← Chapters

နတ်အစေခံအဆင့်သို့ တက်ခြင်း

Vol. 54 Ch. 751

နတ်အစေခံအဆင့်သို့ တက်ခြင်း

Vol. 54 Ch. 751

"ယဲ့ချန် ရောင်ယွမ် ပျောက်နေတယ်။ ကျိယွမ်ကြယ်တစ်ခုလုံး ဘယ်နေရာမှ ရှာမတွေတော့ဘူး"

ယဲ့ချန်ထံ နဂါးဘုရင်က သတင်းစကားပေးပို့လာသောကြောင့် အတွေးနက်သွားခဲ့သည်။ ကျိယွမ်ကြယ်တွင်ရှိစဥ်က ရောင်ယွမ်သည် အပြင်ထွက်ပြီး စကြဝဠာအတွင်း စူးစမ်းချင်သည်ဟု ပြောခဲ့ဖူးသည်။ သူမက ကျိယွမ်ကြယ်မှ ထွက်ခွာသွားခြင်းဖြစ်နိုင်သော်လည်း ထိုနေရာနှင့် ဆက်သွယ်ထားသော ကြယ်အများစုကို ကောင်းကင်နတ်ဆိုးများ သိမ်းပိုက်ထားပြီးဖြစ်သောကြောင့် စိုးရိမ်စရာ ဖြစ်နေခဲ့သည်။

"ရှင်းဟွမ်ကရော ဘာပြောလဲ"

ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။ ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်နှင့် ရောင်ယွမ်က နီးကပ်သဖြင့် သူမက တစ်ခုခု သိထားနိုင်သည်။

"ရှင်းဟွမ်ပြောတာကတော့ သူမက အမြဲတမ်း အပြင်ကိုထွက်ပြီး စူးစမ်းချင်နေတယ်။ သွားချင်တဲ့ဆီကို သွားပါစေတဲ့"

နဂါးဘုရင်က ဖြေလိုက်သည်။ ရောင်ယွမ်နှင့် ယဲ့ချန်က သုညပိုင်ရှင်ချင်း အတူတူဖြစ်သောကြောင့် သူက ယဲ့ချန်တစ်ယောက်တည်းကိုသာ ဤအကြောင်း အသိပေးခဲ့သည်။

"ရောင်ယွမ်က ကျိယွမ်ကြယ်ကနေ ဘယ်လိုထွက်သွားတာလဲ"

ယဲ့ချန်က ဤအတွေးကြောင့် တိတ်ဆိတ်သွားခဲ့သည်။ ကျိယွမ်ကြယ်ရှိ တည်နေရာပြောင်းအစီအရင်အများစုက ပျက်စီးနေပြီဖြစ်သောကြောင့် နောက်ထပ်လမ်းကြောင်းများ ရှိနေနိုင်သည်။ ရောင်ယွမ်သည် လွတ်လွတ်လပ်လပ် ပျံသန်းချင်သော ငှက်ကလေးတစ်ကောင်ပမာဖြစ်ပြီး လှောင်အိမ်အတွင်း နေထိုင်ချင်သူ မဟုတ်ပေ။ လက်ရှိတွင် ကောင်းကင်မူလကြယ်၌ နတ်အစေခံများစွာ ရှိလာပြီဖြစ်သောကြောင့် သူမက ကိုယ့်ကိုကိုယ်အသုံးမဝင်ဟု သတ်မှတ်ကာ ထွက်သွားခြင်းလည်း ဖြစ်နိုင်သည်။ သို့သော်လည်း သူမက အသိပေးမသွားသောကြောင့် ယဲ့ချန်က အန​ည်းငယ် ဝမ်းနည်းသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူနှင့် ရောင်ယွမ်သည် ရင်းနှီးသောမိတ်ဆွေများဖြစ်ကာ အလွန်ကျယ်ဝန်းသော စကြဝဠာအတွင်း မည်သည့်အချိန်မှ ပြန်တွေ့ရမည်ကို မသိနိုင်ချေ။

"သူမ သွားချင်ရာသွားပါစေ။ ကံပါရင် တစ်နေ့ ပြန်ဆုံကြမှာပေါ့"

