ဖရဲသီးစျေးကွက်ကြီးတယ်! အိပ်ခန်းဆိုတာ အရမ်းအရေးကြီးတဲ့အရာ! ၁
Vol. 11 Ch. 155
ချင်လင်က ဖရဲသီးကို စားဖိုဆောင်ထဲသယ်သွားလိုက်သည်။ ညစာပြင်ဆင်ချိန်မဟုတ်သေးသောကြောင့် စားဖိုဆောင်ထဲတွင် အကူတစ်ယောက်သာရှိနေ၏။
ဆရာလင်းက စားသောက်ဆိုင်ထဲမှ စားဖိုဆောင်ကိုသန့်ရှင်းရေးလုပ်ရန် လူများခေါ်သွားသည်။ သူတို့မှာ စားဖိုဆောင်အပြင်အဆင်သာမက သန့်ရှင်းရေးနှင့်လုံခြုံရေးအတွက်ပါ ဂရုစိုက်ပေးရသည်။
''သူဌေး!'' ချင်လင်ဝင်လာသည်ကိုမြင်လျှင် သူကချက်ချင်းမတ်တပ်ရပ်နှုတ်ဆက်လိုက်သည်။
ချင်လင်ကခေါင်းညိမ့်ပြပြီး ဖရဲသီးကိုနည်းနည်းဆေးလိုက်၏။ သူကစားဖိုဆောင်ဓားကိုယူ၍ ဖရဲသီးကိုထက်ခြမ်းခွဲလိုက်သည်။
ဖရဲသီးခွဲပြီးနောက် တစ်စိတ်ကောက်မြည်းပြီး နောက်တစ်စိတ်ကို ကျောက်မိုချင်းဆီပေးလိုက်သည်။
သို့သော် ဖရဲသီးတစ်ကိုက်ကိုက်ပြီးနောက် ချင်လင်မျက်မှောင်နည်းနည်းကြုတ်သွား၏။
ဖရဲသီးသားနှင့်အရသာမှာ အရည်အသွေး ၂ မပြည့်မီသောကြောင့်ပင်။
ထင်ထားသည့်အတိုင်း ဂိမ်းထဲမှအဆင့် ၃ မြေမဟုတ်ဘဲ အပြင်တွင်စိုက်ပျိုးသည့်အခါ ဖရဲမျိုးစေ့အရည်အသွေးကျဆင်းသွားလေသည်။
ကျောက်မိုချင်းက အံ့သြစွာနှင့်_ ''ချင်လင်... ဒီဖရဲသီးအရသာကောင်းတယ်''
''သူဌေး... ဒီနေ့ဘာလို့ စိတ်ချမ်းသာနေတာလဲ?'' ရုတ်တရက် ဆရာလင်းက အိတ်တစ်လုံးနှင့်ဝင်လာသည်။
ချင်လင်က ဖရဲသီးတစ်စိတ်ကောက်ပြီး သူ့ကိုပေးလိုက်ကာ_ ''မြည်းကြည့်... အဲဒါခြံဝင်းထဲက မှည့်တာ''

ဆရာလင်းစိတ်ဝင်စားသွားသည်။ သူကဖရဲသီးစိတ်ယူပြီး အာရုံစိုက်ကာ အရသာခံလိုက်၏။
ခန်းမအနောက်ဘက်ခြံဝင်းထဲတွင် ဆောင်းတွင်းကြီး ဖရဲသီးတွေစိုက်ထားမှန်း သူသိသည်။ ကြည့်ရတာ စပ်မျိုးအသစ်ဖြစ်ပုံရ၏။
''သူဌေး... ဒီဖရဲသီးအရသာက တကယ်ကောင်းတယ်'' ဆရာလင်းက မြည်းကြည့်ပြီး ချီးကျူးလိုက်သည်။
ချင်လင်ခေါင်းညိမ့်လိုက်၏။
ဖရဲသီးအရသာက ကောင်းပါသည်။
သူ့အရည်အသွေးက ၂ မရှိသော်လည်း သေချာပေါက် ၁ တော့ရှိသည်။ အရသာမှာ သာမန်ဖရဲသီးများထဲတွင် အရသာအရှိဆုံးပင်။
ရာသီမရွေးစိုက်နိုင်ပြီး စိုက်ပျိုးချိန်တဝက်ခန့်တိုတောင်းသောကြောင့် မျိုးစေ့ပျိုး၍ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်လျှင် ဖရဲသီးစျေးကွက်ကိုပါ သိမ်းသွားနိုင်သည်။
ဆော့ထက်တောင်ကြီးသော စျေးကွက်ဖြစ်၏။
တရားဝင်စာရင်းအရ တရုတ်ပြည်မှာ ကမ္ဘာ့အကြီးဆုံးဖရဲသီးထုတ်လုပ်သည့်နိုင်ငံ၊ စားသုံးသည့်နိုင်ငံဖြစ်လာပြီးနောက် ၁၉ နှစ်အတွင်း တစ်နှစ်ကို ဖရဲသီးလုပ်ငန်းမှ တန်သန်း ၆၀ ထုတ်လုပ်နိုင်ပြီး တန် ၂၂၀၀၀၀ တင်သွင်းကာ တန် ၂၇၀၀၀၀ တင်ပို့နိုင်ခဲ့သည်။
