သူက ရှင့်ကို အံ့အားသင့်သွားစေလိမ့်မယ်…
Vol. 59 Ch. 878
“ ဒါဆိုလည်း ညင်ညင်သာသာလေး လုပ်နော်…”
“ အဲ့တာ ငါနဲ့ ဘာဆိုင်လို့…” လင်းရီ ပြောလိုက်ပြီး “ မင်းဘက်ကပဲ ကြမ်းကြမ်းလေး ဆိုပြီး အရင်တောင်းဆိုတာ မဟုတ်ဘူးလား…”
“ ပေါက်တတ်ကရတွေ… မြန်မြန်လေး…. နောက်ကျရင် လုပ်စရာတွေ ရှိသေးတယ်….”
“ အဲ့တာကျတော့ ငါထိန်းချုပ်လို့ရတဲ့ အရာမဟုတ်တော့ဘူးလေ….”
“ နင်လေ… သူများကို ဘယ်လို အခွင့်ကောင်းယူရမလဲ ဆိုတာပဲ သိတယ်…”
သင်္ဘော ကျောက်ချမည့် အချိန်က နံနက် လေးနာရီခွဲဖြစ်ပြီး ယခုက ည ဆယ်နာရီ အချိန် ဖြစ်သောကြောင့် သူမတို့အတွက် တစ်စခန်း သွားချင်ပါက သွား၍ ရလေသည်။ သို့နှင့် လင်းရီ ရန်စီကို အိပ်ခန်းထဲ ခေါ်သွားလိုက်ပြီး ချစ်ပွဲနွှဲတော့၏။
……………..
နံနက် လေးနာရီသို့ ရောက်သောအခါ သင်္ဘော၏ ရေဒီယိုအသံက လူတိုင်းကို အိပ်မက်ကိုယ်စီမှ နိုးထလာစေခဲ့သည်။
“ ရိုက်ကူးရေးမှာ ပါဝင်မယ့် ယှဉ်ပြိုင်သူတိုင်း… ကျေးဇူးပြုပြီး ကုန်းပတ်ပေါ်က အသက်ကယ်လှေတွေကို စုဆောင်းပြီးတော့ ကျွန်းပေါ် အခြေချရန် ပြင်ဆင်ထားပေးပါ..”
ကြေညာချက်ကို ကြားတော့ ရန်စီ ချက်ချင်းလက်ငင်း လင်းရီကို အိပ်ရာမှ ဆွဲထူလိုက်သည်။
“ မြန်မြန်…. မြန်မြန် ...ကျွန်းပေါ်သွားရတော့မယ်….”
“ မင်းတို့ကောင်တွေကလည်းကွာ... ဘယ်လိုအချိန်ကြီး သတ်မှတ်လိုက်တာတုန်းဟ…. အေးဆေးကို မအိပ်ခိုင်းဘူး….” လင်းရီ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် ရေရွတ်လိုက်သည်။
“ ဒါကလည်း သောင်းပြောင်းထွေလာရှိုးပွဲတွေ လိုချင်တဲ့ အကျိုးသက်ရောက်မှုပဲလေ..”
ရန်စီ သူမ အဝတ်များ ဝတ်ရန် အလျင်မလိုသေးပဲ လင်းရီကိုသာ လောဆော်နေတော့သည်။
“ ထ..ထ … နင် လှေတစ်စင်းမှ မရနိုင်ဘူးဆိုရင် နင်ကျွန်းပေါ် ဘယ်လိုရောက်အောင် သွားမလဲ ငါကြည့်မယ်…” ရန်စီမှ အဝတ်များ ကမန်းကတမ်း ရွေးပေးရင်း ပြောလိုက်သည်။
“ ကြယ်ငါးက ငါ့အပိုင်လေ… သင်္ဘောကို အဲ့အနီးအနားထိ မောင်းသွားခိုင်းလိုက်မှာပေါ့….”
“ မရဘူး… အဲ့တာက စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူး…” ရန်စီ ပြောလိုက်ပြီး “ ငါ နင့်အတွက် အဝတ်တွေ ပြင်ထားပေးပြီးပြီ… မြန်မြန် ကောက်ဝတ်လိုက်တော့…”
ရန်စီ တော်တော်လေးကို ဆွံ့အနေမိသည်။
မည်သို့ပင်ဆိုစေ သူမက ရှိုးပွဲ၏ ဒါရိုက်တာဖြစ်၏။ ကျန်သူများက သူမအကူအညီကို လိုချင်လွန်း၍ ငမ်းငမ်းတက် ဖြစ်နေသော်လည်း သူမကတော့ အနှီကိုယ်တော်ချောကို တောင်းတောင်းပန်ပန်နှင့် ပြောဆိုနေရလေသည်။
အား…. ငါ့နှယ်နော်….!
