တစ်နပ်စာကို ယွမ် ၆၀၀၀၀ နဲ့ဝယ်တဲ့သူ? ချမ်းသာတဲ့လူအားလုံး အရူးတွေ! ၄
Vol. 11 Ch. 161
''ဘာ?'' ချန်ရှန်းဖေက ဖုန်းကောက်ကိုင်ပြီး မာလဲ့ဝမ်ဗီဒီယိုကိုကြည့်လိုက်သည်။ သူကချက်ချင်း မာလဲ့ဝမ်ကိုဖုန်းဆက်ကာ_ ''လောင်မာ... မင်းကဘာသဘောလဲ? ငါကအရင် ဗီဒီယိုတင်တာလေ''
မာလဲ့ဝမ်၏ရယ်သံကြီး လျှံထွက်လာသည်_ ''လောင်ချန်... ဘယ်သူအရင်တင်တင် ကိစ္စမရှိပါဘူး... မပူပါနဲ့... ငါအကုန်တာဝန်ယူတယ်... အချိန်ကျရင် မင်းကိုငါနဲ့အတူတူခေါ်သွားမှာပါ''
ချန်ရှန်းဖေက စိတ်ဆိုးဆိုးနှင့်_ ''ဒါဆို ငါကရော ဘာလို့မခေါ်ရမှာလဲ?''
သူတို့နှစ်ဦးက ငြင်းခုံကြပြီး နောက်ဆုံးခွဲယူရန် သဘောတူလိုက်ကြသည်။ သို့သော် သူတို့နှစ်ဦးထင်မထားသည်က ဖြစ်လာပြန်၏။ တစ်ယောက်ယောက်က လိုင်းပေါ်တွင် နောက်ထပ်အဝယ်ဗီဒီယိုထပ်တင်လိုက်သည်:
''ကျုပ်က မင်မြို့တော်ပိုဖာအဖွဲ့က လျိုယီပါ... ချင်းလင်စံအိမ်ရဲ့အကြီးအကဲစားပွဲကို ကျုပ် ယွမ် ၅၆၀၀၀ နဲ့ဝယ်ချင်ပါတယ်... မဲပေါက်တဲ့သူက ကျုပ်ကိုလည်း ဆက်သွယ်နိုင်ပါတယ်''
''ကျုပ်ကျောက်ဖူရုံက မင်မြို့တော် အစစ်အမှန်အိမ်ခြံမြေလုပ်ငန်းကဆိုတာ အားလုံးသိပြီးသားပါ... ပိုက်ဆံမရှားပါဘူး... ချင်းလင်စံအိမ်အကြီးအကဲစားပွဲကိုမဲပေါက်တဲ့သူ ကျုပ်ကိုဆက်သွယ်ပါ... တစ်ပွဲကို ယွမ် ၆၀၀၀၀ နဲ့... စျေးမဆစ်ဘူး''
“…” ချန်ရှန်းဖေ။
“…” မာလဲ့ဝမ်။
နှစ်ယောက်လုံးကြောင်သွားသည်။
ဘယ်လိုအခြေအနေလဲ။
ဒီနှစ်ယောက်က ဘာလို့ဝင်ပါချင်ရတာလဲ?
ချင်းလင်စံအိမ်တွင်_
ချင်လင်လည်း နောက်ဆုံးဗီဒီယိုနှစ်ပုဒ်ကိုတွေ့လျှင် နည်းနည်းမှင်တက်သွားသည်။
ချန်ရှန်းဖေနဲ့မာလဲ့ဝမ်ကိုတော့ မအံ့သြမိ။ ဒါပေမဲ့ လျိုယီနဲ့ကျောက်ဖူရုံက ဘယ်သူတွေလဲ?
သို့သော်လည်း ဒီကိစ္စက လိုင်းပေါ်မှာ လုံးဝပေါက်သွားလေပြီ။
ယွမ် ၅၀၀၀၀ တန် တစ်နပ်စာ။ မဟုတ်သေးဘူး။ မင်စီရင်စုက လူချမ်းသာတွေက တန်းမြှင့်လိုက်ပြီ။ အခု ယွမ် ၆၀၀၀၀ တန်ဖြစ်သွားပြီ။
သူတို့ကိုယ်တိုင်မစားရင်တောင် ယွမ် ၆၀၀၀၀ ပေးဝယ်မယ့်သူရှိနေပြီ။ ဒါဘယ်လိုမက်လုံးမျိုးလဲ?
နောက်ပြီး ဒီလူချမ်းသာအုပ်စုက ဒီစားပွဲရဲ့တန်ဖိုးကိုသက်သေပြဖို့ ကြိုးစားနေတာမလား?
ဒါလုံးဝသာမန်လူတွေမစားနိုင်တဲ့ တကယ့်စားပွဲပဲ။
တစ်ခဏအတွင်း အကြီးအကဲစားပွဲအရည်အသွေးမှာ အဆမတန်မြှောက်တက်သွားသည်။
စောစောက အကြီးအကဲစားပွဲကိုသံသယဝင်နေသူအတော်များများက သူတို့ရေးထားသောမှတ်ချက်များကို တိတ်တိတ်လေးဖျက်သွား၏။ ချင်းလင်စံအိမ်ကိုသွားလျှင် မဲများပေါက်နိုင်မလားဟုပင် သိချင်လာကြသည်။
တစ်နေ့ ၅ ကြိမ်သာပေါက်ရင်တော့ ယွမ် ၃ သိန်းတောင်ရမှာပဲ။
သူတို့လိုပဲ အံ့သြသွားသူတစ်ယောက်ရှိနေသည်။ မင်မြို့တော်က လုကျန်းရှန်ပင်။ ချန်ရှန်းဖေ၊ မာလဲ့ဝမ်၊ လျိုယီနှင့် ကျောက်ဖူရုံတို့လို လူစားတွေက အကြီးအကဲစားပွဲအတွက် ပြုံတိုးနေကြတော့လူချမ်းသာအသိုင်းအဝိုင်းတွင် သတင်းတချို့ကထွက်နေသည်။
လုကျန်းရှန်မှာ အရင်က ချင်းလင်စံအိမ်ရောက်ဖူးသော်လည်း ချင်းလင်စံအိမ်ကို အထက်တန်းကျမည်ဟု လုံးဝမထင်ခဲ့။ ချန်ရှန်းဖေက သူဌေးချင်ကိုအားပေးခြင်းမှာ လီရှင်းကြောင့်ဟုသာ ထင်ခဲ့သည်။
ဒါပေမဲ့ အခု မာလဲ့ဝမ်၊ လျိုယီနဲ့ ကျောက်ဖူရုံတို့ကရော ဘယ်လိုကြောင့်လဲ?
လုကျန်းရှန်တွေးတောနေစဉ် ရုတ်တရက်ဖုန်းဝင်လာသည်။ သူနှင့်ပူးပေါင်းလုပ်ကိုင်နေသော ကုမ္ပဏီတစ်ခု၏ဥက္ကဌထံမှဖြစ်သည်။ သူက ဖုန်းကိုင်လိုက်ရာ တစ်ဖက်မှအံသြသံထွက်လာ၏_ ''လောင်လု... ခင်ဗျားသတင်းကြားပြီးပြီလား? ကျောက်ဖူရုံ လျိုယီ ချန်ရှန်းဖေနဲ့ မာလဲ့ဝမ်တို့ တောင်တန်းစံအိမ်အကြီးအကဲစားပွဲအတွက် ချနေကြတယ်''
''အစားအသောက်က အရသာရှိတယ်ထင်လို့ဖြစ်မယ်!'' လုကျန်းရှန်ကမူ မတုန်မလှုပ်။
အရင်ကသူ စံအိမ်မှာစားခဲ့ဖူးသော်လည်း မမေ့နိုင်စရာတော့မဟုတ်။ အစားအသောက်က နံ့သာတစ်ရာပွဲကြည့်စင်ထက်တော့ ပိုမကောင်းနိုင်။
တစ်ဖက်လူက_ ''ဒီလိုမဟုတ်ဘူး... ဒါချင်းလင်ဆေးဖက်ဝင်ဝိုင်ကြောင့်ဖြစ်မယ်... လီမိသားစုက ဆေးဖက်ဝင်ဝိုင်ရတယ်လို့ သတင်းကြားတယ်... လူကြီးတွေအတွက် အရမ်းအကျိုးရှိတယ်တဲ့... အဲဒါက ရှန်းရှီနယ်က တရုတ်တိုင်းရင်းဆေးမိသားစုနှစ်စုရဲ့ဆေးဖက်ဝင်ဝိုင်နဲ့တောင် ယှဉ်နိုင်တယ်ဆိုပဲ... လီရှင်းနဲ့ချန်ရှန်းဖေက စံအိမ်တချို့သွားပြီး လိုက်ရှာကြတယ်လို့ပြောတယ်... အဲဒါချင်းလင်စံအိမ်ပဲဖြစ်မယ်''
''ဘယ်လို?'' ထိုစကားကြားလျှင် လုကျန်းရှန်အမူအရာပြောင်းသွားသည်။ သူကချက်ချင်းပင်_ ''ခင်ဗျား ဘယ်လိုလုပ်သိလဲ?''
မင်စီရင်စုက တရုတ်တိုင်းရင်းဆေးအမွေခံမိသားစုနှစ်စုရဲ့ဆေးဖက်ဝင်ဝိုင်အကြောင်း သူသိသော်လည်း ထိုအရာနှင့်ပတ်သက်ရန် အခွင့်အရေးမရှိခဲ့။ ဝိုင်ရဲ့အာနိသင်က နတ်ဆေးလိုအစွမ်းထက်မှန်းသာသိသည်။ ချန်ရှန်းဖေတောင် မရနိုင်ပေ။
တစ်ဖက်လူက_ ''အဲဒါ လျိုယီရဲ့အတွင်းရေးမှူး စကားကျွံတာ... ချန်ရှန်းဖေက အဲဒီစံအိမ်ကို လေးငါးကြိမ်သွားထားတော့ လျိုယီက ချန်ရှန်းဖေဆီကနေ ကောက်ချက်ချလိုက်ပုံပဲ... ဒီနေ့ ချန်ရှန်းဖေက ချင်းလင်စံအိမ်ရဲ့အကြီးအကဲစားပွဲကို သူဝယ်ချင်တယ်လို့ပြောလိုက်တော့... မသိသာသွားဘူးလား?''
''ခင်ဗျား နောက်နေတာလား?'' လုကျန်းရှန်မှာ ကြောင်ပြီး သတိလက်လွတ်နှင့် ပါးစပ်အဟောင်းသားဖြစ်သွား၏။
သူ့စိတ်ထဲတွင် သူဌေးချင်က သူ့ကို ဆေးဖက်ဝင်ဝိုင်တစ်ပုလင်း အပြန်ယူသွားချင်လားဟုမေးဖူးသည်ကို သတိရသွားတော့သည်။