တစ်နပ်စာကို ယွမ် ၆၀၀၀၀ နဲ့ဝယ်တဲ့သူ? ချမ်းသာတဲ့လူအားလုံး အရူးတွေ! ၃
Vol. 11 Ch. 160
ထို့အပြင် အချိန်တိုအတွင်း အကြီးအကဲစားပွဲရေပန်းစားလာသည်နှင့်အမျှ ရှန်းရွှေလက်ဆောင်ဆန်လည်း နာမည်ကျော်လာသည်။
ချင်းလင်စံအိမ်မဲနှိုက်အစီအစဉ်မှာ အရင်ထက်ပိုပြီး နာမည်ကြီးသည်ဟုတောင် ပြော၍ရသည်။
အရင်တစ်ခါဖရဲသီးဘုရင်မှာ ငြင်းဖွယ်ရာမရှိပေ။ ဘာပဲဖြစ်ဖြစ် ဒီလောက်ကြီးတဲ့ဖရဲသီးကို ဘယ်သူမှထပ်မရှာနိုင်။
ဒီတစ်ကြိမ်တွင် မတူတော့ချေ။ ယွမ် ၅၀၀၀၀ တန်အကြီးအကဲစားပွဲက ဘယ်လောက်ကောင်းသည်ဆိုဆို ထိုစားပွဲ၏တန်ဖိုးကို ဘယ်သူမှသက်သေမပြနိုင်။ အမုန်းသမား၊ ကုန်းဆင်းသမားတွေက ဒီအခွင့်အရေးကိုအမိအရယူပြီး စိတ်ဝင်စားခံရအောင်လုပ်နိုင်သည်။
ချင်းလင်စံအိမ်ထဲတွင်_
ကျောက်မိုချင်းက ချင်လင်၏ရုံးခန်းထဲ သုတ်ခြေတင်သွားကာ_ ''ချင်လင်... လိုင်းပေါ်မှာ ငြင်းကုန်ကြပြီ... မဲနှိုက်ကြော်ငြာအစီအစဉ်က ဘာမှထိရောက်မယ်မထင်ဘူး... ကျွန်မပြောပါတယ် ယွမ် ၅၀၀၀၀ ကများတယ်လို့... ကျွန်မတို့စံအိမ်ကိုလာတဲ့သူတွေက သာမန်လူတွေဆိုတော့ ဒီပစ္စည်းတွေရဲ့တန်ဖိုးကို မသိနိုင်ဘူး''
သို့သော် ချင်လင်က နည်းနည်းမှစိတ်မပူ_ ''မလောပါနဲ့... ဒီအခြေအနေကို ကိုယ်မျှော်လင့်ထားပြီးသားပါ... သူတို့ကို နည်းနည်းလောက်ထပ်ငြင်းပါစေဦး... သူတို့က အခုထိ ဝှက်ဖဲတောင်မထုတ်ရသေးဘူး''
သာမန်လူများမှာ ဗဟုသုတအကန့်အသတ်ရှိနေသည်။ သာမန်လူ ၉၉% မှာ ဒီဗီဒီယိုကိုမတွေ့ခင်က ရှန်းရွှေလက်ဆောင်ဆန်ဆိုတာ ကြားဖူးမည်တောင်မဟုတ်ပေ။
အမှန်တော့ ယွမ် ၅၀၀၀၀ က စျေးမြင့်သည်။ ထိုပစ္စည်းများကို စံအိမ်ထဲမှာ ဒီလောက်အထိစျေးတင်စရာလည်းမလို။
သို့သော် သူတန်ဖိုးကိုမလျှော့နိုင်။ ထိုပစ္စည်းများကိုလိုက်ရှာဖို့က လုံးဝခက်ခဲသည်။ အရည်အသွေးတူတာ တစ်မျိုးနှစ်မျိုးရှာနိုင်ရင်တောင် ဒီလိုပြီးပြည့်စုံတဲ့စားပွဲမျိုးရှာတွေ့ဖို့က မဖြစ်နိုင်သလောက်ပင်။
ဒီတစ်ချက်တည်းနှင့် စျေးတင်လောက်သည်။
အဓိကအချက်မှာ ဘယ်သူမဆိုတတ်နိုင်ခြင်းဖြစ်၏။

ပြေစာပေးချေနိုင်သူတိုင်း ဆုရနိုင်သည်။
