← Chapters

သင်္ဘောက အခု ပြန်လှည့်နေပြီ

Vol. 59 Ch. 872

သင်္ဘောက အခု ပြန်လှည့်နေပြီ

Vol. 59 Ch. 872

“ မင်း မှတ်ဉာဏ်ကတော့‌ ကောင်းသားပဲ…” လင်းရီ ပြုံးရင်း မှတ်ချက်ပြုသည်။

လင်းရီ၏ အထောက်အထားကို အတည်ပြုပြီးတော့ လီချိန်ရှင်း ဘာမျှ မပြောရသေးခင် သူ၏ မန်နေဂျာ တိုနီမှ စွေ့စွေ့ခုန်လာခဲ့ပြီး “ နင်က တော်တော်လေး သတ္တိကောင်းနေတယ်ပေါ့… အရင်တစ်ခေါက်တုန်းက ရန်ငြိုးတွေတောင် မချေရသေးဘူး.. ဒါတောင် ငါ့မျက်စိရှေ့ ပေါ်လာရဲနေတယ်ပေါ့လေ… ဟုတ်လား…”

လင်းရီနှင့် ဖုန်းပြောသည့် ကိစ္စကြောင့် တိုနီ စိတ်မဆိုးသွားပေ။ Dou Yu နှင့် သဘောတူညီမှု မရတော့ လီချိန်ရှင်းမှ တစ်ဖက်သို့ လှည့်၍ ခွိုက်ရှုံနှင့် စာချုပ်ချုပ်လိုက်လေသည်။

သို့သော်လည်း လိုက်စထွင်းရလဒ်ကတော့ အခြေအနေကောင်းမနေခဲ့ချေ။

ယင်းက ဝေ့ပေါ်ရှိ အသေးစား ဘလောဂါလေးများကို တိုက်ခိုက်ရန် အခွင့်အရေး တစ်ခု ပေးသလို ဖြစ်သွားခဲ့ပြီး များစွာသော အသုံးပြုသူတို့မှ လီချိန်ရှင်း၏ ကျော်ကြားမှုနှင့် ရေပန်းစားမှုတို့အပေါ် မေးခွန်းထုတ်လာခဲ့ကြလေသည်။

အဆုံးတွင် အေဂျင်စီမှ အဆိုပါဂယက်ကြီးကို ဖုံးဖိဖို့ရန်အတွက် ပိုက်ဆံ တော်တော်လေး သုံးစွဲလိုက်ရ၏။

အချိန်အတော်ကြာနေပြီး ဖြစ်သော်လည်း သူ့ရင်ထဲရှိ ဒေါသတို့ကတော့ မပျက်သုဉ်းသွားသေးချေ။ ယခု လင်းရီကို မြင်တော့မှ သူ့ ရင်ထဲရှိ အမျက်ဒေါသများကို ဖောက်ထုတ်ရန် အခွင့်အရေး ရှာတွေ့တော့သည်။

“ မင်းက ငါနဲ့ ရှင်းစရာ ရှိနေတယ်လား…” လင်းရီ ပြုံးစစ မေးမြန်းလိုက်သည်။

“ မင်း…မင်း… မင်း လူကို ဘယ်လို စကားပြောနေတာလဲ… အတော်မိုက်ရိုင်းတဲ့ကောင်..”

တိုနီမှ ခါးတစ်ဖက်ထောက်လျက် လင်းရီကို လက်ညိုးငေါက်ငေါက်ထိုးပြီး စွေ့စွေ့ခုန်လုမတတ် အော်ငေါက်လိုက်သည်။

“ မစ္စတာတိုနီ… ရှင် စကားအေးဆေးပြောရင် ကောင်းမယ်.. ဘာလို့ အဲ့လောက်ထိ ဆတ်ဆတ်ထိမခံ ဖြစ်နေရတာ” ရန်စီမှ ပြောလိုက်သည်။

ရန်စီ တော်တော်လေး ထိတ်လန့်နေခဲ့၏။

လင်းရီသည်ကား မဆင်မခြင် အရမ်းနိုင် သူတစ်ယောက်။ သူ၏ ခွန်အားဖြင့် ဆိုပါက အကယ်၍ လင်းရီ တစ်ချက် ရိုက်လိုက်လျှင်ပင် သူ့လက်ကျန် သက်တမ်းတစ်ဝက်ပင် ပျောက်ရှသွားနိုင်သည်။

“ ဒါရိုက်တာရန် … စိတ်မပူနဲ့… ကျုပ်ဘက်က လွန်လွန်ကြူးကြူးတွေ မလုပ်ပါဘူး.. ဒီတိုင်း သင်ခန်းစာ တစ်ခုလောက် ပေးချင်ရုံပါပဲ….”

