ချင်းလင်စံအိမ်သူဌေးက အရမ်းသြဇာကောင်းတယ်! မဲပေါက်ပြီ! ၂
Vol. 11 Ch. 165
သူရေချိုးပြီး စံအိမ်ပြန်ရောက်သောအခါ ခရီးသည်များလှုပ်လှုပ်ရှားရှားရှိနေကြသည်။
မျက်စိနှင့်မှန်းရသလောက် ဒီနေ့စံအိမ်ခရီးသည်အရေအတွက်က အရင်ထက်အဆပေါင်းများစွာပိုများသည်မှာ သေချာ၏။ လက်မှတ်နေရာတွင်လည်း စုပြုံနေသည်။
ကြည့်ရတာ ဒီအကြီးအကဲစားပွဲက သာမန်လူတွေကို အရမ်းဆွဲဆောင်နေပုံရသည်။ ရှေးဘုရင်တွေသုံးခဲ့တဲ့နန်းသုံးကို လူတွေဆွဲယူနိုင်ပြီလို့လည်း သူ့ကိုယုံကြည်ချက်ရစေသည်။
ဒီလူတွေရဲ့မျက်စိထဲမှာ အကြီးအကဲစားပွဲဆိုတာ ရှေးဘုရင်တွေကိုဆက်သတာမျိုးနဲ့တူမယ်လို့ ထင်ထားမယ်မလား?
ချင်လင်နှင့်ကျောက်မိုချင်းက ဥက္ကဌရုံးခန်းထဲပြန်လာရုံရှိသေး ကောင်းယောင်ယောင်ပြေးဝင်လာကာ_ ''သူဌေး အစ်မမိုချင်း... ပြန်လာပြီပေါ့... ပန်းပင်လယ်လက်မှတ်နဲ့ ရွက်လွှင့်လက်မှတ် ကန့်သတ်ထားတဲ့အရေအတွက်က တစ်နာရီအတွင်းရောင်းကုန်သွားပါတယ်... အခုခရီးသည်တွေက ကျွန်မတို့ကို လက်မှတ်ပိုထုတ်ပေးဖို့ တိုက်တွန်းနေကြပြီ''
ဒီနေ့ဒီလိုဖြစ်မယ်ဆိုတာ ချင်လင်ခန့်မှန်းမိသော်လည်း ပန်းပင်လယ်နှင့်ရွက်လွှင့်လက်မှတ်ကို ဒီလောက်မြန်မြန်ရောင်းကုန်သွားမည်ဟု မထင်ထားပေ။
ဒီတော့ ဒီနေ့ခရီးသည်အရေအတွက်က တကယ်များပြီး စံအိမ်လက်ခံနိုင်တဲ့ပမာဏထက် အတော်ကျော်လွန်နေပြီဆိုသည့်သဘောပင်။ ဒီကိစ္စကိုဖြေရှင်းဖို့မစဉ်းစားရင် ခရီးသည်အတော်များများက ကန့်ကွက်လာကြလိမ့်မည်။
ဘာပဲဖြစ်ဖြစ် လူကြပ်သိပ်နေတဲ့ခရီးက အတွေ့အကြုံကောင်းကောင်းမရဘဲ စိတ်ပျက်စရာအကောင်းဆုံးဖြစ်သည်။
အမှန်ပင် ထိုအချိန်၌ စံအိမ်ဝင်ပေါက်အရောင်းခန်းမထဲတွင် ခရီးသည်များညည်းတွားနေကြ၏။
''ဟေး... နောက်နေတာလား? လက်မှတ်မဝယ်ရသေးတဲ့သူတွေ အများကြီးပဲ... သူတို့ကအရောင်းကန့်သတ်ထားတယ်''

''မဲနှိုက်ချင်တာတောင် မဲလက်မှတ်မရဘူး... ပိုက်ဆံရှိပြီး သုံးမရတဲ့ခံစားချက်ကိုသိရဲ့လား? မဲနှိုက်ချင်တယ်!''