“ အေးပါ အေးပါ… ဟုတ်ပါပြီ… မလောစမ်းပါနဲ့… ရေမိုင် တစ်မိုင်လောက်ပဲ ဝေးတာပါ… အဆိုးဆုံးရှိလှ ငါရေကူးသွားပစ်လိုက်မယ်…”
“ နင် ရူးနေတာလား… ပင်လယ်ထဲက ငမန်းတွေ နင့်ကို ကိုက်စားသွားမှာ မကြောက်ဘူးလားဟဲ့…”
“ ဖက်ခ်…” လင်းရီ မျက်နှာ အရောင်ပြောင်းသွားခဲ့ပြီး “ အဲ့တာမှ တကယ့်ပြဿနာပဲ…”
“ လုပ်တော့… မြန်မြန် လှေတစ်စင်းရအောင် သွားယူချည်….”
တစ်ချိန်တည်းတွင် ရန်စီလည်း သူမ အဝတ်အစားများ ဝတ်ပြီးသွားရင်း “ ငါ အရင်သွားနှင့်ပြီနော်… နင် မြန်မြန်လေး ထွက်လာခဲ့လိုက်တော့…”
မသင်္ကာသည့် အနံ့အသက်များ မရရှိစေရန်အတွက် ရန်စီ အရင်ဦးဆုံး ထွက်ခွာသွားခဲ့တော့သည်။
အကယ်၍များ တစ်စုံတစ်ယောက်ကသာ သူမ ပြိုင်ပွဲဝင် တစ်ဦးနှင့် ရင်းရင်းနှီးနှီးရှိနေသည်ကို မြင်တွေ့သွားပါက ထင်မှတ်မထားသည့် အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်လာနိုင်လေသည်။
ရန်စီ ထွက်ခွာသွားပြီးနောက် လင်းရီ သူ့အဝတ်အစားများကို လဲပြုလိုက်သည်။
“ ရန်စီ…. အဲ့မြေခွေးမ…. သူလေးလည်း တော်တော်လေး အံ့ဩဖို့ကောင်းတာပဲ…. လူတောင် နည်းနည်းပြိုင်းချင်သလို ဖြစ်သွားတယ်…”
မျက်နှာသစ် သွားတိုက်ပြီးနောက် လင်းရီ အခန်းထဲမှ ထွက်လာပြီး ကုန်းပတ် ပဲ့ပိုင်းသို့ အေးအေးလူလူ ထွက်လာခဲ့လိုက်သည်။
သူ ဟိုကိုရောက်တော့ ခြေတစ်လှမ်း နောက်ကျသွားကြောင်း လင်းရီ သတိပြုမိလိုက်လေသည်။
ပါဝင်သူ နှစ်ရာကျော်တို့မှာ အသက်ကယ်လှေများ အားလုံးကို ရယူထားပြီးချေပြီ။
“ သေစမ်း.. မြန်လိုက်ကြတာ…”
သို့သော်လည်း ထိုအခိုက်အတန့်တွင် အသက်ကယ်လှေအများစုကို အနောက်တိုင်းသားတို့ကသာ အများဆုံး သိမ်းပိုက်ထားကြောင်း လင်းရီ သတိပြုမိလိုက်၏။
အာရှနှင့် အနောက်တိုင်းသား ပြိုင်ပွဲဝင်သူ အချိုးတို့မှာ တူညီလု နီးနီးရှိသော်လည်း အသက်ကယ်လှေ ၇၀ ရာခိုင်နှုန်းကျော်ကတော့ ၎င်းတို့လက်ထဲ ရောက်ရှိလို့နေသည်။
လှေမရသည့် သူများအဖို့တော့ ပြိုင်ပွဲကို လက်လျော့လိုက်ရသည်နှင့် မခြားနားချေ။
ထို့ကြောင့် ၎င်းတို့အတွက် တစ်ပါးသူ၏ လှေကို အတင်းအဓမ္မ မောင်ပိုင်စီးခြင်းက ရွေးချယ်စရာ တစ်ခု ဖြစ်လာခဲ့၏။ သို့သော်လည်း ယခု ပထမပိုင်းက အနောက်တိုင်းသားတို့မှာ အရှေ့တိုင်းသားတို့ထက် သာလွန်နေသည်ဟူသော သဘောကိုလည်း သွယ်ဝိုက်၍ ဖော်ကြူးသွားခဲ့လေသည်။
ကံကောင်းစွာဖြင့် လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်တို့မှ လှေတစ်စင်း ရရှိထားသောကြောင့် ကျွန်းပေါ်သို့ အခြေချရန် ပြဿနာမရှိတော့ချေ။
“ ဆောတီး.. ငါ ထတာ နောက်ကျသွားတယ်…”
လင်းရီ လီဂျန်းနီထံ လျှောက်လှမ်းလာပြီး အပြုံးလေးဖြင့် ဆိုလိုက်သည်။
“ ရပါတယ်…. ကျန်တာသာ အသင့်ပြင်ထားလိုက်…”
လီဂျန်းနီ၏ အမူအရာမှာ သိပ်ပြီးလည်း ကျေနပ်မနေချေ။
လင်းရီ ကြံ့ခိုင်သန်မာခြင်း မရှိသည်ကို သူမ စိတ်မရှိသော်လည်း ၎င်း၏ ပေါ့တိပေါ့ပြက် သဘောထားက သူမကို ကသိကအောက် ဖြစ်အောင် ပြုလုပ်နေတော့၏။
ဒီကောင်က စိတ်ကိုမဝင်စားတာပါ…
“ မစ္စတာလင်း… ကျုပ်တို့ဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး ကူညီပေးလို့ရတယ်..ဒါပေမယ့် ကျွန်းပေါ် ရောက်ပြီးတဲ့အချိန်ကျရင်တော့ ကျေးဇူးပြုပြီး အလေးအနက် ထားပေးပါ… မဟုတ်လို့ကတော့ ကျုပ်တို့ဘက်က စိတ်ရှုပ် ခံနေမှာ မဟုတ်ဘူး…” ဟွမ်ယွင်ဟန် စိတ်ထဲရှိရာကို ပြောချလိုက်သည်။
“ အေး….. “ လင်းရီ ထူးမခြားသည့် အမူအရာဖြင့် “ မင်း လုပ်ချင်သလိုသာလုပ်… ငါ့အတွက် စိတ်ပူပေးစရာ မလိုဘူး..”
“ ကဲပါ… ခုလောလောဆယ် အဲ့အကြောင်းတွေမပြောသေးနဲ့ဦး… ဘာပဲဆိုဆို ငါတို့က တစ်သင်းသားတည်းချင်းတွေ ဖြစ်နေတုန်းပဲလေ…”
မကြာမီ ကျွန်းပေါ်သို့ အခြေချရမည် ဖြစ်သောကြောင့် လီဂျန်းနီ အချင်းချင်း စိတ်ဝမ်းမကွဲစေချင်ပေ။ အနည်းဆုံးတော့ လင်းရီ၏ အပြုအမူများက သူမ လက်ခံပေးနိုင်သည့် အတိုင်းအတာအတွင်း၌ တည်ရှိနေဆဲဖြစ်၏။
ထိုစဉ် လင်းရီကတော့ သူ့အသင်းသားများမှ လှေတစ်စင်း အရယူထားပေးသောကြောင့် ပျော်ပျော်ကြီး အားလပ်နေတော့သည်။
အခြားသူများ လှေရရှိရေးအတွက် လုံးပန်းနေသည်ကို ဘေးမှ အခန့်သားထိုင်ကြည့်နေရသည်ကလည်း အရသာတစ်မျိုးပင်။
မြင်ကွင်းမှာတော့ တော်တော်လေးကို ပွက်ပွက်ညံနေပြီး အချို့မှာ လှေရရှိရေးအတွက် ဉာဏ်များသည့် နည်းဗျူဟာများကို အသုံးချကြသည်။ အချို့ကတော့ ကိုယ်ကာယကို အသုံးပြုကာ လက်သီးပြ၍ လုယူကြလေသည်။ အရင်းအမြစ်က အကန့်အသတ်ရှိသောကြောင့် လူတိုင်းကလည်း လက်သည်းကိုယ်စီ ထုတ်ပြလာကာ လေထုမှာ လွန်စွာမှကို တင်းကြပ်နေခဲ့တော့၏။
အချိန်တို့ ကြာညောင်းလာသည်နှင့်အမျှ လှေလုယက်သည့် ပွဲအခမ်းအနားမှာလည်း အဆုံးသတ်သို့ ရောက်ရှိသွားခဲ့လေသည်။