ယဲ့ချန်က သက်ပြင်းချလိုက်ပြီး နဂါးဘုရင်ကလည်း သူ၏ဝိညာဥ်အသိစိတ်ကို ပြန်လည်ရုတ်သိမ်းသွားခဲ့သည်။ ယဲ့မျိုးနွယ်ပိုင်နက်အတွင်းရှိ နောက်ထပ်ယဲ့ချန်တစ်ယောက်က ယဲ့မျိုးနွယ်ဝင်များကို လေ့ကျင့်ပေးနေရင်း စစ်ဧကရာဇ်အဆင့်ငါးသို့ ရောက်ရှိလာခဲ့သည်။ ကိုယ်ပွားနှစ်ခုလုံး ပေါင်းစပ်သွားသောအခါ ကျင့်ကြံဆင့်တွင် အကျိုးသက်ရောက်မှုများရှိလာပြီး တိုးတက်လာခဲ့သည်။

"ယုရန် ရှေ့တက်လာခဲ့"

ယဲ့ချန်က အမိန့်ပေးလိုက်သောအခါ ယုရန်က ရိုသေလေးစွာဖြင့် ရှေ့တက်လာခဲ့သည်။ ယုရန်က မီးချီကို ကျင့်ကြံသောကြောင့် ယဲ့ချန်က မီးဝိညာဥ်တစ်ကောင်ကို ဒန်တန်အတွင်းမှ ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းကို ပေါင်းစပ်လိုက်သောအခါ သူ၏ကိုယ်ထက်တွင် အစိမ်းရောင်မီးများ တောက်လောင်လာပြီး ယဲ့ချန်၏ဝိညာဥ်အသိစိတ်မှ လမ်းညွှန်မှုဖြင့် ပေါင်းစပ်လိုက်သည်။ သူ၏ကျင့်ကြံဆင့်က လျင်မြန်စွာမြင့်တက်လာပြီး အစွမ်းထက်အရှိန်အဝါတစ်ခုက သူ့ကိုဗဟိုပြု၍ ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာခဲ့သည်။ အဆင့်ခုနစ်နတ်အစေခံတစ်ယောက် အဆင့်တက်ရန်အတွက် ဝိညာဥ်တစ်ကောင်က မလုံလောက်သောကြောင့် ယဲ့ချန်သည် မီးဝိညာဥ်ငါးကောင်အထိ ဆက်တိုက်အသုံးချလိုက်သောအခါ ယုရန်၏ကျင့်ကြံဆင့် အတားအဆီးက ကျိုးပျက်သွားခဲ့သည်။ အဆင့်တက်ပြီးနောက် သူ၏ခန္ဓာကိုယ်၌ ပြောင်းလဲမှုများ ဖြစ်ပေါ်လာကာ ကျောဘက်ရှိ အဖြူရောင်တောင်ပံထက်တွင် အစိမ်းရောင်မီးတောက်များ ထွက်ပေါ်လာသည်။ ၎င်းတို့က အပူချိန်အလွန်မြင့်ပြီး ကြမ်းပြင်တွင် ဧရာမအပေါက်ကြီးတစ်ခု ဖြစ်သွားစေသော်လည်း ယုရန်က အလျင်အမြန်ထိန်းချုပ်လိုက်နိုင်သဖြင့် တောင်ပံများက မူလအခြေအနေသို့ ဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။ ယဲ့ချန်သည်လည်း ဝိညာဥ်များက နတ်အစေခံတစ်ယောက်၏ ကျင့်ကြံဆင့်ကိုသာမက ပါရမီကိုပါ မြင့်တက်လာစေသောကြောင့် အံ့သြနေခဲ့သည်။ သူက ယုရန်၏ခန္ဓာကိုယ်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သော် ခွန်အားများစွာ တိုးတက်လာကြောင်း တွေ့ရှိခဲ့သည်။

"ကျေးဇူးတင်ပါတယ် သခင်"

ယုရန်က ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။ ဝိညာဥ်ကောင်က မည်သို့သောအရာဖြစ်ကြောင်း သူ မသိသော်လည်း ကျင့်ကြံဆင့်ကို မြင့်တက်လာစေသည့်အပြင် အစွမ်းထက်မီးတောက်များလည်း ဖြစ်ပေါ်လာစေသောကြောင့် ယဲ့ချန်ကို စိတ်ရင်းနှင့် ကျေးဇူးတင်နေခဲ့သည်။ ထို့နောက် ယဲ့ချန်သည် ကျန်နတ်အစေခံကိုးယောက်ကိုလည်း ဝိညာဥ်များနှင့် ပေါင်းစပ်ပေးလိုက်သောအခါ ယုရန်အပါအဝင် သုံးယောက်က အဆင့်ရှစ်သို့ ရောက်ရှိသွားကြသည်။ ကျန်လူများက အဆင့်မတက်နိုင်ခဲ့သော်လည်း ကျင့်ကြံမှုက ထင်ထင်ရှားရှား တိုးတက်လာကြသည်။