ဤအကြီးအကဲစားပွဲမှာ ၉၉.၉၉% သောလူများ မစားနိုင်သောအရာဖြစ်၍ အားလုံးပြုံတိုးလာကြမည်။
ဤနည်းဖြင့် လုပ်ရကျိုးနပ်လာမည်။
အလွန်လည်း ရိုးရှင်းသည်။ သြဇာကြီးတဲ့သူဌေးနှစ်ဦး ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့ကို ဖိတ်ခေါ်နိုင်မည်။
ကျေးဇူးတင်သည့်အနေနှင့် သက်တမ်း ၂၀ ရှိဆေးဖက်ဝင်ဝိုင်ကို သူတို့နှစ်ဦးရှေ့ချထားပေးမည်။ သူတို့နှစ်ယောက် သေချာပေါက်ပျော်သွားလိမ့်မည်။ နောက်ပြီး ထိုအကြီးအကဲစားဖွယ်ကို နှစ်ယောက်သားမြင်သွားကြလျှင် သူတို့လည်းစားချင်ကြမည်မှာအသေအချာ။
ထို့ကြောင့် သူကအလျင်မလိုဘဲ အင်တာနက်ပေါ်တွင် နည်းနည်းထပ်ငြင်းခွင့်ပြုထားပြီး နည်းနည်းလူစုလာအောင်လုပ်လိုက်သည်။ ဒါမှနောက်ဆုံး ပိုလုပ်ရကျိုးနပ်သည်ထင်မည်။
သို့သော် မထင်ထားသည်က ဖြစ်တတ်စမြဲ။
သူတို့လိုင်းပေါ်ငြင်းခုံနေစဉ် အားလုံး၏အာရုံမှာ နာမည်ကျော်ချမ်းသာသောဒုတိယမျိုးဆက်အမွေခံ ဝမ်မျိုးရိုးဆီရောက်သွားသည်။ သူတင်ထားသည်မှာ:
''ရှန်းရွှေလက်ဆောင်ဆန်က အစစ်လား? အစစ်ဆိုရင် ယွမ် ၅၀၀၀၀ တန်အကြီးအကဲစားပွဲကိုပေါက်တဲ့သူ ကျုပ်ကိုရောင်းပါ... အစစ်မဟုတ်ရင်တော့ ချင်းလင်စံအိမ်ရဲ့မှားယွင်းကြေညာချက်ကြောင့် နောင်တရစေရမယ်... ပြီးတော့ ရှန်းရွှေလက်ဆောင်ဆန်အကြောင်း ပြောနေတာတွေရပ်ပါ... မင်းတို့ဝယ်ဖို့တောင် အဆင့်မမီဘူး!''
ထိုဒုတိယမျိုးဆက်အမွေခံသူဌေးသားမှာ သူ့ကိုယ်ပိုင်လိုင်းရှိသည်။ သူ့စာတင်တင်ချင်း အင်တာနက်ပေါ်ချက်ချင်းပေါက်သွားပြီး လိုင်းပေါ်တကျော့ပြန်ဆွေးနွေးကြပြန်၏။
ထိုသူမှာနာမည်ဆိုးရှိပြီး စိတ်မချရသူဖြစ်သော်လည်း သူ့စာက အနည်းဆုံးတစ်ခုကိုသက်သေပြထားသည်။ ၄င်းမှာ ရှန်းရွှေလက်ဆောင်ဆန်၏ဒဏ္ဍာရီအားလုံးမှန်သည်ဆိုသောအချက်ပင်။
ထို့ကြောင့် ချင်းလင်စံအိမ်၏အကြီးအကဲစားပွဲက ယွမ် ၅၀၀၀၀ တန်သလား? ရှန်းရွှေလက်ဆောင်ဆန်အစစ်ဆိုရင် တခြားပစ္စည်းတွေလည်း သေချာပေါက်သာမန်မဖြစ်နိုင်။ ဒါဆို ယွမ် ၅၀၀၀၀ က လုံးဝတန်သည်။
ဒီဒုတိယမျိုးဆက်အမွေခံသူဌေးသားက တကယ်ပဲ ယွမ် ၅၀၀၀၀ နဲ့ဝယ်ချင်တာလား?
