အကြီးအကဲစားဖွယ်! ဖရဲသီးအစစ်မှည့်ပြီ! ၃
Vol. 11 Ch. 154
ဤသည်မှာ ခရီးသည် ၁၅၀၀ သတ်မှတ်ထားသောအခြေအနေအောက်တွင်ပင်ရှိသေးသည်။ ပန်းပင်လယ်တွင် မနက်ပိုင်းလည်ပတ်သူများက နေ့လည်ပိုင်းရွက်မလွှင့်နိုင်တာလည်း ဖြစ်ချင်ဖြစ်မည်။ မနက်ပိုင်းရွက်လွှင့်ထားသူက နေ့လယ်ပိုင်းပန်းပင်လယ်မလည်နိုင်တာလည်း ဖြစ်ချင်ဖြစ်မည်။
ဆက်လည်ပတ်ရမယ်ဆိုရင်ရော? ညပိုင်းတည်းခိုလိမ့်မည်။ စံအိမ်ရဲ့အခန်း ၁၅၀ ထဲမှာ ဒါမှမဟုတ် စီရင်စုထဲသွားပြီး လက်တွဲဖော်နှင့်ညအိပ်လိမ့်မည်။
စီရင်စုထဲမှာတစ်ညအိပ်ပြီဆိုတာနှင့် စီရင်စုက ထိုခရီးသည်များကို ငွေအများကြီးသုံးအောင် အတတ်နိုင်ဆုံးဆွဲဆောင်တော့မည်။
ဤသည်မှာ အစကတည်းက စီရင်စု၏အစီအစဉ်ဖြစ်ပုံရ၏။
ခရီးသည်ဘယ်လောက်များများလက်ခံရမလဲဆိုသည့်အချက်မှာ ရွက်လွှင့်လုပ်ငန်းကို ခရီးသည်ဘယ်လောက်များများစိတ်ဝင်စားလဲအပေါ်မူတည်နေသည်။
ကျောက်မိုချင်းက ကွန်ပျူတာပေါ်မှ 'သိမ်းမည်'ကိုနှိပ်လိုက်သည်။ ချင်လင်ကိုမြင်သောအခါ_ ''သက်ဆိုင်တဲ့အစီအစဉ်တွေ ကျွန်မလုပ်ထားတယ်... ဒါပေမဲ့ ရွက်လွှင့်လုပ်ငန်းနဲ့ သတို့သမီးခန်းဖွင့်ရင် အတတ်နိုင်ဆုံးလူသိများအောင်လုပ်ဖို့ စဉ်းစားစရာရှိသေးတယ်''
''ကိုယ်စဉ်းစားရဦးမယ်'' ချင်လင်ခေါင်းညိမ့်ပြီး စဉ်းစားကြည့်လိုက်သည်။ သူချက်ချင်းအတွေးတစ်ခုပေါ်လာ၏။
မဲနှိုက်အစီအစဉ်လုပ်ခြင်းပင်။
ဒီတစ်ခါမဲနှိုက်သည့်ဆုမှာ ဖရဲသီးဘုရင်နှစ်လုံးထက် ပိုစိတ်ဝင်စားဖို့သည်။
အရင်တစ်ခါဖရဲသီးဘုရင်မှာ ကြီးမြတ်သောပျော်ရွှင်မှုအတွက်။
ဒီတစ်ခါမဲနှိုက်ခြင်းမှာမူ အကြီးအကဲစားဖွယ်အတွက်: ရှန်းရွှေလက်ဆောင်ဆန် + အရည်အသွေး ၂ ရုံးပတီသီး + အရည်အသွေး ၂ သဘာဝငါး + အရည်အသွေး ၂ ငါးရှဉ့် + အရည်အသွေး ၂ ခရု + အရည်အသွေး ၂ ဖရဲသီး + အရည်အသွေး ၂ ဆေးဖက်ဝင်ဝိုင်။
ဒီအတွဲအစပ်က ကြီးမြတ်တယ်မဟုတ်လား?