ရန်စီ ဆိုရန်စကား ကင်းမဲ့သွားခဲ့တော့သည်။

သူမတောင် အမှောက်သိပ်လို့ ရနေတဲ့ တောင်မရောက် မြောက်မရောက်ကများ လင်းရီကို သင်ခန်းစာပေးချင်နေတယ်….

နာမည်ကြီး ဆယ်လီတွေ မောက်မာတာ ထားပါတော့.. ဒါပေမယ့် ဒီရဲ့ မန်နေဂျာတွေကပါ ဘာလို့ အရမ်း မောက်မာနေကြတာ….

“ မစ္စတာတိုနီ… သူ့ကို ဒါရိုက်တာရန်က ခေါ်ထားတာနော်…. တစ်ယောက်ကို တစ်ယောက် မျက်နှာသာပေးပြီးတော့ ဒီကိစ္စကို မေ့လိုက်မယ်ဆိုရင်ကော….” ဝူဝန်းရှူမှ ပြောလိုက်သည်။

“ ဆို‌တော့ သူက ဒါရိုက်တာရန်ရဲ့ လူပေါ့…” တိုနီ ရေရွတ်လိုက်ပြီး “ ဒါဆိုလည်း ငါ ဒါရိုက်တာရန်ကို မျက်နှာသာပေးပြီး ဒီတစ်ခေါက်တော့ သင်ပုန်းချေပေးလိုက်မယ်…”

ရန်စီ နဖူးကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး မည်သို့ ခွန်းတုံ့ပြန်ရမှန်း မသိ ဖြစ်နေတော့၏။

တိုနီ ရန်စီကို ကြည့်လိုက်ပြီး ရွှဲ့စောင်းသည့် မျက်နှာထားဖြင့် “ ဒါပေမယ့် ဒါရိုက်တာရန်.. မင့်မိတ်ဆွေကို သေချာလေးသွန်သင်ပြီးတော့ စကားကို လက်လွတ်စပယ် မပြောဖို့ သင်ထားပေးလိုက်.... အင်တာနက်ပေါ်မှာ ပရိတ်သတ်လေး နည်းနည်းလောက် ရှိရုံနဲ့ ငါ့ကို လက်ညိုးလာထိုးလို့ ရပြီ ထင်မနေနဲ့… ငါတို့ချိန်ရှင်းရဲ့ ကျော်ကြားမှုက သူနဲ့ မတူတဲ့ လယ်ဗယ်တစ်ခုမှာ… ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်…. ဒါပေမယ့် နောက်တစ်ကြိမ် ရှိလာခဲ့ရင်‌တော့ အဟောင်းနဲ့ အသစ်ပေါင်းပြီး နှစ်ဆ အကျိုးခံစားရမယ်…”

ရန်စီ “ … “

လင်းရီက သူနဲ့ စကားမပြောချင်ဘူးဆိုတာ အသိအသာကြီးပဲလေ.. အဲ့တာကို ဘာလို့ သူ့ခေါင်းသူ စဉ်းနီတုံးပေါ် လာတင်ပြီး လည်စင်းခံပေးနေတာ…

လင်းရီကို သဘောမနော အင်မတန် ကောင်းတဲ့လူလို့ ထင်နေတာလား မသိဘူး…

“ ဒီလိုဆိုရင်ကော… မင်း သူမကို မျက်နှာသာပေးစရာ မလိုဘူး.. တကယ်လို့ တစ်ခုခု ရှိရင် ခုချက်ချင်း ဖြေရှင်းကြမယ်..” လင်းရီ ပြောလိုက်သည်။

တိုနီ လင်းရီကို လုံးဝ ရှိန်မနေချေ။

“ ငါ နင့်ကို ပြောလိုက်မယ်….. ငါက ဒါရိုက်တာရန်နဲ့ ခေါင်းဆောင်ဝူကြောင့် နင့်ကို စကားမပြောတာ… အရမ်း အရှက်………”

လင်းရီ လက်မြှောက်၍ တိုနီ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

“ ရှီးပဲ… မလှုပ်ရှားရဲပဲနဲ့ ပေါက်ပေါက်ဖေါက်နေတာများ မိန်းမတောင် အရှုံးပေးရလောက်တယ်… သောက်ကြောက်…. “

