← Chapters

အလွန်ဆုံးရှိလှ မိချောင်းတွေလောက်ပေါ့

Vol. 59 Ch. 881

အလွန်ဆုံးရှိလှ မိချောင်းတွေလောက်ပေါ့

Vol. 59 Ch. 881

“ မင်းသွားရည်တွေလည်း သုတ်လိုက်စမ်းပါဦးကွာ… မြင်မကောင်းလို့…”

“ ဒါပေမယ့် ရှင့် ကိုယ်လုံးက တကယ်ကြီး ကြည့်လို့ကောင်းတာနော်.. “ ကျောက်ရင်ညန် ပြောလိုက်ပြီး “ အနုပညာ နယ်ပယ်ထဲက ဆယ်လီမင်းသားတွေတောင်မှ ရှင့်ကိုယ်လုံးနဲ့ မယှဉ်နိုင်လောက်ဘူး…”

ကျောက်ရင်ညန်သာမက လီဂျန်းနီပင်လျှင် အနည်းငယ် မှင်တက်သွားခဲ့ရသည်။

ဒီလူရဲ့ ကိုယ်လုံးကိုယ်ပေါက်က တော်တော်ကြီးကို ကြည့်လို့ကောင်းတာတော့ အမှန်ပဲ….

“ ငါလည်း ဘယ်တတ်နိုင်မှာ… မွေးရာပါပဲလေ…”

လင်းရီ မြေပုံထုတ်ကြည့်လိုက်ပြီး “ မင်းတို့ လမ်းကြောင်း ရှာဖွေပြီးကြပြီလား…”

“ ဒီနားမှာ အနီးဆုံး လမ်းကြောင်း သုံးခုတော့ရှိတယ်… ဒါပေမယ့် သုံးခုလုံးကို ကြက်ခြေခတ်ပြထားတယ်ဆိုတော့ အန္တရာယ်များတယ်ဆိုတာ သေချာပေါက်ပဲ…. ဒါကြောင့်မို့ ငါတို့တွေ တခြား လမ်းကြောင်း တစ်ခုကနေ သွားဖို့ စီစဉ်ထားတယ်… လမ်းကြောင်းက မတိုဘူးဆိုပေမယ့် သွားရလာရ ပိုပြီးတော့ အန္တရာယ်ကင်းတယ်… “

လင်းရီ မြေပုံကို တစ်ချက် စူးစမ်းကြည့်လိုက်တော့ အဆိုပါ သုံးနေရာအနက် တစ်နေရာမှာ ဒူးလောက်မျှ နစ်သည့် ရေတိမ်ပိုင်းဖြစ်ပြီး ကျန်နှစ်နေရာကတော့ ညွန်မြေများဖြစ်၏။

အခြား နေရာများနှင့် နှိုင်းယှဉ်လိုက်သည်တွင် ဤသုံးနေရာက တော်တော်လေးကို အန္တရာယ်များနေလေသည်။ သို့သော်လည်း သူ့အတွက်တော့ အန္တရာယ်လို့ မဆိုထိုက်သေးချေ။

“ ဒီရဲ့ ရေတိမ်ပိုင်း နေရာကနေ သွားကြတာပေါ့…”

“ ဒီရဲ့ ဧရိယာက အန္တရာယ် ရှိတယ်လို့ ပြထားတယ်လေ… နင် ဒီတိုင်း ဖြတ်လျှောက်သွားလို့ ရမှာမှ မဟုတ်တာ.. “ လီဂျန်းနီ ပြောလိုက်ပြီး “ နင် အဲ့လမ်းကြောင်းကနေ သွားရင် သေချာပေါက် အန္တရာယ် ပိုများမှာပဲ..”

“ ယေဘုယျအတိုင်းဆိုရင် ဒီလိုနေရာမျိုးတွေက အများဆုံး မိကျောင်းတွေလောက်ပဲရှိတာ.. ထွေထူးပြဿနာ သိပ်မရှိပါဘူးဟ….”