ဤစားပွဲမှာ ချမ်းသာသူများတောင် မတတ်နိုင်သောအရာဖြစ်သည်။
မည်သည့်ခရီးသည်ပဲ မဲပေါက်ပေါက် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့လို လူချမ်းသာများတောင် ထိုစားပွဲကို ငွေအများကြီးသုံး၍ ဝယ်ချင်ကြပေမည်။
အထက်တန်းစားပွဲမျိုးဖြစ်၏။
ဒီလိုဆုမျိုးကို စိတ်ဝင်စားကြမည်မှာ အသေအချာပင်။ ဒါမျိုးများများစားစားမရှိနိုင်။
ထိုလူချမ်းသာများက တခြားအရာများကိုမြင်လျှင် အရည်အသွေး ၂ ကိုမစားဖူးပါက ဂရုစိုက်မည်မဟုတ်။ သို့သော် နာမည်ကျော်ရှန်းရွှေလက်ဆောင်ဆန်ပါလာသည်ကိုမြင်လျှင် ထိုလူချမ်းသာများ သေချာပေါက်စိတ်ဝင်စားသွားပေမည်။
၄င်းမှာ သူတို့ဝယ်ချင်လျှင်တောင် မဝယ်နိုင်သောအရာဖြစ်နေသည်။
ချင်လင်ကချက်ချင်း ထိုစိတ်ကူးကို ကျောက်မိုချင်းအားပြောပြလိုက်၏။
''ချင်လင်... တော်လိုက်တာ... ကျွန်မယောက်ျားလို့မပြောရဘူး'' ချင်လင်၏စကားကိုကြားလျှင် ကျောက်မိုချင်း၏မျက်လုံးများအရောင်တောက်သွားသည်။
သူမ အဲဒါတွေအကုန်စားဖူးသောကြောင့် ဘယ်လောက်အရသာရှိမလဲ သူမသိသည်။ နောက်ပြီး စျေးကို သူမအကြမ်းဖျင်းသိထား၏။ စားပွဲတစ်ဝိုင်းကို ယွမ် ၁၀၀၀၀ ကနေ ၁၅၀၀၀ ရှိနိုင်တယ်မလား?
အဓိကမှာ ဒီပစ္စည်းများ၏တန်ဖိုးကြောင့်မဟုတ်။ ရှန်းရွှေလက်ဆောင်ဆန်ကဲ့သို့ပစ္စည်းများက ရှားပါးသောကြောင့်ဟု ချင်လင်ပြောဖူးသည်။ အချမ်းသာဆုံးသူဌေးတွေတောင် မဝယ်နိုင်။ ဤသည်က အဆွဲဆောင်နိုင်ဆုံးအချက်ဖြစ်လေသည်။
တကယ်တော့ သူမယောက်ျားကို နည်းနည်းအထင်ကြီးသွားမိသည်။ ရှန်းရွှေလက်ဆောင်လိုဆန်မျိုးကိုတောင် မကြာခဏလက်ဝယ်ဆောင်ထားနိုင်သည်။
''ဒါဆို ကျွန်မ ကြော်ငြာအစီအစဉ်အတွက် ပြင်ဆင်လိုက်တော့မယ်'' ကျောက်မိုချင်းက ချင်လင်ကိုမေးလိုက်သည်။ ပြောချင်တဲ့အဓိပ္ပါယ်က အချိန်ကျရင် သူအူတူတူလုပ်၍မရ။ သူအစစအရာရာပြင်ဆင်ထားရမည်။
“အင်း” ချင်လင်ခေါင်းညိမ့်လိုက်သည်။
သူ့ဘက်ကသေချာမှ ကျောက်မိုချင်းလည်း ကွန်ပျူတာပေါ်တွင် စာပြန်ရိုက်လိုက်သည်။

ချင်လင်ပြုံးလိုက်သည်။ ကျောက်မိုချင်းက ဇနီးကောင်းဆိုတာ ပြောစရာမလိုပေ။ သူမက စံအိမ်မှာရော အစားအသောက်ကုမ္ပဏီမှာပါ သူ့ကိုအားတက်သရောကူနိုင်သည်။
.
