အကြီးအကဲစားဖွယ်! ဖရဲသီးအစစ်မှည့်ပြီ!
Vol. 11 Ch. 152
ချင်လင်က စီရင်စုအစိုးရရုံးမှ မြန်မြန်ပြန်လာခဲ့သည်။
အရင်ဆုံးသူ ရှုမျှော်ခင်း 4A အတွက် လိုအပ်ချက်များဖြေရှင်းရဦးမည်။
တကယ်တော့ ချန်လီ၏လိုအပ်သည့်အကြံပြုချက်များမှာ မခက်ပေ။ ကရိကထများခြင်းသာဖြစ်သည်။
ထိုအထဲတွင် ဘတ်စ်ကားဆွဲရန်လျှောက်ထားချက်မှာ အလွယ်ဆုံးဖြစ်၏။ သူကလျှောက်လွှာရေးလိုက်ရုံပင်။ စီရင်စုက ကြည့်လုပ်လိမ့်မည်။
သူက ချင်ရန်စတူဒီယိုကို သတင်းအချက်အလက်ဖော်ထုတ်ခြင်း၊ လမ်းညွှန်ခြင်းနှင့်ပတ်သက်၍ ယုံကြည်အပ်နှံထားပြီးဖြစ်သည်။
အရောင်းစင်တာမှရောင်းချသူကို သင်တန်းပေးဖို့ကရှင်းသည်။ ပိုက်ဆံနည်းနည်းသုံးဖို့သာလို၏။
ဆေးကုသခန်းတည်ဆောက်ဖို့ကတော့ နည်းနည်းဒုက္ခရောက်သည်။ ဘာပဲဖြစ်ဖြစ် စိတ်ချရတဲ့ဆရာဝန်ရှာတွေ့ဖို့ကမလွယ်။
ခရမ်းချဉ်သီးစိုက်သည့်ကိစ္စမှာ အချိန်တိုအတွင်းဖြေရှင်းနိုင်မည်မဟုတ်။ ဘာပဲဖြစ်ဖြစ် စီရင်စုက ဦးဆောင်ရမည်။
ထောက်ပံ့ငွေသတင်းထွက်လာလျှင် လူအတော်များများက လိုက်ရှာကြလိမ့်မည်။ ပြန်လည်ဆန်းစစ်ခြင်း၊ စစ်ဆေးခြင်းနှင့်ပင် စီရင်စုအလုပ်ရှုပ်ဦးမည်။
ခရမ်းချဉ်သီးကို ဖေဖော်ဝါရီလမှစိုက်ရမည်ဖြစ်၍ အချိန်ရသေးသည်။
ချင်လင်စံအိမ်ပြန်ရောက်သောအခါ ယွီရွှေ့မှာ ပြုံးပြုံးပြုံးပြုံးနှင့် ဥယျာဉ်လုပ်သားများကို သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်များရွှေ့ရန် ဝင်ပေါက်နားခေါ်သွားသည်ကိုတွေ့ရ၏။
ယွီရွှေ့က ချင်လင်ကိုမြင်လျှင် ချက်ချင်းအစီရင်ခံလိုက်၏_ ''သူဌေး... ကျွန်တော်တို့သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်တွေက အရမ်းနာမည်ရနေပါတယ်... မနက်ပိုင်း ၂၀၅ အိုးမှာ ယွမ် ၁၀၀ တန်က အိုး ၁၉၀... ယွမ် ၄၀၀တန်က ၁၅ အိုးရောင်းရတယ်... ဒီနေ့ အိုး ၄၀၀ ကနေ ၅၀၀ လောက်ရောင်းရလိမ့်မယ်''
ယွီရွှေ့က ပြုံးပြုံးရွှင်ရွှင်နှင့်ပြောရင်း အလွန်ဝမ်းသာနေပုံရသည်။
သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်တွေက အရောင်းသွက်နေသဖြင့် သူနှင့်အိုးစိုက်ဥယျာဉ်မှာ အတည်တကျဖြစ်သွားလေပြီ။
''အင်း... ကောင်းတယ်'' ချင်လင်ကချီးကျူးဖို့ နှုတ်လေးမနေ။

သူက ခရီးသည်အရေအတွက်ကို ၁၅၀၀ သတ်မှတ်ထားသော်လည်း အိုး ၄၀၀၊ ၅၀၀ ရောင်းနေရသေးသည်။ ဒီနှုန်းထားအရ သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်မှာ တကယ်နာမည်ကျော်ကြောင်းသိနိုင်သည်။
ရှုမျှော်ခင်း 4A နေရာအတွက် ခရီးသည်နှင့် စျေးဝယ်လိုအပ်ချက်များတွင် အနည်းဆုံးစံမီသော အထူးစျေးဝယ်ထုတ်ကုန်တစ်ခုရှိရမည်။ ဤသက်တန့်ရောင်သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်မှာ မထင်မှတ်ဘဲ အထူးစျေးဝယ်ထုတ်ကုန်လိုအပ်ချက်နှင့်ပြည့်မီနေသည်။
ခန်းမထဲပြန်ရောက်သောအခါ ချင်လင်က ကျောက်မိုချင်းကိုရှာပြီး ရှုမျှော်ခင်း 4A နေရာလျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆွေးနွေးလိုက်သည်။
နောက်ပြီး ရှူမျှော်ခင်း 4A နေရာကိစ္စအပြင် ရွက်လွှင့်အစီအစဉ်၊ သတို့သမီးခန်းနှင့် စားသောက်ဆိုင်များ စတင်လည်ပတ်ရန်လည်း လိုသေးသည်။
ကယက်လှေ၊ အသက်ကယ်အင်္ကျီ၊ လုံခြုံရေးဦးထုပ်၊ ခရီးသည်သယ်ပို့ယာဉ်၊ သတို့သမီးခန်းအတွက် နေ့စဉ်သုံးပစ္စည်းများ၊ တခြားပစ္စည်းများ ဝယ်ရဦးမည်။
နောက်ပြီး ဝန်ထမ်းထပ်ခန့်ရမည့်ကိစ္စရှိသေးသည်။ စားပွဲထိုးဖြစ်စေ၊ ငွေကိုင်ဖြစ်စေ၊ သန့်ရှင်းရေးသမားဖြစ်စေ အရင်ထက်နှစ်ဆရှိမှဖြစ်မည်။
ထို့အပြင် ကယ်ဆယ်ရေး၊ ကယက်လှေအသယ်အပို့၊ မြစ်ကိုပတ္တရောင်လှည့်ကြည့်သူ၊ ဓာတ်ပုံရိုက်သူ စသည့်တာဝန်ခံဝန်ထမ်းများလည်းရှိဦးမည်။
ချင်လင်က နာမည်ကျော်ရွက်လွှင့်လုပ်ငန်းတချို့မှ နေ့စဉ်ခရီးသည်အရေအတွက်ကို ရှာကြည့်လိုက်၏။
မူလန်နွားမင်းချောင်းတောင်ကြားမှာ ၇ ကီလိုမီတာရှည်ပြီး တစ်နေ့ပျမ်းမျှခရီးသည် ၁၅၀၀ ခန့်ရှိသည်။
ကျိုရိချောင်းတောင်ကြားမှာ ၁၃ ကီလိုမီတာရှည်ပြီး အားလပ်ရက်များတွင် ခရီးသည်အများဆုံး ၅၀၀၀ အထိလာသည်။
