သေတော့မှာကို မိတ်ကပ်ပျက်မှာ စိတ်ပူနေတယ်
Vol. 59 Ch. 880
မိနစ်အနည်းငယ် ကြာပြီးနောက် လူတိုင်း အဆင်သင့်ဖြစ်လောက်ပြီဟု ထင်သည့်အချိန်တွင် ရန်စီမှ မိုက်ခရိုဖုန်းကို ကိုင်၍ “ အခု… လှေရရှိထားတဲ့လူတွေက ကျွန်းပေါ်မှာ လိုအပ်မယ့် ရိက္ခာနဲ့ ထောက်ပံ့ပစ္စည်းတွေ လာယူပေးကြပါ…”
ရန်စီ၏ နောက်တွင်တော့ စစ်ကျောပိုးအိတ်များ အတန်းလိုက် နေရာချထားပြီး ပြောစကားများအရတော့ သူတို့ ကျွန်းပေါ်ရောက်သည်နှင့် လိုအပ်သည့် အရာများအားလုံး ကျောပိုးအိတ်ထဲ ထည့်ပေးထားသည်ဟု ဆိုလေသည်။
သူတို့ ရောက်ပြီးသည်နှင့် အချိန်မည်မျှကြာအောင် တောင့်ခံနိုင်မလဲ ဆိုသည်ကတော့ ၎င်းတို့၏ ကိုယ်ပိုင်အရည်အချင်းပေါ်တွင် မူတည်နေသည်။
လင်းရီ ကျောက်ရင်ညန်ကို ကူ၍ ကျောပိုးအိတ်ကို သူမလက်ထဲ ကမ်းပေးလိုက်၏။
“ အိုး… အလေးကြီးပဲတော့်…” ကျောက်ရင်ညန် မျက်နှာ ရှုံ့မဲ့စွာဖြင့် ပြောလိုက်၏။
“ မင်းက ဘယ်လိုထင်နေလို့… ပျော်ပွဲစား ထွက်မယ်များ ထင်နေလို့လား…”
“ ဟွန့်…”
ကျောက်ရင်ညန် စိတ်ထဲ ပြင်ဆင်ထားသော်လည်း သူမ စိတ်ကူးထားသည်နှင့်တော့ ခြားနားနေသေးသည်။
“ ခု လူတိုင်းကလည်း ကျောပိုးအိတ်ကိုယ်စီ ရပြီးသွားပြီ… အထဲမှာ သတင်းအချက်အလက်နဲ့ မြေပုံတွေပါတယ်… ကျွန်းရဲ့ အခြေအနေအကြောင်း ရှင်းပြချက်တွေကောပဲ.. လူတိုင်းက အားလပ်တဲ့အချိန်တွေမှာ သေချာဖတ်ရှုပြီးတော့ အသင့်တော်ဆုံး လမ်းကြောင်းကနေ ပန်းတိုင်နေရာကို ရောက်အောင် သွားကြပါ…”
သင်္ဘောပေါ်ရှိ လူတိုင်းကတော့ တိတ်ဆိတ်လို့နေသည်။ ၎င်းတို့၏ အမူအရာမှာ ပြင်းထန်လေးနက်နေပြီး သင်္ဘောတစ်ခုလုံးသို့ မွန်းကြပ်သည့် လေထုဖြင့် ပြည့်နှက်သွားစေခဲ့သည်။
လူတိုင်း၏ တင်းမာနေသည့် စိတ်အခြေအနေကို မြင်တော့ ရန်စီ အပိုစကား ပြောမနေတော့ချေ။
“ အခု.. ကျွန်မ ကြေညာတယ်…. ရှိုးပွဲကြီး တရားဝင် စတင်ပါပြီ…”
စကားဆုံးသည်နှင့် ကုန်းပတ်ပေါ်ရှိ ပြိုင်ပွဲဝင်များမှာ အသက်ကယ်လှေများကို တစ်စင်းပြီး တစ်စင်း ပစ်ချ၍ ကျွန်းပေါ်သို့ ရောက်ရှိရန် ပြင်ဆင်ကြလေသည်။ လူတိုင်းက ၎င်းတို့၏ အသက်ကယ်လှေများကို ဖက်ထုပ်များကဲ့သို့ ရေထဲ ပစ်ချနေကြ၏။ ထို့နောက် ကြိုးမှ တစ်ဆင့် အောက်သို့ ဆင်း၍ ကျွန်းထံ လှော်ခတ်သွားကြသည်။
“ ကျွန်မတို့ကော ဘယ်တော့လောက် စပြီး လှုပ်ရှားကြမှာ…” ကျောက်ရင်ညန် အားပျော့စွာ မေးလိုက်ပြီး “ မြန်မြန် မလုပ်ရင် နောက်ကျန်ရစ်နေခဲ့လိမ့်မယ်နော်…”
“ ဒါက နေ့ချင်းညချင်း လုပ်ရမယ့် အလုပ်မဟုတ်ဘူး… လောစရာ မလိုပါဘူး..”
