စျေးနှုန်းအမှန်
Vol. 54 Ch. 749
တိရန်ဆိုင်၏နောက်ကွယ်မှ လူသည် လန်ယွဲ့အာကို ထိ၍မရကြောင်း နားလည်သွားသဖြင့် ချင်းယွမ်ဆိုင်ကို ပြဿနာမရှာတော့ပေ။ ဤနှစ်ဆိုင်က နှစ်ပေါင်းများစွာကြာအောင် ဟန်ချက်ညီမျှနေသည်။ မရဏကြယ်နက်ကဲ့သို့ ဗြောင်းဆန်နေသည့် နေရာမျိုးတွင် မိန်းမပျိုတစ်ယောက်က နောက်ခံမရှိဘဲ ရပ်တည်နိုင်သည်ဟူသော အချက်ကို မည်သူမှမယုံပေ။ ဆန်းကျယ်သော နောက်ခံအပြင် သူမ၏အလှကလည်း လူတိုင်း၏ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။
"အရောင်းအဝယ်လုပ်နေရင်း ပျောက်သွားတယ်ဆိုတော့ သူတို့က နင်ပေးတဲ့စျေးကို မကျေနပ်လို့ဖြစ်မှာပေါ့။ သူတို့က ဒီနေရာအထိရောက်လာမှတော့ ချင်းယွမ်ဆိုင်နဲ့ စီးပွားရေးလုပ်ချင်နေတာ ဖြစ်ရမယ်။ ကုရီ နင့်လူတွေကိုခေါ်လာပြီး ငါ့ဖောက်သည်ကို လုချင်တယ်ဆိုရင် စည်းကမ်းချိုးဖောက်ရာ ကျနေပြီနော်"
လန်ယွဲ့အာ၏ရယ်သံက ဆည်းလည်းသံလေးပမာ ထွက်ပေါ်လာကာ ရှေ့တိုးလာသဖြင့် လှပသွယ်လျသော ခြေတံများက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ ထို့နောက် သူမက ယဲ့ချန်နှင့် ရွှယ်ယွမ်ကို တစ်ချက်ကြည့်ကာ ကုရီအား သတိပေးလိုက်သည်။ သူမ၏စကားအသွားအလာအရ သေချာပေါက် ပါဝင်မည်ဖြစ်ရာ ကုရီ၏မျက်နှာ မည်းနက်သွားခဲ့သည်။ အကယ်၍ ယဲ့ချန်၌ ကောင်းကင်ငွေချပ်ဝတ်တစ်စုံသာ ရှိနေလျှင် ဤအရောင်းအဝယ်ကို လုယူသူက လန်ယွဲ့အာဖြစ်နေလျှင်ပင် သူက လက်မခံနိုင်ပေ။
"မင်းတို့နှစ်ယောက် တိရန်ဆိုင်ကို ပြန်လိုက်လာစမ်း။ မဟုတ်လို့ကတော့ အရောင်းအဝယ်အောင်မြင်ရင်တောင် မရဏကြယ်နက်ပေါ်က ထွက်မသွားနိုင်စေရဘူး"
သူက ယဲ့ချန်တို့ထံ အသံဖြင့်ဆက်သွယ်ကာ ခြိမ်းခြောက်လာသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်၏။
"ကုရီ သူတို့ကို ခြိမ်းခြောက်မနေပါနဲ့။ သူတို့က ငါ့ဖောက်သည်ဖြစ်သွားရင် မရဏကြယ်နက်ကနေ လုံခြုံစွာ ထွက်သွားနိုင်ဖို့ ငါ တာဝန်ယူတယ်"
လန်ယွဲ့အာက ထိုအဖြစ်ကို ရိပ်မိသည့်အလား တစ်ချက်ရယ်မော၍ ကုရီ၏အကြံကို တားမြစ်လိုက်၏။
"သခင်လေးလန် မင်း တိရန်အဖွဲ့ကို ဆန့်ကျင်မိမှာ မကြောက်ဘူးလား"
ကုရီက ဒေါသတကြီးဖြင့် နောက်ခံကိုအသုံးချကာ သတိပေးလိုက်သည်။
