လီဂျန်းနီ၏ အရည်အချင်း
Vol. 59 Ch. 884
နင်တုန်းလျန်၏ အမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွားခဲ့၏။ ထို့နောက် မုန့်ချီ၊ ချွီရှင်းညန်တို့ဖြင့် အကြည့်ချင်း ဖလှယ်ရင်း အပြန်အလှန် ခေါင်းညိမ့်လိုက်ကြလေသည်။
သူတို့အကုန်လုံးကလည်း ကျွမ်းကျင်သူများ ဖြစ်ကြသောကြောင့် တစ်ဖက်အဖွဲ့၏ အဆင့်အတန်းကို သဘာဝအလျောက် မှန်းဆနိုင်၏။ အကယ်၍ တိုက်ပွဲဖြစ်ပွားမည် ဆိုပါက နှစ်ဖွဲ့လုံး နစ်နာဆုံးရှုံးရသည့် အနေအထားသို့ ကျရောက်သွားပြီး မည်သည့် ဘက်ကမျှ အကျိုးများလိမ့်မည် မဟုတ်ချေ။
ယင်းက လင်းရီနှင့် ကျန်သူများကို အခွင့်ကောင်း ယူသွားစေနိုင်သည်။
ထို့ကြောင့် တတိယအဖွဲ့ကို သင်ခန်းစာပေးပြီး အရင်းအမြစ်များကို ညီတူမျှတူ ခွဲဝေသည်က ပိုကောင်းသည့် ရွေးချယ်မှု တစ်ခု ဖြစ်၏။ မည်သို့ပင်ဆိုစေ သူက ဤနေရာသို့ ရိက္ခာတစ်ခုတည်း လုယက်ရန် ရောက်ရှိနေခြင်း မဟုတ်ပဲ လီချိန်ရှင်းကို ကူညီပြီး ဤငနဲအား သင်ခန်းစာပေးရန်ပင်။
“ ပြဿနာ မရှိဘူး..”
အချိန်တိုအတွင်း နှစ်ဖက်အဖွဲ့မှာ သဘောတူညီချက် ရရှိသွားခဲ့ပြီး ၎င်းတို့၏ ပစ်မှတ်ကို လင်းရီထံ ရွေ့ဆိုင်းလိုက်ကြ၏။
“ နင်တို့နှစ်ယောက်… နောက်ဆုတ်နေကြ..” လီဂျန်းနီ ပြော၍ သူမကိုယ်တိုင်နှင့် ဟွမ်ယွင်ဟန်တို့လည်း နောက်သို့ ဆုတ်ကာ တိုက်ခိုက်ရန် အသင့် ပြင်ဆင်ထားကြလေသည်။
“ ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ… ငါတို့ကို အများကြီးသာ မကူညီတာ ဒုက္ခကတော့ အတော်ပေးတဲ့ကောင်..” ဟွမ်ယွင်ဟန် ပြောလိုက်ပြီး “ တကယ်လို့ သူ့ကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီလူတွေက ငါတို့ဆီ ရောက်လာမှာ မဟုတ်ဘူး..”
“ ခုက အဲ့အကြောင်းတွေ ပြောရမယ့် အချိန် မဟုတ်သေးဘူး..” လီဂျန်းနီ ပြောလိုက်ပြီး “ နောက်ပြီး ဒီလူတွေက သူ့ကြောင့်နဲ့ ရောက်လာကြတဲ့သူတွေချည်းပဲလည်း မဟုတ်ဘူး… လောလောဆယ် မျက်စိရှေ့က ကိစ္စကို အရင်ကိုင်တွယ်လိုက်ကြစို့.. ကျန်တာကို ခဏ ဘေးချတ်ထားလိုက်ဦး….”
ဟွမ်ယွင်ဟန် ဘာမျှ မပြောပဲ သူ၏ အကြည့်တို့က ကလက်ခ်ပေါ် ကျရောက်သွားခဲ့၏။
သူ့ဘက်က ကြောက်ရွံ့နေခြင်း မရှိသော်လည်း မလိုလားအပ်သည့် ဒုက္ခများက တော်တော်လေးကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။
တောအုပ်ကြီးထဲတွင် လေထုအခြေအနေမှာ တင်းမာနေပြီး အချိန်မရွေး တိုက်ခိုက်တော့မည့် အသွင်သို့ ကူးပြောင်းသွားတော့၏။
…………….
