ရန်ကြွေး
Vol. 54 Ch. 753
"အဖေ အခြေအနေဘယ်လိုလဲ"
လူဝကြီး၏နောက်မှ ယွမ်ချင်းယုက ထွက်ပေါ်လာပြီး သာယာသောအသံဖြင့် မေးလိုက်ခြင်းဖြစ်သည်။
"ကြယ်တစ်ခုလုံးမှာ အစွမ်းအထက်ဆုံးက အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်တည်း ရှိတယ်။ ကြယ်သခင်အသစ်က မွေးကာစပဲရှိတယ်။ သူတို့က ငါ့ကို ဘယ်လိုလုပ် ဆန့်ကျင်ရဲမှာလဲ"
လူဝကြီးက လက်ကိုနောက်ပစ်၍ မတ်တပ်ရပ်နေရင်း မောက်မာသော အမူအရာနှင့် ဖြေလိုက်သည်။
"အဖေ့ကို သမီးပြောတဲ့လူကိုရော ရှာတွေ့ပြီလား"
ယွမ်ချင်းယု၏မျက်နှာထက်တွင် ဒေါသစိတ်များ ထင်ဟပ်နေသည်။ သူမကို စစ်ဧကရာဇ်နန်းတော်အတွင်းမှ အကြိမ်ကြိမ်ဆဲဆိုခဲ့သူကို မေ့မရပေ။ သူမ၏ဘဝတွင် ဤသို့အရှက်ခွဲမခံရဖူးသောကြောင့် သေချာပေါက် လက်စားချေရပေလိမ့်မည်။
"သူက ငါ့လက်ထဲကနေ မလွတ်မြောက်နိုင်ပါဘူး။ သေချာပေါက် လက်စားချေပေးမယ်"
လူဝကြီး၌ သားခုနစ်ယောက်ရှိသော်လည်း သမီးတစ်ယောက်တည်းရှိသောကြောင့် သူမကို အချစ်ဆုံးဖြစ်သည်။ အားနည်းသော ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူတစ်ယောက်က သူမကို အကြိမ်ကြိမ်ဆဲဆိုခဲ့ခြင်းကြောင့် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ ရင်ယွမ်ကြယ်သခင်၏သမီးကို မည်သူမှ မစော်ကားရဟု သူက မှတ်ယူထားသည်။ ကောင်းကင်မူလကြယ်၏ နတ်အစေခံများထံမှ သူက ဤနေရာ၌ ယဲ့ချန်၏အဆင့်အတန်းကို ကြိုတင်စုံစမ်းထားခဲ့သည်။ ရင်ယွမ်ကြယ်က ဤကြယ်ကိုထိန်းချုပ်ရန် ထပ်ကာထပ်ကာကြိုးစားခဲ့သော်လည်း ရှုံးနိမ့်ခဲ့သောကြောင့် သင်ခန်းစာပေးရန် ကိုယ်တိုင်ရောက်လာခြင်းဖြစ်သည်။ အကယ်၍ သူသာ လူကိုယ်တိုင်ရောက်မလာလျှင် ရင်ယွမ်ကြယ်ကို ကောင်းကင်မူလကြယ်က ကြောက်ရွံ့မည်မဟုတ်ဟု နားလည်ထားသည်။ သို့သော် ယခင်က ဤကြယ်တွင် နတ်အစေခံဆယ်ယောက်သာရှိကြောင်း သူက သိထားပြီး နှစ်ယောက် သစ္စာဖောက်သွားသောကြောင့် ရှစ်ယောက်သာ ကျန်ခဲ့ရပေလိမ့်မည်။ သို့သော်လည်း လက်ရှိ၌ နတ်အစေခံအရေအတွက် သုံးလေးဆယ်နီးပါး ရှိနေသည်။
"ငါက ရင်ယွမ်ကြယ်သခင် ယွမ်တဖြစ်တယ်။ ယဲ့ချန်က ဘယ်သူလဲ။ ထွက်လာစမ်း"
လူဝကြီး၏အသံက ကြယ်တစ်ခုလုံးသို့ မိုးချုန်းသံပမာ မြည်ဟီးသွားခဲ့သည်။ သူ၏ရည်ရွယ်ချက်က ကောင်းမွန်ပုံမရသောကြောင့် နဂါးဘုရင်နှင့် နတ်အစေခံများက မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအချိန်၌ ယွမ်တရှေ့ရှိ လေဟာနယ် အက်ကွဲသွားကာ ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်က ကျက်သရေရှိစွာလှပသော အမျိုးသမီးတစ်ယောက်အသွင်ဖြင့် ထွက်ပေါ်လာခဲ့သည်။