“…”
''ချင်းလင်စံအိမ်ရဲ့အစီအစဉ်က တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်... ဒါပေမဲ့ ချင်းလင်စံအိမ်ထဲမှာ ဖြုန်းစရာရှားတယ်''
''အရင်တစ်ခါလာတုန်းကလည်း စောင့်ရတယ်... ဒီတစ်ခါလည်း စောင့်ရပြန်ပြီ... ပင်ပန်းလိုက်တာ''
ရုံးခန်းထဲတွင် ချင်လင်ကခဏတွေးလိုက်ပြီး_ ''မနေ့က အွန်လိုင်းအော်ဒါတစ်သုတ်လည်း ရှိနေတယ်... ပန်းပင်လယ်လက်မှတ်က ကန့်သတ်ဖို့ဆုံးဖြတ်ထားတယ်... ဒီလိုလုပ်ရင်ရော? သူတို့ကိုလှေတွေမြန်မြန်ပြန်ပို့ခိုင်းလိုက်... ဒါဆို လက်မှတ်ထပ်ရောင်းလို့ရပြီ''
ကောင်းယောင်ယောင်က အရင်ခေါင်းညိမ့်လိုက်ပြီးမှ_ ''သူဌေး... ဒါပေမဲ့ ဒါက ရေပုံးထဲကရေစက်လောက်ပဲရှိပါသေးတယ်... မူလကျွန်မတို့စီစဉ်ထားတာ လူ ၂၀၀၀ ကနေ ၃၅၀၀ အထိပဲလက်ခံဖို့ပါ... ကြည့်ရတာ စံအိမ်ထဲမှာလူဦးရေက မနက်ပိုင်းမပြီးသေးခင် ၂၅၀၀ လောက်ရှိတဲ့ပုံပါပဲ... နေ့လယ်ပိုင်း ပိုများနိုင်ပါတယ်... ခရီးသည်တွေကို စံအိမ်ထဲမှာနေခွင့်မပေးနိုင်သလို ဘာလုပ်ရမှန်းမသိပါဘူး... နောက်ပြီး ခရီးသည်အားလုံးက အရောင်းစင်တာမှာစျေးဝယ်ရင် မဲပေါက်နိုင်တယ်မထင်ကြဘူး''
ချင်လင်ကြားလျှင် ပြုံးပြီးချီးကျူးလိုက်သည်_ ''ယောင်ယောင်... မဆိုးဘူး... ရှုထောင့်အများကြီးကနေ တွေးတတ်သားပဲ''
''အားလုံး သူဌေးချင်နဲ့အစ်မမိုချင်းရဲ့သင်ပြမှုတွေကြောင့်ပါ'' ကောင်းယောင်ယောင်က ရုတ်တရက်ချီးကျူးခံလိုက်ရ၍ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
ချင်လင်က ခဏတွေးကြည့်လိုက်ပြီး_ ''အခုတော့ ပြင်ပအကူအညီတောင်းရတော့မှာပဲ... ငါအကြီးအကဲချန်ကိုရှာပြီး လက်မှတ်ဝယ်ဖို့ပွဲစီစဉ်ခိုင်းမယ်... ဒီအစီအစဉ်အတောအတွင်း စီရင်စုမြို့တော်ထဲက ရှုမျှော်ခင်းနေရာနှစ်ခုကို လက်မှတ်ကူရောင်းပေးပြီး ခရီးသည်တွေကို တခြားရှုမျှော်ခင်းနေရာနှစ်ခုဆီ ခွဲထုတ်လိုက်မယ်''
ကျောက်မိုချင်းက မျက်မှောင်ကြုတ်ပြီး_ ''ခရီးသည်တွေက ဝယ်ပါ့မလား?''
ချင်လင်ကပြုံး၍_ ''အဲဒီရှုမျှော်ခင်းနှစ်နေရာက လက်မှတ်ဝယ်တဲ့ခရီးသည်တွေလည်း မဲနှိုက်ခွင့်ရမယ်လေ... ဝယ်မယ့်သူအများကြီးရှိမှာပါ... ငါတို့တတ်နိုင်သလောက်ခွဲပေးရမယ်... တကယ်လို့ အလုပ်မဖြစ်ရင်တော့ ပေါက်မဲအရေအတွက်ကို တစ်နေ့ ၅ ယောက်ကနေ ၇ ယောက်တိုးလိုက်မယ်''
ချင်လင်ကပြောပြောဆိုဆို ဖုန်းထုတ်၍ ချန်လီကိုခေါ်လိုက်သည်။

တဖက်တွင် ချန်လီမှာ အစည်းအဝေးခန်းထဲတွင်ရှိနေသည်။ စွန်းရှန်က ခရီးသွားဌာနမှလူများကို ညွှန်ကြားချက်ပေးနေ၏။ သူတို့က ချင်းလင်စံအိမ်အစီအစဉ်အပေါ်မူတည်ပြီး ထောက်ပံ့ငွေပေးသောအခါ စီရင်စု၏စီးပွားရေးကို ကြော်ငြာမည်ဟု ဆုံးဖြတ်ထားသည်။
အခုချင်းလင်စံအိမ်မှာ အလွန်အရှိန်ကောင်းနေသည်။ စွန်းရှန်မှာ လွန်ခဲ့သောနှစ်ရက်ကတည်းက ဒီအတွက်အာရုံစိုက်ထားခဲ့၏။
ဒီနှုန်းနှင့်ဆိုရင် အနည်းဆုံး စီရင်စုထဲကလုပ်ငန်းတချို့မှာ ဒီနှစ် GDP အတော်တက်လာနိုင်သည်။
ချန်လီက သူ့ဖုန်းအသံပိတ်ထား၏။ သူကစွန်းရှန်ဖုန်းကိုဖြေဖို့စိတ်ကူးမရှိသော်လည်း ချင်လင်ထံမှဖြစ်သည်ကိုတွေ့သောအခါ ချက်ချင်းဖုန်းယူ၍ စွန်းရှန်ဆီပေးလိုက်သည်။
''ကိုင်လိုက်!'' စွန်းရှန်က ချင်လင်နာမည်ကိုမြင်သောအခါ ချက်ချင်းစကားပြောရပ်ပြီး ရှင်းရှင်းပြောလိုက်၏။
ချန်လီကခေါင်းညိမ့်ပြီး စပီကာဖွင့်ကာ ဖုန်းကိုင်လိုက်သည်_ ''ဟယ်လို သူဌေးချင်... အခုဖုန်းခေါ်ဖို့ အချိန်ရသေးတယ်ပေါ့?''