"စီးပွားရေးက စီးပွားရေးဖြစ်သလို ငါကလည်း စီးပွားရေးသမားကောင်းတစ်ယောက် ဖြစ်တယ်။ ဒါပေမယ့် ငါ့ကို အနိုင်ကျင့်ချင်တယ်ဆိုရင်တော့ ဘယ်သူဖြစ်ဖြစ် မကြောက်ဘူးနော်။ မယုံရင် စမ်းကြည့်လိုက်လေ"
လန့်ယွဲအာက နှာခေါင်းရှုံ့၍ စကားဆက်ပြောရန် ပျင်းရိသည့်အလား ကျောဆန့်လိုက်သည်။ ထိုအခိုက်၌ ကောက်ကြောင်းများ ပို၍ပေါ်လွင်လာသဖြင့် ပတ်ဝန်းကျင်မှ ယောကျ်ားများ တံတွေးကို မြိုချလိုက်မိသည်။ ထို့နောက် သူမက ကုရီကို သတိပေးဟန်ဖြင့် တစ်ချက်ကြည့်ကာ အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ ယဲ့ချန်နှင့် ရွှယ်ယွမ်က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ဤနေရာ၌ ရပ်နေခြင်းထက် ချင်းယွမ်ဆိုင်အတွင်း ဝင်သင့်သည်ဟု ဆုံးဖြတ်လိုက်ကြသည်။ သူတို့က မျက်နှာပျက်နေသော ကုရီရှေ့မှောက်မှာပင် ဆိုင်အတွင်းသို့ ဝင်ရောက်သွားကြပြီး သူက အလွန်ဒေါသထွက်နေသော်လည်း တားမြစ်ရဲသည့် သတ္တိ မရှိချေ။
"သွားကြစို့"
သို့သော် သူက နောက်လိုက်များကို ဦးဆောင်၍ ထွက်မသွားခင် ယဲ့ချန်နှင့် ရွှယ်ယွမ်၏ မျက်နှာများကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးမှတ်သားသွားခဲ့သည်။ တိရန်ဆိုင်၏လူများက ချင်းယွမ်ဆိုင်ရှေ့တွင် ပြဿနာရှာချင်ခဲ့သော်လည်း လန်ယွဲ့အာ၏စကားကြောင့် နောက်ဆုတ်သွားသောအခါ သူမ၏နောက်ခံကို လူတိုင်း စိတ်ဝင်စားနေကြသည်။ တိရန်ဆိုင်က သူမကိုကြောက်လန့်နေသည်မှာ ထင်ရှားပြီး ယဲ့ချန်တို့နှစ်ယောက်ကို တားမြစ်ရသည်အထိ အဖိုးတန်သောရတနာက မည်သည့်အရာဖြစ်မည်ကို တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြသည်။ ထို့နောက် ပတ်ဝန်းကျင်မှ လူစုလူဝေးက ခဏအတွင်း ပြန်လည်ပြိုကွဲသွားသော်လည်း မကောင်းကြံနေသည့် လူအချို့လည်း ရှိနေခဲ့သည်။
"ကျေးဇူးပြုပြီး ကြွပါ"
ဆိုင်အတွင်း ဝင်ရောက်လာသူနှစ်ယောက်ကို လန်ယွဲ့အာက ကြိုဆို၍ ခေါ်ဆောင်သွားခဲ့သည်။ သူတို့က သူမကို အလုံးစုံမယုံသော်လည်း ထွက်လမ်းမရှိတော့သဖြင့် လိုက်ပါလာရုံသာ တတ်နိုင်သည်။ ဆိုင်၏အတွင်းပိုင်းက ကျယ်ဝန်းပြီး လတ်ဆတ်အေးချမ်းသည့် အငွေ့အသက်ကို ခံစားရသော်လည်း ရှေးကျကျပြင်ဆင်ထားသည်။