"ယွမ်တ နင်က ကောင်းကင်မူလကြယ်ရဲ့ နတ်အစေခံအားလုံးကို ဒဏ်ရာရစေခဲ့တယ်။ ကောင်းကင်မူလကြယ်ကို ဖျက်ဆီးချင်နေတာလား"
ရှင်းဟွမ်၏အသံက ပုံမှန်ထက် ပို၍အေးစက်နေခဲ့သည်။
"ဒီလိုကိစ္စလေးက အရှင့်ကို နှောင့်ယှက်မိမယ်လို့ မထင်ခဲ့ဘူး။ ဒါက ယဲ့ချန်နဲ့ ငါ့သမီးကြားက ရန်ငြှိုးတစ်ခုဖြစ်လို့ ကျေးဇူးပြုပြီး ဘေးထွက်နေပေးပါ"
ရှင်းဟွမ်ရှေ့မှောက်တွင် ယွမ်တက မောက်မာမှုကို ထိန်းသိမ်းလိုက်သော်လည်း ခြိမ်းခြောက်နေခဲ့သည်။ ထာဝရပြည်ထောင်၌ ရှင်းဟွမ်များက ထိပ်ဆုံးတည်ရှိမှုများဖြစ်ကာ ကြယ်သခင်တစ်ယောက်ပင် အဆင့်အတန်းချင်း မယှဥ်နိုင်ပေ။ သူ၏ခွန်အားဖြင့် ကျင့်ကြံသူများကို သတ်လိုက်လျှင် ပြဿနာမရှိသော်လည်း ရှင်းဟွမ်တစ်ယောက်ကို သတ်လိုက်လျှင် ပြစ်မှုကြီးဖြစ်သည်။ ရင်ယွမ်ကြယ်၏ ရှင်းဟွမ်ပင် လက်ခံမည်မဟုတ်ဘဲ ထာဝရပြည်ထောင်၏ အုပ်ချုပ်သူများက တရားခံကို သတ်ရန်အတွက် ထွက်ပေါ်လာပေလိမ့်မည်။
"ယွမ်တ နင်က ဧည့်သည်တစ်ယောက်ဖြစ်ပြီး အိမ်ရှင်ကို စော်ကားချင်နေတာလား။ ကောင်းကင်မူလကြယ်ကိုယ်စား ဘာအပြစ်ဖြစ်ဖြစ် ခွင့်လွှတ်ပေးဖို့ ငါ တောင်းဆိုတယ်"
ရှင်းဟွမ်က မောက်မာခြင်းမရှိ၊ နှိမ့်ချခြင်းမရှိသော လေသံဖြင့် ပြောလိုက်သည်။
"အရှင် ကောင်းကင်မူလကြယ်ရဲ့ ကျင့်ကြံသူတွေက ငါ့ကို မလေးစားတဲ့အပြင် ငါ့သမီးကို ကျိန်ဆဲခဲ့တယ်။ ဒီကိစ္စက ခွင့်မလွှတ်နိုင်စရာပဲ။ ခင်ဗျား ဖြေရှင်းပေးဖို့ မျှော်လင့်တယ်"
ယွမ်တက ဒေါသတကြီး တောင်းဆိုလိုက်သည်။
"ဒါက လူငယ်တွေကြားက ပြဿနာသေးသေးလေးပါ။ ကြယ်သခင်တစ်ယောက် ဝင်စွက်ဖက်စရာ လိုအပ်လို့လား။ ငါက ယဲ့ချန်ကိုခေါ်ပြီး ယွမ်ချင်းယုကို တောင်းပန်ခိုင်းလိုက်မယ်"
ရှင်းဟွမ်က ပြဿနာကို ညှိုနှိုင်းကြိုးစားနေသည်။
"တောင်းပန်ရုံပဲလား"
ယွမ်တက နောက်တစ်ဆင့် တက်လာပြန်သည်။
"ဒါဆိုရင် နင်က ဘာထပ်လိုချင်သေးတာလဲ"
ရှင်းဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်မူလကြယ်၌ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ကြယ်သခင်ထွက်ပေါ်မလာရသည်မှာ သူမက တစ်စုံတစ်ယောက်နှင့် သဘောတူထားသောကြောင့် ဖြစ်သည်။ သို့မဟုတ်လျှင် သူမ၏စွမ်းအားဖြင့် ကောင်းကင်မူလကြယ်၏ ကြယ်သခင်က ယွမ်တအောက် အားနည်းနေမည် မဟုတ်ပေ။ ယွမ်တက ဤနေရာ၌ ကြယ်သခင်မရှိသောကြောင့် မောက်မာစွာ လာရောက်အနိုင်ကျင့်နေခြင်းဖြစ်သည်။
"ငါ့သမီးကို စော်ကားတဲ့လူကို ငါကိုယ်တိုင် စီရင်မယ်။ ကျေးဇူးပြုပြီး ဘေးထွက်နေစမ်းပါ ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်"
ယွမ်တသည် ထာဝရပြည်ထောင်၏ ဥပဒေကြောင့် ရှင်းဟွမ်ကို မထိရဲသော်လည်း မောက်မာစွာဖြင့် စကားနှင့် စော်ကားမော်ကားပြုလုပ်နေသည်။
"ဒီတစ်ခေါက် ပြဿနာတက်ပြီ ထင်တယ်။ လင်အာ တန်းအာကို မင်းတို့ဂရုစိုက်ပေးကြပါ"
ယဲ့ချန်က ဤအကြောင်းကို သိလိုက်ရသောအခါ ယွမ်တ၏ရည်ရွယ်ချက်ကို နားလည်လိုက်ပြီး ကောင်းကင်မူလကြယ်၌လည်း ရန်သူကို တားမြစ်နိုင်သူ လုံးဝမရှိပေ။ ထို့ကြောင့် သူက ထန်တိုက်လင်ထံ ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်ကာ ညွှန်ကြားလိုက်သည်။ ယဲ့ချန်အတွက် အသက်ရှင်ရန်လမ်းစ မရှိသောကြောင့် သူမက စိုးရိမ်တကြီးဖြစ်နေခဲ့သည်။ သို့သော် ကံကောင်းသည်မှာ ယဲ့ချန်တွင် အခြားနေရာများသို့ ပို့ဆောင်ထားသော ကိုယ်ပွားနှစ်ယောက် ရှိနေခဲ့သည်။ ထို့အပြင် ယဲ့တန်းရွှမ်ကိုလည်း ယွမ်တ တွေ့ရှိသွားပါက လုယူသွားနိုင်သောကြောင့် သူမက အရေးကြီးသည်ကို ဦးစားပေးရပေလိမ့်မည်။
ယဲ့ချန် ထွက်ခွာသွားပြီးနောက် ထန်တိုက်လင်သည် နင်အာကို အကူအညီတောင်း၍ တန်းအာကို ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ချိတ်ပိတ်လိုက်သည်။ ထို့နောက် သူတို့က ကျိယွမ်ကြယ်သို့ တည်နေရာပြောင်းအစီအရင်ရှိသော ကျစ်ဟွာတော်ဝင်နန်းတော်သို့ ချက်ချင်းထွက်ခွာသွားခဲ့သည်။ သာမန်ဆိုလျှင် ကြယ်သခင်တစ်ယောက်၏ ဝိညာဥ်အာရုံအောက်တွင် တန်းအာကို အလွယ်တကူခေါ်ထုတ်သွားရန် မဖြစ်နိုင်သော်လည်း ရှင်းဟွမ်က လျှို့ဝှက်နည်းလမ်းများ အသုံးပြုပြီး ကာကွယ်ပေးထားခဲ့သည်။
ရှေးဟောင်းတျန်းယွမ်မြို့တော်သို့ ယဲ့ချန် ရောက်ရှိလာသောအခါ နဂါးဘုရင်တို့က စိုးရိမ်နေကြသည်။ ယခုတစ်ခေါက်၌ အန္တရာယ်က ကြီးမားလွန်းနေသည်။ သူ့ကိုမြင်သောအခါ ယွမ်ချင်းယုက ဒေါသတကြီး ဖြစ်လာခဲ့သည်။ ကျိရင်ထံမှ ထိုနေ့တွင် သူမကို ဆဲဆိုခဲ့သူ၏ပုံရိပ်ကို မြင်ဖူးထားပြီးဖြစ်သည်။
"အရှင်"
ယဲ့ချန်က လက်နှစ်ဖက်ဆုပ်၍ ရှင်းဟွမ်ကို အရိုအသေပေးလိုက်သည်။ ထိုအချိန်၌ ယွမ်တသည် အောက်တန်းကျစွာဖြင့် ကောင်းကင်မူလကြယ်၏နေရာတိုင်းတွင် တန်းအာကို လိုက်လံစစ်ဆေးနေခဲ့သည်။ သို့သော် ကြယ်တစ်ခုလုံးတွင် မြင်ကွင်းများဝေဝါးနေပြီး အထူးသဖြင့် ကျစ်ဟွာနတ်တိုင်းပြည်ကို လုံးဝမမြင်သည့်အပြင် ကြယ်သခင်၏အရှိန်အဝါကိုလည်း အာရုံခံမရခဲ့ပေ။
"ကြယ်သခင်ကို ရှင်းဟွမ်က အခြားနေရာ ပို့လိုက်တာဖြစ်ရမယ်။ ဒီကောင်မက တော်တော်မြန်နေပါလား။ ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်မယ်"
ယွမ်တက စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်သည်။ ကြယ်သခင်တစ်ယောက်ကို အတင်းအကြပ်ကျွန်ပြုခြင်းအား ထာဝရပြည်ထောင်၌ ခွင့်ပြုမထားသောကြောင့် ရှာတွေ့သွားလျှင် အခြားကြယ်သခင်များ၏ ရန်သူ ဖြစ်လာနိုင်သည်။ သူက ကြယ်သခင်ကို မလုယူနိုင်လျှင်လည်း ကောင်းကင်မူလကြယ်သို့ ရောက်လာပြီး လက်ဗလာနှင့်ပြန်သွားရန် အစီအစဥ် မရှိချေ။
"မင်းက ယဲ့ချန်လား"
ယွမ်တ၏အကြည့်က ဓားသွားများပမာ ထက်ရှစွာ ကျရောက်လာသည်။
"အေး"
ယဲ့ချန်က ကြောက်လန့်နေခြင်းမရှိဘဲ ယွမ်တကို မျက်လုံးချင်းဆုံကြည့်လိုက်သည်။ သူ၏ကိုယ်ပွားများ ကျန်ရှိနေသေးသဖြင့် ဤလူဝကြီးကို ကြောက်နေစရာ အကြောင်းမရှိပေ။ ထို့အပြင် တစ်ဖက်လူက သူ့ကို အကြောင်းပြချက်အဖြစ် ရမယ်ရှာပြီး ရောက်ရှိလာခြင်းဖြစ်သည်။ သူတို့က ကောင်းကင်မူလကြယ်ကို ပေါ်တင်တိုက်ခိုက်ရဲသော သတ္တိ မရှိပေ။
"မင်းအပြစ်ကို မင်း သိလား"
"ဒီကိစ္စကို ခင်ဗျားသမီးက ရှင်းရှင်းလင်းလင်း မပြောလိုက်ဘူးလား။ ဒါက သေချာပေါက် အထင်လွဲတာပါလို့ ကျုပ် ပြောခဲ့ပြီးသားပဲ။ ကျုပ်က ဘယ်လိုလုပ် သူမကို ခွေးမ၊ဝက်မလို့ ခေါ်ရမှာလဲ။ ကိုယ့်ကိုကိုယ်သတ်သေတဲ့အလုပ်မျိုး မလုပ်ဘူး။ ဒါပေမယ့် သူမက ကျုပ်ရဲ့ရှင်းပြချက်ကို နားမထောင်ဘဲ ဆက်တိုက်စွပ်စွဲနေခဲ့တယ်"
ယဲ့ချန်က ပခုံးတွန့်၍ ဖြေလိုက်သည်။ ခွေးမ၊ဝက်မဆိုသော စကားလုံးများနေရာ၌ သူက လေသံကို သိသိသာသာမြှင့်လိုက်သောကြောင့် တောင်းပန်နေခြင်းမဟုတ်ကြောင်း သိသာသည်။ နောက်တစ်ကြိမ် အဆဲခံလိုက်ရသော ယွမ်ချင်းယု၏မျက်နှာမှာ ခရမ်းချဥ်သီးပုပ်ကဲ့သို့ ရှုံ့မဲ့နေသည်။
"နင်...နင်.. ငါ့ကို ဆဲရဲတယ်ပေါ့။ နင့်ကို သေချာပေါက်သတ်ပစ်မယ်"
သူမက ယဲ့ချန်ကို လက်ညှိုးငေါက်ငေါက်ထိုး၍ ဒေါသကြောင့် တုန်ရီနေခဲ့သည်။
"ယွမ်တ ကျုပ်က သူမကို ဆဲလိုက်လို့လား။ ဘာကြောင့် သူမက ဒီလောက်ပျော်နေရတာလဲ"
သူက ယွမ်ချင်းယုကို ဆဲဆိုရာ၌ ရိုးသားဟန်ဆောင်ထားခဲ့သော်လည်း စကားလုံးများတွင် တောင်းပန်လိုသော အငွေ့အသက် လုံးