အခွင့်အရေးကြီးလွတ်သွားပြီ! စူပါနာမည်ကျော်! ၂
Vol. 11 Ch. 163
သို့သော် လိုင်းပေါ်တွင် တချို့တဝက်သာရောင်းခြင်းဖြစ်သည်။ ဤအခြေအနေတွင် နေရာမှာသာ အရင်ဆုံးလက်မှတ်ဝယ်ရပေမည်။
ထို့အပြင် သတို့သမီးခန်းလက်မှတ်အားလုံးကို ကြိုတင်ရောင်းချဖို့မဖြစ်နိုင်။ အရေးပေါ်အတွက် တချို့ကိုချန်ထားရမည်။
နောက်ပြီး လက်မှတ်ပြဿနာကိုလည်း သူထည့်သွင်းစဉ်းစားရမည်။ ဥပမာ - ပန်းပင်လယ်လက်မှတ် + မြက်ခင်းလျှော + တောတွင်းစွန့်စားခန်းလက်မှတ်တွဲ။ လက်မှတ်တွဲက ခရီးသည်များကို အားလုံးလည်ပတ်ခွင့်ရစေမည်။
သို့သော် လက်မှတ်ဘယ်လိုယူရမည် ဘယ်လောက်ကျမည်ကို သူလေ့လာရဦးမည်။
ခဏအကြာ_
ကောင်းယောင်ယောင်၊ ချန်တပေ၊ အစ်မဟုန်နှင့် ဆရာလင်းတို့အားလုံး ချင်လင်ရုံးခန်းတံခါးလာခေါက်ကြသည်။
သူတို့ကိုဝင်ခွင့်ပေးပြီးနောက် ချင်လင်က_ ''အွန်လိုင်းကြော်ငြာက ကျွန်တော်တို့ထင်ထားတာထက် ပိုပြီးနာမည်ကြီးသွားပြီ... မနက်ဖြန်လာမယ့်ခရီးသည်ကလည်း ကျွန်တော်တို့ထင်ထားတာထက် ပိုများဦးမယ်ထင်တယ်... ဒီတော့ မနက်ဖြန် အရမ်းအလုပ်ရှုပ်လိမ့်မယ်... ပြန်ပြီး ကိုယ့်လက်အောက်ကလူတွေနဲ့ အစီအစဉ်ဆွဲဖို့ အစည်းအဝေးလုပ်ကြပါ''
''ယောင်ယောင်... မင်းရဲ့ဝန်ဆောင်မှုကို လစ်ဟင်းလို့မရဘူး... ပြီးတော့ ချန်တပေ... ခေါင်းဆောင်တို့နဲ့ပူးပေါင်းလုပ်ဆောင်ဖို့ လူတွေခေါ်ထားဖို့ မမေ့နဲ့... အစ်မဟုန်လည်း ပိုကြိုးစားရမယ်... တချို့ဧည့်သည်တွေက ပစ္စည်းတွေလဲခိုင်းတဲ့အခါ သတိဝီရိယရှိရမယ်... နောက်ပြီး ဆရာလင်း... စားဖိုဆောင်မှာ ဘာပြဿနာမှမတက်စေနဲ့... ခင်ဗျားအလုပ်ရှုပ်နေရင်တောင် ခင်ဗျားရဲ့နာမည်ကိုမပျက်စေနဲ့''
ကောင်းယောင်ယောင်တို့က ခေါင်းညိမ့်လိုက်ကြသည်။
ချင်လင်က ရိုးရိုးရှင်းရှင်းညွှန်ကြားချက်ပေးပြီး ကောင်းယောင်ယောင်တို့ကို ပြင်ဆင်ထားစေသည်။
ထို့နောက် တစ်ခုခုသတိရသွားပြီး ဖုန်းကောက်ကိုင်ကာ လင်ဖုန်းကိုဆက်လိုက်၏။