ယဲ့ချန်သည် တင်ပျဥ်ခွေထိုင်၍ ယဲ့မျိုးနွယ်တစ်ခုလုံးကို ဝိညာဥ်အသိစိတ်ဖြင့် လွှမ်းခြုံလိုက်သောအခါ ကျင့်ကြံသူများ၏ဝိညာဥ်များကို အလင်းပြောက်များအသွင်ဖြင့် အာရုံခံမိလိုက်သည်။ ၎င်းတို့ကြားတွင် ဆယ်ခုက အတောက်ပဆုံးဖြစ်နေပြီး နတ်အစေခံဆယ်ယောက်ဖြစ်ကာ သူတို့ပြီးလျှင် ဇနီးသည်လေးယောက်၏ အလင်းပြောက်များ ရှိနေသည်။ ထို့နောက် တန်းအာ၊ နန်ရှင်းတစ်စသူတို့၏ အလင်းပြောက်များ တောက်ပလင်းလက်နေသည်။ ထိုအလင်းများက သူ၏ဝိညာဥ်အသိစိတ်ဖြင့် ပေါင်းစပ်သွားသောအခါ ကျင့်ကြံဆင့်က ဝုန်းခနဲ မြင့်တက်လာပြီး ဒန်တန်အတွင်း စုပ်ယူခံထားရသော နတ်သစ်သီးငါးလုံး၏ ဆေးစွမ်းအင်များက လှုံ့ဆော်ခံလိုက်ရပုံပေါ်သည်။ ထောင်ချီသော စွမ်းအင်လှိုင်းများက ဒန်တန်အတွင်းမှ စီးထွက်လာကာ သွေးကြောများအတွင်း ဝင်ရောက်၍ ဦးခေါင်းအထိ ရောက်ရှိလာကြသည်။ ထိုစွမ်းအင်က သွေးကြောများကို ဆုတ်ဖြဲပစ်နေသဖြင့် သူက မျက်မှောင်ကြုတ်၍ လူမဆန်သည့် နာကျင်မှုကို သည်းခံနေရသည်။

"ဘုန်း"

သို့သော်လည်း စွမ်းအင်က ပြင်းထန်သထက်ပြင်းထန်လာပြီး သွေးကြောများ ဖောင်းကားလာသဖြင့် ခန္ဓာကိုယ်က ပေါက်ကွဲတော့မည်ဟု ယဲ့ချန်က ခံစားနေရသည်။ ထို့နောက် ပေါက်ကွဲသံတစ်ချက်ကို ကြားလိုက်ရပြီး သွေး​ကြောများ အပိုင်းပိုင်းအစစဖြစ်သွားကာ သူက သွေးများ အန်ချလိုက်ရသည်။ နာကျင်မှုက ပြင်းထန်လွန်းသောကြောင့် မျက်ဝန်းများ ဗလာဖြစ်သွားသော်လည်း သူက အံကြိတ်၍ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်ကာ သည်းခံနေခဲ့သည်။ သူ၏ရုပ်ခန္ဓာက အလွန်သန်မာလာပြီး သွေးကြောများက သံမဏိကဲ့သို့ မာကြောသော်လည်း လက်ရှိတွင် ပေါက်ကွဲသွားသဖြင့် ထိုစွမ်းအင်က မည်မျှ​ကြောက်မက်ဖွယ်ကောင်းကြောင်း တွေးကြည့်နိုင်သည်။ စိတ်ခွန်အားသန်မာသော ယဲ့ချန်သည်ပင်ဝိ ညာဥ်အတွင်းပိုင်းအထိ ရောက်ရှိလာသော နာကျင်မှုကြောင့် သတိလစ်မတတ် ဖြစ်နေခဲ့သည်။