ကျွန်း၏ ကမ်းခြေအနီးတွင် ရဟတ်ယဉ် တစ်စင်း ကောင်းကင်ထက်၌ ဝဲပျံနေပြီး အောက်ရှိ အခြေအနေများကို လေ့လာဆန်းစစ်နေသည်။
ရန်စီနှင့် ကျန်သူများလည်း ရွက်လှေ အသေးစားလေးပေါ်၌ ပစ္စည်းကိရိယာများအား တပ်ဆင်ပြီးဖြစ်ပြီး တောအုပ်ထဲရှိ အခြေအနေများအား စောင့်ကြည့်လေ့လာနေကြသည်။
“ ဒါရိုက်တာရန် … သတင်းဆိုးပဲ… လင်းရီလို့ခေါ်တဲ့ ပြိုင်ပွဲဝင်နဲ့ ကျန်တဲ့သူတွေ တိုက်ခိုက်ကြတော့မယ်…” ပြောလိုက်သူကတော့ လက်ထောက်ဒါရိုက်တာ ကျူးရွေ့ပင်။
ရန်စီမှ လင်းရီ၏ အခြေအနေအရပ်ရပ်ကို အာရုံစိုက်ထားရန် အမိန့်ပေးထားသောကြောင့် သူ့ဘက်က တစ်စက္ကန့်လေးမှ မျက်ခြည်မပြတ်ဝံ့ချေ။ ထို့ကြောင့် ကျူးရွေ့မှာ ချက်ချင်း သတိပြုမိသွားလေသည်။
ကျူးရွေ့၏ အသံကိုကြားတော့ ဝှိုက်နှင့် စကားပြောနေသည့် ရန်စီမှာ လှည့်ကြည့်လာခဲ့ပြီး “ သူတို့က အရင်းအမြစ်အတွက် တိုက်ခိုက်နေကြတာလား…”
“ ဟုတ်တယ်… သူတို့အခု အရင်းအမြစ် မလောက်ငှလို့ဆိုပြီး လီချိန်ရှင်းရဲ့ အသင်းနဲ့ ယှဉ်ခုတ်မယ့် အနေအထား ဖြစ်နေပြီ…” ကျူးရွေ့ ပြောလိုက်ပြီး “ နောက်တော့ အမေရိကန် အသင်းတစ်သင်းကလည်း ပါဝင်လာပြီး ခု နှစ်အုပ်စုပေါင်းပြီးတော့ လင်းရီတို့ကို သင်ခန်းစာပေးကြတော့မယ်..”
“ ငါတို့ လူတွေလည်း ပါဝင်လာတယ်လား..” ဝှိုက် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ အဲ့လိုဆိုရင်တော့ ကျုပ်လည်း တစ်ချက်ကြည့်ဦးမှပါ…”
ရန်စီ တိုက်ရိုက်ထုတ်လွင့်နေသည့် စခရင်ပေါ်သို့ အမူအရာကင်းမဲ့စွာဖြင့် လျှောက်လှမ်းလာခဲ့ပြီး ဖြစ်ပျက်နေသည့် အခြေအနေများကို စောင့်ကြည့်လေ့လာရန် အသင့်ဟန်ပြင်လိုက်၏။
တိုက်ဆိုင်စွာဖြင့် လီချိန်ရှင်း၏ အေးဂျင့်၊ တိုနီကလည်း ဤနေရာ၌ ရောက်ရှိလို့နေလေသည်။
လက်တွေ့တွင်တော့ လီချိန်ရှင်းမှ အခြားလူသုံးယောက်နှင့် အသင်းဖွဲ့ပြီး လင်းရီကို တိုက်ခိုက်ရန် ညွှန်ကြားမည် ဖြစ်ကြောင်း ကြိုတင် သိရှိထားသောကြောင့် တိုနီ စခရင်အနား တစ်ချိန်လုံး ရှိနေပြီး အခြေအနေကို စောင့်ကြည့်နေလေသည်။
သူ ယခုလို မြင်ကွင်းကို မြင်တွေ့နိုင်ရန် တော်တော်လေး စောင့်ဆိုင်းလိုက်ရ၏။
“ အိုး… ဒါ ကလက်ခ်နဲ့ သူ့ အသင်းသားတွေပဲ…” ဝှိုက် ပြောလိုက်ပြီး “ မစ်ရန် …. ခင်များလူတော့ ဒုက္ခ အကြီးကြီး ရောက်ပြီ….”
