← Chapters

အဲ့ဒီ မျက်နှာဖုံး အစ်ကိုကြီးလား

Vol. 59 Ch. 871

အဲ့ဒီ မျက်နှာဖုံး အစ်ကိုကြီးလား

Vol. 59 Ch. 871

“ သူက အဝတ်တွေနဲ့မို့သာ ပိန်တယ်ထင်ရပေမယ့် အဝတ်ချွတ်လိုက်ရင်တော့ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေမယ့် လူစားမျိုးပဲ…” ရန်စီ ရှင်းပြလိုက်ပြီး “ ပြီးတော့ ခွန်အား ဒါမှမဟုတ် နည်းပညာပိုင်းမှာပဲ ဖြစ်ဖြစ်… သူ့ရဲ့ အရည်အချင်းတွေက ယှဉ်ပြိုင်သူတွေကြားထဲမှာ အထူးချွန်ဆုံးလို့တောင် သတ်မှတ်လို့ရတယ်…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ ခွန်အားနှင့် နည်းပညာပိုင်းတွင်တော့ ရန်စီမှ သူ့ကို အကဲဖြတ်ရန်အတွက် အရည်အချင်း ပြည့်မှီလေသည်။

“ ကောင်းပြီ.. နှစ်ယောက်လုံး အရင်ဆုံး ထိုင်လိုက်ကြဦး..” ဝူဝန်းရှူ ပြောလိုက်ပြီး “ ရှောင်ကျူးနဲ့ ရှောင်စွန်းတို့ ရှာလာခဲ့တဲ့ လူတွေကလည်း ခဏနေ ရောက်လာတော့မှာ… လူစုံတာနဲ့ အလုပ်ကိစ္စ တန်းပြောမယ်…”

ဝူဝန်းရှူ လင်းရီ၏ ခွန်အားနှင့် စပ်လျဉ်း၍ ချီတုံချတုံ ဖြစ်နေမိသည်။ သို့သော်လည်း ရန်စီ ခေါ်လာခဲ့သူ ဖြစ်သောကြောင့် များများစားစား မှတ်ချက် ပြုမနေတော့ချေ။

မိနစ်အနည်းငယ် ကြာပြီးနောက် အစည်းအဝေး အခန်း တံခါးပွင့်လာခဲ့ပြီး သက်လတ်ပိုင် လူသုံးယောက် ဝင်ရောက်လာခဲ့လေသည်။

သုံးယောက်လုံး အသက်လေးဆယ် ဝန်းကျင်ခန့် ရှိကာ ၎င်းတို့၏ အမူအရာမှာတော့ မရယ်မပြုံးနှင့် ကိုယ့်ကိုယ်ကို ဝတ္ထုထဲမှ အဓိက ဇာတ်ကောင်ကြီးများသဖွယ် သတ်မှတ်ထားကြပုံပင်။နှိုင်းယှဉ်ရမည်ဆိုပါက လင်းရီကပင် ပို၍ နှစ်လိုဖွယ်ကောင်းသည်ဟု ဆို၍ရ၏။

ထိုသုံးယောက် ဝင်လာသည်ကို မြင်တော့ ဝူဝန်းရှူ ကျေနပ်အားရစွာဖြင့် ခေါင်းတညိမ့်ညိမ့် လုပ်လိုက်သည်။

ဘော်ဒီတွေက ဒါမျိုးမှကွ… ရန်စီ ခေါ်လာခဲ့တဲ့လူက အားကိုးချင်စရာ ပုံစံကို မရှိဘူး…

“ ဌာနခေါင်းဆောင် … သူ့နာမည်က နင်တုန်းလျန်… ဟွာရှ ရှေးဟောင်း သိုင်းပညာကို ရှစ်နှစ်လောက်အထိ လေ့ကျင့်ခဲ့ပြီးတော့ အရင်ကလည်း အမေဇုန် သစ်တောကို သွားခဲ့ဖူသေးတယ်.. သူ့ရဲ့ တောတွင်းရှင်သန်နိုင်စွမ်းကတော့ လုံးဝ ထိပ်တန်းပဲ..”