"ကျေးဇူးပြုပြီး ထိုင်ပါ"
ရှေးဟောင်းသီးသန့်ခန်းတစ်ခုအတွင်း ရောက်သောအခါ လန်ယွဲ့အာက ဖိတ်ခေါ်၍ နေရာပေးလိုက်သည်။
"မင်းတို့ရဲ့ရတနာကို ပြနိုင်မလား"
သူမ၏စကားကြောင့် ယဲ့ချန်နှင့် ရွှယ်ယွမ်က စိုးရိမ်နေသဖြင့် တုံ့ဆိုင်းနေကြသည်။
"မစိုးရိမ်ပါနဲ့။ ငါက စျေးအမှန်ပေးပြီး ဝယ်မှာပါ။ ချင်းယွမ်ဆိုင်က တိရန်ဆိုင်လိုမျိုး ဖိအားပေးပြီး ရောင်းခိုင်းတာမျိုး မလုပ်ဘူး"
ဆံနွယ်များကို ပွတ်သပ်ဆော့ကစားနေသည့် လန်ယွဲ့အာက တစ်ချက်ပြုံး၍ အာမခံလိုက်သည်။
"သခင်မလေးလန်က ဒီရတနာအတွက် ဘယ်လောက်ပေးနိုင်မလဲ"
ယဲ့ချန်ကို ရွှယ်ယွမ်က အကြံတောင်းဟန်ဖြင့် ကြည့်လာခဲ့သည်။ သူက ခေါင်းညိတ်၍ ထိခိုက်ထားသော ပခုံးကာတစ်ခုကို ထုတ်ပြလိုက်သည်။
"ဒါက တကယ့်ကို ကောင်းကင်ငွေချပ်ဝတ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတယ်။ ဒီပခုံးကာက ပြင်းပြင်းထန်ထန် ထိခိုက်ထားပြီး ပြင်လို့မရတော့ဘူးဆိုပေမယ့် ကောင်းကင်ငွေသတ္တုစပ်အဖြစ် အရည်ဖျော်လိုက်ရင် အဖိုးတန်နေတုန်းပဲ"
လန်ယွဲ့အာက ၎င်းကို စေ့စေ့စပ်စပ်ကြည့်ရှု၍ တအံ့တသြရေရွတ်ကာ လက်ချောင်းသွယ်သွယ်လေးများနှင့် ပွတ်သပ်၍ ရာဖြတ်ပေးလိုက်သည်။ ယဲ့ချန်သည် တစ်ဖက်လူပေးမည့်စျေးကို မသိသော်လည်း ဤသို့သောရတနာမျိုးက အနိမ့်ဆုံး မိစ္ဆာရွှေတစ်သန်းတန်မည်ဟု ယုံကြည်ထားသည်။ ရွှယ်ယွမ်၏အတွေးကလည်း တူညီပြီး ကောင်းကင်ငွေသတ္တုစပ်၏ရှားပါးမှုကြောင့် တစ်သန်းအောက် လျော့မည်မဟုတ်ဟု ကြိုတွေးထားသည်။
"တကယ်လို့ မင်းက သင့်တော်တဲ့ ဝယ်လက်တစ်ခု သွားရှာနိုင်ရင် ဒါအတွက် မိစ္ဆာရွှေသန်းတစ်ရာ ရနိုင်တယ်။ ဒါပေမယ့် ငါကတော့ စီးပွားရေးလုပ်နေတာဖြစ်တဲ့အတွက် သန်းငါးဆယ်ပဲ ပေးနိုင်တယ်"
လန်ယွဲ့အာက ခဏတာစဥ်းစား၍ စျေးနှုန်းကို ပြောလိုက်သောအခါ ယဲ့ချန်တို့နှစ်ယောက်လုံး အလွန်တုန်လှုပ်သွားကြသည်။ ဤစျေးက သူတို့ထင်ထားသည်ထက် အဆငါးဆယ် ပိုများနေသောကြောင့်ဖြစ်သည်။ ပခုံးကာတစ်ခုတည်းကပင် သန်းငါးဆယ်တန်သည်ဆိုလျှင် စုစုပေါင်း အစိတ်အပိုင်း၁၂ခုပါဝင်သော ကောင်းကင်ငွေချပ်ဝတ်တစ်စုံလုံးဆိုလျှင် အလွန်အဖိုးတန်ပေသည်။ ထို့အပြင် ဤပခုံးကာက