ကျောက်ရင်ညန် “ … “

လီဂျန်းနီ “ … “

ဟွမ်ယွင်ဟန် “ … “

နောက်ကလိုက်မည့် ကင်မရာမန်း “……. “

“ မိကျောင်းတွေက ပြဿနာ မဟုတ်ဘူးပေါ့…” ကျောက်ရင်ညန် ပြောလိုက်ပြီး “ အဲ့ကောင်ကြီးတွေက လူကို စားကြတယ်လေ….”

“ အဆင်ပြေပါတယ်… ငါက အဲ့ကောင်တွေထက် ပိုမြန်တယ်…” လင်းရီ ပြောလိုက်ပြီး “ ကျောင်းတက်တုန်းက မီတာ တစ်ရာကို ၁၂ စက္ကန့်လောက်နဲ့ စံချိန်တင်ခဲ့တဲ့ကောင်လေ…”

“ ဒါပေမယ့် ငါကျတော့ မမြန်ဘူးလေ… " ကျောက်ရင်ညန် ပြောလိုက်၏။

“ အဲ့တာဆို မင်းကို မိကျောင်းဆီ ပစ်ကျွေးပစ်လိုက်မယ်… အဲ့လိုဆို အချိန်ပို နည်းနည်းလောက် ရရင် ရမှာပေါ့…”

“ ဟိတ် ဟိတ်… ရှင် အဲ့လိုလုပ်လို့မရဘူးလေ… ကျွန်မ ကျွန်းပေါ် ရောက်လာတာကိုက ရှင်မျှော်လင့်ထားတာထက် လွန်နေရင်တောင် လူကို မိကျောင်းစာ ကျွေးပစ်လို့တော့ ဘယ်ရမှာ…”

“ မင်းတို့ နှစ်ယောက် အိပ်မက်မက်နေကြတာလား…” နှစ်ယောက်သား စနောက်ကျီစယ်နေစဉ် ဟွမ်ယွင်ဟန်မှ စကားဖြင့် ရေအေးအေးကြီး တစ်ပုံး လောင်းချလိုက်၏။

“ ငါတို့နှစ်ယောက်က ဒီရဲ့ စစ်ဆင်ရေးမှာ အဓိကလူတွေ… တောတွင်း ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ မင်းက အန္တရာယ်တွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီးတော့ သင့်တင့်တဲ့ လမ်းကြောင်းကို လျှောက်လမ်းသင့်တယ်… ဒီလာပြီး ဟီးဟီးဟားဟား လာလုပ်ဖို့ မဟုတ်ဘူး..”

“ ငါကတော့ အန္တရာယ်ရှိမယ် မထင်ဘူး…”

“ ထုတ်လုပ်ရေး အသင်းကနေပြီး အဲ့ဒီ နေရာတွေက အန္တရာယ်ရှိပါတယ်လို့ ပြောထားတာတောင် မင်းဘက်က သွားချင်နေသေးတယ်ဆိုရင်… ငါတို့အတွက်လည်း မလိုအပ်တဲ့ ဝန်ထိုးဝန်ပိုးတွေ တိုးလာနိုင်တယ်…”

“ ငါလည်း မင်းတို့ကောင်တွေ လိုက်ခဲ့ပေးဖို့ မလိုပါဘူး…” လင်းရီ ပြောလိုက်ပြီး “ မင်းတို့နဲ့ အသင်းဖွဲ့ဖို့ သဘောတူလိုက်တယ်ဆိုတာကလည်း မင်းတို့ကောင်တွေက သောက်ရမ်း အံ့အားသင့်ဖို့ ကောင်းနေလွန်းလို့ မဟုတ်ဘူး… လီကျားလော့လို သွက်လက်ချက်ချာတဲ့ မိန်းကလေးနဲ့ အတူသွားရမယ်ဆိုရင် အပျင်းပြေလောက်မယ်ထင်လို့… ဒီတော့ မင်းလည်း သွေး နားထင်ရောက်မနေနဲ့….”

“ မင်း….”