ချင်လင်ကဖုန်းခေါ်ပြီး လိုရင်းကိုတန်းပြောလိုက်၏_ ''အကြီးအကဲချန်... ကျွန်တော်တောင်းဆိုစရာရှိလို့... စံအိမ်မှာ လူပြည့်နေပြီ... ဒီပွဲက အရင်တစ်ခါဖရဲသီးဘုရင်ပွဲထက်တောင် လူစိတ်စားမှုပိုများသေးတယ်... ဒီလူတွေကိုဖြန့်ချပေးဖို့ ကူညီပါဦး... စီရင်စုထဲမှာ နဝမတိမ်လွှာတောင်နဲ့ ကျူးကျိယဉ်ကျေးမှုဥယျာဉ်ရှိတယ်မလား? ကျွန်တော်သူတို့လက်မှတ်ကိုရောင်းပြီး ဒီလူတွေကို အဲဒီရှုမျှော်ခင်းနှစ်နေရာဆီ ခွဲချလိုက်မယ်''
ချန်လီကကြောင်သွားပြီး_ ''ခရီးသည်တွေက ချင်းလင်စံအိမ်ကိုလာတာလေ... ဝယ်ပါ့မလား?''
ချင်လင်ကရှင်းပြလိုက်သည်_ ''အဲဒီနှစ်နေရာကရောင်းတဲ့လက်မှတ်တွေကို မဲနှိုက်အစီအစဉ်မှာ ထည့်တွက်မယ်... ကျွန်တော့်ဘက်မှာ ပေါက်မဲအရေအတွက်ကလည်း တစ်နေ့နှစ်ယောက်ထပ်တိုးမယ်... အဲဒီမှာဝယ်တဲ့ခရီးသည်တွေ သေချာပေါက်ရှိလာမှာ... နောက်ပြီး ရှုမျှော်ခင်းနေရာမှာ လက်မှတ်နှစ်စောင်ဝယ်တဲ့ခရီးသည်တစ်ဦးကို အရင်ဆုံးမဲပေါက်အောင် လျှို့ဝှက်လုပ်ပေးပြီး သူတို့ကိုလှုံ့ဆော်လိုက်မယ်''
ချန်လီက စွန်းရှန်ကိုကြည့်လိုက်သည်။
စွန်းရှန်က ပြုံးပြုံးကြီးကြည့်ပြီး ချက်ချင်းခေါင်းညိမ့်လိုက်၏။ အရင်တစ်ခေါက်က ချင်းလင်စံအိမ်မှာ ဘာလုပ်ငန်းအသစ်မှမဖွင့်ရသေး။ တစ်ရက်တည်း လူ ၅၀၈၆ ယောက်ရခဲ့တာတောင် စီရင်စုကိုဖုန်းဆက်ပြီး အကူအညီမတောင်းခဲ့ပေ။
အခုသူဌေးချင်က စီရင်စုဆီဖုန်းဆက်အကူအညီတောင်းလာပြီဆိုတော့ အရင်တစ်ခါထက် လူပိုများတယ်ဆိုတဲ့သဘောရှိသည်။ ဒီနေ့ခရီးသည်အရေအတွက်က ၆၀၀၀ ကျော်လိမ့်မည်။
ဝမ်းမြောက်စရာအချိန်အခါပင်။
တွေးကြည့်ပါ။ တစ်နေ့ ခရီးသည် ၆၀၀၀။ ချင်းလင်စံအိမ်သာ ဒီအရေအတွက်ကို နေ့တိုင်းထိန်းထားနိုင်ရင် တစ်နှစ်ခရီးသည်ဦးရေ ၂.၂ သန်းနီးပါးရှိလိမ့်မည်။
သို့သော် ဒါမဖြစ်နိုင်မှန်း စွန်းရှန်သိသည်။ သူတို့လောဘကြီး၍မဖြစ်။ ချင်းလင်စံအိမ်သာ နေ့စဉ်ပျမ်းမျှလူ ၃၀၀၀ ကျော်ရနေသရွေ့ အဆင်ပြေသည်။ တစ်နှစ်ခရီးသည်ဦးရေ ၁.၁ သန်းနီးပါးနှင့်ပင် စီရင်စုအတွက်နေပျော်သည်။
စွန်းရှန်ခေါင်းညိမ့်လိုက်သည်နှင့် ချန်လီက ချင်လင်အားချက်ချင်းပြောလိုက်၏_ ''သူဌေးချင်... မပူပါနဲ့... ဒီကိစ္စနဲ့ပတ်သက်ပြီး ချက်ချင်းလုပ်ပေးမယ်... ရှုမျှော်ခင်းနှစ်နေရာက လက်မှတ်တွေကရတဲ့အကျိုးအမြတ်ရဲ့ ၄၀% ကို ချင်းလင်စံအိမ်ကိုပြောင်းလဲပေးမယ်''