← Chapters

လန်ယွဲ့အာ

Vol. 54 Ch. 748

လန်ယွဲ့အာ

Vol. 54 Ch. 748

မှောင်ခိုစျေးတွင် ထူးဆန်းစွာဖြင့် လမ်းဘေး၌ အပေါင်ဆိုင်များသာရှိသောကြောင့် ယဲ့ချန်က ရွေးချယ်ရခက်ခဲနေသည်။ ခဏတာတုံ့ဆိုင်းပြီးနောက် သူက ဆိုင်တစ်ဆိုင်ကို ရွေးချယ်ကာ ဝင်ရောက်သွားသောကြောင့် ပတ်ဝန်းကျင်အား စိုးရိမ်စွာစောင့်ကြည့်နေသည့် ရွှယ်ယွမ်က လိုက်သွားခဲ့သည်။ အပေါင်ဆိုင်အတွင်း ဝင်ရောက်ရန် ပိုက်ဆံ သို့မဟုတ် ရတနာများလိုအပ်သောကြောင့် ပစ်မှတ်ထားခံရရန် အလွန်လွယ်ကူနေသည်။

"မင်းတို့က ဘာများပေါင်ချင်လို့လဲ"

သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဆိုင်ပေါက်ဝမှပြုံး၍ ကြိုဆိုလိုက်သည်။ သူက လူအသွင်ဖြစ်သော်လည်း မျက်နှာက ရှုံ့တွနေပြီး ဝက်ခြံများအပြည့်ပေါက်နေသောကြောင့် မည်သည့်မျိုးနွယ်ဝင်မှန်း မသိရသော်လည်း အလွန်ရုပ်ဆိုးနေသည်။ သူက မျက်ဝန်းများကျဥ်းမြောင်း၍ ယဲ့ချန်နှင့် ရွှယ်ယွမ်ကို စိုက်ကြည့်နေစဥ် ယဲ့ချန်၏ဝိညာဥ်အသိစိတ်ထံက သွေးဆာရက်စက်သည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ဆိုင်ရှင်က နတ်အစေခံအဆင့်တစ်ဆယ် ကျင့်ကြံသူဖြစ်ပြီး ထူးဆန်းနေသောကြောင့် သတ်ဖြတ်ခြင်းကို ခွင့်ပြုထားသော မှောင်ခိုစျေးတွင် ဘာမဆိုဖြစ်နိုင်သောကြောင့် သူက ရင်ထိတ်သွားကာ ရွှယ်ယွမ်ကိုသတိပေး၍ ချက်ချင်းလှည့်ထွက်လိုက်သည်။ ရွှယ်ယွမ်သည်လည်း အန္တရာယ်ကို အာရုံခံမိသောကြောင့် ဆိုင်တံခါးရှေ့မှ ချက်ချင်းလှည့်ထွက်လာခဲ့သည်။

ဆိုင်ရှင်၏မျက်နှာက မည်းနက်သွားသော်လည်း သူတို့နောက်သို့ လိုက်မလာခဲ့ပေ။ သူက ထွက်ခွာသွားသူနှစ်ယောက်ကို စိုက်ကြည့်ရင်း နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ တစ်ဖက်လူက သတိကြီးလွန်းနေပြီး အကယ်၍ ခြေလှမ်းအနည်းငယ်သာ ရှေ့ဆက်တိုးလာလျှင် သူက တိုက်ခိုက်ပေလိမ့်မည်။ အဝေးသို့ လျင်မြန်စွာထွက်ခွာသွားသော ယဲ့ချန်နှင့် ရွှယ်ယွမ်သည် ဆိုင်ရှင်လိုက်မလာသောကြောင့် သက်ပြင်းကိုယ်စီချလိုက်မိသည်။ သို့သော်လည်း သူတို့က ပို၍သတိကြီးလာပြီး မှောင်ခိုစျေးက ထင်ထားသည်ထက် ပို၍အန္တရာယ်များကြောင်း သဘောပေါက်လိုက်၏။