“ တော်လောက်ပြီ…”

လီဂျန်းနီ ဟွမ်ယွင်ဟန်ကို စကားစဖြတ်လိုက်ပြီး လင်းရီကို ကြည့်၍ “ မစ္စတာလင်း… ဒီနေရာက အရမ်း အန္တရာယ်များလွန်းတယ်… ကျွန်မရဲ့ လုံခြုံရေးအတွက် ကျွန်မတော့ လုံးဝ သဘောမတူနိုင်ဘူး…..”

“ ဒါဆိုလည်း ဘယ်တတ်နိုင်မှာ… အချိန်ကျလာရင် ကိုယ့်လမ်းကိုယ်လျှောက်ကြတာပေါ့…”

“ ရှင် ဘယ်လိုအန္တရာယ်ကိုမှ မကြောက်ဘူးလား…”

“ ကြောက်တာပေါ့…” လင်းရီ ပြောလိုက်ပြီး “ ငါက အဲ့ဒီနေရာက ဘယ်လိုမျိုးလဲဆိုတာပဲ သိချင်တာ… အခြေအနေ မဟန်ရင်တော့ တခြားလမ်းကြောင်းကို ပြန်ပြောင်းမှာပဲ…”

“ နှမြောစရာပဲ… အဲ့လိုဆိုရင်တောင် ကျွန်မတော့ ရှင်နဲ့ အတူမသွားနိုင်ဘူး…” လီဂျန်းနီ ပြောလိုက်ပြီး “ လောလောဆယ် အတူသွားပြီးတော့ နောက်ကျရင် လမ်းခွဲကြတာပေါ့…”

လင်းရီမှာ သူမ ထင်ထားသည်ထက် ဉာဏ်ထက်မြက်နေသောကြောင့် လီဂျန်းနီ လင်းရီအပေါ် အမြင်ကောင်းများ ရှိနေဆဲပင်။ သို့သော်လည်း သူပြောသည့် လမ်းကြောင်းကတော့ လုံးဝ မဖြစ်နိုင်ချေ။

“ ဒါဆို ကိုယ်စီ သွားမယ့်လမ်းကြောင်းလည်း ဆုံးဖြတ်ပြီးသွားပြီ…” လင်းရီ သာမန်အေးဆေးလေသံဖြင့်သာ ပြောလိုက်၏။ လီဂျန်းနီနှင့် ကျန်သူများ လိုက်ခြင်း မလိုက်ခြင်းက သူ့အတွက် အရေးမပါချေ။

သူမတို့ သွားမည့် လမ်းက အနည်းဆုံး တစ်လခန့် ကြာမြင့်မည် ဖြစ်ပြီး အကယ်၍ သူမတို့သာ ရေကြောင်းလမ်းမှ သွားမည်ဆိုပါက အချိန်အများအပြား သက်သာနိုင်လေသည်။

ကျောက်ရင်ညန်အဖို့တော့ သူမစိတ်တိုင်းကျသာ ဆုံးဖြတ်စေလိုက်မည်။ သူမကို ဤကျွန်းပေါ်သို့ အရောက်ခေါ်လာပေးသည်ကပင် သူ့ဘက်က သဘောကောင်းလွန်းနေပြီဟူ၍ ပြော၍ရ၏။

“ ခဏလေး…”

ကင်မရာမန်းမှ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်စွာဖြင့် လင်းရီကို ကြည့်လိုက်ပြီး “ မင်း… မင်း တကယ်ကြီး ရေတိမ်တဲ့ လမ်းကြောင်းကနေ သွားမလို့လား…”

“ အမှန်ပဲလေ..”

“ ဒါပေမယ့် ငါက မင်းရဲ့ ကင်မရာမန်းလေ…. ငါက မလိုက်လို့မှမရတာ…”

“ အာ…. ခင်များကလည်း အသေးအမွှားလေးပါ …” လင်းရီ ပြောလိုက်ပြီး “ လမ်းက လုံခြုံတယ်… ကျုပ်သွားတဲ့နောက်သာ လိုက်ခဲ့လိုက်.. တကယ်လို့ အန္တရာယ် တစ်စုံတစ်ခုနဲ့ ကြုံလာပြီဆိုရင် ခင်များ ဆက်လိုက်စရာ မလိုဘူး.. ကျုပ်ဘာကျုပ် သွားမယ်…”

“ အဲ့လို မရဘူး…” ကင်မရာမန်းမှ ပြောလိုက်ပြီး “ ဒါရိုက်တာရန်က ငါ့ကို တစ်ချက်လွှတ် အမိန့်ပေးထားတယ်… မင်းကိုပဲ အာရုံစိုက်ပြီး ရိုက်ကူးရမှာ…”

“ ဘာလို့…”

“ သူပြောတာ မင်းနဲ့ဆို ဒရာမာအပြည့်နဲ့မို့ ရိုက်ကူးရတာ တန်တယ်တဲ့….”