လီကွေ့ဝါးပင်လယ်တောင်ကြားခရီးတစ်ခုလုံးမှာ ၈ ကီလိုမီတာရှည်ပြီး တစ်နေ့ပျမ်းမျှခရီးသည် ၁၂၀၀ ခန့်ရှိသည်။
တစ်နည်းဆိုရလျှင် ခရီးသည်များလောက်ငှမှုရှိစေရန် ပျမ်းမျှခရီးသည်တစ်နေ့ ၁၅၀၀ နှင့် အားလပ်ရက်တွင် လူ ၅၀၀၀ စာဝင်ဆံ့နိုင်မှဖြစ်မည်။
ထို့ကြောင့် ဝန်ထမ်းအများအပြားလိုအပ်နေပြီး အနည်းဆုံး ၃၅ ယောက်နှင့်အထက်ရှိသည်။
နောက်ဆို သူပိုအလုပ်များလာမည်ဖြစ်၍ တချို့ကိစ္စများကို ကျောက်မိုချင်းနှင့်အလုပ်လုပ်ရမည်။
…
အချိန်လွန်သည်နှင့်အမျှ ချင်းလင်စံအိမ်တွင် အစစအရာရာ တသမတ်တည်းတိုးတက်လာသည်။ တချိန်တည်းမှာပင် ချင်းလင်အစားအသောက်ကုမ္ပဏီမှာလည်း ဖြည်းဖြည်းချင်းဖွံ့ဖြိုးလာ၏။
ချဉ်ချိုထုတ်လုပ်ရေးလိုင်းမှာအပြည့်ဖြစ်ပြီး နှစ်ဆိုင်းခွဲ၍ထုတ်လုပ်နိုင်သည်။
နောက်ပြီး တန့်ကွမ်းကလည်း ချဉ်စပ်ခရမ်းချဉ်သီးဆော့ထုတ်လုပ်ရေးလိုင်းကို ပြင်ဆင်ထားပြီဖြစ်ကြောင်း အသိပေးလာသည်။

ရုံချန်းစီရင်စုစက်မှုဇုံအတွင်း_
ချင်လင်က စက်ရုံတစ်ရုံဆီမောင်းလာပြီး ကားရပ်လိုက်သည်။ စက်ရုံတံခါးပေါက်တွင် စာလုံးများမှာ: ချင်းလင်အစားအသောက်ကုမ္ပဏီလီမိတက်၊ စက်ရုံ ၆။
ချင်းလင်အစားအသောက်ကုမ္ပဏီမှထုတ်လုပ်ရေးလိုင်း ၄၂ ခုကို စက်ရုံ ၆ ရုံခွဲပြီး နေရာချထားသည်။
ဤသည်မှာ ရုံချန်းစီရင်စုကဲ့သို့နေရာငယ်လေးအတွက် အကန့်အသတ်ဖြစ်၏။
ထို့ကြောင့် ယခုနှစ်ချင်းလင်အစားအသောက်ကုမ္ပဏီအစီအစဉ်မှာ ငွေချေပြီးလျှင် စက်ရုံဆောက်ရန်မြေရှာကာ ထုတ်လုပ်ရေးလိုင်းအားလုံးကိုရွှေ့ပြီး တညီတည်းစီမံကွပ်ကဲရန်ဖြစ်သည်။
စီရင်စုအဖွဲ့အစည်းကြီးကြပ်ရံပုံငွေအပြင် ချင်းလင်စံအိမ်မှ ကနဦးရင်းနှီးမြှုပ်နှံထားသည်လည်းရှိသည်။
သူကသူဌေးဆိုသော်လည်း လုပ်ငန်းနှစ်ခုဖြစ်နေ၍ စာရင်းပိုင်းရှင်းထားမှဖြစ်မည်။
''ဥက္ကဌချင်'' တန့်ကွမ်းက လူတချို့နှင့် စက်ရုံပေါက်ဝတွင် အသင့်စောင့်နေ၏။ သူ့ကိုမြင်သောအခါ ကားထဲမှထွက်ပြီး ကြိုဆိုကြသည်။
တန့်ကွမ်းက သူ့ကို'ဥက္ကဌချင်'ဟု နာမည်တပ်လိုက်၏။