“ အိုး… အိုကေလေ…”
လူတော်တော်များများကလည်း လင်းရီနှင့် အတွေးတူနေကြသည်။ ၎င်းတို၏ လှုပ်ရှားမှုများက နှေးခြင်း မြန်ခြင်း မရှိပါပဲနှင့် လူအုပ်ကြီးနောက်မှ သာသာယာယာ လိုက်ပါသွားကြသည်။
နာရီဝက်ခန့်ကြာပြီးနောက် လူ တစ်ဝက်ကျော်ခန့်လောက်မှာ အလောသုံးဆယ်နှင့် ထွက်ခွာသွားခဲ့ပြီး ဖြစ်၏။
ထိုအခါမှ လင်းရီနှင့် ကျောက်ရင်ညန်တို့ နည်းလမ်းတကျနှင့် လှေပေါ်မှ ဆင်းကြသည်။ လင်းရီ၏ လှုပ်ရှားမှုများက သစ်ပင်တက်ကျွမ်းကျင်သည့် မျောက်တစ်ကောင်ကဲ့သို့ ချောချောချူချူရှိ၏။ သူ ကြိုးကို ဆွဲ၍ အောက်သို့ ဆင်းသွားပြီးနောက် ကျောက်ရင်ညန်ကို ကြည့်လိုက်သည်။
“ ဘာတွေ စဉ်းစားနေတာ.. မြန်မြန် ဆင်းလာခဲ့လေ…”
“ လာမလောနဲ့… ကျွန်မလည်း ဆင်းနေတာပဲ..”
ကျောက်ရင်ညန်မှာ အနည်းငယ် စိတ်လှုပ်ရှား ရင်ဖိုနေမိသည်။ သူမ ပုံမှန် လေ့ကျင့်ခန်းလုပ်သည်က သာမန် လမ်းလျှောက် ကြိုးခုန်များသာ ဖြစ်ပြီး ယခုလို ကြိုးတစ်ချောင်းဖြင့် အောက်သို့ မဆင်းခဲ့ဖူးချေ။
လင်းရီ နားထင်ကို ပွတ်လိုက်မိသည်။
သူ မတော်တဆ အမှိုက်ကြီးကို သယ်လာမိပြီလားဟ….
“ မဆင်း၀ံ့ဘူးဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်…”
“ ကျွန်မ မဆင်းဝံ့ဘူးလို့ ဘယ်သူပြောလဲ… လာမလောပါနဲ့ဆို… အရင်ဆုံး သွေးပူအောင်လုပ်ပြီးမှ ဆင်းလာခဲ့မယ်…”
“ မင်း ကိုယ်ကြီးနဲ့ သွေးပူအောင် လုပ်ဖို့ဆို ဘယ်လောက်တောင် ကြာမှာ… မြန်မြန် ဆင်းခဲ့တော့…”
“ ငါ…..”
လင်းရီ၏ လောဆော်မှုအောက်တွင် ကျောက်ရင်ညန် တစ်ခုခုပြောရန် ရှက်ရွံ့နေပြီး ကြိုးကို ကိုင်၍ ကတုန်ကယင်နှင့် ဆင်းလာခဲ့တော့၏။
သို့သော်လည်း သူမ ခြေထောက်က ကြိုးပေါ် တွဲလောင်းဖြစ်နေသည့် အခါမှသာ စိတ်ကူးနှင့် လက်တွေ့က မတူညီကြောင်း ကျောက်ရင်ညန် သတိမူမိသွားခဲ့တော့၏။
သူမ၏ လက်မောင်းအင်အားက သူမ၏ ကိုယ်အလေးချိန်ကို ထိန်းထားမပေးနိုင်ချေ။
“ ဆင်းခဲ့ဆိုတာကို တွဲလောင်းကြီး ဘာလဲလုပ်နေတာ… မင်းကိုယ်မင်း အဲ့ အနေအထားကြီးနဲ့ တအားလှတယ် ထင်နေတာလား…”
“ ငါ… ငါ…. ဆက်မထိန်းထားနိုင်တော့လို့….”
“ ငိုးပဲ… ပြောတော့ နေ့တိုင်း လေ့ကျင့်ခန်းလုပ်တယ်ဆို… ဒါလေးတောင် မှီပြီး မဆင်းလာနိုင်ဘူးလားဟ…”
“ လေ့ကျင့်ခန်းက နေ့တိုင်းလုပ်တယ်လေ… ဒါပေမယ့် ဒါမျိုးမှ မလုပ်ဖူးတာ…”
လင်းရီ ပြောစရာစကား ကင်းမဲ့သွားတော့သည်။
“ အဲ့တာဆို လွှတ်ချလိုက်… ငါအောက်ကနေ ဖမ်းထားပေးမယ်…”
“ ဒါပေမယ့် အမြင့်ကြီးလေ… ဆယ်မီတာတောင်ကျော်တယ်… ရှင်… ရှင် သေချာဖမ်းနိုင်မှာမို့လို့လား….”
“ မပူနဲ့… မင်း မသေစေရဘူး…”
“ ဒါဆို ကျွန်မ တကယ်ကြီး လွှတ်လိုက်တော့မယ်နော်…”
ယခု အခြေအနေသို့ ရောက်လာပြီးမှတော့ ကျောက်ရင်ညန် တခြား ရွေးချယ်စရာ မရှိတော့ချေ။သူမ၏ လက်နှစ်ဖက်လုံးမှာ ပင်ပန်းနေပြီး ဆက်လက် ဆုပ်ကိုင်မထားနိုင်တော့ချေ။
“ ဒါဆို လွှတ်ပြီနော်…. သေချာလေးဖမ်းပေး…”
“ ငိုးမ ခဏလေးစောင့်ဦးဟ… ငါ နေရာ သေချာလေး ပြင်လိုက်ဦးမယ်…”
လင်းရီ စကားမပြောရသေးခင် ကျောက်ရင်ညန်မှ လက်လွှတ်လိုက်ပြီး ဖြစ်၏။
“ ဖက်ခ်… ဒီအိုင်ကျူနဲ့ ဒီကောင်မလေး ဘယ်လိုလုပ်ပြီး အနုပညာနယ်ပယ်ထဲ ရောက်လို့လာပါလိမ့်….”
“ လုပ်လေ… ဖမ်းတော့….”
“ ငိုးမ… ကားယားကြီး ဆင်းလာမှတော့ ငါက ဘယ်လို သွားဖမ်းပေးရမှာတုန်း….”
လင်းရီ လှေ၏ ဘေးအစွန်းသို့ သွားလိုက်ပြီး လက်ကို ဆန့်တန်း၍ ကျောက်ရင်ညန်ကိုဖမ်းရန် အသင့်ပြင်ထားလိုက်သည်။
“ သေစမ်း… မင်းကိုယ်ကလည်း လေးလိုက်တာ…”
သူ ကျောက်ရင်ညန်ကို ဖမ်းမိသည့် အချိန်၌ ဤမိန်းကလေးက လုံးဝကို မပေါ့ကြောင်း လင်းရီ သတိထားမိလိုက်သည်။
သူမက ကျီချင်းရန်ထက် ခေါင်းတစ်လုံးစာ ပုနေသော်လည်း အနည်းဆုံးတော့ ငါးကီလိုလောက် ပိုလေးလေသည်။
“ ဟဲ့ ဟဲ့..… သေချာကိုင်ထားလေ… ဘာလို့ ခါရမ်းနေတာ…. “
“ ငါရှီး… ငါလဲ ရမ်းချင်လို့ ရမ်းနေတာမှ မဟုတ်တာ… လှေက ရမ်းနေတာကွ....”
ဗွမ်း….
လှေစွန်း၌ ရပ်နေသည့် လင်းရီမှာ ကျောက်ရင်ညန်ကို ဖမ်းမိသည်နှင့် တစ်ပြိုင်နက် သူ၏ ကိုယ်ဟန်ကို ဆုံးရှုံးသွားခဲ့ပြီး နှစ်ယောက်အတူ ရေထဲ ပြုတ်ကျသွားခဲ့တော့၏။
ကုန်းပတ်ပေါ်တွင်တော့ ရန်စီ သူမ မျက်လုံးများကို ကာထားလိုက်သည်။ ထိုမြင်ကွင်းကို ကြည့်ရှုရန် သူမ တော်တော်လေးကို ရှက်ရွံ့နေလေသည်။
“ အား…… ငါ့ မိတ်ကပ်တွေ… ငါ့မိတ်ကပ်တွေ ပျက်ကုန်ပြီ…”
ပင်လယ်ထဲတွင် ကျောက်ရင်ညန်မှ သူမ မျက်နှာကို ပွတ်သပ်ရင်း ကြေကွဲစွာဖြင့် မြည်တမ်းလိုက်၏။
“ မင်းမေလင်က သေတော့မှာကို မိတ်ကပ်ပျက်တာ စိတ်ပူနေသေးတယ်ပေါ့..” လင်းရီ ဆူငေါက်လိုက်ပြီး “ ငါ့တစ်ဘဝလုံး သိလာခဲ့သမျှ အသိဉာဏ်တွေ မင်းနဲ့ကျမှပဲ အကုန် ပျက်စီးသွားခဲ့ပြီ..”
လင်းရီ ကျောက်ရင်ညန်ကို ဆွဲယူ အားပြုပြီး လှေပေါ်သို့ တက်လိုက်၏။
အနည်းဆုံးတော့ သူမကို အကောင်းဆုံးဖြစ်အောင် သူ အသုံးချပေးလိုက်လေသည်။
“ နင်တို့နှစ်ယောက် နားချင်သေးလား…” လီဂျန်းနီ လှေကို လှော်ခတ်လာရင်း အေးဆေး မေးမြန်းလိုက်သည်။
“ ကျွန်းကို ရောက်အောင် အရင်ဆုံးသွားကြတာပေါ့… ဒီနေရာက နားလို့ကောင်းတဲ့ နေရာမဟုတ်ဘူး…”လင်းရီ ပြောလိုက်သည်။
“ သွားပြီ… ငါ့မိတ်ကပ်တွေ ပျက်ကုန်ပြီ… ငါ ကင်မရာပေါ်မှာ ကြည့်လို့လှမှာ မဟုတ်တော့ဘူး…”
“ဒီလိုရှိုးပွဲမှာ လာပြီးတော့ ဘာလို့ အဲ့သောက်မိတ်ကပ်ကို ဂရုစိုက်နေသေးလဲ…” လင်းရီ ပြောလိုက်ပြီး “ မင်းထင်နေတာ ဘလိုင်းဒိတ်လုပ်ပေးတဲ့ ရှိုးလို့ ထင်နေတာလား…”
“ အဲ့လိုဆိုရင်တောင် အနည်းဆုံးတော့ စုတ်ပြတ်သပ်နေလို့ မဖြစ်ဘူးလေ….”
“ အဲ့တာဆိုလည်း ပြန်တော့… မင်း အခု ပုံစံက ငါ့ကို ဆွဲချနေတာနဲ့ အတူတူပဲ..”
“ ရှင်လေ… ညင်ညင်သာသာလေးကို မပြောတတ်ဘူး…” ကျောက်ရင်ညန် နှုတ်ခမ်းဆူလိုက်ပြီး “ ပြီးတော့ လူကိုလည်း အလေးအနက် မထားဘူး…”
လင်းရီ ဘာမျှ ပြန်မပြောချေ။ လှေကို ပဲ့ကိုင်ပြီး ကျွန်းထံ ဦးတည်လိုက်၏။
အကွာအဝေးမှာ မကြီးမားသောကြောင့် နာရီဝက်အတွင်း ကျွန်းပေါ်သို့ ရောက်ရှိလာလေသည်။ အကယ်၍ သူ့နောက်ရှိ ကင်မရာမန်းကိုသာ ငဲ့ကွက်မနေဘူးဆိုပါက ပို၍ပင် စောရောက်လာနိုင်သေးသည်။
သို့သော်လည်း လင်းရီစိတ်ထဲတွင်တော့ အစီအစဉ်ရှိထားပြီး ဖြစ်၏။
သူက ဤနေရာသို့ မစ်ရှင် ပြီးမြောက်အောင်မြင်ရန် ရောက်လာခဲ့ခြင်းပင်။ သူ ကျွန်းပေါ်သို့ ရောက်သည့်အချိန်၌ စနစ်၏ မစ်ရှင်ကိုလည်း အာရုံစိုက်ရန် လိုအပ်နေသေးလေသည်။ ကင်မရာမန်းကိုတော့ သူ စောင့်သင့်သလောက်တော့ စောင့်ဆိုင်းပေးသွားမည်ဖြစ်ပြီး သူ၏ လုပ်ငန်းစဉ် ကြန့်ကြာနေမည့် အဖြစ်ကိုတော့ သူ လက်သင့် မခံနိုင်ချေ။
