မှောင်ခိုစျေးသို့ ယဲ့ချန် ရောက်လာခြင်း
Vol. 54 Ch. 747
ယဲ့ချန်၏ကိုယ်ပွားတစ်ယောက်သာ ထွက်ခွာမည်ဖြစ်သောကြောင့် ဇနီးများက စိတ်ပူမနေခဲ့ပေ။ သူနှင့် နတ်မြေခွေးဘုရင်မ ရွှယ်ယွမ်က နတ်ဆိုးယာဥ်အတွင်း ဝင်ရောက်လိုက်ပြီး အာကာသခရီးသွားခြင်းကို အသက်သွင်းကာ လေဟာနယ်အတွင်း လှစ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။ မရေမတွက်နိုင်သော ကြယ်များကို ကျော်ဖြတ်နေစဥ် သူတို့က တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံရင်း လိုက်ပါလာကြသည်။ ရွှယ်ယွမ်က လက်ထဲတွင် ကြယ်မြေပုံကို ကိုင်ထားပြီး ယာဥ်ကို ဝိညာဥ်အသိစိတ်ဖြင့် ထိန်းချုပ်မောင်းနှင်နေသည်။ သူမက နင်အာနှင့်ဆင်တူပြီး အလွန်လှပသူဖြစ်ကာ နင်အာအပေါ် ကောင်းမွန်စွာဆက်ဆံတတ်သည်။ ထို့ကြောင့် ယဲ့ချန်ကလည်း သူမကို အကြီးအကဲတစ်ယောက်ပမာ လေးလေးစားစား ပြောဆိုဆက်ဆံခဲ့သည်။ သူက စကြဝဠာအတွင်း ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ မရေမတွက်နိုင်သော ကြယ်များက နဂါးငွေ့တန်းသဖွယ် ဖြစ်ပေါ်နေသည်ကို မြင်နိုင်ခဲ့သည်။
"ဒီမြင်ကွင်းက မလှဘူးလား"
ရွှယ်ယွမ်က မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်ကဲ့"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်၏။
"ဒါကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတုန်းက လှပလွန်းလို့ အံ့သြခဲ့ရတယ်။ စကြဝဠာထဲမှာ စစ်ပွဲတွေသာမရှိရင် ဘယ်လောက်တောင် လှနေလိမ့်မလဲ"
သူမက စကြဝဠာအတွင်း တွေဝေငေးမောရင်း ရေရွတ်လိုက်သည်။ သတ်ဖြတ်ခြင်းမရှိသော ကျင့်ကြံခြင်းလောကဆိုသည်မှာ စိတ်ကူးသက်သက်ပင်ဖြစ်သည်။
"နတ်မြေခွေးဘုရင်မ"
ယဲ့ချန်က သက်ပြင်းတစ်ချက်ချ၍ တိတ်ဆိတ်သွားခဲ့သည်။
"ငါတို့ကြားထဲမှာ ဒီလောက်ကြီးစိမ်းကားနေစရာ မလိုပါဘူး။ နင်အာက ငါ့ကို ဒေါ်လေးရွှယ်လို့ ခေါ်တယ်။ မင်းလည်း အဲ့လိုခေါ်လိုက်ပေါ့"
ရွှယ်ယွမ်က တခစ်ခစ် ရယ်မောလိုက်သည်။ ယဲ့ချန်ကလည်း အနည်းငယ်ရှက်ရွံ့သွားပြီး ခေါင်းညိတ်ပြလိုက်၏။ ရွှယ်ယွမ်က နင်အာနှင့် သူ၏ဆက်ဆံရေးအကြောင်းကို သွယ်ဝှိုက်၍ ပြောလိုက်ခြင်းဖြစ်သည်။
"ဒေါ်လေးရွှယ်နဲ့ နဂါးဘုရင်ကြားမှာ တစ်ခုခု ရှိတယ်မလား"
ယဲ့ချန်က သူ၏သံသယကို ထုတ်ဖော်ချင်သော်လည်း စကားမဆုံးခင် ရွှယ်ယွမ်၏ တားမြစ်ခြင်းခံလိုက်ရသည်။
"ကလေး မင်းကို ဘယ်သူက ဘာတွေလျှောက်ပြောလိုက်တာလဲ။ ငါနဲ့ နဂါးဘုရင်က ဘာမှမပတ်သက်ဘူး"
သူမ၏မျက်နှာက အရှက်သည်းသွားဟန်ဖြင့် နီရဲသွားကာ ခပ်ဆတ်ဆတ်ကလေး ငေါက်လိုက်၏။ သူမ၏မျက်နှာထားကြောင့် ယဲ့ချန်မှာ နဂါးဘုရင်နှင့် ရွှယ်ယွမ်ကြားတွင် တစ်ခုခုရှိကြောင်း ပို၍သေချာသွားခဲ့သည်။ သို့သော်လည်း ကာယကံရှင်နှစ်ယောက်က ထုတ်မပြောလိုသောအခါ သူက ဖိအားပေးရန် မဖြစ်နိုင်ပေ။
"ဒါဆိုရင် ဒီအကြောင်း မပြောတော့ပါဘူးဗျာ။ ကောင်းကင်မူလကြယ်ရဲ့ ပတ်ဝန်းကျင်မှာ ကောင်းကင်နတ်ဆိုးတွေ ရှိနိုင်သေးလား"
ယဲ့ချန်က တစ်ချက်ပြုံး၍ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ငါလည်း သေချာတော့ မသိဘူး။ အများကြီးတော့ မရှိလောက်ဘူး။ မဟုတ်ရင် အရင်တည်းက ကောင်းကင်မူလကြယ်ကိုသိမ်းပိုက်ပြီးတာ ကြာနေလောက်ပြီ။ ကောင်းကင်နတ်ဆိုးရှစ်ကောင် သေသွားပြီဆိုတော့ နည်းနည်းပဲ ကျန်လိမ့်မယ်။ ဒါပေမယ့် နောက်ထပ်ရောက်လာမယ့် ကောင်းကင်နတ်ဆိုးငါးရာကျော်က စိုးရိမ်စရာ ဖြစ်နေတယ်"
ရွှယ်ယွမ်က ခေါင်းယမ်းပြလိုက်သည်။ ရင်ယွမ်ကြယ်၏စကားက မယုံရသော်လည်း ကျိယွမ်ကြယ်၏ရှင်းဟွမ်က တစ်နည်းနည်းဖြင့် ကြိုတင်ခန့်မှန်းနိုင်ခဲ့သောကြောင့် ယုံကြည်ရန်မှလွဲပြီး ရွေးချယ်စရာမရှိချေ။ ၂နှစ်အတွင်း ကောင်းကင်နတ်ဆိုးငါးရာကျော်ကို တိုက်ခိုက်ရန် နတ်အစေခံများစွာက ကောင်းကင်မူလကြယ်၌ ထွက်ပေါ်လာရန် မဖြစ်နိုင်ပေ။ ထိုနေ့ရောက်လျှင် သူတို့က ကပ်ဆိုးကြီးတစ်ခုကို ရင်ဆိုင်ရမည်ဖြစ်သောကြောင့် အနာဂတ်အကြောင်း တွေးမိလိုက်သောအခါ ရွှယ်ယွမ်ရော ယဲ့ချန်ပါ တိတ်ဆိတ်သွားကြသည်။
"မှောင်ခိုစျေးက ဘယ်လိုနေရာမျိုးလဲ"
အချိန်တစ်ခုအကြာတွင် ယဲ့ချန်၏စကားသံ ထွက်ပေါ်လာသည်။
"မှောင်ခိုစျေးမှာ လေလွင့်ကျင့်ကြံသူတွေ အများကြီးရှိပြီး အနည်းဆုံး နတ်အစေခံအဆင့်တွေဖြစ်ကြတယ်။ မှောင်ခိုစျေးရောက်ရင် ငါတို့က သိုသိုသိပ်သိပ်နေရမယ်။ ရတနာတွေရောင်းချဖို့အတွက်ဆိုရင် ယုံကြည်စိတ်ချရတဲ့ ဆိုင်တွေ ရှာရမယ်။ ဆိုင်တစ်ဆိုင်မှာ အရောင်းအဝယ်တစ်ခါလုပ်ပြီးရင် ထွက်သွားရမယ်။ မဟုတ်ရင် အန္တရာယ်ရှိနိုင်တယ်"
ရွှယ်ယွမ်က သတိကြီးကြီးထားနေပြီး လေးနက်စွာ မှာကြားလိုက်၏။ မှောင်ခိုစျေးက အလွန်အန္တရာယ်များပုံရသောကြောင့် ယဲ့ချန်က သတိထားရန် ဆုံးဖြတ်လိုက်သည်။
"မှောင်ခိုစျေးမှာ သွားထိလို့မရတဲ့ လူတစ်စုရှိတယ်။ သူတို့ကို တတ်နိုင်သမျှ ရှောင်တိမ်းရမယ်"
ရွှယ်ယွမ်က ထပ်မံသတိပေးလိုက်သည်။
"ဘယ်သူတွေလဲဗျ"
နတ်အစေခံတစ်ယောက်ပင် ထိတ်လန့်နေရသောကြောင့် ယဲ့ချန်က စပ်စုလိုက်သည်။
"သေမင်းမြို့က ကျင့်ကြံသူတွေ။ လူတိုင်းက အလွန်အစွမ်းထက်ပြီး မောက်မာကြတယ်။ သေမင်းမြို့ကလူတွေအပြင် အခြားကြယ်တွေက ကျင့်ကြံသူတွေလည်း အများကြီးရှိတယ်။ တစ်ဖက်လူက ရန်သူလား မိတ်ဆွေလား မသိခင် ရန်သွားစလို့မဖြစ်ဘူး"
ရွှယ်ယွမ်က လေးနက်စွာ ဖြေလိုက်သည်။ သူမက အကြောက်လွန်နေခြင်းမဟုတ်ဘဲ စကြဝဠာအတွင်း အစွမ်းထက်ကျင့်ကြံသူများစွာရှိသောကြောင့် သတိထားနိုင်မှ တော်ကာကျပေလိမ့်မည်။ သူမ၏ပခုံးထက်တွင် လေးနက်သော ဝတ္တရားများကို ထမ်းဆောင်ထားရသောကြောင့် အဆင်အခြင်မဲ့လျှောက်လုပ်နေ၍ မသင့်ချေ။
"ကျုပ် နားလည်ပြီ"
ယဲ့ချန်က ခေါင်းညိတ်၍ နက်ရှိုင်းလှသော စကြဝဠာအတွင်း ငေးကြည့်လိုက်မိသည်။ ရွှယ်ယွမ်၏အဆိုအရ သေမင်းမြို့၏ခေါင်းဆောင်က သေမင်းဆိုသည့် ကျင့်ကြံသူဖြစ်ကာ ပြည်ထောင်သုံးခုပင် ထိတ်လန့်ရပြီး မည်မျှသန်မာကြောင်း မည်သူမှမသိပေ။ နတ်ဆိုးယာဥ်က နှစ်ရက်တိတိခရီးနှင်ပြီးနောက် ကောင်းကင်မူလကြယ်ထက် ပို၍ကြီးမားသော ကြယ်ကြီးတစ်လုံးပေါ်သို့ ဆင်းသက်လိုက်သည်။ ၎င်းတွင် ရှင်းဟွမ်၏အရှိန်အဝါမရှိသောကြောင့် ကြယ်သေတစ်လုံးဖြစ်သော်လည်း ကျက်တီးမြေနှင့်ဆင်တူသော မျက်နှာပြင်ထက်တွင် ယာဥ်များစွာ ရပ်နားထားကြသည်။ အဝေးတွင် ကောင်းကင်လှေနှင့် ဆင်တူသော်လည်း လေးငါးဆမကကြီးမားပြီး အနက်ရောင်သတ္တုဖြင့် ပြုလုပ်ထားသောကြောင့် အလွန်မာကျောပုံရသည့် လှေကြီးတစ်စီး ရပ်နားထားသည်။
"ဒါက ဘာကြီးလဲ"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"ကောင်းကင်တိုက်ပွဲလှေ။ ဒါက ကောင်းကင်လှေထက် တစ်ဆင့်ပိုမြင့်တယ်။ ဒါရဲ့တန်ဖိုးက မိစ္ဆာရွှေတစ်ဘီလီယံ တန်ကြေးရှိတယ်"
ရွှယ်ယွမ်က ရှင်းပြလိုက်သည်။
"မိစ္ဆာရွှေတစ်ဘီလီယံ"
ယဲ့ချန်က တအံ့တသြ ရေရွတ်လိုက်မိသည်။ ကောင်းကင်တိုက်ပွဲလှေတစ်စီး၏တန်ဖိုးက ကောင်းကင်လှေသုံးစီး၏တန်ဖိုးနှင့် တူညီပြီး ဤမျှစျေးကြီးသော ရတနာကို ဝယ်ယူနိုင်သော ကျင့်ကြံသူများရှိနေခဲ့ပြီး ၎င်း၏ပိုင်ရှင်က သေချာပေါက် ရင်ယွမ်ကြယ်ထက် ပို၍ချမ်းသာပေလိမ့်မည်။ ရင်ယွမ်ကြယ်ပင် ၎င်းကိုဝယ်ယူရန်အတွက် ငွေပမာဏများစွာ သုံးစွဲနိုင်မည်မဟုတ်ချေ။ ယဲ့ချန်က အဝေးသို့ကြည့်လိုက်သောအခါ ကောင်းကင်လှေများလည်း ရပ်နားထားကြောင်း တွေ့လိုက်ရသည်။
"အများစုက အခြားကြယ်အဖွဲ့အစည်းတွေက ဖြစ်နိုင်တယ်။ တချို့ကြယ်အဖွဲ့အစည်းတွေမှာ ကြယ်သခင်ပေါင်းရာချီရှိပြီး ရင်ယွမ်ကြယ်ထက် ချမ်းသာတဲ့ ကြယ်တွေ မရေမတွက်နိုင်အောင် ရှိတယ်"
ရွှယ်ယွမ်က သတိပေးလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်သည် မြို့ကြီးတစ်ခုသို့ရောက်လာသော ကျေးတောသားတစ်ယောက်ပမာ ခံစားနေရသည်။ သူ၏အတွေးတွင် ရင်ယွမ်ကြယ်က အစွမ်းထက်သော်လည်း ဤကြယ်အဖွဲ့အစည်း၌ပင် အစွမ်းအထက်ဆုံးမဟုတ်ကြောင်း နားလည်လိုက်သည်။ ရင်ယွမ်ကြယ်ထက် ပို၍သန်မာပြီး ပိုမိုချမ်းသာသော ကြယ်များစွာ ရှိနေခဲ့သည်။
"ကောင်းကင်တိုက်ပွဲလှေတစ်စီးကို ခိုးယူနိုင်ရင် ကောင်းမယ်"
အဝေးရှိလှေကြီးကို စိုက်ကြည့်နေသော ယဲ့ချန်က အမှတ်တမဲ့ ရေရွတ်လိုက်မိသည်။
"ဒီအကြောင်း စဥ်းတောင်မစဥ်းစားနဲ့။ ဒီကြယ်ကို မရဏကြယ်နက်လို့ ခေါ်တယ်။ ရှင်းဟွမ်မရှိပေမယ့် ကြယ်သခင်အဆင့် ကျင့်ကြံသူသုံးယောက် အုပ်ချုပ်ကြတယ်။ မျက်နှာပြင်ပေါ်မှာ ရပ်နားထားတဲ့ ယာဥ်တွေအကုန်လုံးက သူတို့ကို ပိုက်ဆံပေးထားတဲ့အတွက် စောင့်ရှောက်ပေးကြတယ်။ ဒီကြယ်တွေကို ထိရဲရင် သူတို့က တိုက်ခိုက်လိမ့်မယ်"