လွန်ခဲ့သော ၂ နှစ်အတွင်း ထိုပုံရိပ်ကိုထိန်းထားနိုင်ရုံမက စီးပွားရေးတိုးတက်ပြီး လုပ်ငန်းထုတ်ကုန်လည်း တိုးလာခဲ့၏။
စီရင်စုမြို့ငယ်အချို့မှာ ဖရဲသီးစိုက်ပျိုးခြင်းကြောင့် စီးပွားသတင်းခေါင်းစဉ်များဖြစ်လာသည်။ ဖရဲသီးစိုက်ရုံသက်သက်နှင့် စီရင်စု၏ ဖရဲသီးထွက်ကုန်အမြင့်ဆုံးတန်ဖိုးမှာ ၃.၂ ဘီလီယံအထိရှိခဲ့သည်။
ရုံချန်းစီရင်စု၏ GDP မှာ ၂၅ ဘီလီယံမှတ်သာရှိမှန်းသိထားကြသည်။ ဖရဲသီးတစ်မျိုးတည်းနှင့်ပင် ၇% အထိရှိ၏။
ထို့ကြောင့် ချင်လင်က ဤဂိမ်းထုတ်ကုန်ကို ရှေ့လျှောက်ပိုပြီးပြုစုပျိုးထောင်ရပေမည်။
ဖရဲသီးတစ်စိတ်စားပြီးနောက် ဆရာလင်းက_ ''သူဌေး... ဒီဖရဲသီးက အရသာရှိလိုက်တာ... ဆောင်းတွင်းစိုက်လို့ရပြီးတော့ စိုက်ပျိုးချိန်ကလည်းတိုသေးတယ်... ဘာလို့စိုက်တဲ့သူအများကြီးမရှိတာလဲ? ဒါသေချာပေါက်ငွေဝင်မှာ''
ကြည့်ပါ။ ဆရာလင်းလိုစားဖိုမှူးတောင် ဒီဖရဲသီးတန်ဖိုးကိုသိနေသည်။
''ဒါစပ်မျိုးအသစ်လေ... အရောင်းမဝင်သေးဘူး'' ချင်လင်က အလိုက်သင့်ဖြေလိုက်ပြီး ကျောက်မိုချင်းကို စားဖိုဆောင်အပြင်ခေါ်လာခဲ့၏။
''လုပ်လက်စချထားပြီး ဒီဖရဲသီးကိုမြည်းကြည့်စမ်းပါ'' ဆရာလင်းက ဖရဲသီးလက်ကျန်ကိုကြည့်ရင်း စားဖိုမှူးကိုပြောလိုက်သည်။
စားဖိုမှူးကလည်း သူတို့ပြောတာနားထောင်ပြီး ဖရဲသီးကိုနည်းနည်းစိတ်ဝင်စားနေ၏။ သူကလက်ဆေး၍ ဖရဲသီးစိတ်ကောက်မြည်းကြည့်လိုက်သည်။

''ဒီဖရဲသီးက တကယ်အရသာရှိတယ်... အပြင်မှာရောင်းနေတာတွေထက်ကောင်းတယ်''
ချင်လင်နှင့်ကျောက်မိုချင်းက ခန်းမထဲပြန်လာပြီး ကောင်တာထဲဝင်လိုက်စဉ် ရှောင်ယွင်(အခန်း ၁၀၉)က မျှော်လင့်တကြီးနှင့် ကျောက်မိုချင်းလက်ထဲ စာရွက်ကမ်းပေးရင်း_ ''အစ်မမိုချင်း... ဒါကျွန်မရဲ့အလုပ်အစီအစဉ်ပါ''
''ဟုတ်ပြီ... ကြည့်ရအောင်'' ကျောက်မိုချင်းက ရှောင်ယွင်၏အဆိုပြုချက်ကိုယူပြီး ခေါင်းညိမ့်ပြလိုက်သည်။
စံအိမ်ထပ်မံချဲ့ထွင်ပြီးနောက် ငွေကိုင်စာရင်းသွင်းသူထပ်တိုးလာသည်။ အရောင်းစင်တာ၊ စားသောက်ဆိုင်၊ ဧည့်ခန်း အားလုံးတွင်ငွေကိုင်လို၏။ အလုပ်သမားခေါင်းလည်း လိုလာသည်ပေါ့။
အစောဆုံးဝင်လာသော ရှောင်ယွင်မှာ အမြဲလုပ်ဆောင်ချက်ကောင်းသူဖြစ်၍ ငွေကိုင်အကြီးအကဲဖြစ်လာသည်။
မန်နေဂျာဖြစ်လာရန် အစပိုင်းတွင် အစီအစဉ်များလုပ်ရဦးမည်။ ကျောက်မိုချင်းကိုယ်တိုင်လည်း အဆိုပြုချက်ရေးနေသဖြင့် မန်နေဂျာဖြစ်လာမည့်သူများမှာ မဖြစ်မနေအစီအစဉ်ရေးရပေမည်။
