်"
ထိုအမတ်များ၏ အကြည့်များက တောက်ပလာလေသည်။ စစ်ပွဲဟု ဆိုလိုသည်မှာ အရင်းအမြစ်၊ အကျိုးအမြတ်နှင့် ဂုဏ်ကျက်သရေဟု ဆိုလိုနေသည် မဟုတ်ပါလော။ သူတို့က ဒိုင်မေးရှင်းအနိမ့်၏ သမိုင်းကြောင်းတွင် သူတို့၏ အမှတ်အသားများကို ချန်ထားနိုင်တော့မည် ဖြစ်၏။ ထိုအရာက ခေတ်ကာလများစွာတိုင် ကြွားလုံးထုတ်နိုင်သည့် အရာမျိုး ဖြစ်ပေသည်။
"ဒီစစ်ပွဲကို ပြင်ဆင်ဖို့အတွက် ငါတို့တွေ လွှမ်းမိုးမှုအောက်မှာရှိတဲ့ ခုံရုံးတွေအားလုံးနဲ့ အစည်းအဝေး ကျင်းပဖို့လိုတယ်" ဝမ်ဝေ့က ကောင်းကင် ဧကရာဇ်တစ်ထောင်ကို ခေါ်ဖို့ ပြင်ဆင်လိုက်သည်။
"အရှင် အဲ့ဒါမလုပ်ခင် အရင်ဆုံးအတွင်းရေးကိစ္စတွေကို ဖြေရှင်းရင်ရော"
"ကောင်းပြီလေ" ဝမ်ဝေ့က ပြောလိုက်သည်။
"ကောင်းပြီ။ စလိုက်ကြရအောင်"
သူ ပျက်ကွက်နေစဉ်အတွင်း သူ ဆုံးဖြတ်ချက်ချရမည့် ကိစ္စများစွာ ရှိနေလေသည်။ ထို့ကြောင့် ဝမ်ဝေ့က ထိုအရာများကို အရင်ဆုံး ဖြေရှင်းခဲ့၏။ သူက သိုင်းပညာအုပ်စိုးသူ ကမ္ဘာဖြင့် စစ်ပွဲပြီးကတည်းက ခုံရုံးကို လက်ရှောင်ထားခဲ့လေရာ ယခုအခါ ဖြေရှင်းရမည့် ကိစ္စတချို့ ရှိနေလေသည်။ ထိုဖြစ်စဉ်တစ်ခုလုံးက သူ လူသားမဆန်သည့် အရှိန်ဖြင့်ပင် နာရီပိုင်း ကြာမြင့်ခဲ့သည်။
အများစုက လူများစွာသည် ငြီးတွားထားခြင်း ဖြစ်၏။
ဝမ်ဝေ့က ထိုအရာအားလုံးကို နားထောင်ကာ ဆုံးဖြတ်ချက် ချပေးခဲ့သည်။ နောက်ဆုံးတွင် သူက အရာအားလုံးကို ဖြေရှင်းပြီးသည့်နောက်တွင် ပိုမိုကြီးမားသည့် အစည်းအဝေးကို စတင်လိုက်သည်။
ဝမ်ဝေ့၏ ပလ္လင်က အနည်းငယ်မြင့်သည့် စင်ပေါ်တွင် ရှိနေသည်။ သူ လက်ဖြောက်တီးလိုက်သည့်အခါ ဘယ်နှင့်ညာတွင် ပလ္လင်ထောင့်နှစ်ရာကျော် ပေါ်ထွက်လာသည်။ အစည်းအဝေး မစတင်ခင် သူက ကျိလန်ဖန်း၊ မျောက်ဘုရင်နှင့် မဟာမိတ်မှ တခြားသော အဖွဲ့သားများဖြင့် စကားစမြည် ပြောခဲ့သည်။