အရင်ဖရဲသီးဘုရင်အစီအစဉ်တုန်းက ဂိမ်းထဲမှထုတ်လာသောပစ္စည်းများမှာ မလုံလောက်။ အားလုံးကို လင်ဖုန်း၏သွင်းကုန်များနှင့် တည်းထားခဲ့ရသည်။
ဖုန်းဝင်ဝင်ချင်း ချင်လင်က လင်ဖုန်းအား_ ''ဥက္ကဌလင်... မနက်ဖြန်မနက် ခါတိုင်းထက် ၅ ဆလောက်ပို့ပေးပါဦး... နောက်ပြီး ကျွန်တော်တို့စံအိမ်က ဒါပြီးရင် နေ့စဉ်အသယ်အပို့များလာတော့မှာ''
''မပူပါနဲ့ ဥက္ကဌချင်... ခင်ဗျားအတွက် ပြင်ထားပြီးသားပါ... လိုအပ်ချက်မရှိစေရဘူးလို့ အာမခံတယ်'' လင်ဖုန်းက ချက်ချင်းအာမခံလိုက်သည်။ အခုချင်းလင်စံအိမ်ကိုတင်သွင်းနေတဲ့ ရုံချန်းစီရင်စုကဘယ်ကုန်သည်မဆို ဒီဝယ်လက်ကို စောင့်မကြည့်ဘဲနေမလား?
ထို့ကြောင့်သူက ချင်းလင်စံအိမ်လှုပ်ရှားမှုကို အာရုံစိုက်ထားပြီး မနက်ဖြန်မဲနှိုက်အစီအစဉ်ကိုလည်း သိထားသည်။ ဒီအတွက် ကြိုတင်ပြင်ဆင်ထားသည်ပေါ့။
အခုဒီလုပ်ငန်းမှာ အပြိုင်အဆိုင်တွေများလာပြီ။ သူများထက်ခြေတစ်လှမ်းလောက်မှမသာထားရင် ရှင်သန်ဖို့ အလွန်ခက်ခဲလာပြီဖြစ်သည်။
ချင်လင်ကဖုန်းချပြီးနောက် ဝမ်ဝေနှင့်တခြားတင်သွင်းသူများကို တစ်ယောက်ပြီးတစ်ယောက်ဆက်ခေါ်လိုက်သည်။ အစီအစဉ်တွေချပြီးမှသာ သူစိတ်သက်သာရာရသွား၏။
ချင်းလင်စံအိမ်အလုပ်ရှုပ်နေစဉ် စီရင်စုကလည်း ကြိုတင်ပြင်ဆင်ထားသည်။
ခေါင်းဆောင်ဟုန်က ဖုန်းရရချင်း စီရင်စုအစိုးရဆီ အပြေးရောက်လာ၏။
သူ့ကိုဆင့်ခေါ်သူက ခရီးသွားဌာနအကြီးအကဲ ချန်လီနှင့် သူ့ကိုတိုက်ရိုက်ညွှန်ကြားသူဖြစ်သည်။ သူကခရီးသွားဌာနရဲအဖွဲ့ဝင်ဖြစ်၍ ခရီးသွားဌာနနှင့် အတိုင်းအတာတစ်ခုအထိ ပူးပေါင်းလုပ်ဆောင်ရ၏။
သူလည်း ဘာအကြောင်းမှန်းသဘောပေါက်သည်။
သို့သော် ခရီးသွားဌာနရုံးရောက်သောအခါ စွန်းရှန်လည်းရှိနေသည်ကို တွေ့လိုက်ရ၏။
''ခေါင်းဆောင်ဟုန်'' ချန်လီကအပြုံးနှင့်ပြောလိုက်သည်။
''အကြီးအကဲချန် စွန်းရှန်!'' ခေါင်းဆောင်ဟုန်ကအထဲမှလူများကို ရိုရိုသေသေနှုတ်ဆက်လိုက်၏။