တကယ်လို့ ရှန်းရွှေလက်ဆောင်ဆန်သာ အစစ်ဆိုရင် ပြောစရာမလိုတော့။
ချင်လင်နှင့်ကျောက်မိုချင်းက ထိုစာအကြောင်း ချက်ချင်းသိသွားသည်။

ချင်လင်က စက်ဆုပ်သည့်ပုံနှင့်_ ''ဒီကောင်က ပွဲရှာရတာကြိုက်တယ်ထင်တယ်... ယွမ် ၅၀၀၀၀ နဲ့စားနိုင်တဲ့ပုံပဲ... အချိန်ကျရင် သူဝယ်လို့မရစေရဘူး''
ကျောက်မိုချင်းက ရုတ်တရက်ရေရွတ်လိုက်သည်_ ''ချင်လင်... ဒီဗီဒီယိုကိုကြည့်လိုက်... လူကြီးမင်းချန်''
ချင်လင်က အနားကပ်ပြီး ဗီဒီယိုကိုကြည့်လိုက်၏။
ထိုဗီဒီယိုမှာ ပင်လယ်ပြာအဖွဲ့အစည်းတရားဝင်အကောင့်မှတင်ထားခြင်းဖြစ်သည်။ ခမ်းနားသောရုံးခန်းတစ်ခန်းထဲတွင် ချန်ရှန်းဖေက ကင်မရာကိုမျက်နှာမူပြီး_ ''မင်္ဂလာပါ အားလုံးပဲ... ကျွန်တော်ကတော့ ပင်လယ်ပြာအဖွဲ့အစည်းဥက္ကဌ ချန်ရှန်းဖေပါ... ကျွန်တော်တစ်ခုပြောချင်ပါတယ်... ချင်းလင်စံအိမ်အကြီးအကဲစားပွဲကို ဘယ်သူပဲပေါက်ပေါက် ကျွန်တော်ဝယ်ပါမယ်... အရေအတွက်ကန့်သတ်မထားပါဘူး''
ရိုးရိုးရှင်းရှင်းစကားလေးတစ်ခွန်းက အင်တာနက်တစ်ခုလုံးကို လုံးဝအချက်ပေးလိုက်သလိုပင်။
ဒီတစ်ကြိမ်တွင် သူ့ကိုသံသယဖြစ်နေသူအားလုံးပါးစပ်ပိတ်သွားကြသည်။ မေးခွန်းထုတ်စရာအကြောင်းလည်းမရှိတော့ပေ။
ပင်လယ်ပြာအဖွဲ့အစည်းချန်ရှန်းဖေမှာ ဝမ်ယိယိနှင့်မယှဉ်သာသော်လည်း ဒုတိယမျိုးဆက်အမွေခံသူထက်တော့ အဆင့်နည်းနည်းပိုမြင့်သေးသည်။
ဒီလိုလူမျိုးက ဒီလိုဆိုလာမှတော့ အကြီးအကဲစားပွဲက ဒီစျေးနဲ့တကယ်တန်တယ်ဆိုတဲ့ သက်သေပဲမလား?