သူတို့က ယခင်ကထက် ပိုမိုကြီးမားသည့် နောက်စစ်ပွဲအကြောင်း ဆွေးနွေးခဲ့ကြသည်။ သူတို့က စစ်ပွဲခန်းမအသစ်ကို တည်ထောင်ပြီး ခေါင်းဆောင်အသစ်ကို ရွေးချယ်ခဲ့ကြသည်။ နှမြောစရာကောင်းလှစွာဖြင့် ထျဲ့ကန်က ယှဉ်ပြိုင်မှု ရှုံးနှိမ့်သွားခဲ့ပြီး ဒုခေါင်းဆောင်အနေနှင့်သာ ခန့်အပ်ခံလိုက်ရသည်။ အစည်းအဝေး၏ နောက်ဆုံးရလဒ်ကမူ အိပ်မက်လောကအတွင်း ထိုစစ်ပွဲ၏ လေ့ကျင့်မှုနှင့် လှုံ့ဆော်မှုများအကြောင်း ဖြစ်၏။ ထို့ကြောင့် ထိုအရာ ပြီးဆုံးသွားသည်နှင့် လူအားလုံးက ထွက်ခွာသွားကာ နောက်ဖြစ်လာမည့် အပြောင်းအလဲများကို စောင့်ဆိုင်းနေကြသည်။
ဝမ်ဝေ့က တစ်ယောက်ထဲ ကျန်နေခဲ့၏။ ထို့ကြောင့် သူက နယ်ရုပ်ကို စစ်ဆေးကြည့်လိုက်သည်။ အကယ်၍ လူအားလုံးက ယခုအခါ ထိတ်လန့်ကြောက်ရွံ့နေသည့် ရွှေရောင်နတ်ဘုရားကို မြင်သည့်အခါ အတော်လေး အံ့အားသင့်သွားလိမ့်မည်။ သူက သေခြင်းရှင်ခြင်း ခြေအနေကို တွေ့ကြုံနေရသလိုမျိုး ဖြစ်၏။
ကောင်းကင်ဝါးမျိုရေး ဧကရာဇ် ခင်ဗျားက အတော်လေးကို မှန်းရလွယ်တယ်...
ဝမ်ဝေ့က ပြုံးကာ တွေးလိုက်သည်။ ထိုလူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်း ယှဉ်နိုင်ခဲ့ကာ မိစ္ဆာနတ်ဘုရားကိုးပါး ကမ္ဘာမှ ပြန်လာဖို့ ကြိုးစားခဲ့သည်။ သူ့အတွက် နှမြောဖို့ ကောင်းလှသည်က ထိုအရာက ဝမ်ဝေ့၏ ပိုင်ဆိုင်မှု ဖြစ်နေသည့်အတွက် သူ့ကြိုးပမ်းမှုက အသုံးမဝင်ခဲ့ပေ။ သို့သော်လည်း ဝမ်ဝေ့က သူသည် အသုံးဝင်လိမ့်မည်ဟု တွေးထင်ကာ သူ့ကို လွတ်မြောက်ခွင့် ပေးခဲ့သည်။ ယခုအခါ ထိုသို့ လုပ်ခဲ့သည့်အတွက် ကျေနပ်နေမိ၏။
ငါ့ရဲ့ ကံအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာနဲ့ဆိုရင် လူသားဧကရာဇ်ရာထူးကို ရဖို့ ကပ်ဘေးဖန်တီးတယ်ဆိုရင်တောင် ပြဿနာမရှိဘူး။ ဒါပေမဲ့ အဲ့ဒီကပ်ဘေးက တကယ်အစစ်အမှန်ဖြစ်လာရင်တော့ အစစ်အမှန်ကောင်းကင်တာအိုက ရန်ငြိုးထားလောက်တယ်...