"ဒီအပေါင်ဆိုင်က သေချာပေါက် ထောင်ချောက်ဖြစ်ရမယ်"

ရွှယ်ယွမ်က ရေရွတ်လိုက်ခြင်းဖြစ်သည်။ မှောင်ခိုစျေးသို့ ပထမဆုံးအကြိမ်ရောက်ဖူးသူများအတွက် ထောင်ချောက်များရှိနေပြီး ထိုဆိုင်များအတွင်း ဝင်သွားမိလျှင် ရတနာများမဆိုထားနှင့်၊ အသက်ကိုပင် ဖက်နှင့်ထုပ်ထားရပေလိမ့်မည်။ ကောင်းကင်ငွေချပ်ဝတ်ကို ရောင်းချရန် ခက်ခဲသည့်အပြင် လူအချို့၏ပစ်မှတ်ထားခြင်းလည်း ခံရနိုင်သည်။ သူတို့က အလျင်စလို မလုပ်ရဲတော့သဖြင့် အပေါင်ဆိုင်များကို အချိန်ကြာမြင့်စွာ စောင့်ကြည့်ပြီးနောက် လူအဝင်အထွက်များကာ ကျော်ကြားသော နှစ်ဆိုင်ကို ရွေးချယ်လိုက်၏။ ၎င်းတို့က စီးပွားရေးသက်သက်ကိုသာ လုပ်ကိုင်ပုံရပြီး သတ်ဖြတ်ဓားပြတိုက်ခြင်းမျိုးကို ရှောင်ကြဥ်ပုံရသည်။

ယဲ့ချန်နှင့် ရွှယ်ယွမ်က ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်ပြီး ဝင်ရောက်သွားခဲ့သည်။ ဆိုင်၏အရှေ့ပိုင်းတွင် ခန်းမကျယ်တစ်ခုရှိကာ ဝတ်ရုံကိုယ်စီခြုံထားသော ကျင့်ကြံသူများ ဝင်ထွက်သွားလာနေကြသည်။ ဆိုင်အကူများလည်း အလုပ်လုပ်နေပြီး သူတို့က ဝတ်ရုံများခြုံထားခြင်း မရှိချေ။ ခန်းမကို မြင်သာသော တစ်နေရာတွင် ဆံပင်နှင့်မုတ်ဆိတ်များ ဆွတ်ဆွတ်ဖြူနေသော အဘိုးအိုတစ်ယောက် ရှိနေခဲ့သည်။ သူ၏မျက်နှာက အနီရောင်ဖြစ်ကာ ဝင်ထွက်သွားလာနေသူများကို စောင့်ကြည့်ရင်း လက်ဖက်ရည်ကြမ်းကို အရသာခံသောက်နေခဲ့သည်။ ထို့ကြောင့် သူက ဤအပေါင်ဆိုင်၌ အဆင့်အတန်းမြင့်သူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သူ၏အရှိန်အဝါက ပြင်းထန်၍ ကြီးစိုးမှုရှိသောကြောင့် အနိမ့်ဆုံး နတ်အစေခံအဆင့်ခုနစ် ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။ ငယ်ရွယ်သော ဆိုင်အကူတစ်ယောက်က ယဲ့ချန်ကို ကူညီပေးရန် ရောက်ရှိလာခဲ့သည်။

"တစ်ခုခု ပေါင်ချင်တာလား၊ ရောင်းချင်တာလား ဒါမှမဟုတ် ပြန်ရွေးချင်လို့လား"

ဆိုင်အကူက ဖော်ရွေစွာ မေးလိုက်သည်။

"ပေါင်မယ်"

ယဲ့ချန်က တိုတိုတုတ်တုတ် ဖြေလိုက်သည်။

"ကျေးဇူးပြုပြီး ထိုင်ပါ"