လင်းရီ “….. “

“ ဘာပဲပြောပြော ကျုပ်ကတော့ ဆုံးဖြတ်ပြီးသွားပြီ… သေမှာ မကြောက်ဘူးဆိုရင် ကျုပ်နောက်လိုက်ခဲ့…”

ကင်မရာမန်းမှ ငိုကြွေးချင်နေသော်လည်း မျက်ရည်များက ထွက်မလာချေ။

‘မင်း လူကို ဘယ်လိုလုပ်ပြီး အနိုင်ကျင့်ရက်နိုင်တာတုန်းကွ…’

တစ်နာရီကြာပြီးနောက် တူရာတူရာ စုဖွဲ့ထားသည့် အုပ်စုအသီးသီးမှာလည်း တစ်စုပြီး တစ်စု ထွက်ခွာသွားခဲ့ကြလေသည်။

လင်းရီ မီးကင်ထားသည့် သူ့အင်္ကျီကို ရေညစ်ကြည့်လိုက်၏။ အင်္ကျီမှာ လုံးလုံးခြောက်သွေ့သေးသည်တော့ မဟုတ်ချေ။

သို့သော်လည်း သွားမည့် လမ်းကြောင်းကို ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် အချိန်အကြာကြီး စောင့်ဆိုင်းနေရန် မလိုတော့ချေ။

အသက်ကြီးလာသည့် အချိန်၌ ဒူလာမစွဲကပ်ပါစေနှင့်ဟု ဆုတောင်းရင်း စိုထိုင်းထိုင်းဖြစ်နေသည့် အင်္ကျီကို ကောက်စွပ်လိုက်၏။

မဟုတ်ပါက သူ ဝှီးချဲပေါ်တွင်ထိုင်ရင်း ကျီချင်းရန်အပေါ် မှီခိုနေရပေမည်။

စစ်ဆင်ရေးမစတင်မီ ကင်မရာမန်းမှ ရန်စီထံ တိတ်တိတ်လေး ဖုန်းခေါ်ဆိုလိုက်၏။

“ ဒါရိုက်တာရန် … တစ်ခုခုတော့ ဖြစ်နေပြီ… ခင်များ လိုက်ခိုင်းထားတဲ့လူက ရေတွေ ရှိတဲ့ နေရာကနေ သွားမယ်တဲ့….”

“ အမ်… လင်းရီလား….”

“ ဟုတ်တယ်… သူပဲ…” ကင်မရာမန်း၏ အသံမှာ ပြောရင်းဖြင့် မသိမသာ တုန်ခါသွားခဲ့သည်။

“ ကျုပ်ဘယ်လိုလုပ်ရမှာတုန်းဗျာ. ကျုပ်ကလေးက သုံးနှစ်တည်းရှိသေးတာ… အဲ့လိုနေရာမျိုးတော့ ကျုပ် မသွားချင်ဘူး…”

ရန်စီ ဖုန်းတစ်ဖက်တွင် စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် “ အဆင်ပြေပါတယ်… နင်သူ့နောက်သာ လိုက်သွားလိုက်… ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး..”