သူက ကိစ္စများက ထင်ထားသည့်အတိုင်း ဖြစ်လာသည့်အတွက် ပြုံးလိုက်မိသည်။ ကောင်းကင်ဝါးမျိုရေးဧကရာဇ်က လွတ်မြောက်သွားပြီးသည့်နောက်တွင် သူ့စွမ်းအားကို ရယူပြီး လက်စားချေဖို့ ဆုံးဖြတ်ခဲ့၏။ နှမြောစရာကောင်းလှစွာဖြင့် သူ့ကံကောင်းမှုက အဆိုးဘက်တွင် ရှိနေကာ သူ့အားစိုက်ထုတ်မှုနှင့် ကြိုးပမ်းမှုအားလုံးက ဆိုးဆိုးဝါးဝါး ကျရှုံးခဲ့လေသည်။ ထိုအရာက ရွှေရောင်နတ်ဘုရား၏ မြင့်တက်လာမှုအကြောင်း မကြားခင်အထိသာ ဖြစ်၏။
ထို့ကြောင့် သူက အုပ်စိုးခံရမည့် ကမ္ဘာ့အသိုက်အဝန်းတစ်ခုတွင် သာမန်ကျင့်ကြံသူ၏ ဇစ်မြစ်ကို ရယူခဲ့သည်။ ရွှေရောင်နတ်ဘုရားက သူ့စိတ်ကို ကျွန်ပြုလိုက်သည်နှင့် ကောင်းကင်ဝါးမျိုရေးဧကရာဇ်က သူ၏ အသေခံနောက်လိုက် တစ်ယောက် ဖြစ်လာအောင် ဟန်ဆောင်ခဲ့သည်။ ထို့နောက်သူက ဖြေးဖြေးခြင်းဖြင့် ချဉ်းကပ်လာကာ ရွှေရောင်နတ်ဘုရား၏ ယုံကြည်မှုကို အရယူနိုင်ခဲ့သည်။
ကောင်းကင်ဝါးမျိုရေး ဧကရာဇ်က ထိုသူ၏ ညာလက်ရုံး ဖြစ်လာခဲ့သော်လည်း ကိစ္စများက ထိုသူ၏ လက်ကို သုံးကာ ဝမ်ဝေ့ကို ရှင်းထုတ်ဖို့ရာအတွက်သာ ဖြစ်၏။ ကံဆိုးစွာဖြင့် ကောင်းကင်ဝါးမျိုရေး ဧကရာဇ်၏ အကြီးမားဆုံး ဟာကွက်က လောဘကြီးသည့် သဘာဝ ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုသူ၏ စွမ်းအားကို အသုံးပြုကာ လက်စားချေရမည့်အစား ရွှေရောင်နတ်ဘုရား၏ စွမ်းအားကို တပ်မက်လာသည်။
သူက သေချာစောင့်ကြည့်ခဲ့သည်။ ကောင်းကင်ဝါးမျိုရေးဧကရာဇ်က အနီးကပ်ဖို့ အခွင့်အရေး ရလာခဲ့၏။ ထိုသူ၏ စွမ်းအားသည် ချပ်ဝတ်တစ်ခုမှ အစပြုလာကြောင်း သိသွားခဲ့ကာ ထိုအရာ၏ စွမ်းအားကို ယာယီဖိနှိပ်ထားဖို့ နည်းလမ်းပြင်ဆင်ထားခဲ့သည်။
ထို့နောက် အချိန်ကျလာသည့်အခါ တစ်ဖက်လူက သတိလက်လွတ်ဖြစ်နေစဉ် တိုက်ခိုက်လိုက်သည်။
တကယ်လို့ မထင်မှတ်ထားတဲ့အရာသာ ဖြစ်မလာရင် ကောင်းကင်ဝါးမျိုရေး ဧကရာဇ်က အဓိက စရိုက် ဖြစ်သွားနိုင်တယ်။ ဒီကပ်ဘေးက လူလုပ် မဟုတ်တော့ဘဲနဲ့ တကယ့်အစစ်အမှန် ပြောင်းလဲသွားနိုင်တယ်...