ရွှယ်ယွမ်က သူ့ကို အလျင်အမြန်တားမြစ်၍ လေးနက်စွာ သတိပေးလိုက်သည်။
"ဒါဆိုရင် အချင်းချင်းတိုက်ခိုက်ကြရင်ရော သူတို့က ဂရုမစိုက်ကြဘူးလား"
အုပ်ချုပ်သူများရှိနေသော်လည်း မှောင်ခိုစျေးက အလွန်အန္တရာယ်များနေခြင်းကို ယဲ့ချန်က နားမလည်ပေ။
"ဂရုမစိုက်ဘူး။ သူတို့က အချင်းချင်းသတ်တာကို အရေးစိုက်မှာမဟုတ်ဘူး။ မှောင်ခိုစျေးထဲမှာ တစ်ယောက်ယောက်သေသွားရင် သူတို့က အကျိုးအမြတ်ရလိမ့်မယ်။ သေသွားတဲ့သူရဲ့ ယာဥ်နဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်လိုက်ကြတယ်"
ရွှယ်ယွမ်က ခေါင်းယမ်း၍ ရှင်းပြလိုက်သည်။
"ဒါကို ဝတ်ထားလိုက်"
ထို့နောက် သူမက ယဲ့ချန်ထံ ဝတ်ရုံနက်တစ်ထည် ကမ်းပေးလိုက်သည်။ သူတို့က ဝတ်ရုံနက်ကိုယ်စီဝတ်ဆင်ပြီး ကြယ်မျက်နှာပြင်ပေါ်သို့ နတ်ဆိုးယာဥ်အတွင်းမှ ဆင်းသက်လိုက်ကြသည်။ ဤကြယ်၌ အပူချိန်က အလွန်နိမ့်ပြီး လေတိုက်နှုန်းပြင်းလွန်းသောကြောင့် ကျောက်စရစ်ခဲလေးများ လွင့်ပျံနေကြသည်။ သူတို့က အချိန်တစ်ခုကြာပျံသန်းပြီးနောက် တောင်နံရံတစ်ခုသို့ ရောက်ရှိလာကြသည်။ ၎င်းတွင် ရှည်လျားကျဥ်းမြောင်းသော အက်ကြောင်းတစ်ခုရှိပြီး သူတို့က အတွင်းသို့ဝင်ရောက်သွားကြပြီး ထွက်ပေါက်သို့ ရောက်သောအခါ စည်ကားသော စျေးတစ်ခု ဘွားခနဲ ထွက်ပေါ်လာသည်။ လမ်းဘေးဝဲယာတွင် ကျင့်ကြံသူများက ပစ္စည်းမျိုးစုံရောင်းချနေပြီး လူတိုင်းက ဝတ်ရုံရှည်များဝတ်ဆင်ထားသောကြောင့် မျက်နှာကို မမြင်နိုင်ပေ။ တစ်ယောက်ချင်းစီက အနိမ့်ဆုံး နတ်အစေခံများဖြစ်ကာ မျိုးနွယ်ပေါင်းစုံမှ လာသူများဖြစ်ကြသည်။ ရွှယ်ယွမ်၏စကားအရ ဤစျေးတွင် စည်းကမ်းတစ်ခုရှိပြီး ကျင့်ကြံသူများက အချင်းချင်းဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းခွင့်မရှိပေ။ ဤသို့ပြုလုပ်မိလျှင် ရန်စသည်ဟု မှတ်ယူကြပေလိမ့်မည်။ ပတ်ဝန်းကျင်၌ ကျင့်ကြံသူများစွာရှိနေသောကြောင့် မည်သူမှ အစွမ်းထက်သူတစ်ယောက်ကို ရန်မစလိုကြပေ။