“ ဘာလို့…”
“ အဲ့ဒီ အသင်းရဲ့ ခေါင်းဆောင် နာမည်က ကလက်ခ်လို့ခေါ်တယ်… ကျုပ်ကိုယ်တိုင် ဒီရှိုးထဲ ပါဝင်လာဖို့ကို ကျုပ်ကိုယ်တိုင် ဖိတ်ခေါ်ခဲ့ရတဲ့သူပေါ့… ဒီတော့ ကျုပ် သူ့ ခွန်အားကို ကောင်းကောင်းကြီး နားလည်ထားပြီးသား… ခင်များ ဂရုစိုက်ရင် ကောင်းမယ်နော… မဟုတ်ရင် ခင်များလူက အိမ် အစောကြီး ပြန်ရတော့မှာ…”
ရန်စီ ဘာမျှမဆို။ ထိုအစား တိုနီကိုသာ ကြည့်လိုက်၏။
“ မစ္စတာတိုနီ… လီချိန်ရှင်း ဘာလို့ ဒီရှိုးထဲ ပါဝင်လာသလဲ ဆိုတာ ကျွန်မတို့ နှစ်ယောက်လုံး သိပါတယ်… တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ရှင်သူ့ကို အဲ့ဒီ နေရာကနေ မြန်မြန် ထွက်သွားဖို့ ပြောလိုက်… မဟုတ်ရင် ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်တာနဲ့ ခြားမှာ မဟုတ်ဘူး…”
“ နှုတ်ထွက်တယ်..” တိုနီ အံ့အားသင့်သွားခဲ့ပြီး “ ဒါရိုက်တာရန် … နင် ပြောနေတာ လင်းရီလား…. ဒါမှမဟုတ် တို့ရဲ့ ချိန်ရှင်းကိုလား…”
“ သေချာပေါက် လီချိန်ရှင်းပေါ့….”
“ ဒါရိုက်တာရန်…. နင် ဒီလိုပြောတာ နည်းနည်းလေး တရားလွန်နေပြီနော်…” တိုနီ ပြောလိုက်ပြီး “ နင်နဲ့ လင်းရီရဲ့ ဆက်ဆံရေးကို ငါလည်း သိတယ်… သူက နင့်ရဲ့သူငယ်ချင်း… ဒါပေမယ့် ကိုယ့်သူငယ်ချင်းကို ကာကွယ်ဖို့ စည်းမျဉ်းချိုးဖောက်တာတော့ မဖြစ်သင့်ဘူးမလား… ထုတ်လုပ်ရေး အသင်းရဲ့ ဒါရိုက်တာအနေနဲ့ တကယ်ကြီး အဲ့လိုလုပ်တော့မလို့လား….”
ရန်စီ ခေါင်းခါရမ်းလိုက်သည်။ သို့သော် သူမ မျက်နှာပေါ်ရှိ အမူအရာကတော့ တစိုးတစိမျှ ပြောင်းလဲခြင်း မရှိ။
“ ကျွန်မဘက်က ဘာစိတ်ကြောင့်နဲ့မှ ပြောနေတာ မဟုတ်ဘူး… စည်းလုံးခြင်းက ငွေရွှင်စေတယ်တဲ့… ရှင့်ဘက်က မယုံလည်း သဘောပဲ…”
“ အဲ့တာ စိတ်ဓာတ်ပဲလေ…” တိုနီမှ ရယ်သွမ်းလိုက်ရင်း “ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရှိုးရဲ့ မျှတမှုကို အာမခံဖို့ နင့်မှာ တာဝန်ရှိပြီးသား.. ဒီလို အမြင်တွေ လျှို့ဝှက်ပြီး လာပြောပေးလို့ ကောင်းသွားမှာလဲ မဟုတ်ဘူး…”
ရန်စီ တည်ငြိမ်စွာဖြင့် ပင်လယ်လေကြောင့် ရှုပ်ပွနေသည့် သူမ၏ ဆံစများကို သပ်လိုက်ရင်း “ ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့..”