ဝမ်ဝေ့က ကောင်းကင်ဝါးမျိုရေး ဧကရာဇ်နှင့် ပတ်သက်၍ အပြုအမူများနှင့် ပတ်သက်ပြီး ဘာမှလုပ်စရာ မရှိပေ။ သူက သူတို့ကို မှန်းဆထားပြီးသား ဖြစ်၏။ ထို့ကြောင့် အစစ်အမှန်ကောင်းကင်တာအိုသည် သူ့ကို အပြစ်တင်နိုင်မည် မဟုတ်ပေ။ သူက ချပ်ဝတ်မှ စိတ်ဝိညာဉ်အမှုန်ကို တိတ်တဆိတ်ဖယ်ရှားကာ မျက်လုံးသာ မှိတ်လိုက်သည်။
....
ကောင်းကင်တောင်ကမ္ဘာ
"ဒီလိုတွေ ဖြစ်ပျက်ခဲ့တာပါ" ဟွားလုံက ကြည်လင်နေသည့် အပြာရောင် မျက်လုံးနှင့် နဖူးအထက် အနီရောင် အမှတ်အသားရှိသည့် အမျိုးသမီးတစ်ယောက်ကို လေးလေးစားစားဖြင့် တင်ပြလိုက်သည်။ သူမက နတ်ဘုရားမသဖွယ် လှပလွန်းပြီး သူမ၏ ခန္ဓာကိုယ်မှ အလိုလို ဖိနှိပ်စွမ်းအားတို့ ထွက်ပေါ်နေသည်။ သူမက အေးစက်သည့် တောင်တန်းပေါ်တွင် ရပ်နေပြီး နှင်းများဖြင့် လွှမ်းခြုံနေသော်လည်း သူမ၏ အလှတရားက ကျော့ရှင်းနေဆဲ ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် သူမ၏ အဖြူရောင်ဝတ်ရုံက နှင်းထက်ပင် ပိုမို သန့်စင်နေဟန်ပေါ်သည်။
"အရှင် ကျုပ် တောင်းပန်ပါတယ်။ ကျုပ် စိတ်ပျက်စေခဲ့မိပြီ။" အဝါရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ပိန်ပါးပါး ပညာသင်သား တစ်ယောက်က ဝင်ပြောလိုက်သည်။ သူက မျက်နှာပူစွာဖြင့် ခေါင်းကို ငုံထားလိုက်၏။
နယ်ရှင်စည်းတံဆိပ်ဧကရီက အဝေးတစ်နေရာကို လှမ်းကြည့်ကာ "ဒါက မင်းအမှား မဟုတ်ပါဘူး"
သူတော်ကောင်း ကောင်းကင်ဧကရာဇ်က ဤသို့သော စရိုက်မျိုးရှိလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
"ဒီလိုဆိုရင်တောင် ဒီလိုအောင်မြင်မှုမျိုး ရှိထားတဲ့သူက အလွယ်တကူ လှုံ့ဆော်ကြိုးကိုင်လို့ ရမှာမဟုတ်ဘူးဆိုတာကို ရိပ်မိသင့်တာပါ"
နယ်ရှင်စည်းတံဆိပ်ဧကရီက အဖွဲ့ကို လှည့်ကြည့်လိုက်သည်။ သူမက ပညာသင်သားကို ပခုံးပုတ်ကာ ဖြောင်းဖျလိုက်သည်။
"ငါ ပြောတဲ့ဟာကို စုံစမ်းခဲ့လား"
"ဟုတ်ကဲ့ အရှင်" ဟွားလုံက တုံ့ပြန်လိုက်သည်။
"ဟုန်ဝူက တကယ်တော့ အသင်္ချေအင်ပါယာကမ္ဘာက ဝူဟုန် ဒါမှမဟုတ် ဧကရီဝူပါ။"