တိုနီ ပါးရိုက်ခံလိုက်ရ၍ ချာချာလည်ပြီး ကြမ်းပြင်သို့ လဲကျသွားခဲ့လေသည်။

ယင်းမြင်ကွင်းက အစည်းအဝေးခန်းထဲရှိ လူတိုင်းကို ရှော့ခ်ရသွားစေခဲ့တော့၏။

မည်သူကမျှ ကျောင်းတော်သားကဲ့သို့ နှစ်လိုဖွယ်ရှိသူ တစ်ယောက်က ကိုယ်ထိလက်ရောက် ပြုမူလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

သူ ပြိုင်ပွဲကနေ အထုတ်ခံချင်နေတာလား မသိဘူး…”

“ နင်…. နင် ငါ့ကို ရိုက်တယ်…”

တိုနီ သူ့မျက်နှာကို လက်ဖဝါးဖြင့် အုပ်ထားပြီး မျက်ရည်များက စီးကျလာလေသည်။

လင်းရီ ရယ်မောချင်စိတ်ကို မျိုသိပ်ထားလိုက်၏။

လူကဖြင့် အသက်သုံးဆယ်ကျော် လေးဆယ်အရွယ်ထဲ ရောက်နေပြီကို ငါ လခွီးမို့ လာငိုနေတာလားဟ…

‘ မသိရင် ငါကပဲ မတော်မတရား အနိုင်ကျင့်လိုက်တာကျလို့….’

“ ဟဲ့ နင်တို့ကကော ဘာတွေ ရပ်ကြည့်ကောင်းနေတာလဲ… မြန်မြန်သူ့ကို ရိုက်ကြလေ…”

လီချိန်ရှင်းနောက်ရှိ သက်တော်စောင့်နှစ်ယောက်မှာ စကားတစ်ခွန်းမျှ မဆိုပဲ လင်းရီထံ အဟုန်ဖြင့် တိုးဝင်လာခဲ့၏။

သက်တောင်စောင့် တစ်ဦးမှ လင်းရီ မျက်နှာထံ ဝိုက်လက်သီး တစ်လုံးဖြင့် တိုးဝင်လာခဲ့သည်။

လင်းရီ ကိုယ်ကို ဘေးသို့ တိမ်းစောင်း၍ ရှောင်ရှားလိုက်ပြီးနောက် သက်တောင်စောင့်၏ ဆံပင်ကို ဆွဲစုကာ အစည်းအဝေးခန်းမထဲရှိ စားပွဲဖြင့် မိတ်ဆက်ပေးလိုက်၏။

တစ်ချိန်တည်းတွင် နောက်ထပ် သက်တော်စောင့် တစ်ယောက်ကလည်း ပြေးဝင်လာသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် လင်းရီကို တိုက်ခိုက်ရန် ဟန်ပင် မပြင်နိုင်လိုက်ပဲ ခြေကန်ချက်ကြောင့် လွင့်ထွက်သွားခဲ့ကာ နောက်ရှိ နံရံနဲ့ ပစ်ဆောင့်သွားခဲ့တော့၏။

ဘေးတွင် ထိုင်နေသည့် အမျိုးသမီး ဆယ်လီမှာတော့ လင်းရီကို ကြည့်ရင်း မျက်ဝန်းလေးများ ပြူးကျယ်စွာဖြင့် ချယ်ရီနှုတ်ခမ်းဖူးတို့ကလည်း ပွင့်အာနေသည်။

ရှောင်ကောကော… နင်က စထွင်မှာကော ဟုတ်ရဲ့လားဟင်…. ဘာလို့ အတိုက်အခိုက် အဲ့လောက်ထိ ကျွမ်းကျင်နေရတာ….

“ လင်းရီ … မင်း အရမ်း တရားလွန်နေပြီ… မင်း ကိုယ်မင်း ဘာလုပ်နေလဲဆိုတာ သိရဲ့လား…” ဝူဝန်းရှူ မျက်နှာကြီး နီရဲလျက် စားပွဲကို ဒေါသတကြီးဖြင့် ရိုက်နှက်လိုက်သည်။

လင်းရီ မျက်ခုံးပင့်ပြီး ဝူဝန်းရှူကို ကြည့်လိုက်၏။

“ ကျုပ်သိတယ်…. ခင်များ မျက်လုံးတွေကပဲ ကျုပ်ဘာလဲ နေလဲဆိုတာကို မမြင်နိုင်တာလား…”