သေးငယ်သောကြောင့် သတ္တုပါဝင်နှုန်းအနည်းဆုံးဖြစ်ကာ ရင်ဘတ်ကာဆိုလျှင် အနိမ့်ဆုံး သန်းနှစ်ရာအထိ ရနိုင်သည်။ ထို့ကြောင့် ထိခိုက်ပျက်စီးနေသော ကောင်းကင်ငွေချပ်ဝတ်တစ်စုံ၏တန်ဖိုးက သန်းကိုးရာအောက် နိမ့်မည် မဟုတ်သောကြောင့် သူတို့က မယုံနိုင်ဖြစ်နေကြသည်။ ဤပမာဏက ကောင်းကင်လှေသုံးစီးကိုပင် ဝယ်ယူနိုင်သည် မဟုတ်ပါလော။ ထို့အပြင် ဤပမာဏက အဆင့်ခုနစ် နတ်အစေခံကျွန်ခုနစ်ယောက်ကို ဝယ်ယူရန် လုံလောက်သည်။ ဤကား ကောင်းကင်မူလကြယ်အတွက် အလွန်အထောက်အကူဖြစ်သောကြောင့် သူတို့က အလွန်ဝမ်းသာနေကြသည်။
"ဒါဆိုရင် လက်ခံလိုက်ပါမယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ သဘောတူလိုက်သည်။ နောက်ထပ်ဝယ်လက်ရှာဖွေနိုင်လျှင် ပိုက်ဆံပိုရမည်ဖြစ်သော်လည်း ကုရီကဲ့သို့ အောက်တန်းကျသူမျိုးနှင့် ကြုံရလျှင် တစ်ပြားမှရမည် မဟုတ်ပေ။ ထို့ကြောင့် လန်ယွဲ့အာက တစ်ဝက်စျေးသာပေးသော်လည်း ယဲ့ချန်က ကျေနပ်ခဲ့ခြင်းဖြစ်သည်။ အထိအခိုက်မရှိသော ကောင်းကင်ငွေချပ်ဝတ်အပြည့်အစုံ၏ တန်ဖိုးကို တွေးမိသောအခါ သူ၏စိတ်အတွင်း အရေအတွက်သန်းရာချီသော ကောင်းကင်ငွေချပ်ဝတ်များကို သိုလှောင်ထားသည့် ကျောက်စိမ်းနန်းတော်၏ရှစ်ထပ်က ဝင်ရောက်လာခဲ့သည်။ အကယ်၍ သူသာ ၎င်းတို့အားလုံးကို ရောင်းချလိုက်လျှင် နတ်အစေခံကျွန်ဘီလီယံချီ ဝယ်ယူနိုင်မည်ဖြစ်ကာ ကြယ်သခင်အဆင့်ကျွန်များပင် ဝယ်နိုင်စွမ်းရှိပေလိမ့်မည်။ ထို့ကြောင့် သူက ကျောက်စိမ်းနန်းတော်၏ပိုင်ရှင် မည်မျှချမ်းသာကြောင်းကို မတွေးဘဲ မနေနိုင်တော့ပေ။
"ကောင်းပြီ"
လန်ယွဲ့အာကလည်း ဤကိစ္စကို ကျေနပ်သဖြင့် ခရမ်းရောင်ရွှေငါးထောင်ပါဝင်သော သိုလှောင်အိတ်တစ်လုံးကို ချက်ချင်းထုတ်ပေးလာသည်။ ယဲ့ချန်က ၎င်းကိုဖွင့်၍ အရေအတွက်မှန်မမှန် စစ်ဆေးလိုက်သည်။
"မင်းမှာ နောက်ထပ်အစိတ်အပိုင်းတွေ ရှိသေးတယ်မလား။ ဘယ်လောက်ရှိလဲ။ ငါ အကုန်လုံး ယူလိုက်မယ်"