"ငါတို့တွေ အဲ့လောက်ကတော့ မှန်းဆမိပါတယ်။ ဒါနဲ့ ဘာသိခဲ့သေးလဲ။ သူ့ဆီမှာ မျိုးနွယ် ရှိထားလား"
"ကံဆိုးတာက မရှိပါဘူး။ ကျွန်မ တွေ့ရသလောက်တော့ သူမက ဘဝအများစုကို တစ်ကိုယ်တည်းပဲ ကုန်ဆုံးခဲ့ရတယ်။ မိစ္ဆာနတ်ဘုရားက သူမကို ဒိုင်မေးရှင်းအမြင့်ဆီ နှင်လွှတ်လိုက်တာဆိုတော့ မျိုးနွယ်တည်ထောင်ဖို့ အခွင့်အရေး မရလိုက်ဘူး"
"အဲလိုလား" နယ်ရှင်စည်းတံဆိပ်ဧကရီက သက်ပြင်းချလိုက်သည်။ သူမက သူမ ဆရာ၏ မျိုးနွယ်ကို ဂါရဝပြုလိုသော်လည်း ယခုအခါ သူမ တက်လှမ်းပြီးမှသာ အခွင့်အရေး ရလာနိုင်တော့မည့်ဟန် ပေါ်သည်။
"ပြီးတော့ နောက်တစ်ခု ရှိပါသေးတယ်"
"သတင်းအချက်အလက်ရှိတယ်ဆိုရင် ဘာလို့ တုံ့ဆိုင်းနေတာတုန်း " ပညာသင်သားက ဝင်ပြောလိုက်သည်။
ဟွားလုံက သူ့ကို စိုက်ကြည့်လိုက်၏။
သူမက သတင်းပေးဖို့ရာတွင် တတ်နိုင်သမျှ ညင်သာအောင် ကြိုးစားနေသည်။
"ဘာကိစ္စများလဲ ပြောပါ"
"ပထမကောင်းကင်ဧကရာဇ်က ဧကရီဝူနဲ့ ဆက်နွယ်နေတဲ့ပုံပဲ"
"ဆက်နွယ်နေတယ်တဲ့လား။ ဘယ်လိုမျိုးတုန်း"
"သူတို့က တာအို လက်တွဲဖော်တွေပါ"
"အဓိပ္ပာယ် မရှိလိုက်တာ" နှင်းတောင်က ရုတ်တရက် ဆိုသလို ပိုမိုအေးစက်လာသည်။
"သူတို့ရဲ့ သမိုင်းကြောင်းမှာဆိုရင် သူက ဝူဟုန်လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့တာပါ။ သူမကလည်း စည်းတံဆိပ်တာအိုကို ကျင့်ကြံတာပါ။"
"ဒါပေမဲ့ အဲ့တာက သူမလို့ ဆိုလိုတာမှ မဟုတ်တာ။"
"ဟုတ်ပါတယ်။ ဒါပေမဲ့ ဧကရီဝူရဲ့ ပုံတူပန်းချီနဲ့ ချွတ်ဆွတ်တူနေတာပါ။" ဟွားလုံက ရှင်းပြလိုက်သည်။
နယ်ရှင်စည်းတံဆိပ်ဧကရီက မျက်မှောင်ကြုတ်လိုက်၏။
"ငါ့ကို ပုံပြ"
ထို့နောက် သူမက မျက်မှောင်ကြုတ်ပြီး ဟွားလုံ ပြသလာသည့် ပုံရိပ်ယောင်ကို ကြည့်လိုက်သည်။
"သူမ မဟုတ်တာ ဖြစ်နေနိုင်တယ်"
"အဲလိုလည်း ဖြစ်နေနိုင်ပါတယ်" ဟွားလုံက ပြောလိုက်သည်။
"ကောလဟာလတွေအရတော့ သူ တာအို သက်သေမပြခင် သူမက ဧကရီဝုရဲ့ မျိုးဆက်၊ ကိုယ်ပွား ဒါမှမဟုတ် ပြန်လည်ဝင်စားမှုလို့ ယုံကြည်ခဲ့ကြတာ။ ဒါပေမဲ့...."