“ မင်း… မင်း … ကောင်းတယ်.. သိပ်ကောင်းတယ်… ငါခု မင်းကို ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်ပြီဟျောင့်…”

ရန်စီကတော့ ထိုင်ခုံပေါ်တွင် ထိုင်ရင်း ဆံပင်ကို ထိုးဖွလျက် အကြီးအကျယ် စိတ်ညစ်နေလေသည်။ မူလက တစ်ခုခု ဝင်ပြောရန် ဟန်ပြင်နေသော်လည်း ဝူဝန်းရှူ၏ စကားကို ကြားပြီးနောက် လက်လျော့လိုက်တော့သည်။

“ ခင်များ သေချာပြီလား…”

“ သေချာတယ်… ဌာန ခေါင်းဆောင်တစ်ယောက်ရဲ့ အာဏာကို သုံးပြီး မင်းကို ထုတ်ပယ်လိုက်ပြီ..”

“ ကောင်းပြီလေ…” လင်းရီ ပြုံးလိုက်ပြီး “ နောက်ကျမှ ခင်များ နောင်တမရနဲ့…”

“ ဟမ့်... " ဝူ၀န်းရှူ နှာခေါင်းရှုံ့လိုက်ပြီး " မင်းကိုယ်မင်း ဘာကောင်ထင်နေတာ… ပေါက်လွတ်ပဲစား အင်တာနက် ဆယ်လီ အဆင့်ကများ ကိုယ့်ကိုယ်ကို ဆရာကြီးလိုလို သဘာပတိကြီးလိုလိုနဲ့…”

ထိုအခိုက်အတန့်တွင်တော့ ဝူဝန်းရှူ ရန်စီ၏ မျက်နှာကို ထောက်ထားရန် သတိမရတော့ပဲ ကျယ်လောင်စွာဖြင့် ပုတ်ခတ် ပြောဆိုလိုက်၏။ မဟုတ်ပါက သူ တစ်ဖက်သူနှင့် ပြန်လည်သင့်မြတ်နိုင်လိမ့်မည် မဟုတ်တော့ချေ။

“ ကောင်းပြီလေ… ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့…”

လင်းရီ အပြုံးလေးဖြင့် ထွက်ခွာသွားခဲ့သည်။

လင်းရီ ဘေး၌ ထိုင်နေသည့် အမျိုးသမီး ဆယ်လီကတော့ သူ၏ နောက်ကျောကို ငေးမောရင်း ဝေဝါးသည့် မြူခိုးတို့က မျက်စိရှေ့ ထွက်ပေါ်လာသည်။

ပရိုဂရမ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အရဆိုရင် လှေပေါ်မှာ ခိုက်ရန်ဖြစ်ပွားတာကို တားမြစ်ထားတယ် မဟုတ်ဘူးလား… အဲ့တာတောင် ဘာလို့ ချိုးဖောက်ရဲနေတာ… သူ့ရဲ့ ကျော်ကြားမှုကို တိုးမြင့်ဖို့ ဒီပရိုဂရမ်ကို မလိုအပ်တော့ဘူးလား…. နည်းနည်းလောက်လေး သည်းခံလိုက်တော့ကော ဘာဖြစ်သွားမှာမို့လို့လည်း အချောလေးရယ်… ခုတော့ …. ဟင်း……

သူမ လင်းရီအတွက် စိတ်မကောင်း ဖြစ်နေခဲ့၏။ အကြောင်းမူကား လင်းရီက အဆင်လေး ဖြစ်နေသောကြောင့်ပင်။ အကယ်၍များ လင်းရီသာ လင်းတရုပ်နှင့် ကျီးမထိုးသူဆိုပါက သူနှင့် ထိုက်တန်သည်ဟု ခံစားရမည်မှာ မလွဲမသွေပင်တည်း။

“ မစ္စတာ တိုနီ… ကျုပ် တကယ့်ကို တောင်းပန်ပါတယ်… ဒီလိုမျိုး ဖြစ်ပျက်သွားလိမ့်မယ်လို့ ကျုပ်တကယ်ကို ထင်မထားလို့ပါ..”

