နတ်ဘုံ
Vol. 54 Ch. 750
"လောလောဆယ် ငါ့မှာ ဒီလောက်ပိုက်ဆံပမာဏ မရှိဘူး။ စုစုပေါင်း နှစ်ဘီလီယံသာရှိလို့ ဖြစ်နိုင်ရင် မရဏကြယ်နက်မှာ ရက်နည်းနည်းလောက် စောင့်ပေးပါ။ သုံးရက်အတွင်း ငွေအပြည့် ပေးပါမယ်။ ဒီပမာဏက အလွန်များပြီး ကြယ်တစ်လုံးတန်ဖိုးရဲ့ စျေးတစ်ဝက်လောက် ရောက်နေပြီ"
လန်ယွဲ့အာက အားနာစွာဖြင့် စောင့်ဆိုင်းရန် တောင်းဆိုလိုက်သည်။
"သူမမှာတောင် ဒီလောက်ပိုက်ဆံ မလွယ်ဘူးလား"
ယဲ့ချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မူလတွင် သူက လန်ယွဲ့အာသာတတ်နိုင်လျှင် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးတစ်လုံး ရောင်းချရန် ဆုံးဖြတ်ထားသည်။ သို့သော် ကောင်းကင်ငွေချပ်ဝတ်ထက်ပင် ပို၍အဖိုးတန်သော နတ်သစ်သီးအကြောင်း စဥ်းစားမိသောအခါ ဤဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်ရ၏။
"ချင်းယွမ်ဆိုင်မှာ မြင်သမျှရတနာတွေကို မင်းတို့စိတ်ကြိုက် ဝယ်ယူနိုင်ပါတယ်"
လန်ယွဲ့အာက ကမ်းလှမ်းလိုက်သည်။
"ဆိုင်ရှင်လန်က ပိုင်နက်သားရဲတစ်ကောင်လောက် ဝယ်ပေးနိုင်မလား"
ရွှယ်ယွမ်၏မျက်လုံးများ ရုတ်တရက်တောက်ပလာကာ မေးလိုက်ခြင်းဖြစ်သည်။ သူမက မှောင်ခိုစျေးတွင် ပိုင်နက်သားရဲ၏အစွမ်းထက်ပုံကို မတော်တဆကြားဖူးခဲ့သည်။
"ပိုင်နက်သားရဲလား။ ဒါက ခက်ခဲပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ၃.၇ဘီလီယံက မလုံလောက်တဲ့အပြင် ဒါကိုဝယ်ဖို့အတွက် မိစ္ဆာရွှေကို ကြယ်အမြုတေနဲ့ လဲလှယ်ရမယ်။ တကယ်လို့ မင်းတို့ဝယ်ချင်ရင် မိစ္ဆာရွှေဆယ်ဘီလီယံ လိုအပ်မယ်။ ဒါတောင် အဆင့်နိမ့်သားရဲကိုသာ ဝယ်နိုင်လိမ့်မယ်"
လန်ယွဲ့အာက အနည်းငယ်မျက်မှောင်ကြုတ်၍ ရှင်းပြလိုက်သည်။ အဆင့်နိမ့်ပိုင်နက်သားရဲတစ်ကောင်၏ တန်ဖိုးကို ကြားသောအခါ ၃.၇ဘီလီယံကြောင့် ကိုယ့်ကိုကိုယ်ချမ်းသာပြီဟု အထင်ရောက်နေသော ယဲ့ချန်၏ စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားရသည်။
"သြော် နားလည်ပါပြီ"
ရွှယ်ယွမ်က စိတ်ပျက်စွာ ခေါင်းညိတ်ပြလိုက်သည်။ အကယ်၍ သူတို့သာ အရွယ်ရောက် ပိုင်နက်သားရဲတစ်ကောင်ဝယ်နိုင်လျှင် ကောင်းကင်နတ်ဆိုးငါးရာ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေစရာ မလိုပေ။ သို့သော် ၎င်းကိုဝယ်ယူရန်က အလွန်တရာ ခက်ခဲပေသည်။ ထိုအချိန်၌ ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်၏ကိုးထပ်ရှိ ပိုးအိမ်ကြီးများအကြောင်း သတိရလိုက်သည်။ ထိုနေရာ၌ ပိုင်နက်သားရဲပေါင်း သိန်းချီရှိသော်လည်း သူက ဤမျှများပြားသော ကြွယ်ဝမှုမျိုးကို ကြည့်နေရုံသာတတ်နိုင်ပြီး အသုံးပြုခွင့်မရသေးပေ။ ဤအချက်က သူ၏ခံစားချက်များကို မည်သို့မှန်းမသိ ဖြစ်စေသည်။ ပိုင်နက်သားရဲများကိုဝယ်ယူရန် မလွယ်သောအခါ ရွှယ်ယွမ်က နတ်အစေခံကျွန်များဝယ်ရန် ဆုံးဖြတ်လိုက်သည်။