မှောင်ခိုစျေးက များစွာမကြီးမားဘဲ ထာဝရပြည်ထောင်၏ပိုက်နက်အတွင်း ရှိသော်လည်း ၎င်း၏အာဏာကင်းမဲ့သော နယ်စပ်တွင် ဖြစ်နေသောကြောင့် ကောင်းကင်နတ်ဆိုးများပင် ရှိနေခဲ့သည်။ ယဲ့ချန်သည် စျေးအတွင်း လှည့်ပတ်ကြည့်ရှုလိုက်သောအခါ ဆေးပင်များနှင့် လက်နက်များအပြင် လှောင်အိမ်များနှင့် ပိတ်လှောင်ထားသော ကျွန်များကိုပင် တွေ့လိုက်ရသည်။ အချို့က လှပသော ကိုယ်လုံးတီးမိန်းမပျိုများဖြစ်ကာ နတ်အစေခံအဆင့်ကျင့်ကြံသူများလည်း ပါဝင်နေသည်။ သို့သော် ကျွန်တိုင်း၏မျက်ဝန်းများက ဗလာဖြစ်နေပြီး အသိစိတ်ကင်းလွတ်နေပုံရသည်။ သူတို့က လှောင်အိမ်များအတွင်း ဝယ်သူရောက်လာသည်အထိ တိတ်တဆိတ် စောင့်ဆိုင်းနေကြရပေလိမ့်မည်။ ထိုကျွန်များကိုကြည့်နေရင်း ယဲ့ချန်၏ရင်ထဲတွင် စိုးရိမ်စိတ်တစ်ခု ဖြစ်ပေါ်လာသည်။ ရက်စက်လှသော ဤလောကအတွင်း ကျင့်ကြံသူတစ်ယောက်က အိမ်ခြေရာမဲ့ဖြစ်သွားပြီး အစွမ်းမထက်လျှင် ကျွန်အဖြစ် အဆုံးသတ်ရပေလိမ့်မည်။ သူတို့၏ဝိညာဥ်များပင် ကျွန်အဖြစ်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ နတ်အစေခံကျွန်တစ်ယောက်၏ စျေးနှုန်းက ကျင့်ကြံဆင့်အပေါ်မူတည်၍ မိစ္ဆာရွှေဆယ်သန်းမှ သန်းရာချီအထိ ရှိသည်။ ကြယ်ရတနာများဖြင့်လည်း ထိုကျွန်များကို ဝယ်ယူနိုင်သည်။ ထာဝရပြည်ထောင်တွင် မိစ္ဆာရွှေက များစွာအဖိုးမတန်သောကြောင့် အများစုက ရောင်းဝယ်ရန်အတွက် ကြယ်ရတနာများကိုသာ အသုံးပြုကြသည်။
"မင်းက တကယ်လို့ အဖိုးတန်ပစ္စည်းတွေရောင်းဝယ်ချင်ရင် စိတ်ချရတဲ့ စျေးဆိုင်ကြီးကြီးတွေ ရှာရလိမ့်မယ်။ သူတို့ကသာ မင်းကို စျေးကောင်းပေးဝယ်နိုင်လိမ့်မယ်"
ရွှယ်ယွမ်က သတိပေးလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က အဖိုးတန်ချပ်ဝတ်တစ်ခု ရောင်းချင်နေကြောင်း သူမက ကြိုတင်သိရှိထားပြီးဖြစ်သည်။ ၎င်းက ထိခိုက်ထားသော်လည်း ပြုလုပ်ထားသော ကုန်ကြမ်းများက ကောင်းမွန်လွန်းသောကြောင့် ရောင်းချလိုက်လျှင် ငွေအမြောက်အများ ရနိုင်ပေသည်။