ဝူဝန်းရှူ တောင်းပန်တိုလျှိုးသည့် လေသံဖြင့်‌ ပြောလိုက်သည်။

“ ခေါင်းဆောင်ဝူ…" တိုနီ ဒေါကန်နေသည့် လေသံဖြင့် မာန်ပါပါ ပြောလိုက်ပြီး " နင် သူ့ကို လှေပေါ်ကနေ ချက်ချင်း မောင်းထုတ်လိုက်ရင်ကောင်းမယ်.. ငါ သူ့မျက်နှာကို လှေပေါ်မှာ တစ်မိနစ်လေးတောင် မမြင်ချင်တော့ဘူး..”

“ အာ…. အဲ့တာကျတော့ ကျုပ်တို့က ခု ပင်လယ်ထဲ ရောက်နေတာဆိုတော့ နည်းနည်းလေး ခက်ခဲလောက်တယ်……. ဒါပေမယ့် ကျုပ် သူ့ကို ထုတ်ပစ်လိုက်ပြီးတော့ သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ထားလိုက်မယ်… သူ မစ္စတာတိုနီရဲ့ မျက်စိရှေ့ မပေါ်လာစေရပါဘူး…”

“ ကောင်းပြီလေ…. ဌာနခေါင်းဆောင်ဝူ သင့်လျော်သလိုသာ ကြည့်လုပ်လိုက်…”

ရန်စီ ခေါင်းခါရမ်းပြီး မတ်တတ်ရပ်၍ အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

“ ဒါရိုက်တာရန်… မင်း ဘယ်လဲသွားမလို့…” ဝူဝန်းရှူမှ ဝတ္တရားအရ မေးမြန်းလိုက်၏။

“ ကျွန်မ သိပ် နေလို့မကောင်းလို့…. လေကောင်းလေသန့်လေး သွားရှူလိုက်ဦးမယ်…ရှင်တို့ပဲ ပြောနှင့်ကြပါ..”

ရန်စီ တစ်ချက် ပြန်မလှည့်ပဲ ထွက်ခွာသွားခဲ့ပြီး ဝူဝန်းရှူကလည်း ဟန့်တားလိုသည့် ရည်ရွယ်ချက် မရှိပေ။

ယခုလို ကိစ္စများ ဖြစ်ပျက်ပြီးသည့်နောက်တွင် သူမကို ဤနေရာ၌ ရှိနေရန် တောင်းဆိုသည်က မသင့်လျော်ချေ။

သူတို့ချင်း စကားပြောပြီးတော့မှပဲ ကျန်သည်များကို သူမထံ အသိပေးလိုက်တော့မည်။

နောက်ထပ် နာရီဝက်ကြာအောင် စကားပြောပြီးနောက် လီချိန်ရှန်းနှင့် ကျန်သူများအားလုံး အစည်းအဝေးခန်းထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြ၏။ ဝူဝန်းရှူ ရန်စီကို အစည်းအဝေးခန်းထဲ လာတွေ့ရန် ညွှန်ကြားလိုက်သည်။

“ ဌာနခေါင်းဆောင်ဝူ.. ကျွန်မကို ရှာနေတာလား…” ဘာမျှ ဖြစ်ပျက်ထားခြင်း မရှိသကဲ့သို့ ရန်စီ သာမန် အေးဆေး လေသံဖြင့်သာ မေးမြန်းလိုက်သည်။

“ ဒါရိုက်တာရန်…. လင်းရီက မင်းရဲ့ မိတ်ဆွေဆိုတာ ငါ နားလည်တယ်.. ဒါပေမယ့် ငါလည်း ဒီကိစ္စ ဘာမှ မတတ်နိုင်ဘူး… ဒါပေမယ့် မင်း မျက်နှာကြောင့် ငါ ဒီကိစ္စကို ကိုယ်တိုင် မကိုင်တွယ်တော့ဘူး… မင်းပဲ ကောင်းကောင်းကိုင်တွယ်လိမ့်မယ်လို့ မျှော်လင့်တယ်…”

၎င်းကိုကြားတော့ ရန်စီ ထူးဆန်းသည့် မျက်နှာထားဖြင့် ဖြစ်သွားခဲ့ပြီး “ ဌာနခေါင်းဆောင်ဝူ.. ရှင် သင်္ဘော တစ်ခုခု မှားနေတာကို တကယ်ကြီး မသိဘူးလား..”

“ ဟမ်... တစ်ခုခု ဖြစ်နေလို့လား… ဘာလဲဖြစ်လို့… ငါတော့ အားလုံး ပုံမှန်ပဲလို့ ထင်တာပဲ….”

“ သင်္ဘောက အခု နောက်ပြန်လှည့်နေပြီ..”

All Chapters