၎င်းတို့၏ စကားဝိုင်းကို နားထောင်နေသည့် ဝှိုက်ကတော့ အထင်သေးစွာ ပြုံးလိုက်သည်။
စကားတွေ အများကြီး ပြောပြီး ဘာလဲ လုပ်မှာ… အဆုံးကျရင် အဲ့ ရှစ်ယောက်လုံးရဲ့ အရင်းအမြစ်တွေက ငါတို့လူတွေ အပိုင် ဖြစ်လာမှာကိုပဲ…….
…………………
တောအုပ်ထဲတွင်တော့ သိပ်သည်းပြီး တင်းမာသည့် လေထုက ဆယ်စက္ကန့်ကျော် ကြာညောင်းသွားခဲ့၏။
“ ဟီးဟီး… မင်းတို့ရဲ့ ကိုယ်ဟန်လေးတွေကတော့ မဆိုးကြပါဘူး… ဘယ်နှစ်ကွက် တောင့်ခံနိုင်မလဲဆိုတာတော့ သိချင်မိသား…”
ပြောပြီးနောက် နင်တုန်းလျန် ရှေ့သို့ အဟုန်ဖြင့် ချီတက်လာခဲ့၏။လီဂျန်းနီကဲ့သို့ အမျိုးသမီးတစ်ဦးနှင့် ရင်ဆိုင်နေရသည့် တိုင်အောင် သူ့ဘက်က အလျော့ပေးရန် ရည်ရွယ်ချက် မရှိချေ။
နင်တုန်းလျန် လက်သီးတစ်လုံးကို သူမထံ ပစ်သွင်းလိုက်၏။ လီဂျန်းနီကလည်း သွက်လတ်ချက်ချာသည့် ခန္ဓာကိုယ်ဖြင့် ၎င်းလက်သီးကို လွယ်လင့်တကူပင် ရှောင်ရှားလိုက်သည်။
တစ်ချိန်တည်းတွင် လီဂျန်းနီ နင်တုန်းလျန်ထံ ကန်လိုက်၏။
တစ်ဖက် နင်တုန်းလျန်မှာ အဆိုပါ ခြေကန်ချက်ကို သတိပြုမိသော်လည်း ဘဝင်လေဟပ်စွာဖြင့် ကာကွယ်တားဆီးရန် ရည်ရွယ်ချက် မရှိချေ။
သူ၏ အမြင်တွင်တော့ အားနွဲ့သည့် အမျိုးသမီးတစ်ယောက်က သူ့အား ထိခိုက်နာကျင်စေရန် မည်သို့မျှ မဖြစ်နိုင်ချေ။နာကျင်မှု၌ သာယာတတ်သည့် သူ့အတွက် ကောင်းကောင်းကန်ခံနိုင်ရန် သေချာလေးပင် ဖွင့်ဟထားပေးလိုက်သည်။
ဘန်း…
လီဂျန်းနီ၏ ခိုင်မာသည့် ခြေကန်ချက်က နင်တုန်းလျန်၏ ကိုယ်ပေါ် ကျရောက်သွားခဲ့၏။
တစ်ဖက်သူ၏ အမူအရာမှာ ထင်သာမြင်သာလောက်သည်အထိ ပြောင်းလဲသွားခဲ့ပြီး ဧရာမ အဟုန်ကြီးက သူ့ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။ ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံးမှ ချုပ်ထိန်းမရနိုင်စွာ လွင့်ထွက်သွားခဲ့ပြီး အနောက်ရှိ သစ်ပင်များအား ကျိုးကြေသွားစေသည်။
“ အောင်မယ်လေး မိုးနတ်မင်းကြီး….”
ကျောက်ရင်ညန်၏ မျက်လုံးတို့ ပြူးကျယ် ဝိုင်းစက်သွားခဲ့ပြီး ပါးစပ်မှာလည်း ‘ O ‘ သဏ္ဌာန် ဖြစ်လို့နေသည်။
ခြေကန်ချက် တစ်ခုတည်းနဲ့…
သန်မာထွားကြိုင်းတဲ့ ယောက်ျားသားကို လွင့်ထွက်သွားစေတယ်…
ဒီရဲ့ မမလေးက အံ့အားသင့်ဖို့ ကောင်းမနေလွန်းဘူးလား…
ချွီရှင်းနန် ၊ ကလက်ခ် နှင့် ကျန်သူများလည်း ကြက်သေသေသွားခဲ့ကြတော့၏။
လီဂျန်းနီ၏ ခွန်အားက သူတို့ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေလေသည်။
သူတို့အတွက်တော့ လုံးဝ နားမလည်နိုင်တော့သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဟု ဆို၍ရ၏။
မိန်းကလေးတစ်ယောက်က ဒီလောက်ထိ သန်မာနေတာ ဖြစ်နိုင်ပါ့မလား….