လက်ထောက်ဒါရိုက်တာ ကျူးရွေ့မှ သူရှာလာသည့် လူကို မိတ်ဆက်ပေးလိုက်ပြီး “ ကျန်တဲ့ နှစ်ယောက်ကိုလည်း ကျွန်တော်ပဲ ရှာခဲ့တာ… သူတို့နာမည်က မုန့်ချီနဲ့ ချွီရှင်းညန်… သူတို့လည်း တောတွင်း ကျွမ်းကျင်သူတွေပဲ….. စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ကတော့ သံသယဖြစ်စရာ မလိုဘူး…”

ဝူဝန်းရှူ နှစ်ထောင်းအားရဖြစ်စွာဖြင့် ပြုံးလျက် ခေါင်းညိမ့်လိုက်ပြီး “ အပိုစကားတွေ ပြောနေစရာ မလိုပါဘူး… သူတို့ပုံစံ ကြည့်လိုက်တာနဲ့ မဆိုးဘူးဆိုတာ ငါ တန်းသိပြီးသား…”

“ ခေါင်းဆောင်…ခု လူလည်း စုံပြီဆိုတော့ ပြောလို့ရပြီလေ…” ရန်စီမှ သတိပေးလိုက်၏။

“ အလျင်မလိုစမ်းနဲ့… ငါ … ငါ့လူကို ဒီခေါ်လိုက်ဦးမယ်… ပြီးမှ ကိစ္စတွေကို ဆွေးနွေးဖို့ အစည်းအဝေး စကြတာပေါ့….”

ထိုစကားကို ကြားတော့ ရန်စီ စိတ်ထဲ၌ ယခုလို ရေရွတ်လိုက်၏။

‘ ဌာနခေါင်းဆောင်ကလည်း သူ့လူကို ခေါ်လာခဲ့တယ်လား…’

ဝူဝန်းရှူ ဖုန်းတစ်ချက် ဆက်လိုက်ပြီး လေးငါးမိနစ်လောက် ကြာတော့ အစည်းအဝေးခန်းထဲ လူဆယ်ဦးထက် မနည်း ရောက်ရှိလာလေသည်။

ရောက်လာခဲ့သည့် လူများကို မြင်တော့ လင်းရီနှင့် ကျန်သူများအားလုံး မသိမသာ မျက်မှောင်ကုတ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဤလူများက သာမန်ယှဉ်ပြိုင်သူများ မဟုတ်ပဲ သူတို့ ယခင်က မြင်ဖူးခဲ့သည့် ဆယ်လီများ ဖြစ်နေသောကြောင့်ပင်။

လင်းရီ လှေပေါ် မတက်ခင်က တွေ့ခဲ့သည့် လီချိန်ရှင်းကလည်း ထိုအထဲတွင် ပါဝင်နေလေသည်။

အုပ်စုထဲ၌ မန်နေဂျာများနှင့် လက်ထောက်များကို ဖယ်ထုတ်လိုက်ပါက အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ ဆယ်လီ နှစ်ဦး ပါဝင်နေသည်။

၎င်းတို့၏ ရုပ်ရည်က အင်တာနက်ရှိ ဆယ်လီများထက်တော့ သာလွန်နေကြောင်း လင်းရီ ဝန်ခံရလိမ့်မည်။ အထူးသဖြင့်တော့ အမျိုးသမီး၏ ရင်နှင့် တင်အလှက အနုပညာ မျက်လုံးဖြင့် ကြည့်မည်ဆိုပါက လွန်လွန်ကြူးကြူး တင်စား ချီးမွမ်းလောက်စရာပင်။

တစ်ချိန်တည်း၌ လင်းရီ အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့၏။

ဒီလောက်လှတဲ့ ရုပ်ရည်နဲ့ဆို အရင်းအမြစ်တွေ မရှားပါးလောက်ပါဘူးဟ… ဒီလို စွန့်စားရတဲ့ ရှိုးပွဲမျိုးမှာ ဝင်ပါစရာ လိုလို့လား…

အချင်းချင်း ဆွဲငင်ကြသည့် ဖိုနှင့်မ နိယာမအတိုင်း တစ်ဖက် အမျိုးသမီး ဆယ်လီကလည်း လင်းရီကို တိတ်တခိုးလေး ချောင်းကြည့်လိုက်သည်။

ချောမောနေသည့် လင်းရီကို သူမ စိတ်ထဲ စူးစမ်းချင်မိသွားသည်။ ‘ သူလေးက ဘယ်သူများလဲ… ငါ ဘာလို့ အရင်က မမြင်ဖူးတာ… အနုပညာနယ်ပယ်ထဲ ခုမ စပြီး ခြေချတဲ့ လက်သစ်လေးများလား..’