မကြာမီ နောက်ထပ်အရှိန်ကြီးသောဗီဒီယိုတစ်ပုဒ်တက်လာပြန်သည်_ ''ကျုပ်က ရှန်းဝမ်အဖွဲ့အစည်းဥက္ကဌ မာလဲ့ဝမ်ပါ... ချင်းလင်စံအိမ်အကြီးအကဲစားပွဲကို ကျုပ်ကလည်း ယွမ် ၅၅၀၀၀ ပေးမယ်ဆိုတာ ပြောပါရစေ... အရေအတွက်အကန့်အသတ်မရှိပါဘူး''
ဤသည်က အားလုံးကို လုံးဝအံ့သြသွားစေသည်။ ရှန်းဝမ်အဖွဲ့အစည်းမှာလည်း မင်စီရင်စုထိပ်တန်းကုမ္ပဏီ ၅၀ ထဲမှတစ်ခုဖြစ်၏။
ချင်လင်ကမြင်သည်နှင့် ပြုံးလိုက်မိသည်။ ထင်ထားတဲ့အတိုင်း အစားအသောက်ခုံမင်သူ လူကြီးမင်းချန်နဲ့လူကြီးမင်းမာက ဒီအကြီးအကဲစားပွဲဆိုတဲ့မက်လုံးကို ဘယ်လောက်တင်းခံနိုင်မှာလဲ?
ငါးရှဉ့်နဲ့ခရုမှလွဲ၍ ကျန်စားဖွယ်အားလုံးကို အရင်ကသူတို့စားဖူးသည်။
မထင်မှတ်ဘဲ လူကြီးမင်းချန်နဲ့လူကြီးမင်းမာက သူ့ကိုတစ်ခွန်းမှမဟဘဲ သူတို့နည်းသူတို့ဟန်နဲ့ အကြီးအကဲစားပွဲကို ကြော်ငြာသွားလေသည်။
မင်စီရင်စုထဲ၌_
ဗီဒီယိုတင်ပြီးနောက် ချန်ရှန်းဖေက သူဌေးထိုင်ခုံတွင် သက်သောင့်သက်သာထိုင်လိုက်သည်။ အစက သူအချိန်ယူပြီး သူဌေးချင်ဆီသွားကာ မစားဖူးသည်များစားရန် စီစဉ်ထားသည်။ နောက်ပြီး ဝိုင်ကိုအပြီးသတ်ဖို့အကြောင်းနှင့် တစ်ပုလင်းလောက်လည်း တောင်းချင်သည်။
သို့သော် ချင်းလင်စံအိမ်မဲနှိုက်အစီအစဉ်ကိုတွေ့သောအခါ သူဌေးချင်ဆီတွင် ပစ္စည်းပြတ်သွားမှာစိုးမိသည်။ သူကပွဲအစီအစဉ်အတွက် အသုံးချလိုက်ပြီလေ။ ဘာပဲဖြစ်ဖြစ် ပစ္စည်းကောင်းက အလွန်ရှား၏။
အခုအကြီးအကဲစားပွဲ ယွမ် ၅၀၀၀၀ က သူ့အတွက် လုံးဝတန်သည်။ ဝိုင်တစ်မျိုးတည်းနှင့်ပင် အတော်တန်နေပြီဖြစ်၏။ တစ်ယောက်ယောက်ကတော့ သေချာပေါက်ရောင်းမည်ဆိုတာ သူသိသည်။
သုံးလေးကြိမ်ဝယ်နိုင်မည်ဆိုရင် နောင်သူဌေးချင်ကို တောင်းဆိုစရာမလိုတော့။ တောင်းဆိုရသည့်အကြိမ်အရေအတွက်ကို လျှော့ချနိုင်မည်။
ချန်ရှန်းဖေထိုသို့တွေးနေစဉ် ရုတ်တရက် သု့လက်ထောက်ဝင်လာပြီး အစီရင်ခံသည်_ ''ဥက္ကဌ... ချင်းလင်စံအိမ်ရဲ့အကြီးအကဲစားပွဲအခြေအနေကို ကျွန်မကိုစောင့်ကြည့်ခိုင်းထားတာ... ဥက္ကဌမာကလည်း ဗီဒီယိုတစ်ခုတင်ထားပါတယ်... ကြည့်ရတာ သူကပေါက်မဲကို ရှင့်ထက် ၅၀၀၀ ပိုပေးပြီး ဝယ်ချင်တဲ့ပုံပါပဲ''