ထိုအချိန် သင်္ဘောပေါ်ရှိ တစ်နေရာ၌ ရန်စီနှင့် အခြား ရွှေရောင် ဆံပင်ပိုင်ရှင် အမျိုးသားတစ်ဦးမှ အတူရပ်နေပြီး “ မစ်ရန်… ဟွာရှန့် ပြိုင်ပွဲဝင်တွေရဲ့ အခြေအနေက သိပ်မကောင်းဘူးနော်… သူတို့ရဲ့ လူအင်အားက ဒီလောက်များတာတောင် လှေရှစ်စင်းပဲ ရလိုက်တယ်….. ကျုပ်တို့ကတော့ အဲ့ထက် နှစ်ဆများတယ်…”
ပြောလိုက်သူကတော့ ဝါရှင်တန် TV သတင်းဌာန၏ ဒါရိုက်တာ ဝှိုက်ပင်။ သူကလည်း ယခုပွဲ၏ တာဝန်ရှိသူ တစ်ဦးဖြစ်၏။
“ ဒါက ပွဲရဲ့ အစိတ်အပိုင်း တစ်ခုလေးပါပဲ… နောက်ဆုံး ရလဒ်နဲ့ ဘာမှလည်း မဆိုင်ဘူး…” ရန်စီ ပေါ့ပေါ့ပါးပါး ပြန်လည်ချေပလိုက်သည်။
သူမ၏ အမြင်တွင်တော့ လင်းရီ ရှိနေသေးသမျှ သူမတို့ဘက်က ပထမရရန် အခွင့်အရေး များလေသည်။
“ အဲ့လိုဆိုရင်တောင် ကျုပ်တို့ဘက်က ပထမရနိုင်ချေ အခွင့်အရေး များတယ်လို့ ဆိုလိုက်တာပဲ မဟုတ်ဘူးလား…” ဝှိုက် ပြုံးလျက် ဆိုလိုက်ပြီး
“ ပွဲရဲ့ တစ်စိတ်တစ်ပိုင်းလေး ဆိုရင်တောင် သဘောက ကျုပ်တို့ရဲ့ ခွန်အားက ခင်များတို့ထက် သာလွန်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား…”
ရန်စီ ပြုံးလိုက်ပြီး “ ဒီစကားမျိုး ပြောဖို့က စောလွန်းပါသေးတယ်ရှင် … မလောစမ်းပါနဲ့… ရှင်တို့ကို တစ်စုံတစ်ယောက်က အံ့အားသင့်အောင် လုပ်ပြနိုင်လိမ့်မယ်…”
“ ဟမ်... မစ်ရန် မျက်စိကျထားတဲ့လူ ရှိနေပြီပေါ့.." ဝှိုက် စိတ်၀င်စားသွားခဲ့ပြီး “ ဘယ်သူလဲဆိုတာ ကျုပ် သိခွင့်ရှိမလား…”
ရန်စီ ဖုံးကွယ်ထားခြင်း မရှိ။ ဂုဏ်ယူသည့် အပြုံးတို့က သူမ မျက်နှာထက် ထွက်ပေါ်လာပြီး လင်းရီ ရှိရာဘက်ကို လက်ညိုးညွှန်ပြလိုက်သည်။
“ အဲ့လူက ရှင့်ကို အံ့အားသင့်စေလိမ့်မယ်…”
“ အဲ့သူလား…”
“ ခပ်ချောချော ခပ်ညှက်ညှက် … ကြည့်ရတာတော့ အွန်လိုင်း ဆယ်လီနဲ့တူပါတယ်… သူ့လိုလူက ပြိုင်ပွဲနောက်ဆုံးထိ ပါနိုင်ရင်တောင် ကံကောင်းတယ်လို့ ပြောရမယ်…”
“ ဒါကတော့ စောင့်ကြည့်ကြတာပေါ့… အချိန်ကျကာမှ ရှင်သာ အံ့ဩမသွားနဲ့…”
“ ကောင်းပြီလေ… ကျုပ်သူ့ကို သေချာလေး စောင့်ကြည့်နေမယ်…”
တစ်ချိန်တည်းတွင် လင်းရီ ဘေးမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားသည်ကို ကြည့်ရှုနေစဉ် တိုက်တိုက်ဆိုင်ဆိုင် ကျောက်ရင်ညန်ကို သူ မြင်တွေ့သွားခဲ့၏။