ဘေးတွင် ထိုင်နေသည့် ရန်စီကတော့ လင်းရီထက်ပို၍ ပရော်ဖက်ရှင်နယ်ကျကျ စဉ်းစားခန်း ဝင်နေလေသည်။

‘ ဒီ နာမည်ကြီး ဆယ်လီတွေ အကုန်လုံးကို ဖိတ်ကြားထားတယ် ဆိုရင်တော့ ခု အစည်းအဝေးရဲ့ အကြောင်းအရာက အထူး အလေးပေး ဆက်ဆံခံရမှာနဲ့ ဘာမှ မဆိုင်လောက်တော့ဘူး…’

အကုန်လုံး ထိုင်ခုံနေရာတကျနှင့် ဖြစ်သွားခဲ့သည်ကို မြင်တော့ ဝူဝန်းရှူမှ အပြုံးလေးဖြင့် စကားချီလိုက်ကာ “ ခု လူတိုင်းလည်း ဒီရောက်နေကြပြီဆိုတော့ .. ငါ အဓိက အကြောင်းအရာကို တန်းသွားလိုက်တော့မယ်… မင်းတို့အားလုံး ခု ဒီရောက်နေကြတဲ့ လူတွေကို သိပြီးကြမယ်ဆိုတာ သေချာတယ်…သူတို့အားလုံးက အနုပညာ နယ်ပယ်ထဲက နာမည်ကြီး ဆယ်လီတွေပဲ… သူတို့တွေ ဒီရှိုးကို လာပြီး ဆင်နွှဲရခြင်း အကြောင်းအရင်းကတော့ ရိုးရှင်းပါတယ်… သူတို့ကိုယ်သူတို့ သက်သေ…..”

“ ဘော့စ်… ခဏလေး….”

နင်တုန်းလျန်ဆိုသည့် ဗလကြီးမှ ဝူဝန်းရှူကို စကားဖြတ်ပြောလိုက်ပြီး “ အဲ့တာ ကျုပ်တို့နဲ့ ဘာဆိုင်လို့တုန်း….”

“ မင်းကလည်း…. စကားဆုံးအောင် နားထောင်ဦးမှပေါ့ကွ.. ငါ ဖြည်းဖြည်းချင်း ရှင်းပြမယ်…” ဝူဝန်းရှူ စိတ်မဆိုးပဲ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ မင်းတို့လည်း သိပါတယ်.. ခုခေတ် ဆယ်လီ အိုင်ဒေါတွေဆိုတာ ဘက်စုံထူးချွန်နေမှ ဖြစ်တာ… ဒါကြောင့်မို့ ကျွမ်းကျင်မှုပိုင်းနဲ့ ပတ်သက်လာရင် သူတို့က မင်းတို့ကောင်တွေအောက် မဆိုစလောက်လေးပဲ လျော့ချင်လျော့လိမ့်မယ်… ငါ့အကြံက မင်းတို့ ခြောက်ယောက် အသင်းဖွဲ့ပြီး ဆုငွေရအောင် ယှဉ်ပြိုင်ကြဖို့ပဲ….”

“ ဘော့စ်…. ခင်များ လာနောက်နေတာလား…” နင်တုန်းလျန် ပြောလိုက်ပြီး “ ခု ပြိုင်ပွဲမှာ ဝင်ပြိုင်နေတဲ့ ဆရာကြီးတွေမှ အမျာကြီးပဲ… ကျုပ်တို့ ကိုယ့်ဘာကိုတောင် ရလဒ်ကောင်း ရဖို့ မရေရာပါဘူးဆိုနေမှ သူတို့ကိုပါ လက်တွဲခေါ်ရဦးမယ်ဆိုရင် သေချာပေါက် နွားရုန်းရုန်းရတော့မှာ… စိတ်မကောင်းပါဘူး.. ကျုပ်ကတော့ ဒီတောင်းဆိုချက်ကို လုံးဝ သဘောမတူနိုင်ဘူး…”

ဝူဝန်းရှူ မျက်မှောင်ကြုတ်လိုက်သည်။ သူ စလာကတည်းက အတားအဆီးနှင့် ကြုံတွေ့ရလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။ ထို့ကြောင့် သူ ကျန်သည့် နှစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်၏။

“ မစ္စတာမုန့်.. မစ္စတာချွီ… မင်းတို့ကော….. ဘယ်လိုထင်လဲ…”

နှစ်ယောက်သား အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး ချွီရှင်းညန်မှ ပခုံးတွန့်လိုက်ပြီး “ ကျုပ်ဘက်ကလည်း အတူတူပဲ… ခင်များက ဒီရှိုးရဲ့ ခေါင်းဆောင်ဆိုရင်တောင် ဒီလို အခြေအနေမျိုးကိုတော့ လက်မခံနိုင်ဘူး…”

ရန်စီ မျက်မှောင်ကြုတ်ထားပြီး ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားလိုက်သည်။ သူမ၏ ကင်းမဲ့နေသည့် မျက်နှာအမူအရာက သူမ သေချာပေါက် မပျော်မရွှင်ဖြစ်နေကြောင်း ပြောပြနေလေသည်။