သူ့ဘက်က ထုတ်လုပ်ရေး အသင်းအဖွဲ့ကို ဂရုမစိုက်သော်လည်း ရန်စီကိုတော့ မျက်နှာသာပေးရမည် ဖြစ်၏။ သူမ၏ ကြိုးစားအားထုတ်မှုများကို သဲထဲရေသွန် အဖြစ်ခံ၍ မရချေ။
သူတို့ ကျွန်းပေါ်ကို ရောက်တော့ လူတိုင်းမှ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။ မည်သူကမျှ အပိုတစ်လှမ်း မလှမ်းဝံ့ကြချေ။
သူ လှေပေါ်တွင် ရှိစဉ် အခါက များများ မစဉ်းစားထားသော်လည်း ယခု ၊ သူ ဤနေရာသို့ ရောက်ရှိလာပြီး ကျွန်း၏ ကျယ်ပြောမှုကို ကောင်းကောင်းကြီး ခံစားနိုင်လေသည်။ ၎င်းက သူ့စိတ်ထဲ စိတ်ကူးယဉ်ထားသည့် သဲကန္တာရကျွန်းပုံစံနှင့် တပ်တပ်စင်အောင် လွဲချော်နေတော့၏။
သူ နေရာတွင် ရပ်ပြီး တစ်ဖက်ကို လှမ်းမျှော်ကြည့်သည်။ သို့သော်လည်း တစ်ဖက်ရှိ မိုးကုတ်စက်ဝိုင်းကိုတော့ သူမမြင်နိုင်ခဲ့။ ပျောက်ဆုံးနေသည့် မြို့ကြီးထဲသို့ ရောက်ရှိလာသလိုပင်။
ကျွန်းနှင့် မနီးမဝေးတွင် ပစ္စည်း ကိရိယာ အစုံအလင်နှင့် လှေအငယ်စားလေး တစ်စင်းရှိနေပြီး ရိုက်ကူးရေး လုပ်ငန်းစဉ်ကို ပုံမှန်အတိုင်း လည်ပတ်နိုင်ရန် ပြုလုပ်ထား၏။
သို့သော်လည်း ၎င်းတို့က လင်းရီနှင့် မသက်ဆိုင်သလို သူ့စိတ်ထဲတွင်လည်း ရှိမနေချေ။
“ အရင်ဆုံး မြေပုံကြည့်ပြီးတော့မှ တိကျတဲ့ လမ်းကြောင်းကို ရွေးချယ်ကြတာပေါ့… “ လီဂျန်းနီ ပြောလိုက်ပြီး “ ကျွန်းက လူသူအရောက်အပေါက်နည်းတော့ ငါတို့သေချာပေါက် သတိထားမှ ဖြစ်မှာ….”
“ ကောင်းပြီလေ… မင်းတို့ကောင်တွေ ကြည့်ထားနှင့်လိုက်.. ငါ မီးမွှေးဖို့ ထင်းနည်းနည်းလောက် သွားရှာလိုက်ဦးမယ်…”
လင်းရီ၏ တောင်းဆိုချက်က နားလည်ပေးနိုင်သောကြောင့် လီဂျန်းနီ ဘာမျှ မဆိုချေ။ ဆောင်းရာသီဖြစ်ပြီး ဝေလီဝေလင်း အချိန်အခါ ဖြစ်သောကြောင့် လေအေးများ တစ်ချက် တစ်ချက် တိုက်ခတ်သွားပြီဆိုလျှင် လူပင် တုန်တက်သွားသည်အထိ ချမ်းစိမ့်စိမ့်ရှိ၏။ မီးလှုံပြီး ကိုယ်ကို အနွေးဓာတ်ပေးရမည်ဆိုပါက တော်တော်လေးကို ကောင်းမွန်သည့် ကိစ္စပင်။
မိနစ်နှစ်ဆယ်ကျော် ကြာပြီးနောက် လင်းရီး သစ်ကိုင်းခြောက်များ စုစည်းပွေ့လာပြီး သဲပေါ် ချလျက် ကျောက်တုံးပတ်လည်ရံကာ မီးမွှေးလိုက်သည်။
ထို့နောက် အင်္ကျီကို သာမန်အတိုင်း ချွတ်လိုက်ပြီး ရေခြောက်အောင် မီးကင်ရန် ဟန်ပြင်လိုက်သည်။
“ အိုးမို… ရှင့်မှာ ဒီလောက်ကောင်းတဲ့ ဘော်ဒီရှိနေတယ်….”