အချိန်တစ်ခုကြာသောအခါ ယဲ့ချန်သည် သူ၏ခန္ဓာကိုယ်က တုန်ယင်လာပြီး စတင်ပြောင်းလဲလာကြောင်း ခံစားလိုက်ရ၏။ နတ်အစေခံတစ်ယောက်၏ ခန္ဓာကိုယ်က စစ်ဧကရာဇ်တစ်ယောက်နှင့် ကွဲပြားသောကြောင့် အဆင့်တက်နေခြင်း ဖြစ်နိုင်သည်။ နောက်ဆုံးတွင် ဦးခေါင်းတွင်းမှ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရပြီး ဓားပျံက ရုတ်တရက် တလက်လက်တောက်ပလာကာ ၎င်း၏ပတ်လည်၌ အလင်းတန်းများ လှည့်ပတ်နေ၍ လှပသော မြင်ကွင်းတစ်ခု ဖြစ်တည်လာသည်။ ထိုအချိန်၌ သူက ဓားပျံထံမှ ပြင်းထန်သော ခံစားချက်များကို အာရုံခံမိလိုက်ပြီး ဝမ်းနည်းမှု၊ မခံမရပ်နိုင်ဖြစ်မှုနှင့် ဒေါသများပါဝင်နေကာ ၎င်း၏အရှိန်အဝါတွင် ပျက်စီးခြင်းအငွေ့အသက်များ ပြည့်နှက်နေသည်။

"ဝုန်း"

ဓားပျံ၏အရှိန်အဝါသည် ယဲ့ချန်၏ကိုယ်တွင်းမှ ဖောက်ထွက်လာကာ ကောင်းကင်ကြယ်မူလကြယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ မြေငလျင် လှုပ်ခတ်နေသကဲ့သို့ ကြယ်ကြီးတစ်ခုလုံး တုန်ခါသွားကာ ၎င်းက ရှင်းဟွမ်ကိုပင် ထိတ်လန့်သွားစေခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

ရှေးဟောင်းတျန်းယွမ်မြို့နှင့် ကြယ်မြို့များရှိ နတ်အစေခံများကလည်း ထိုအရှိန်အဝါကို သတိထားမိသဖြင့် တုန်လှုပ်သွားကြသည်။

"ပြင်းထန်လိုက်တဲ့ အရှိန်အဝါ။ ဘယ်လိုလုပ် ဒီအရာမျိုးက ကောင်းကင်မူလကြယ်ပေါ်မှာ ထွက်ပေါ်လာရတာလဲ။ ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်များ ပုန်းအောင်းနေတာလား"

ကြယ်တစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်လောက်သော စွမ်းအားမျိုးကြောင့် နဂါးဘုရင်က ထိတ်လန့်နေခဲ့သည်။ ထို့နောက် နတ်အစေခံများက ဖြစ်ရပ်၏ဇစ်မြစ်ကို ထောက်လှမ်းလိုက်သောအခါ ယဲ့မျိုးနွယ်မှဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝိညာဥ်အသိစိတ်များ ရောက်ရှိလာကြသည်။ ယဲ့မျိုးနွယ်ဝင်များက သတိကြီးကြီးထားလိုက်ကြသော်လည်း ဤအရှိန်အဝါအောက်တွင် လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

"အစ်ကိုကြီး တစ်ခုခု ဖြစ်သွားတာလား"

နင်အာက စိုးရိမ်တကြီးရေရွတ်လိုက်ပြီး ထန်တိုက်လင်၏ မျက်နှာတွင်လည်း ပူပန်မှုများ ထင်ဟပ်နေသည်။ တန်းအာကို အဖော်ပြုပေးနေသည့် ပိုလင်းနှင့် ယဲ့လော့မှာလည်း အစွမ်းထက်အရှိန်အဝါကြောင့် မလှုပ်နိုင်တော့ပေ။ လူတိုင်းက ထိတ်လန့်နေကြသော်လည်း တန်းအာက တခစ်ခစ်ရယ်မော၍ ထပ်ကာထပ်ကာလဲကျနေသည့်တိုင်အောင် မတ်တပ်ရပ်၍ လမ်းလျှောက်ရန် ကြိုးစားနေသည်။