“ လောင်မုန့်… အတူတက်ကြမယ်…”
“ တက်.. “
ချွီရှင်းနန် ညာသံပေးလိုက်ပြီး မုန့်ချီနှင့် ဘေးချင်းယှဉ်လျက် လီဂျန်းနီထံ ပြေးဝင်လာသည်။
သို့သော်လည်း လီဂျန်းနီက အင်မတန် ခွန်အားကြီးမားနေကာ နှစ်ယောက် ပေါင်းစည်းထားလျှင်တောင် သူမအတွက် ပြဿနာ ဟုတ်မနေခဲ့ချေ။
ဆယ်ကွက်အတွင်း လီဂျန်းနီ မုန့်ချီနှင့် ချွီရှင်းနန်ကို အနိုင်ယူပစ်လိုက်၏။
နှစ်ယောက်လုံး တကျစ်ကျစ်မြည်အောင် အံကြိတ်ရင်း ရင်ဘက်ကို လက်ဖြင့် ဖိထားလျက် မြေပေါ်မှ မထနိုင် ဖြစ်နေကြတော့၏။
ထိုအခိုက်အတန့်တွင်တော့ ကမ်းခြေ၌ မတ်တပ်ရပ်နေပြီး ပျော်မြူးနေသည့် အမူအရာဖြင့် တိုနီမှာ ကြွက်သတ်ဆေး သောက်မိသကဲ့သို့ အကျည်းတန်သွားခဲ့တော့၏။
အစမှ အဆုံးထိတိုင်အောင် သူ လင်းရီကို အလေးအနက် မထားခဲ့ချေ။ သို့သော်လည်း ထို ငနဲ ရှာတွေ့ထားသည့် အသင်းဖော် နှစ်ယောက်က ထိုမျှ အင်အားကြီးမားနေလိမ့်မည်လို့တော့ သူ ထင်မထားခဲ့ချေ။
သူ ဘယ်လိုတောင် အတွက်မှားသွားရတာပါလိမ့်….
“ ရှင့်ကို ပြောသားပဲ… လီချိန်ရှင်းကို ထွက်သွားခိုင်းလိုက်ပါလို့… ခုတော့ နောင်တရမယ်ဆိုရင်တောင် အရမ်းနောက်ကျလွန်းသွားပြီ…”
“ ဒါရိုက်တာရန် … နောက်တစ်အုပ်စု ကျန်နေသေးတယ်ဆိုတာ မမေ့သေးနဲ့ဦး.. လင်းရီနဲ့ ကျန်တဲ့သူတွေက သူတို့ ပြိုင်ဘက်တော့ မဖြစ်နိုင်လောက်ဘူး..” တိုနီ ပြောလိုက်၏။
“ ကျုပ်လည်း ထောက်ခံတယ်… ကလက်ခ်က အရမ်းသန်မာတာ… ဘာပဲဆိုဆို မရင်း တပ်ဖွဲ့က အနားယူသွားတဲ့ တပ်သားတစ်ယောက်ပဲလေ… လွယ်လွယ်နဲ့တော့ အနိုင်ယူနိုင်ဖို့ ဘယ်ဖြစ်နိုင်မှာ…”
“ အဲ့လို ပြောဖို့က စောလွန်းပါသေးတယ်… ရှင်တို့တွေ ခဏနေကျ ရလဒ်ကို မျက်ဝါးထင်ထင် မြင်ကြရမှာပါ…”
ရန်စီ စကားပြောပြီးလျှင် ပြီးချင်း ဟွမ်ယွင်ဟန်မှ ဖန်သားပြင်ပေါ်တွင် လှုပ်ရှားလာကြောင်း မြင်တွေ့လိုက်ရ၏။
ထို့ပြင် သူ ပထမဆုံး ပစ်မှတ်ထားလိုက်သည်ကလည်း ကလက်ခ်ဖြစ်နေလေသည်။