သူမက ဆံနွယ်လေးများကို လက်ချောင်းဖြင့် ရစ်ပတ်နေရင်း ချိုမြကြည်လင်သော အသံလေးနှင့် ကမ်းလှမ်းလာသည်။ သူမ၏အသွင်အပြင်အရ အားနည်းသော မိန်းမငယ်လေးနှင့် ဆင်တူသော်လည်း ယဲ့ချန်က အထင်မသေးရဲပေ။ အမှန်တကယ်၌ သူမ၏ခွန်အားက ခန့်မှန်းရခက်ခဲနေပြီး နဂါးဘုရင်ထက်ပင် သန်မာသည်ဟု သူက ခံစားနေရသဖြင့် ကြယ်သခင်တစ်ယောက်ပင် ဖြစ်နေနိုင်သည်။ ဤနေရာက သူမ၏ပိုင်နက်ဖြစ်ပြီး သူမသာ အမှန်တကယ်လုယူချင်လျှင် သူတို့က ခုခံနိုင်စွမ်းမရှိပေ။ သို့သော် သူမက လုယူရမည့်အစား တန်ရာတန်ကြေးပေး၍ ဝယ်ယူနေသောအခါ သံသယဖြစ်ရာ အကြောင်းမရှိတော့ချေ။
ယဲ့ချန်က ကျန်အစိတ်အပိုင်းအားလုံးကို ထုတ်ယူလိုက်သောအခါ ချပ်ဝတ်အပြည့်အစုံ ရှိနေမည်ဟု ထင်မထားသော လန်ယွဲ့အာက အံ့သြသွားခဲ့သည်။ ၎င်းက ထိခိုက်ထားသော်လည်း အလွန်အဖိုးတန်နေဆဲပင်ဖြစ်သည်။
"ဒီရင်ဘတ်ကာက ပြန်ပြင်လို့ရလောက်တယ်။ သန်းနှစ်ရာ။ ဒီပခုံးကာကတော့ ထိခိုက်ထားတာ များလွန်းတယ်။ သန်းငါးဆယ်။ အမ် ဒီလက်မောင်းကာက ဘာမှထိခိုက်မထားပါလား။ တစ်ဘီလီယံခွဲ"
သူမက အစိတ်အပိုင်းများကို တစ်ခုချင်းစစ်ဆေး၍ စျေးဖြတ်ပေးလျက်ရှိသည်။ စျေးအကြီးဆုံးမှာ ပြန်ပြင်၍မရသော ရင်ဘတ်ကာမဟုတ်ဘဲ ပြုပြင်၍အသုံးချနိုင်သော လက်မောင်းကာ ဖြစ်နေခဲ့သည်။ သူမ၏စကားသံ ထွက်ပေါ်လာတိုင်း ရွှယ်ယွမ်က ရင်ခုန်မြန်နေခဲ့သည်။ နှစ်ပေါင်းနှစ်ထောင်ကျော် ရှင်သန်လာသော နတ်အစေခံတစ်ယောက်အတွက် ပုံမှန်အခြေအနေများတွင် တည်ငြိမ်နိုင်သော်လည်း ဤစျေးနှုန်းများကြောင့် တုန်လှုပ်စပြုလာသည်။ မိစ္ဆာရွှေသန်းတစ်ရာက အဆင့်ခုနစ်နှင့်အထက် နတ်အစေခံကျွန်တစ်ယောက်ဝယ်နိုင်ပြီး တစ်ဘီလီယံခွဲဆိုလျှင် ၁၅ယောက်ဝယ်ယူနိုင်ကာ ကောင်းကင်မူလကြယ်ရှိ နတ်အစေခံစုစုပေါင်း အရေအတွက်ထက်ပင် သာလွန်နေခဲ့သည်။ သူမသည် ယဲ့ချန်ပိုင်ဆိုင်ထားသော ထိခိုက်နေသည့် ချပ်ဝတ်က ဤမျှအဖိုးတန်နေမည်ဟု လုံးဝမျှော်လင့်မထားပေ။
"စုစုပေါင်း မိစ္ဆာရွှေ ၃.၇ဘီလီယံ"
အစိတ်အပိုင်းတိုင်းကို စစ်ဆေးပြီးနောက် လန်ယွဲ့အာက စျေးဖြတ်ပေးလိုက်ခြင်းဖြစ်သည်။ ဤပမာဏကို ကြားသောအခါ ရွှယ်ယွမ်က အလွန်ပျော်ရွှင်နေသည်။ ချပ်ဝတ်၏တန်ဖိုးက နတ်အစေခံ၃၇ယောက်ကိုဝယ်ယူရန် လုံလောက်သော ပမာဏ ဖြစ်နေခဲ့သည်။ ဤအရေအတွက်က ကောင်းကင်မူလကြယ်ကို လာရောက်တိုက်ခိုက်မည့် နတ်အစေခံကောင်းကင်နတ်ဆိုးငါးရာကို ယှဥ်နိုင်ရန် မလုံလောက်သေးဘဲ ကောင်းကင်မူလကြယ်၏အင်အားကို ထပ်မံမြှင့်တင်ရန် လိုအပ်နေခဲ့လေသည်။