ဆိုင်အကူက ကောင်တာတစ်ခုရှေ့မှ ထိုင်ခုံကို ညွှန်ပြလိုက်သည်။ နံရံရှေ့တွင် ကောင်တာများ အတန်းလိုက်ရှိနေပြီး ကျင့်ကြံသူများက အလုပ်သမားနှင့် အရောင်းအဝယ်ပြုလုပ်နေကြသည်။

"သီးသန့်နေရာ ရှိလား"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ ခန်းမက အဖိုးတန်ရတနာများ အရောင်းအဝယ်လုပ်ရန်အတွက် သင့်တော်သောနေရာ မဟုတ်ပေ။ သာမန်တာအိုလက်နက်များနှင့် ဆေးပင်များ ရောင်းချရန်သာ သင့်လျော်သည်။

"ကျေးဇူးပြုပြီး ကြွပါ"

ဆိုင်အကူက ခန်းမအနောက်ဘက်ရှိ နံရံတစ်ခုကို ညွှန်ပြလိုက်ပြီး ယဲ့ချန်၏တောင်းဆိုချက်ကို အသားကျနေပုံရသည်။ သူက ဤအပေါင်ဆိုင်တွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အရေးကြီးဧည့်သည်များနှင့် အရောင်းအဝယ်လုပ်ဖူးသောကြောင့် ဤတောင်းဆိုချက်မျိုးအား အံ့သြပုံမရချေ။ နံရံ၏နောက်သို့ တမင်သက်သက်ချောင်းကြည့်သူမရှိလျှင် ပြဿနာမရှိသောကြောင့် ယဲ့ချန်နှင့် ရွှယ်ယွမ်က ဆိုင်အကူနောက်သို့ လိုက်ပါလာခဲ့သည်။ ထိုနေရာ၌ စားပွဲနှင့် ကုလားထိုင်အချို့ ရိုးရှင်းစွာ ခင်းကျင်းထားသည်။

"ဧည့်သည် ဘာများပေါင်ချင်ပါသလဲ"

ဆိုင်အကူက တစ်ချက်ပြုံး၍ ယဲ့ချန်တို့ကို နေရာယူရန် ဖိတ်ခေါ်လိုက်၏။ သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ကောင်းကင်ငွေချပ်ဝတ်၌ အထိခိုက်ဆုံးနေရာဖြစ်သည့် ပခုံးကာတစ်ခုကို ထုတ်ယူလိုက်သည်။

"ဒီပခုံးကာတစ်ခုတည်းလား"

ဆိုင်အကူက ၎င်းကို မြင်သောအခါ မျက်နှာထားက အေးခဲသွားသော်လည်း ချက်ချင်းတည်ငြိမ်သွားကာ လောဘတက်နေသည့် မျက်ဝန်းများဖြင့် စပ်စုလာခဲ့သည်။

"ဟုတ်တယ်"

ယဲ့ချန်သည် ဆိုင်အကူ၏ ကောက်ကျစ်သော အကြည့်ကို ရိပ်စားမိသဖြင့် ခေါင်းညိတ်လိုက်သည်။

"အစကတော့ ဒီဟာကို အဖိုးတန်ရတနာတစ်ခုလို့ ထင်မိသေးတယ်။ ဒါပေမယ့် ပျက်စီးနေတဲ့ ပခုံးကာတစ်ခု ဖြစ်နေတယ်။ ဒါကို သွန်းလုပ်ထားတဲ့ ကုန်ကြမ်းက နည်းနည်းတန်ဖိုးရှိတော့ မိစ္ဆာရွှေငါးထောင် ရမယ်။ ခင်ဗျားမှာသာ ချပ်ဝတ်တစ်စုံလုံးရှိရင် စျေးနှုန်းကို ဆွေးနွေးနိုင်ပါတယ်"

ဆိုင်အကူက တစ်ချက်ပြုံး၍ လှည့်စားရန် ကြိုးစားနေခြင်းဖြစ်သည်။ ယဲ့ချန်သည် ကောင်းကင်ငွေချပ်ဝတ်၏တန်ဖိုးကို မသိထားသော်လည်း ကြယ်သခင်တစ်ယောက် ဝတ်ဆင်ခဲ့သော အရာဖြစ်၍ ကုန်ကြမ်းတန်ဖိုးသက်သက်ကပင် ငွေငါးထောင်မကဟု နားလည်ထားသည်။

"ကြည့်ရတာ ခင်ဗျားတို့က ကျေနပ်ပုံမရဘူး ထင်တယ်။ ကျွန်တော်က ဆိုင်တာဝန်ခံကို ဆက်သွယ်ပေးရမလား"

ယဲ့ချန်နှင့် ရွှယ်ယွမ်၏ မျက်နှာထားများ တင်းမာလာသောအခါ ဆိုင်အကူက ပြောလိုက်သည်။

"ကောင်းပြီ"

ယဲ့ချန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ ဆိုင်အကူက စစ်ဧကရာဇ်တစ်ယောက်ဖြစ်ကာ ခန်းမအတွင်းရှိ အဘိုးအိုထံ အသံချင်းဆက်သွယ်လိုက်သည်။ သို့သော် ထိုအချိန်တွင် ယဲ့ချန်တို့က ပခုံးကာကိုပြန်သိမ်း၍ ထွက်ခွာသွားပြီဖြစ်သည်။

"မင်းပြောတဲ့ ကျင့်ကြံသူနှစ်ယောက် ဘယ်မှာလဲ"

အဘိုးအိုက ထိုနေရာသို့ ခဏအတွင်း လှစ်ခနဲ ရောက်ရှိလာသည်။

"အကြီးအကဲကု သူတို့က အခုလေးတင်ရှိနေပါသေးတယ်။ သူတို့မှာ ပျက်စီးနေတဲ့ ကောင်းကင်ငွေချပ်ဝတ် အစိတ်အပိုင်းတစ်ခု ရှိနေတယ်။ ဒီကောင့်မှာ သေချာပေါက် တစ်စုံလုံးရှိနေနိုင်တယ်"

ဆိုင်အကူက အကျိုးအကြောင်း ရှင်းပြလိုက်သည်။

"ကောင်းကင်ငွေချပ်ဝတ်"

ကုရီ၏မျက်လုံးများ တောက်ပဝင်းလက်လာခဲ့သည်။ ၎င်းက ပျက်စီးနေသည်ဆိုလျှင်ပင် အလွန်အဖိုးတန်ပြီး ပြင်ဆင်နိုင်ပါက မိစ္ဆာရွှေဘီလီယံတစ်ဆယ်ကျော် အဖိုးတန်သည်။ ပြုပြင်မရလောက်အောင် ပျက်စီးနေလျှင်လည်း ကုန်ကြမ်းသက်သက်ကပင် မိစ္ဆာရွှေတစ်ဘီလီယံအထိ တန်ကြေးရှိသောကြောင့် သူက ဤမျှကြီးမားသော အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။

"အနောက်ခြံဝန်းက ကောင်တွေကို သတင်းပေးပြီး သူတို့ကို လိုက်ရှာစမ်း"

ကုရီက နှာခေါင်းရှုံ့၍ ဒေါသတကြီးဖြင့် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ဆိုင်အကူက ခေါင်းညိတ်လိုက်ချိန်တွင် ဆိုင်အပြင်ဘက်၌ ယဲ့ချန်နှင့် ရွှယ်ယွမ်သည် လျင်မြန်စွာ ပျံသန်းနေကြသည်။

"ယဲ့ချန် ကြည့်ရတာ ဒီရတနာကိုရောင်းဖို့ မလွယ်လောက်ဘူး။ မေ့လိုက်ပါတော့"