စွန်းရှန်နှင့်ချန်လီက ခေါင်းဆောင်ဟုန်ကို ခေါင်းညိမ့်ပြလိုက်သည်။
ချန်လီကပြုံးပြီး_ ''ခေါင်းဆောင်ဟုန်... ချင်းလင်စံအိမ်လှုပ်ရှားမှုအကြောင်းသိတယ်မလား... မနက်ဖြန် အရမ်းနာမည်ကြီးမှာ... ခရီးသည်တွေလည်း သေချာပေါက်အများကြီးလာလိမ့်မယ်... လုံခြုံရေးကောင်းဖို့ မင်းသေသေချာချာလုပ်မှဖြစ်မယ်''
''စွန်းရှန်က အစည်းအဝေးလုပ်ပြီး ဆွေးနွေးထားပြီးပြီ... သူတို့က လူထပ်ပို့ပေးလိမ့်မယ်... ပြီးတော့ မင်းလည်းပြင်ဆင်ထား... ပြီးရင် ခရီးသွားလုံခြုံရေးရုံးအတွက် သက်ဆိုင်တဲ့အစီအစဉ်ဆွဲထားပါ''
ထိုစကားကြားလျှင် ခေါင်းဆောင်ဟုန်မျက်လုံးအရောင်တောက်သွားပြီး သူကချက်ချင်းကတိပေးလိုက်သည်_ ''ဟုတ်ကဲ့... ဘာမှမဖြစ်စေရပါဘူး''
လုံခြုံရေးရုံးတည်ထောင်လျှင် သူလည်းရဲမှူးအဖြစ်ရာထူးတိုးနိုင်သည့်သဘောဖြစ်သည်။ ဒီတော့ မနက်ဖြန်ဘာအမှားအယွင်းမှဖြစ်၍မရ။ တစ်ခုခုဖြစ်ခဲ့လျှင်လည်း ဘာမှပြောစရာမလိုတော့ချေ။
ထိုအချိန်တွင် စွန်းရှန်က_ ''အချိန်ကျရင် စီရင်စုလုံခြုံရေးကို ငါတို့သေချာအာရုံစိုက်ရမယ်... ချင်းလင်စံအိမ်တစ်ခုခုဖြစ်ခဲ့ရင် ငါတို့စီရင်စုက ကိုယ့်နာမည်ကိုယ်ဖျက်ရာကျမယ်''
သူတို့သုံးဦးမှာ ချင်းလင်စံအိမ်လှုပ်ရှားမှုကြောင့် ဤနေရာတွင် လာရောက်စုဝေးကြခြင်းဖြစ်၏။
ချင်းလင်စံအိမ်အစီအစဉ်ကျော်ကြားမှုက သူတို့ထင်ထားသည်ထက်တောင် ကျော်လွန်နေသည်။
သူဌေးချင်က ဒီလိုပစ္စည်းကောင်းတွေရှာပြီး မင်မြို့တော်သူဌေးကြီးများကို မောင်းတင်ထားအောင်လုပ်နိုင်မည်ဟု သူရော ချန်လီပါ ထင်မထားပေ။
သို့သော် ဒီပစ္စည်းတွေဘယ်ကရလာလဲ သူတို့စုံစမ်းမည်မဟုတ်။ သူတို့ဂရုစိုက်သည်က ဒီကိစ္စဘယ်လောက်နာမည်ကျော်လဲသာဖြစ်သည်။ မနက်ဖြန် ချင်းလင်စံအိမ်လုပ်ငန်းဖွင့်ပြီးရင် ချင်းလင်စံအိမ်က လူဘယ်လောက်များများကို ကြိုဆိုလက်ခံနိုင်မလဲ?