သူမက ဂျင်းဘောင်းဘီ အကြပ်နှင့် ဂျက်ကတ်တစ်ထည်ကို ဝတ်ဆင်ထားပြီး ဆံပင်ကိုပင် သေချာစည်းနှောင်၍ ဦးထုပ်ဆောင်းထား၏။ ပြင်ဆင်ထားဟန် တူသော်လည်း အလကားပင်။
မြေပြင်ပေါ်တွင် သစ်ငုတ်ကြီး တွယ်ထားသကဲ့သို့ မတ်တပ်ရပ်နေပြီး လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ဟိုကြည့် ဒီကြည့်ဖြင့် မျက်စိသူငယ် နားသူငယ် ဖြစ်နေရှာသည်။ သူမ လှေတစ်စင်း အရဖမ်းချင်သော်လည်း ဝင်တိုးရန် မစွမ်းသာခဲ့ပေ။ ထို့ကြောင့် စိတ်ပျက်အားလျော့စွာဖြင့် နေရာ၌သာ မတ်တပ်ရပ်နေရန် တတ်နိုင်တော့၏။ မည်သည်ကိုလုပ်ရမှန်း မသိ၊ လမ်းပျောက်လွန်း၍ ငိုကြွေးချင်လာသော်လည်း မျက်ရည်မကျချင်လောက်သည်အထိ ကိုယ့်ကိုယ်ကို စိတ်ပျက်နေမိတော့သည်။
သူမလို နုနယ်နွှဲ့နှောင်းသည့် မိန်းကလေးက ပြိုင်ဆိုင်မှု ပြင်းထန်သည့် ပတ်ဝန်းကျင်တွင်တော့ တကယ့်ကို သိုးသူငယ်လေးပင်။
“ ဟေ့….”
မျက်နှာငယ်လေးဖြင့် မတ်တပ်ရပ်နေသည့် ကျောက်ရင်ညန်ကို လင်းရီ ခပ်လှမ်းလှမ်းမှ နေ၍ လှမ်းအော်လိုက်၏။
အသံကြားတော့ လူတော်တော်များများမှ လင်းရီကို လှည့်ကြည့်လာကြသည်။ ကျောက်ရင်ညန်လည်း ထို့အတူပင်။ ထိုအခါ လင်းရီ သူမကို ကြည့်နေကြောင်း ကျောက်ရင်ညန် သတိထားမိသွားခဲ့၏။
“ ကျွန်မကို ခေါ်နေတာလား…”
လင်းရီ ခေါင်းညိမ့်ပြလိုက်သည်။
“ ငါတို့နဲ့လိုက်ခဲ့… ငါမင်းကို ကျွန်းဆီ ခေါ်သွားပေးမယ်…”
“ တ…. တကယ်….” ကျောက်ရင်ညန် အံ့အားသင့်သလို ပျော်လည်း ပျော်ရွှင်မိသွားသည်။ “ ရှင် တကယ်ပဲ ခေါ်သွားပေးမှာပေါ့နော်…”
“ အင်း… လာခဲ့…”
“ အိုကေ…”
ကျောက်ရင်ညန် များများ မစဉ်းစားပဲ ရှုပ်ယှက်ခတ်နေသည့် လူအုပ်ကြီးထဲမှ ထွက်လာခဲ့ကာ လင်းရီရှေ့ ရောက်ရှိလာခဲ့၏။
“ ကျေးဇူးတင်ပါတယ်နော်..” ကျောက်ရင်ညန် ဦးညွှတ်လိုက်ပြီး “ ကျွန်မတော့ အစက အိမ်တန်းပြန်ရပြီ ထင်နေတာ…”
“ အသေးမွှားလေးပါ…” လင်းရီ သာမန်လျှံကာမျှသာ ပြောဆိုလိုက်သည်။
“ မင်း.... ဘယ်လိုလူစားမျိုးတုန်း…ဒီလှေက မင်းအပိုင်မို့လို့လား… ငါတို့ရဲ့ ခွင့်ပြုချက်ကိုတောင် မတောင်းပဲနဲ့ လှေပေါ် လူအပို ခေါ်တင်လိုက်သေးတယ်… ဒါက ငါတို့ရဲ့ အစီအစဉ်တွေကို နှောင့်နှေးသွားစေတယ်ကွ…” ဟွမ်ယွင်ဟန်မှ ဒေါသသံ စွက်နေသည့် လေသံဖြင့် ခပ်ထန်ထန် ပြောဆိုလိုက်သည်။