ဆိုင်အကူက အကွက်ဆင်ရန် ကြံစည်နေသည်မှာ သိသာလွန်းသောကြောင့် ရွှယ်ယွမ်က စိတ်ပျက်နေခဲ့သည်။ မှောင်ခိုစျေးကွက်တွင် လူကောင်းမရှိသည့်အပြင် သူတို့၏ကျင့်ကြံဆင့်ကလည်း အခြားလူများကို ခြောက်လှန့်ရန် မလုံလောက်ပေ။ ကောင်းကင်ငွေချပ်ဝတ်မှာ ယဲ့ချန်၏လက်ထဲတွင် ပစ်ရမှာလည်း အဆီတဝင်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ်ဖြစ်နေခဲ့သည်။ ၎င်းကိုရောင်းချနိုင်လျှင် ငွေအမြောက်အများရှာဖွေနိုင်ပြီး သိမ်းဆည်းထားသည်ထက် ပို၍ကောင်းမွန်လေသည်။

"နောက်ထပ်တစ်ဆိုင် ရှိသေးတယ်။ သွားကြည့်ကြမယ်"

ထို့ကြောင့် သူက လက်မလျှော့လိုသေးပေ။

"ကောင်းပြီ"

ရွှယ်ယွမ်က ခေါင်းညိတ်၍ ကျန်အပေါင်ဆိုင်ထံ လိုက်ပါလာခဲ့သည်။ သို့သော် သူတို့က ဆိုင်တံခါးသို့မဝင်နိုင်ခင်မှာပင် နတ်အစေခံဆယ်ယောက်ကျော်၏ ဝိုင်းရံခြင်းခံလိုက်ရသည်။ ထိုအုပ်စုတွင် ဆိုင်တာဝန်ခံနှင့် ဆိုင်အကူရှိနေသောကြောင့် သူတို့က မျက်မှောင်ကြုတ်လိုက်သည်။ သူတို့က သတိကြီးကြီးထားခဲ့သော်လည်း တစ်ဖက်လူက တောက်လျှောက် နောက်ယောင်ခံလိုက်လာနိုင်ခဲ့သည်။

"စီးပွားရေးကိစ္စဆွေးနွေးတာက လမ်းတစ်ဝက်ပဲ ရှိသေးတယ်။ မင်းတို့က ဘာကြောင့်ထွက်ပြေးရတာလဲ။ ကျုပ်တို့နဲ့အတူ ပြန်လိုက်ခဲ့ပါ"

ကုရီက ဖော်ရွေစွာဖြင့် ဖိတ်ခေါ်လိုက်သည်။

"စိတ်မကောင်းပါဘူး။ ကျုပ် ခင်ဗျားနဲ့ အရောင်းအဝယ် မလုပ်ချင်တော့ဘူး"

ယဲ့ချန်က ခေါင်းယမ်း၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သောအခါ နတ်အစေခံ၁၆ယောက်ရှိကြောင်း သိလိုက်ရသည်။ အမှန်တကယ်တိုက်ခိုက်လျှင် သူတို့အတွက် ဒုက္ခများနိုင်သည်။

"ဘာကြောင့်လဲ။ မင်းက တိရန်အပေါင်ဆိုင်ရဲ့စျေးနှုန်းကို မကျေနပ်ဘူးလား။ ဒါဆိုရင် ဆွေးနွေးလို့ရပါတယ်။ ဆိုင်ကို ပြန်လိုက်လာခဲ့ပါ"

ကုရီက တစ်ချက်ပြုံး၍ ခြိမ်းခြောက်လိုက်သည်။

"ဆွေးနွေးမယ်ဆိုရင် ဘာကြောင့် ဝိုင်းထားရတာလဲ"

ရွှယ်ယွမ်က နှာခေါင်းရှုံ့လိုက်ပြီး နတ်အစေခံအဆင့်အရှိန်အဝါကို ထုတ်ဖော်ကာ ပုံရိပ်ယောင်ကို အသုံးပြုရန် အသင့်ပြင်ထားလိုက်၏။

"ရန်သူတွေတစ်ခုခုလုပ်ရင် ငါ့စကားကို နားထောင်။ ဒါဆိုရင် အတူတူလွတ်နိုင်တယ်"