လက်ရှိအခြေအနေအရ ချင်းလင်စံအိမ်ကိုထောက်ပံ့ငွေပေးခဲ့ခြင်းမှာ မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ခဲ့သည်။
ချင်းလင်စံအိမ်တွင် သတို့သမီးခန်း ၁၅၀ သာရှိမှန်းသိထား၏။ အချိန်ကျလျှင် ခရီးသည်အတော်များများက ဤစီရင်စုထဲတွင် တည်းခိုရမည်။ ဤသည်က လတ်တလောသူတို့ စိတ်အပူဆုံးကိစ္စဖြစ်သည်။
ခရီးသည်ပိုများလေလေ စီရင်စုထဲတွင်သုံးသည့်လူ ပိုများလေလေဖြစ်မည်။
စွန်းရှန်က ခဏတွေးလိုက်ပြီး_ ''ပြီးတော့ လျှို့ဝှက်စောင့်ကြည့်ဖို့ လူတချို့လည်းလွှတ်ထားလိုက်... ရုံချန်းစီရင်စုထဲမှာ ဧည့်သည်တွေကို အန္တရာယ်ပေးတာတို့ လုပ်ကြံတာတို့ ခွင့်မပြုနိုင်ဘူး... လုပ်ရဲတဲ့သူရှိရင်လည်း ပြင်းပြင်းထန်ထန်အပြစ်ပေးရမယ်''
ချန်လီကခေါင်းညိမ့်ကာ_ ''ငါကြည့်လိုက်မယ်''
...
အချိန်ကုန်လွန်သွားသည်။
ညမိုးချုပ်ခါနီး ခရီးသည်များရုံချန်းစီရင်စုထဲရောက်လာကြပြီး စီရင်စုထဲရှိဟိုတယ်အတော်များများတွင် တည်းခိုကြ၏။
ထိုဟိုတယ်များက ဒီနေ့ညတည်းခိုသူ ခါတိုင်းထက်ပိုများကြောင်း ချက်ချင်းသတိပြုမိသွားသည်။
အားလုံးမှာ ရုံချန်းစီရင်စုအနီးအနားမှဖြစ်ကြ၏။ အများစုက မနက်ဖြန်ရွက်လွှင့်ရန်၊ ပန်းပင်လယ်ကိုလည်ပတ်ရန် စီစဉ်ထားကြသူများဖြစ်သည်။
အဓိကအချက်မှာ သူတို့မဲပေါက်မပေါက် ကံစမ်းချင်သူများဖြစ်ကြ၏။
ထို့ကြောင့် နောက်တစ်နေ့တွင် ထိုသူများက စောစောနိုးနေကြသည်။ ချင်းလင်စံအိမ်ကို ကိုယ်တိုင်မောင်း၍သော်လည်းကောင်း တက္ကစီငှား၍သော်လည်းကောင်း သွားကြ၏။
ဝမ်ရန်မှာ ကျုံးလျန်ဟိုတယ်တွင် မနက်အစောကြီးနိုးနေသည်။
သူ့အိမ်က မင်စီရင်စု၏ စီရင်စုမြို့တော်ထဲတွင်ဖြစ်ပြီး သိပ်မဝေးသောကြောင့် မနေ့ညကတည်းကရောက်နှင့်နေ၏။
မနေ့ညကသူ အွန်လိုင်းလက်မှတ်ကိုကြိုတင်မယူနိုင်ခဲ့၍ ဒီနေ့စောစောသွားပြီး လက်ဦးမှုယူရန် စီစဉ်ထားသည်။ အရင်ဆုံးမဲပေါက်သူဟာ သူများဖြစ်နေမလား?
ဘာပဲဖြစ်ဖြစ် အစပိုင်းဆုမဲ ၅ ဆုပေါက်နိုင်ချေက နောက်ပိုင်းဆုမဲ ၅ ဆုပေါက်နိုင်ချေထက် ပိုများသည်။
''ထတော့'' ဝမ်ရန်က သူ့လက်မောင်းကြားမှ မိန်းကလေးကိုလှုပ်နှိုးလိုက်၏။
မိန်းကလေးက ဝိုးတဝါးဖြင့်_ ''ယောက်ျား... အာ... အစ်ကိုရှန်... ဘယ်အချိန်ရှိပြီလဲ?''