"သာမန်အဆင့်ခုနစ် ကျွန်တစ်ယောက်ကို မိစ္ဆာရွှေသန်းတစ်ရာ စျေးပေါက်တယ်။ ဒါပေမယ့် မျိုးရိုးအလိုက် စျေးအတက်အကျ ရှိတယ်။ အဆင့်ရှစ်ကတော့ သန်းနှစ်ရာဖြစ်ပြီး အဆင့်ကိုးကိုတော့ သန်းငါးရာနဲ့ အဆင့်တစ်ဆယ်ဆိုရင် တစ်ဘီလီယံ ပေးချေရမယ်"
လန်ယွဲ့အာက ကျွန်စျေးကွက်အကြောင်း မိတ်ဆက်ပေးလိုက်သည်။
"ယဲ့ချန် ဒီပိုက်ဆံတွေနဲ့ နတ်အစေခံကျွန်တွေ ဝယ်ချင်တယ်။ အဆင်ပြေရဲ့လား"
ရွှယ်ယွမ်က ယဲ့ချန်ကို အသံချင်းဆက်သွယ်၍ ခွင့်တောင်းလိုက်သည်။
"ဒေါ်လေးရွှယ် ကောင်းသလို စီမံပါ"
ယဲ့ချန်က ခေါင်းညိတ်၍ သဘောတူလိုက်သည်။ နတ်အစေခံကျွန်များဝယ်ယူခြင်းက အင်အားကို အရေးတကြီးလိုအပ်နေသော ကောင်းကင်မူလကြယ်အတွက် သင့်တော်ပေသည်။ မှောင်ခိုစျေးရှိ အခြားအရာများက သူတို့အတွက် များစွာအသုံးမဝင်ချေ။
"ကျေးဇူးတင်ပါတယ်။ မင်းက ကောင်းကင်မူလကြယ်အတွက် သူရဲကောင်း ဖြစ်သွားပြီ"
ရွှယ်ယွမ်က ကျေနပ်စွာပြုံး၍ ချီးကျူးလိုက်သည်။
"ဆိုင်ရှင် ငွေတွေအားလုံးကို အဆင့်ခုနစ် နတ်အစေခံကျွန်တွေဝယ်ဖို့အတွက် သုံးချင်ပါတယ်။ ကူညီပေးနိုင်မလား"
ရွှယ်ယွမ်က တစ်ချက်စဥ်းစားပြီးနောက် သူမနှင့်အဆင့်တူ ကျွန်များကိုဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ဤမျှများပြားသော ကျွန်များအနက် အနည်းငယ်က အဆင့်တက်နိုင်လျှင်ပင် သူတို့အတွက် အကျိုးရှိသည်။ အဆင့်ခုနစ်အောက် ကျွန်များကမူ များစွာအသုံးမဝင်ပေ။
"ပိုက်ဆံတွေအားလုံးကို အသုံးပြုချင်တာလား"
လန်ယွဲ့အာက ခဏတာမင်သက်သွားပြီးနောက် တစ်ဖက်လူ၏ကြယ်က အန္တရာယ်ကျရောက်နေကြောင်း သဘောပေါက်လိုက်သည်။
"၃.၇ဘီလီယံအတွက် ၃၇ယောက်ရမယ်ဆိုပေမယ့် နောက်ထပ်နှစ်ယောက် အဆစ်ပေးလိုက်မယ်။ ပြီးတော့ အဆင့်တက်ဖို့ အလားအလာရှိတဲ့ ငယ်ရွယ်သူတွေကို ရွေးချယ်ပေးလိုက်မယ်"
လန်ယွဲ့အာက မရဏကြယ်နက်ရှိ ကျွန်ကုန်သည်များနှင့် ရင်းနှီးသော ဆက်ဆံရေးကို ပိုင်ဆိုင်ထားသည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဆိုင်ရှင်လန်"
လန်ယွဲ့အာကြောင့်သာမဟုတ်လျှင် ဤအရောင်းအဝယ်က ချောမွေ့နေစရာမရှိသောကြောင့် ရွှယ်ယွမ်က စိတ်ရင်းနှင့် ကျေးဇူးတင်လိုက်သည်။