ယခုလို ရှိုးပွဲမျိုးက ဓနရှင်တို့၏ လွှမ်းမိုးမှုအောက် ရောက်သွားလိမ့်မည်လို့ သူမ မျှော်လင့်မထားခဲ့ချေ။

ဝူဝန်းရှူ လင်းရီ၏ အမြင်သဘောထားကို လျစ်လျူရှုထားလိုက်ပြီး ပြုံးလျက် “ ငါနားလည်တယ်… မင်းတို့အကုန်လုံးက သွေးကြွတဲ့ လူစားမျိုးတွေ ဖြစ်ပြီး နောက်ဆုံး ရလဒ်ကို အရမ်းတန်ဖိုးထားတယ် ဆိုတာလည်း သိတယ်… ဒါကြောင့်မို့ မင်းတို့ကို အလကားတော့ မကူညီခိုင်းပါဘူး…”

“ ခင်များ ဘာပြောချင်နေတာ…” နင်တုန်းလျန် မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။

ဝူဝန်းရှူ ဘာမျှ ပြန်မပြောပဲ လီချိန်ရှင်း၏ အေးဂျင့်ထံ အကြည့်တစ်ချက် ပို့လိုက်၏။ အထာနပ်သည့် တိုနီမှ “ ကိန်းဂဏန်းတစ်ခုပြောလိုက်…. ဘယ်လောက်လိုချင်လဲ…”

သုံးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထိုမျှ ပွင့်လင်းမြင်သာ သဘောထား ရှိလိမ့်မည်လို့ မျှော်လင့်မထားကြချေ။

ယခုလို အခြေအနေမျိုးနှင့် ဆိုလျှင်တော့ သူတို့ဘက်က သေချာလေး ဂရုတစိုက်နှင့် ချင့်ချိန်ကြရပေမည်။

မည်သို့ပင်ဆိုစေ သူတို့ ဤနေရာသို့ ရောက်လာခဲ့ကြသည်ကလည်း ငွေတစ်မျက်နှာကြောင့်ပင်။

ယခု တစ်ဖက်သူမှ လက်ဦးမှုရယူကာ တံခါးလာခေါက်ချေပြီဖြစ်သောကြောင့် သူတို့ဘက်ကလည်း ငြင်းပယ်ရန် အကြောင်း ရှိမနေချေ။

သုံးယောက်သား ခဏလောက် ခေါင်းချင်းရိုက်လိုက်ကြပြီး နောက်ဆုံးတွင်တော့ နင်တုန်းလျန်မှ “ ခြောက်သိန်း… ဒေါ်လာနဲ့… တစ်ယောက်စီကိုနော်…ဒါပေမယ့် တစ်ပတ်ပဲ ကာကွယ်ပေးနိုင်မှာ…. တစ်ချိန်လုံးကြီးကတော့ လုံးဝမဖြစ်နိုင်ဘူး…”

‘ဟမ်..’

ဘေးရှိ လင်းရီကတော့ ကြောင်တောင်တောင် ဖြစ်နေသလို စိတ်ကလည်း တော်တော်လေးကို အချဉ်ပေါက်နေချေပြီ။

ဒါ ဘာသဘောတုန်းကွ.. ငါ့ကို ကိုယ်ပျောက်နေတယ်လို့များ ထင်နေကြတာလား….

တိုနီ ခေတ္တမျှ စဉ်းစားပြီးနောက် “ ပြဿနာမရှိဘူး…”

“ ငါတို့ကတော့ ဒီဈေးကို ပြန်ပြီး သုံးသပ်ကြည့်လိုက်ဦးမယ်..” အမျိုးသမီး ဆယ်လီ မန်နေဂျာမှ ပြောလိုက်ပြီး “ အဖြေရရင် ဆက်သွယ်လိုက်မယ်…”

“ အဆင်ပြေတယ်..” နင်တုန်းလျန် ပြောလိုက်ပြီး “ ဒါပေမယ့် ခင်များတို့ သေချာလေး ဆုံးဖြတ်ချက်ချတာ ကောင်းမယ်… ဒီလိုနေရာမျိုးမှာ တစ်စုံတစ်ယောက်ကမှ သူမကို ကာကွယ်ပေးမနေဘူးဆိုရင် ကျွန်းပေါ်ရောက်ဖို့တောင် ခက်ခဲလိမ့်မယ်…”

အမျိုးသမီး ဆယ်လီမန်နေဂျာမှ ဘာမျှမပြောပဲ သူမ၏ အမူအရာက လေးလေးနက်နက် ဆင်ခြင်ဆုံးဖြတ်နေသည့် ပုံပင်။

“အဟမြး အဟမြး… “

တိုနီ ချောင်း သုံးလေးကြိမ်ခန့် ဆိုးလိုက်ပြီး “ ခု နင်တို့အားလုံးက သဘောတူပြီးသွားကြပြီဆိုတော့ ငါ စကားနည်းနည်းလောက် ပြောချင်တယ်… နင်တို့ အကုန်လုံး ငါတို့ရဲ့ ချိန်ရှင်းလေးကို ကောင်းကောင်း ကာကွယ်ပေးကြမယ်လို့ မျှော်လင့်တယ်… တကယ်လို့များ သူ မှဲ့ တစ်ပေါက် စွန်းသွားခဲ့ရင်တောင် နင်တို့အကုန် အကျိုးဆက်ကို တာဝန်ယူဖို့ ပြင်ထားလိုက်ကြ..”

“ ငါ လခွီး… မင်း…. ဒါတော့ လွန်သွားပြီ… “ နင်တုန်းလျန် ဒေါသတကြီး ဆိုလိုက်ပြီး “ ဒီရှိုးထဲ ရောက်လာပြီးမှတော့ မပွန်းမပဲ့ဘဲ လွတ်မြောက်ချင်နေတယ်ဆိုရင်တော့ အိပ်မက်သာမက်နေလိုက်…. ငါတို့ အဲ့လိုမျိုး အာမခံချက် မပေးနိုင်ဘူး…”

“ ဒါဆို နင်တို့ သုံးယောက်လုံးကို ပိုက်ဆံပေးထားရတာ အလကားပဲလား…” တိုနီ မောက်မာသည့် လေသံဖြင့် ပြန်လည် ချေပလိုက်၏။

တောင်မရောက် မြောက်မရောက် ရွှဲ့စောင်း ပြောပြောသည့် လေသံက လင်းရီကို ကြက်သီးမွေးညင်းများ ထသွားစေပြီ အော်ဂလီ ဆန်သွားစေခဲ့၏။

“ ဟဲ့… နင် ဘယ်လဲသွားမလို့..” လင်းရီ ထထွက်သွားသည်ကို မြင်တော့ ရန်စီ လှမ်းမေးလိုက်သည်။

“ ငါ ဗိုက်သိပ်မကောင်းလို့.. အဲ့တာ သွားအန်မလို့..”

“ ဟင်.. နေလို့ မကောင်းဘူးလား….”

“ နည်းနည်းပါ…” လင်းရီ ပြောပြီးနောက် လှည့်ထွက်သွားလိုက်ပြီး “ နောက်တစ်ခါကျရင် ကိစ္စက ဘာလဲဆိုတာ ဂဃနဏသိမှ လာပြော… ငါ့အချိန်တွေ အလကား ပုပ်တယ်….”

“ ဒါက….”

“ ရပ်စမ်း..”

လင်းရီ ထွက်သွားတော့မည့် အချိန်တွင် လီချိန်ရှင်း နောက်မှ ဟန့်တားလိုက်ပြီး “ မင်း ဒါ ဘာအချိုးချိုးတာ…”

ဝူဝန်းရှူလည်း လင်းရီကို အံ့အားသင့်နေသည့် မျက်ဝန်းတို့ဖြင့် မော့ကြည့်လိုက်သည်။

ဒီကောင်က ဘာလား.. ဘာလို့ အဲ့လောက်တောင် ယဉ်ကျေးမှု မရှိရတာ…

“ နေစမ်းပါဦး…. မင်း ပုံစံကြည့်ရတာ ရင်းနှီးနေသလိုပဲ…” လီချိန်ရှန်းမှ ရေရွတ်လိုက်ပြီးနောက် မျက်ပြူးဆန်ပြာဖြစ်စွာဖြင့် “ မင်း… မင်း Dou yu စထွင်မာ မျက်နှာဖုံး အစ်ကိုကြီးမလား….”

“ ဟင်… အဲ့ဒီ လင်းရီလား…” တိုနီလည်း အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်လေသည်။

Dou Yu နှင့် ဆွေးနွေးညှိနှိုင်းမှုပြုစဉ်က တိုနီ လင်းရီ၏ အခြေအနေကို ကြားသိခဲ့ရသောကြောင် လင်းရီ၏ နာမည်ကို မှတ်မိနေခြင်းပင်။

“ သူနဲ့ တကယ်တူတယ်…” လီချိန်ရှင်းပြောလိုက်ပြီး “ ငါ သူ စထွင်းလုပ်တုန်းက ကြည့်ဖူးသေးတယ်…”

All Chapters