“ အတည်ကြီးလား…” ကင်မရာမန်းမှ ပြန်လည် မေးခွန်းထုတ်လိုက်ပြီး “ ကျုပ်တို့ ရထားတဲ့ သတင်းတွေ အရဆိုရင် အဲ့ဒီနေရာမှာ မိကျောင်းတွေအပြင်ကို ဖွတ်အကြီးကြီးတွေလည်း အများကြီးပဲ… လုံးဝကို လူမဆန်တဲ့ နေရာကြီးလေ…”

“ အပိုတွေ တွေးပြီး စိတ်ပူမနေနဲ့..” ရန်စီ ပြောလိုက်ပြီး “ တကယ်လို့ ကျွန်းပေါ်က လူတွေ အားလုံးပေါင်းထားလိုက်ရင်တောင် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး… သူ့ဘက်ကလည်း နင့်ကို အသက်အန္တရာယ် ဖြစ်စေမယ် မထင်ပါဘူး… ရဲရဲကြီးသာ လိုက်သွား…”

“ ကျုပ်… ကျုပ်… ကျုပ်နားလည်ပါပြီ…”

ကင်မရာမန်းမှ ဖုန်းချပြီး လင်းရီကို ခိုးကြည့်လိုက်၏။

အကယ်၍ သူသာ ကလေးတစ်ယောက် ဖအေ ဖြစ်မနေဘူးဆိုပါက ဤအလုပ်ကို လုပ်ကိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ ယခုတော့ ကလေးနို့မှုန့်ဖိုးအတွက် လာမည့်ဘေးကို ပြေးတွေ့ရုံသာ တတ်နိုင်တော့သည်။

ဟင်း .... ဘယ်တတ်နိုင်ပါ့မလဲ....

“ အချိန်ကျပြီထင်တာပဲ… လှုပ်ရှားကြစို့….”

လင်းရီ ခပ်လှမ်းလှမ်းသို့ ကြည့်လိုက်ရင်း ရှားပါးပါး လေးနက်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။

“ သွားစို့…သွားစို့…”

“ မင်းက ငါ့နောက်လိုက်ချင်သေးတာလားဟ..” လင်းရီ ကျောက်ရင်ညန်ကို မေးလိုက်သည်။

“ အွန်း…” ကျောက်ရင်ညန် ခေါင်းညိမ့်လိုက်ပြီး “ ဒါပေမယ့် မစိုးရိမ်နဲ့.. ကျွန်မကလည်း ရှင့်ကို ဆွဲမချပါဘူး… တကယ်လို့ မဖြစ်နိုင်တော့ဘူးထင်ရင် ကိုယ့်ဘာကိုယ် ချက်ချင်းနှုတ်ထွက်လိုက်မယ်…. ရှင့်ကို ဒုက္ခမပေးဘူး…”

“ ဒါဆိုလည်း လျှောက်မသွားနဲ့.. လျှောက်မထိနဲ့… ငါနဲ့ အနီးအနားမှာပဲနေ….”

လင်းရီ ယခုလို လေးလေးနက်နက် ပြောဆိုသည်က ရှားပါးလေသည်။

သူ့အဖို့ ဤသည်က စမ်းသပ်မှုကြီး တစ်ခုဖြစ်၏။ ပညာရှိ ဥာဏ်ပညာမှ သူ့ကို ကျယ်ပြောသည့် ဗဟုသုတ ပင်လယ်ကြီးကို ပေးသနားထားသော်လည်း သူကိုယ်တိုင်ကတော့ ကျွမ်းကျင်သည့် အဆင့်သို့ မရောက်ရှိသေးချေ။

သူ့ဦးနှောက်ထဲ၌ သိုမှီးထားသည့် သတင်းအချက်အလက်တို့ဖြင့် ယခုလို ရှုပ်ထွေးသည့် ပတ်ဝန်းကျင်ကို ကိုင်တွယ်နိုင်မလား သူမပြောတတ်ပေ။

ရေထဲရှိ မိချောင်းများကိုတော့ သူ ကိုင်တွယ်၍ရ၏။ သို့သော်လည်း အကယ်၍များ အဆိပ်တစ်ခုခု မိသွားမည်ဆိုပါက သူ၏ စထွင်မာ အန္တိမ မစ်ရှင်မှာလည်း ယခုနေရာတွင် အဆုံးသတ်သွားပေလိမ့်မည်။ ထို့ကြောင့် သူ့ဘက်က သတိအပြည့်ကပ်ထားကာမှ တော်ရာကျပေလိမ့်မည်။

All Chapters