""ဒီကျွန်တွေနဲ့ မင်းတို့ကို ယာဥ်အထိ လိုက်ပို့ပေးမယ်။ နောက်တစ်ခေါက် မရဏကြယ်နက်ကိုရောက်ရင် ချင်းယွမ်ဆိုင်ကို လာတွေ့ကြပါ"
လန်ယွဲ့အာက ဆွဲဆောင်မှုရှိစွာပြုံး၍ နှုတ်ဆက်လိုက်သည်။
"ကောင်းပါပြီ"
လန်ယွဲ့အာက ဖြောင့်မှန်သော စီးပွားရေးသမားတစ်ယောက်ဖြစ်သည့်အတွက် ရွှယ်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။ သူမ၏အလုပ်လုပ်နှုန်းက အလွန်လျင်မြန်ပြီး ကျွန်၃၉ယောက်က ခဏအတွင်း ရောက်ရှိလာကြသည်။ သူတို့၏ဝိညာဥ်များတွင် အမှတ်အသားများ ရေးထိုးခံထားရပြီး သခင်ဖြစ်သူက ဝိညာဥ်အသိစိတ်တစ်စိတ်တစ်ပိုင်းနှင့် မှတ်သားလိုက်လျှင် သစ္စာဖောက်နိုင်စွမ်း လုံးဝမရှိတော့ပေ။ ကျွန်များက အားနည်းနေကြသော်လည်း အချို့က အစွမ်းထက်သော ကျင့်ကြံသူများဖြစ်ခဲ့ပြီး အချို့တွင် ပြင်းထန်သော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။ လန်ယွဲ့အာ၏နောက်လိုက်များက သူတို့အားလုံးကို နတ်ဆိုးယာဥ်ထံ စောင့်ကြပ်ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် ယာဥ်က စကြဝဠာအတွင်း မြင့်တက်သွားကာ လှစ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။ ယဲ့ချန်နှင့် ရွှယ်ယွမ်ကို အန္တရာယ်ပြုချင်သူများမှာ လန်ယွဲ့အာ၏ ဖောက်သည်များကို ကာကွယ်ပေးတတ်သော စရိုက်ကြောင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ချင်းယွမ်ဆိုင်၏ သီးသန့်အခန်းတစ်ခုအတွင်း၌ နတ်အစေခံအချို့က လန်ယွဲ့အာရှေ့တွင် ဒူးထောက်နေကြသည်။
"သခင် သူတို့ကို လိုက်ပို့ခဲ့ပါပြီ"
နတ်အစေခံတစ်ယောက်က ရိုသေစွာ တင်ပြလိုက်၏။
"ကောင်းပြီ။ မင်းတို့ ထွက်သွားကြတော့"
သူမက ခေါင်းညိတ်၍ လက်တစ်ဖက်ယမ်းပြလိုက်သောအခါ သူတို့က တိတ်တဆိတ် ထွက်ခွာသွားကြသည်။ သူမက ကောင်းကင်ငွေချပ်ဝတ်၏ အစိတ်အပိုင်းများကို စားပွဲတစ်ခုပေါ်တွင် အစီအစဥ်တကျထားလိုက်ပြီး လက်ချောင်းလေးများဖြင့် ပွတ်သပ်နေရင်း လေးလေးနက်နက် စဥ်းစားခန်းဝင်နေသည်။ စကြဝဠာအတွင်း ကောင်းကင်ငွေချပ်ဝတ်များစွာရှိသော်လည်း ဤတစ်ခုလောက် ကောင်းမွန်ခြင်းမရှိပေ။ ၎င်းက ထိခိုက်ထားသော်လည်း ပြန်လည်ရောင်းချလျှင် ခြောက်ဘီလီယံကျော်အထိ ရနိုင်သောကြောင့် အမြတ်ထွက်ခဲ့ခြင်းဖြစ်သည်။ သူမက ချပ်ဝတ်ပေါ်ရှိ အပျက်အစီးများကို စစ်ဆေးလိုက်သောအခါ ၎င်းကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သော လက်နက်က အလွန်ထူးခြားကြောင်း နားလည်လိုက်သည်။ သူမက ချပ်ဝတ်၏ အတွင်းပိုင်းတစ်နေရာကို ထိလိုက်မိသောအခါ အလင်းတန်းများ ဖြတ်ခနဲထွက်ပေါ်လာကာ ထိုအလင်းတန်းများအတွင်း ဆန်းကျယ်သော စကားလုံးအချို့ ထွက်ပေါ်လာ၏။
"ဒီချပ်ဝတ်က တကယ့်ကို နတ်ဘုံက ရတနာပါလား"
ဤမြင်ကွင်းကြောင့် လန်ယွဲ့အာက အထိတ်တလန့်ရေရွတ်လိုက်မိပြီး အလွန်အမင်း အံ့အားသင့်နေပုံပေါ်သည်။ သူမ၏နောက်ခံက ဆန်းကျယ်ပြီး အဆင့်အတန်းမြင့်သောကြောင့် မရဏကြယ်နက်ပေါ်တွင် မည်သူမှ ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ နှစ်ပေါင်းထောင်ချီကြာသည်အထိ သူမ၏စိတ်ကို လှုပ်ရှားစေနိုင်သော အရာဟူ၍ မရှိခဲ့ဖူးချေ။ သို့သော်လည်း ဤစကားလုံးများကို မြင်သောအခါ သူမ၏မျက်နှာက လေးနက်သွားပြီး ကြောက်လန့်နေပုံရသည်။ မရဏကြယ်နက်ရှိ ကျင့်ကြံသူများသာ ဤမြင်ကွင်းကိုမြင်လျှင် လန်ယွဲ့အာ၏မျက်နှာကို အရောင်ပြောင်းသည်အထိ ကြောက်လန့်စေသော နတ်ဘုံအကြောင်း အလွန်အမင်း သိချင်လာကြပေလိမ့်မည်။
ရက်အနည်းငယ် ခရီးနှင်ပြီးနောက် ကောင်းကင်နတ်ဆိုးယာဥ်က စကြဝဠာကိုဖြတ်သန်း၍ ကောင်းကင်မူလကြယ်သို့ ပြန်ရောက်လာကြသည်။ စစ်ဧကရာဇ်နန်းတော်အတွင်း လူတိုင်း စုဝေးနေပြီး မှောင်ခိုစျေးမှဝယ်ယူလာသော အရာများကို သိလိုက်ရသောအခါ မင်သက်ကုန်သည်။ အဆင့်ခုနစ် နတ်အစေခံ၃၉ယောက်ဖြင့်ဆိုလျှင် ကြယ်၏အင်အားက များစွာတိုးတက်လာပေလိမ့်မည်။ ပျက်စီးယိုယွင်းနေသော ချပ်ဝတ်တစ်စုံ၏တန်ဖိုးက နတ်အစေခံသုံးဆယ်ကျော်ကို ဝယ်ယူနိုင်ရန် လုံလောက်နေခဲ့သည်။ အကယ်၍ ဤနတ်အစေခံများကိုသာ စောစောစီးစီးဝယ်နိုင်ခဲ့လျှင် ကောင်းကင်နတ်ဆိုးရှစ်ကောင်ကိုသတ်ရန်က အလွန်တရာ လွယ်ကူပေလိမ့်မည်။ ယခင်က ယဲ့ချန်ကို သဘောမကျသူများပင် လက်ရှိအချိန်၌ ကန့်ကွက်စရာအကြောင်း မရှိတော့ပေ။ သူ၏ကျေးဇူးဖြင့် နတ်အစေခံကျွန်၃၉ယောက် ဝယ်ယူနိုင်ခဲ့သည် မဟုတ်ပါလော။
နတ်အစေခံကျွန်တစ်ယောက်ချင်းစီက ငယ်ရွယ်သန်မာပြီး အစီအစဥ်တကျ မတ်တပ်ရပ်နေကြ၏။ သူတို့၏မျက်နှာထားများက ညှိုးငယ်နေသော်လည်း ထွက်ပေါ်နေသည့် အရှိန်အဝါများအရ နတ်အစေခံများဖြစ်ကြောင်း မငြင်းနိုင်ပေ။
"ဒီနတ်အစေခံတွေအားလုံးကို ယဲ့ချန် ပိုင်တယ်။ ကောင်းကင်ငွေချပ်ဝတ်က ယဲ့ချန်ရဲ့ရတနာ ဖြစ်တယ်။ ဒီကျင့်ကြံသူတွေကို မင်းစိတ်ကြိုက် စီစဥ်ပါ"
နဂါးဘုရင်က ယဲ့ချန်၏လက်အတွင်း စီမံပိုင်ခွင့်ကို လွှဲပြောင်းပေးလိုက်သည်။
"ယဲ့မျိုးနွယ်က ဆယ်ယောက်ယူမယ်။ ကျန်တဲ့သူတွေကို နဂါးဘုရင် စိတ်ကြိုက်စီမံပါ"
ယဲ့ချန်က ခဏတာစဥ်းစား၍ တောင်းဆိုလိုက်သည်။
"ကောင်းပြီ"
နဂါးဘုရင်ကလည်း ကျေနပ်စွာ သဘောတူခဲ့သည်။ တိုက်ပွဲများကို အတူတကွကျော်ဖြတ်ပြီးနောက် သူတို့ကြားတွင် အားနာစရာမရှိသောကြောင့် ပွင့်လင်းစွာပြောနိုင်သည်။