ထို့နောက်ချင်လင်က အနောက်ဘက်ခြံဝင်းထဲလျှောက်သွားလိုက်၏။ ဖရဲသီးတွေကို သူတစ်ချက်ကြည့်ချင်သေးသည်။
အရည်အသွေး ၂ အစေ့လွတ်ဖရဲမျိုးစေ့များကို ဂိမ်းထဲကထုတ်ပြီး စိုက်ထား၏။ မှန်းထားသည့်အချိန်တစ်လထက်ပင် နည်းနည်းကျော်နေပြီ။ ဖရဲသီးမှည့်ချိန်ကျပြီဖြစ်သည်။
ခြံဝင်းထဲဝင်လိုက်လျှင် လယ်ကွက်ပုံစံငယ်ထဲ ထပ်သွားလိုက်သည်။ ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့မှာ လှုပ်တောင်မလှုပ်သေးချေ။ နောက်တစ်ကြိမ်ကျရှုံးပြန်ပြီ။
အခု သူ့နည်းကမှားလား သံသယဝင်မိသော်လည်း တောင်သူဖြစ်သောသူ့အမေ၏ စိုက်ပျိုးနည်းနှင့် ပျိုးထောင်သည့်လုပ်ငန်းမှာ မှားမည်မထင်ပေ။
အပင်ဖြစ်နိုင်စွမ်းကိုပဲ ဆက်လက်ထိတွေ့စမ်းသပ်ကြည့်ရန်သာရှိသည်။
ထို့နောက် ဘေးမှဖရဲသီးများကို ကြည့်လိုက်၏။ ထိုဖရဲသီးများမှာ အလွန်ကြီးနေပြီဖြစ်ပြီး ၁၀ ကီလိုဂရမ်ကျော်လောက်သည်။ ဂိမ်းမှထုတ်သော ဖရဲသီးအရွယ်အစားခန့်ဖြစ်နေလေပြီ။
သူကရှေ့တိုးသွားပြီး ထိုဖရဲသီးကို အသာအယာပုတ်ကြည့်ကာ အသံနားထောင်လိုက်သည်။
မမှည့်သေးသောဖရဲသီးက ရေဓာတ်နည်းပြီး ဖရဲသီးမှည့်က ရေဓာတ်ပိုများ၏။ အသံချင်းမတူ။ မမှည့်သေးလျှင် အသံသဲသဲကွဲကွဲမကြားရဘဲ မှည့်လျှင် အသံပြောင်သည်။ တီဗွီဇာတ်လမ်းများထဲတွင် နံရံခေါက်ကြည့်ပြီး လျှို့ဝှက်ခန်းရှာသည့်သဘောတရားနှင့်အတူတူပင်။
ဖြစ်ချင်တော့ သုံးလေးငါးချက်ဆက်ခေါက်ကြည့်ရာ အသံက မသဲမကွဲဖြစ်သွားပြီး သိပ်မမှည့်သေးကြောင်းပြနေသည်။
နောက်ဆုံး ခြောက်လုံးမြောက်ဖရဲသီးပုတ်လိုက်သည်တွင် သူ့မျက်လုံးများဝင်းလက်သွား၏။ မှည့်နေပြီ။
ချင်လင်ကချက်ချင်း ဖရဲသီးကိုခူးလိုက်သည်။ အခုတော့ ဒီအရည်အသွေး ၂ ဖရဲမျိုးစေ့က လက်တွေ့ဘဝမှာ ဘယ်အဆင့်ရှိမလဲ ကြည့်ရတော့မည်။ အဆင့်ကျသွားပြီး အရည်အသွေး ၁ ပဲရှိလျှင်တောင် စိုက်ရကျိုးနပ်၏။
အရည်အသွေး ၁ တောင်မရှိလျှင် သာမန်ဖရဲသီးသာဖြစ်နေမည်။ ဒီလိုဖြစ်ခဲ့ပါက ဆောင်းတွင်းမှာစိုက်ပျိုးနိုင်ပြီး အမြန်ကြီးထွားနိုင်သည်ဆိုဦးတော့ တန်ဖိုးအလွန်အမင်းကျဆင်းသွားလေပြီ။
ချင်လင်က ဖရဲသီးပိုက်၍ထွက်လာခဲ့သည်။ ကျောက်မိုချင်းက လှမ်းကြည့်လိုက်ပြီး_ ''ခြံဝင်းထဲမှာစိုက်ထားတဲ့ဖရဲသီး မှည့်ပြီးလား?''
ချင်လင်ခေါင်းညိမ့်လိုက်သည်_ ''နည်းနည်းတော့လိုသေးတယ်... ရက်နည်းနည်းလောက်ထပ်ထားရမယ်... မှည့်တဲ့တစ်လုံးခူးပြီး အရသာမြည်းကြည့်မလို့''
''ကျွန်မရော'' ကျောက်မိုချင်းက လက်တော့ပ်ပိတ်ပြီး သူ့နောက်လိုက်လာ၏။
အရင်က ဖရဲသီးမမြည်းဖူး၍မဟုတ်သော်လည်း ဆောင်းတွင်းကြီးမှာ ကိုယ်တိုင်စိုက်ပြီးမှည့်လာသည့်ဖရဲသီးကိုမူ မြည်းကြည့်ချင်သေးသည်။
ဤသည်က သိချင်စိတ်သက်သက်ပင်။