''ထတော့... ချင်းလင်စံအိမ်သွားရအောင်'' ဝမ်ရန်က မိန်းကလေးစကားမှားခြင်းကို စိတ်ထဲမထား။ သူတို့နှစ်ဦးလုံးမှာ ပုံမှန်နိုက်ကလပ်တက်သူများဖြစ်၍ တစ်ယောက်အကြောင်းတစ်ယောက်သိနေကြသည်။ သူတို့က လူညစ်တွေ။
သူပျော်လို့ပါးလို့ဝပြီး အိမ်ထောင်မကျမချင်း ဒီမေးခွန်းတွေကို တကယ်အရေးစိုက်မည်မထင်ပေ။
ထိုအချိန်ကျလျှင် နိုက်ကလပ်မတက်သော အိန္ဒြေရှင်မိန်းကလေးတစ်ဦးကိုရှာမည်။

ဝမ်ရန်က သူ့မိန်းကလေးအဖော်ကို မြန်မြန်ဆန်ဆန်ဆင်ပေးလိုက်ပြီး ဟိုတယ်မှထွက်လာသည်။ ထို့နောက် ချင်းလင်စံအိမ်ဆီ တက္ကစီငှားလိုက်၏။
သိပ်မကြာမီ တက္ကစီက စီရင်စုမြို့တော်မှထွက်လာပြီး ချင်းလင်စံအိမ်သွားရာ လမ်းကြောင်းနှစ်ခုရှိနေသည်။
တစ်ခုညွှန်ပြထားသည်မှာ_ ''ရွက်လွှင့်ခြင်း''
နောက်တစ်ခုက_ ''ပန်းပင်လယ်''
ပန်းပင်လယ်လမ်းမှာ ပန်းပင်လယ်နှင့်နီးသော ကားပါကင်အဟောင်းဆီဦးတည်သွားသည့် မူလလမ်းဖြစ်သည်။
ကားပါကင်အသစ်က ရွက်လွှင့်နေရာနှင့်ပိုနီး၏။
ဒရိုင်ဘာကလည်း ခရီးသည်များရောက်လျှင် ဘယ်နေရာကိုအရင်လည်ချင်လဲ မေးလိမ့်မည်။
ဝမ်ရန်က ရွက်လွှင့်သည့်လမ်းကိုရွေးလိုက်သည်။ သူနှင့်မိန်းကလေးက စံအိမ်၏ကားပါကင်ဆီရောက်လာသည်။ ဧည့်ခန်းမအသစ်တွေ့ရန် သိပ်ကြာကြာမသွားလိုက်ရပေ။ သူတို့လျှောက်ဝင်သွားသောအခါ ဧည့်ခန်းမမှာလူစည်နေပြီဖြစ်သည်။
စိတ်ရှုပ်နေသော အသံများလည်း ကြားရသည်:
''သေစမ်း... လွဲသွားပြန်ပြီ''
“ငါရော”
''အခုလည်ရအောင်လေ... နေ့လယ်စာစားပြီးမှ မဲနှိုက်လည်းရတာပဲ''
“…”
ထိုခရီးသည်များက ရွက်လွှင့်လက်မှတ်ဝယ်ပြီး နေရာတွင်ပင် မဲနှိုက်နေကြခြင်းဖြစ်သည်။
သို့သော်လည်း မဲပေါက်ဖို့က သည်လောက်မလွယ်ပေ။
ဝမ်ရန်လည်း လက်မှတ်ဝယ်ရန် ချက်ချင်းအထဲဝင်လိုက်သည်။ သူနှင့်သူ့မိန်းကလေးအဖော်က လက်မှတ်တစ်စောင်စီဝယ်ပြီး ယွမ် ၃၀၀ သုံးလိုက်၏။ သူတို့ သုံးကြိမ်ကံစမ်းနိုင်ပြီ။
သူက QR ကုတ်ဖတ်၍ ငွေပေးချေလိုက်ရာ အစီအစဉ်ငယ်ပေါ်လာသည်။
သူမလာခင်ကတည်းက သက်ဆိုင်ရာအချက်အလက်များကိုစစ်ဆေးကြည့်ပြီးဖြစ်၍ ဤသည်မှာ ချင်းလင်စံအိမ်၏မဲနှိုက်အစီအစဉ်မှန်း သူသိသည်။
မဲနှိုက်ခွင့်သုံးကြိမ်ကိုကြည့်ပြီး ဝမ်ရန်ကတုံ့ဆိုင်းခြင်းမရှိဘဲ နှိပ်လိုက်၏။
“ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်!”
“ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်!”
“ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်!”
မဲသုံးကြိမ်ဆက်တိုက်လုံး ကျေးဇူးတင်ပါသည်ချည်း။
''သောက်!'' ဝမ်ရန် နည်းနည်းစိတ်ပျက်သွားသည်။ အခုလက်လျှော့ပြီး ရွက်လွှင့်ပြီးတဲ့အထိစောင့်ရုံသာ။
…
မနက်စောစောတွင် ချင်လင်လည်း ဂိမ်းထဲမှပစ္စည်းအားလုံးထုတ်ပြီး စံအိမ်ပို့လိုက်သည်။ ဒီနေ့ သူကတစ်ခေါက်တိုးပြီး ဖရဲသီးအလုံး ၁၀၀ ပို့ထားလိုက်၏။
အရင်တစ်ခါ အရည်အသွေး ၂ ဖရဲသီးအလုံး ၅၀ ကျော်ရောင်းခဲ့ရသည်။ ဒီတစ်ခါတွင် ပိုရောင်းရနိုင်သည်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်က ပိုက်ဆံမရှားတဲ့သူတွေကို ဆွဲဆောင်နိုင်လိမ့်မည်။ အရည်အသွေး ၂ ဖရဲသီးမှာ မဲနှိုက်ရန်အမြန်ဆုံးနည်းဖြစ်လေသည်။
ဒီအရည်အသွေး ၂ ဖရဲသီးအလုံး ၁၀၀ ကိုရောင်းနိုင်ရင် ဖရဲသီးနှင့်ပင် ယွမ် ၂၀၀၀၀၀ ကျော်ဝင်ငွေရမည်။
ကုန်များပို့ပြီးနောက် ရုံးခန်းထဲသွားကာ ကျောက်မိုချင်းကိုရှာလိုက်သည်။
အရင်က သူမနှင့်အတူ ရွက်လွှင့်ဖို့သွားမည်ဟု သူကတိပေးခဲ့ဖူးသည်။ သူ့ဇနီးကိုပေးထားသောကတိအား ပြန်ရုတ်သိမ်း၍မဖြစ်ပေ။
''မင်းအဝတ်အစားတွေယူခဲ့လား?'' ချင်လင်က ကျောက်မိုချင်းကိုမြင်မြင်ချင်း မေးလိုက်သည်။
ကျောက်မိုချင်းက အိတ်တစ်လုံးထုတ်၍_ ''အင်း... ကျွန်မတို့နှစ်ယောက်လုံးစာယူခဲ့တယ်''
''သွားစို့!'' ချင်လင်ကပြုံးပြီး ကျောက်မိုချင်းကို ခန်းမအပြင်ခေါ်သွားလိုက်သည်။ သူတို့အပြင်ရောက်သည်နှင့် ခရီးသည်များထဲဝင်တိုးပြီး တကယ့်ခရီးသည်စုံတွဲနှင့်တူသွား၏။
တကယ်တော့ ရွက်လွှင့်အစီအစဉ်ဖွင့်သည့်နေ့မှာ ခရီးသည်တစ်ဦးလိုလည်ပတ်ခြင်းက သူ့အတွက်လည်း အကျိုးရှိသည်။ ပြဿနာတချို့ သူရှာတွေ့နိုင်ပေသည်။