ယဲ့ချန်သည် နတ်အစေခံဆယ်ယောက်ကို မိန်းမခြောက်ယောက်နှင့် ယောကျ်ားလေးယောက် ရွေးချယ်လိုက်သည်။ ထန်တိုက်လင်၊ နင်အာ၊ ပိုလင်း၊ ယဲ့လော့၊ ဝမ်အာနှင့် တန်းအာအတွက် အမျိုးသမီးနတ်အစေခံတစ်ယောက်စီကို သက်တော်စောင့်များအဖြစ် ပေးအပ်ခဲ့သည်။ ရှောင်ရိအတွက် အမျိုးသားနတ်အစေခံတစ်ယောက် စီစဥ်လိုက်ပြီး သူ၏လက်အောက်တွင် သုံးယောက် ချန်ထားရစ်လိုက်သည်။ နဂါးဘုရင်က ကျန်နတ်အစေခံကျွန်၂၉ယောက်ကို ကောင်းကင်မူလကြယ်၏ နတ်အစေခံရှစ်ယောက်လက်သို့ ခွဲဝေပေးလိုက်သည်။ ကောင်းကင်နတ်ဆိုးများ ထပ်မံရောက်ရှိလာလျှင် ယခင်ကလောက် ကူကယ်ရာမဲ့နေမည်မဟုတ်သောကြောင့် လူတိုင်းက ပျော်ရွှင်ဝမ်းမြောက်နေကြသည်။ ဤအရာအားလုံးက ယဲ့မျိုးနွယ်ခေါင်းဆောင်၏ ကြိုးပမ်းမှုကြောင့်ဖြစ်ရာ လူတိုင်းက ယဲ့မျိုးနွယ်အပေါ် ပို၍ရိုသေလေးစားလာကြသည်။ ကျိယွမ်ကြယ်ကို စောင့်ရှောက်နေသည့် နတ်အစေခံအရေအတွက်မှာလည်း ဆယ်ဦးအထိ တိုးလာခဲ့သည်။
ယဲ့ချန်ရွေးချယ်ထားသော ကျွန်သုံးယောက်မှာ ကျောဘက်တွင် အဖြူရောင်တောင်ပံများ ပိုင်ဆိုင်ထားကြပြီး ကျောက်စိမ်းပြည်ထောင်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။ ကျောက်စိမ်းပြည်ထောင် ကကျယ်ဝန်းပြီး ကြယ်အရေအတွက်သောင်းချီ ပိုင်ဆိုင်ထားသော်လည်း သွေးပြည်ထောင်၏ ကျူးကျော်ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ထို့ကြောင့် ၎င်း၏ကျင့်ကြံသူများမှာ ကျွန်များအဖြစ် အခြားပြည်ထောင်များသို့ ရောင်းချခံလိုက်ရသည်။ ယဲ့ချန်က ထိုသုံးယောက်ကို ယုရန်၊ ယုရန်း ၊ယုဝူဟူ၍ အမည်အသစ်များ ပေးအပ်လိုက်သည်။ ဤသုံးယောက်အနက် ယုရန်က အသန်မာဆုံးနှင့် ပါရမီအမြင့်ဆုံးဖြစ်သည်။
"သခင်"
သူတို့က ယဲ့ချန်ကို ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
ယဲ့ချန်က ခေါင်းညိတ်၍ ရန်ယွင်မြို့ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ကျန်နတ်အစေခံကျွန်များကလည်း သူ၏ဇနီးများနှင့် ရှောင်ရိတို့ကို သခင်အဖြစ် အသိအမှတ်ပြုပြီးဖြစ်ကြောင်း သိလိုက်ရသည်။ ဤနတ်အစေခံများက သူ၏ချစ်ခင်ရသူများကို ကာကွယ်ပေးနေလျှင် အနည်းငယ်စိတ်ချနိုင်ပြီဖြစ်သည်။ သူက ယုရန်တို့သုံးယောက်ကို ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်ပေးပြီး ၎င်းတို့က နတ်အစေခံများ၏ ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်ခြင်းရှိမရှိ သိချင်နေခဲ့သည်။