"ဒါပေမဲ့ ဘာလဲ"
"သူမက နောက်ဆုံးတိုက်ပွဲ မတိုင်ခင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ အဓိက သုံးသပ်မှုတွေကတော့ သူမက တကယ်ကို ဧကရီဝူလို့ သုံးသပ်နေကြပါတယ်။ ဒါပေမဲ့ သူမက မှတ်ဉာဏ်တွေ ပြန်ရလာပြီးတော့ အထက် တက်လှမ်းသွားတာလို့ ပြောတယ်"
"အဲဒါဆိုတော့ သူတို့ရဲ့ ဆက်ဆံရေးက အဆုံးသတ်သွားတာလား"
"အဲ့ဒါကတော့ ကျွန်မလည်း မသိလိုက်ပါဘူး။ ကျွန်မ သိထားသလောက်ကတော့ သူမကို သူတို့ခုံရုံးရဲ့ မိဖုရားခေါင်ကြီးအဖြစ်တော့ သတ်မှတ်ခံထားရပါတယ်။"
နယ်ရှင်စည်းတံဆိပ်ဧကရီက မျက်မှောင်ကြုတ်လိုက်သည်။ ဤကိစ္စက အဓိပ္ပာယ်များစွာ ရှိ၏။ ပထမကောင်းကင် ဧကရာဇ်က သူမဆရာနောက် လိုက်နေနိုင်ခြင်း ဖြစ်နေနိုင်သလို သူတို့တွင် ထူးထူးဆန်းဆန်း အခြေအနေရှိသော်လည်း သူမက အသိအမှတ်ပြုထားကောင်း ပြုထားနေနိုင်သည်။
"သူ့ဆီမှာ တခြားကိုယ်လုပ်တော်တွေ ဇနီးတွေ ရှိလား"
"မရှိပါဘူး။ သူက သစ္စာကြီးတယ်လို့ နာမည်ကျော်ကြားပါတယ်"
"တကယ်လား။ အဲ့လိုလူမျိုးက နောက်ထပ် ဇနီးတွေ ကိုယ်လုပ်တော်တွေ မရှိဘူးတဲ့လား"
"တရားဝင်အရတော့ ဟုတ်ပါတယ်"
"တရားဝင်တဲ့လား" နယ်ရှင်စည်းတံဆိပ်ဧကရီက မေးလိုက်သည်။
"သူက အချိန်လေဟာနယ်ဧကရီနဲ့ ဆက်ဆံရေးတချို့ ရှိတယ်လို့ ကောလဟာလတွေ ရှိပေမဲ့ သူတို့နှစ်ဦးလုံးက လက်ထပ်ထားပြီးသားဆိုတော့ ဒီလိုအရာမျိုး လုပ်မဲ့သူတော့ မဟုတ်ပါဘူး။ ပြီးတော့ အဲ့ဒီအမျိူသားက အများအမြင်ကိုလည်း ဂရုမစိုက်ဘူးဆိုတော့ တမင်သက်သက် ဖုံးကွယ်ထားစရာတော့ မလိုဘူး"
"သူက အချိန်လေဟာနယ်ဧကရီရဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့လည်း ဖြစ်မှာပေါ့" ပညာသင်သားက ဝင်ပြောလိုက်သည်။
"ဒါမှမဟုတ် သူက ငါ့ဆရာ သိသွားတာနဲ့ တစ်ခုခု လုပ်မှာစိုးလို့ ဖြစ်မှာပေါ့" နယ်ရှင်စည်းတံဆိပ်ဧကရီက နှာခေါင်းရှုံ့ကာ ဝင်ပြောလိုက်သည်။