အကြောင်းမှာ သူက ချင်းလင်အစားအသောက်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်သောကြောင့်ပင်။
ချင်းလင်အစားအသောက်ကုမ္ပဏီဖွံ့ဖြိုးတိုးတက်မှုကို အမြဲတမ်းတန့်ကွမ်းကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းလေ့ရှိသောကြောင့် သူ့အရည်အချင်းမှာ မဆိုးပေ။
အခုစက်ရုံချဲ့ထွင်ပြီးပြီဖြစ်၍ ဝန်ထမ်းအများကြီးဖြစ်လာပြီး တချို့နေရာများကို ပြန်လည်သတ်မှတ်ဖို့လိုသည်။ ပိုပြီးကောင်းကောင်းမွန်မွန်စီစဉ်နိုင်ရန် တန့်ကွမ်းကိုရာထူးတိုးပေးထားရမည်။
ကျောက်မိုချင်းနှင့်လက်ထောက်တချို့မှာ ဘဏ္ဍာရေးတာဝန်ခံများဖြစ်နေဆဲပင်။ ထုတ်လုပ်ရေးအပိုင်းကို တန့်ကွမ်းဆီလွှဲထားလျှင်တောင် သူကိုယ်တိုင်ကိုင်တွယ်စရာရှိနေသေးသည်။
“ဥက္ကဌချင်''
“ဥက္ကဌချင်''
တန့်ကွမ်းနောက်မှလူတချို့ကလည်း ချင်လင်ကို ရိုရိုသေသေနှုတ်ဆက်လိုက်သည်။
ထိုလူများမှာ ထုတ်လုပ်ရေးလိုင်းဦးဆောင်သူ စက်ရုံညွှန်မှူးများဖြစ်သည်။ ညွှန်မှူးမှာ မူလစက်ရုံထုတ်လုပ်ရေးလိုင်းခေါင်းဆောင်သူဖြစ်ပြီး ထုတ်လုပ်ရေးလိုင်းခေါင်းဆောင်တချို့မှာ အစကတည်းကထူးချွန်သူဝန်ထမ်းများဖြစ်ကြ၏။
မြန်မြန်ဆန်ဆန်တိုးတက်နေသော ကုမ္ပဏီတစ်ခု၏ဝန်ထမ်းများအနေနှင့် အကြီးမားဆုံးအကျိုးအမြတ်မှာ အလုပ်လုပ်ချင်စိတ်ရှိခြင်း၊ အခက်အခဲများကိုတောင့်ခံနိုင်ခြင်း၊ အရည်အချင်းတစ်ရပ်ရှိခြင်း၊ မြန်မြန်ရာထူးတိုးခြင်းတို့ဖြစ်သည်။
တန့်ကွမ်းကို အထွေထွေမန်နေဂျာအဖြစ်တိုးပေးပြီးနောက် စက်ရုံမန်နေဂျာကို ခန့်ထားခြင်းမရှိ။
ဒီလိုစက်ရုံလေး ၆ ခုအတွက် စက်ရုံတစ်ခုစာ စက်ရုံညွှန်မှူးတစ်ယောက်တည်း ခန့်ထားဖို့မဖြစ်နိုင်။ အလုပ်ရုံညွှန်မှူးအဆင့် ညွှန်မှူးနေရာကိုသာ ဖွဲ့စည်းရသေးသည်။
တကယ်တော့ ဤကဲ့သို့စက်ရုံငယ်လေးမှာ စက်ရုံကြီးများမှအလုပ်ရုံနှင့် ကွာခြားချက်မရှိပေ။
၆ ခုမြောက်စက်ရုံ ထုတ်လုပ်ရေးလိုင်း ၇ ခုလုံးကို ချဉ်စပ်ခရမ်းချဉ်သီးဆော့ထုတ်ရန်သုံးထားသည်။ ချဉ်စပ်ထုတ်လုပ်ရေးလိုင်းအချက်အလက်ကိုပြင်ဆင်ထားပြီဖြစ်၍ သူလာကြည့်ရပေမည်။