သူမက ယဲ့ချန်ထံ စိတ်ချင်းဆက်သွယ်၍ ကြိုတင်သတိပေးလိုက်သည်။ ယဲ့ချန်ကလည်း ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးကို တိတ်တဆိတ် အသက်သွင်းထားလိုက်သည်။ ဤအဖြစ်ကို ပတ်ဝန်းကျင်မှ ကျင့်ကြံသူများက စောင့်ကြည့်နေပြီး တီးတိုးဆွေးနွေးနေကြသည်။ အခြေအနေက တင်းမာနေပြီး တိုက်ပွဲတစ်ခု အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည်။

"ကုရီ နင်က ဘာကိစ္စ ငါ့ဆိုင်တံခါးမှာ လာပိတ်နေရတာလဲ"

ထိုအချိန်၌ အလွန်သာယာနာပျော်ဖွယ်ကောင်းသော အသံလေးတစ်ခုက အပေါင်ဆိုင်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ အရပ်ရှည်ရှည်နှင့် လှပသော မိန်းမပျိုတစ်ယောက်က တံခါးနောက်မှ ထွက်ပေါ်လာကာ အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းလေးများက တလက်လက်တောက်ပနေပြီး အလွန်အမင်းလှပသည်။ သူမက ကောက်ကြောင်းများပေါ်လွင်စေသော အပြာရောင်ပိုးထည်ကို ဝတ်ဆင်ထားကာ ပေါင်​နေရာ၌ခွဲထားသဖြင့် ရှည်လျားဖြောင့်စင်းသော ခြေတံအစုံ ထွက်ပေါ်နေသည်။ ၎င်းကို မြင်လိုက်ရသော ယောကျ်ားတိုင်းအား စိတ်မိုက်စိတ်ရိုင်းများပင် ဖြစ်ပေါ်လာစေနိုင်သည်။

"ချင်းယွမ်အပေါင်ဆိုင်ပိုင်ရှင် သခင်မလေးလန် ထွက်လာပြီ"

ပတ်ဝန်းကျင်မှ ကျင့်ကြံသူတစ်​ယောက်က ရေရွတ်လိုက်ခြင်းဖြစ်ကာ သူ၏မျက်လုံးများက လန်ယွဲ့အာ၏အလှတွင် ကပ်တွယ်နေသည်။ သူမကိုမြင်သောအခါ ကုရီက မျက်နှာပျက်သွားသည်။ သူက ယဲ့ချန်နှင့် ရွှယ်ယွမ်ကို သူ၏ဆိုင်သို့ပြန်ခေါ်သွားရန် ကြိုးပမ်းနေခြင်းမှာ သူမထွက်လာမည်ကို ကြောက်လန့်သောကြောင့်ဖြစ်သည်။

"သခင်မလေးလန် ဒီလူက ကျုပ်တို့ဆိုင်ရဲ့ ဧည့်သည်ပါ။ အရောင်းအဝယ်လုပ်နေတုန်း ပျောက်ကွယ်သွားတဲ့အတွက် ပြန်လာခေါ်တာဖြစ်ပါတယ်။ သူတို့က မင်းကို စော်ကားမိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ"

ကုရီက မမောက်မာရဲသဖြင့် လက်နှစ်ဖက်ဆုပ်ကာ ရိုရိုသေသေပြောလိုက်သည်။ မှောင်ခိုစျေးတွင် တိရန်အပေါင်ဆိုင်နှင့် ချင်းယွမ်အပေါင်ဆိုင်က အကျော်ကြားဆုံးဖြစ်ကာ တိရန်၏ စီးပွားရေးလုပ်ကွက်အများစုကို လန်ယွဲ့အာက လုယူလေ့ရှိသည်။ သူမ၏နောက်ခံက အလွန်ဆန်းကျယ်ပြီး မရဏကြယ်နက်သို့ ရုတ်တရက်ရောက်ရှိလာချိန်တွင် ကုရီ၏နောက်ခံက မောင်းထုတ်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့ရသည်ချည်းသာ ဖြစ်လေသည်။

All Chapters