အဆိုပြုချက်ဆိုသည်မှာ ဘာမှကြီးကြီးကျယ်ကျယ်မဟုတ်။ အလုပ်အကြောင်းအရာသာဖြစ်၏။
ဥပမာ - ဘယ်အချိန်လုပ်မည်၊ တာဝန်တချို့ဘယ်လိုစီစဉ်ထားသည်၊ ဘယ်သူ့ကိုလုပ်ခိုင်းမည်၊ အားလပ်ရက်အတွင်း ဘယ်လိုအလှည့်ကျဆင်းမည် စသည်။
ဤကဲ့သို့ရိုးရှင်းသောကိစ္စပင်။ အစပိုင်း သူ့အလုပ်နှင့်အသားမကျသေးလျှင် အဆိုပြုချက်နည်းစနစ်အရ အာရုံမထွေပြားနိုင်တော့ပေ။
ကျောက်မိုချင်းက သူမ၏အဆိုပြုချက်ကိုဖတ်နေသောအခါ ရှောင်ယွင်နည်းနည်းစိတ်လှုပ်ရှားနေသည်။
သူမအတွက်လည်း ပထမဆုံးအကြိမ်မန်နေဂျာဖြစ်မည့်အရေးပင်။ အလုပ်အစီအစဉ်ကို လေးလေးနက်နက်ရေးဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ အသိအမှတ်ပြုခံချင်နေသည်။
သူမအခု စံအိမ်အဖွဲ့ဝင်ဖြစ်နေပြီဟု ခံစားရ၏။
ဝန်ထမ်းများမှာ မန်နေဂျာဖြစ်လာမှ ကုမ္ပဏီအဖွဲ့ဝင်စဖြစ်သည်ဟု ခံစားရသမြဲ။
ဝန်ထမ်းအများစုက ပိုက်ဆံရဖို့သက်သက်သာ အလုပ်လုပ်ကြသည်။ သူတို့လစာမမြင့်ဘဲနှင့် ကုမ္ပဏီအဖွဲ့ဝင်ဟု ခံစားရဖို့မှာမဖြစ်နိုင်ချေ။
ထို့ကြောင့် တစ်ယောက်ယောက်က သူ့ဝန်ထမ်းများကို အဖွဲ့ဝင်အဖြစ်ခံစားရအောင်လုပ်မည်ဟုပြောဖူးသည်ကို မကြာခဏကြားဖူးသည်မဟုတ်ပါလား? ရုပ်ပြအနေနှင့် အဖွဲ့ဝင်အဖြစ်ခံစားရမှသာ ဝန်ထမ်းများက ကုမ္ပဏီအကျိုးအမြတ်ပိုများလာအောင်လုပ်နိုင်မည်ဟုပြောသော်လည်း လစာတိုးပေးမည်ဆိုကာ အမှန်တကယ်တိုးပေးခြင်းမရှိသောကြောင့် ဦးဆောင်သူတစ်ယောက်၏နေရာကို ထိန်းသိမ်းနိုင်ခြင်းမရှိချေ။
ကျောက်မိုချင်းက အဆိုပြုချက်ကိုဖတ်ပြီးသောအခါ ရှောင်ယွင်ကိုပြန်ပေးလိုက်ပြီး_ ''မဆိုးဘူး... အဲဒီအစီအစဉ်အတိုင်းလိုက်လုပ်ရုံပဲ''
''ကျေးဇူးတင်ပါတယ် အစ်မမိုချင်း'' ရှောင်ယွင်က အပြုံးနှင့်ကျေးဇူးတင်လိုက်ပြီးလျှင် သူမမျက်နှာမှာ အားအင်အပြည့်ဖြစ်သွား၏။
ထိုအချိန်တွင်_
လူငယ်တစ်ယောက် ခန်းမထဲလျှောက်လာသည်။ ကျိုးချန်ကျွင်းပင်။
ကြော့ကြော့မော့မော့ဝတ်စုံပြည့်ဝတ်စားထားပြီး နက်မှောင်သောဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးထားသဖြင့် အထက်တန်းစားလူငယ်ပုံပေါက်နေ၏။
အကယ်၍ စာဖိုင်ကိုင်မလာဘဲ သူ့အိတ်ကပ်ထဲလက်ထည့်ပြီး အတွင်းရေးမှူးတစ်ယောက်နှင့်သာ လျှောက်ဝင်လာလျှင် ဥက္ကဌပေါက်စနှင့်တောင်တူနေမည်။
ထို့အပြင် နှစ်လိုဖွယ်ကောင်းသော သူ့မျက်နှာကြောင့် ငယ်ငယ်ရွယ်ရွယ်အမျိုးသမီးခရီးသည်အတော်များများမှာ လည်ပြန်မကြည့်ဘဲမနေနိုင်အောင်ပင်။
ရှောင်ယွင်လည်း တစ်ချက်တစ်ချက်ခိုးကြည့်လိုက်လေသည်။