ခဏအကြာတွင် အရှိန်အဝါသည် ယဲ့ချန်၏ကိုယ်တွင်းသို့ ပြန်လည်ဝင်ရောက်သွားကာ ကျင့်ကြံဆင့်က စတင်မြင့်တက်လာသည်။ ထို့နောက် ကျင့်ကြံဆင့်အတားအဆီးက ဘုန်းခနဲပေါက်ကွဲသွားကာ သူက နတ်အစေခံအဆင့်တစ်သို့ ရောက်ရှိသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ဝိညာဥ်အသိစိတ်က အလွန်အစွမ်းထက်လာပြီး နတ်အစေခံများနှင့် ယဲ့မျိုးနွယ်ဝင်များ၏ကိုယ်တွင်းသို့ ဝင်ရောက်သွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ်နတ်အစေခံသုံးယောက် အဆင့်ရှစ်သို့ ရောက်ရှိသွားကာ ယဲ့ချန်၏ဇနီးလေးယောက်လည်း လျင်မြန်စွာ တိုးတက်လာကြသည်။ အခြားသူများထက် ပို၍အစွမ်းထက်သော ထန်တိုက်လင်က နတ်အစေခံအဆင့်သို့ ပထမဆုံးရောက်ရှိသွားကာ နင်အာ ၊ပိုလင်းနှင့် ယဲ့လော့တို့ ဆက်တိုက် အဆင့်တက်ခဲ့သည်။ ထို့နောက် ဝူဇီ၊ ရှောင်ရိနှင့် ဝမ်အာတို့လည်း နတ်အစေခံအဆင့်သို့ ရောက်သွားကြပြီး နောက်ဆုံးတွင် တန်းအာနှင့် ရေလိပ်ပြာအကောင်ပေါက်လေးသည်ပင် နတ်အစေခံအဆင့်သို့ တက်နိုင်ခဲ့ကြသည်။ ယဲ့မျိုးနွယ်အတွင်း နတ်အစေခံဆယ်ယောက်ကျော်က မိုးရွာလျှင်ထွက်လာသော မှိုများကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်လာသည်။ တာအိုနတ်အဆင့်တစ်ဆယ်သို့ ရောက်ရှိနေသော ယဲ့ချန်၏ငယ်သားများလည်း စစ်ဧကရာဇ်အဆင့်သို့ ရောက်လာသောကြောင့် စစ်ဧကရာဇ်အရေအတွက် ရှစ်ရာကျော်သည်အထိ ချက်ချင်းမြင့်တက်လာသည်။

"ယဲ့ချန် ဘယ်လိုလုပ်လုပ်လိုက်တာလဲ။ ခုနကအရှိန်အဝါကရော ဘာလဲ"

ဤဖြစ်ရပ်က နဂါးဘုရင်တို့ကို မင်သက်ကြောက်လန့်သွားစေသည်။ ယဲ့မျိုးနွယ်၏ ရုတ်တရက်ပြောင်းလဲမှုက အလွန်အံ့သြစရာကောင်းပေသည်။

ယဲ့ချန်သည် သူ၏ခန္ဓာကိုယ်က ပတ်ဝန်းကျင်မှ ကောင်းကင်ချီများကို ဝဲပမာ စုပ်ယူနေသည်အား ခံစားလိုက်မိသည်။ ထိုကောင်းကင်ချီများထဲတွင် အလွန်အမင်းအစွမ်းထက်သော အချိန်လေဟာနယ်ချီများ ပေါင်းစပ်ပါဝင်နေသည်။ နတ်အစေခံအဆင့်သို့ ရောက်ပြီးနောက် ဓားပျံကလည်း ပြောင်းလဲသွားပြီး သူ၏အတွေးတစ်ချက်၌ ကောင်းကင်ဓားပျံရာချီ ချက်ချင်းဖြစ်ပေါ်လာသောကြောင့် အံ့သြသွားရသည်။ အရေအတွက်သာမက ပုံသဏ္ဍာန်ပါပြောင်းလဲသွားပြီး ဓားပျံများထက်တွင် အလင်းများတောက်ပနေကာ ရှုပ်ထွေးသော ရုန်းများ ဖြစ်ပေါ်လာသည်။ ၎င်းတို့၏အရှိန်အဝါက လောကကြီးကို အထက်စီးမှငုံ့ကြည့်နေသကဲ့သို့ ထင်မှတ်ရသည်။ ဓားပျံများ ထွက်လာသော အခိုက်တွင် ယဲ့မျိုးနွယ်အတွင်းရှိ လက်နက်ဝိညာဥ်များအားလုံးသည် ဖီးနစ်တစ်ကောင်ရှေ့မှောက်ရောက်သော ငှက်များပမာ အရှိန်အဝါများကို ရုတ်သိမ်းပြီး ဦးညွတ်နေသဖြင့် လူတိုင်း အံ့သြသွားကြလေသည်။

All Chapters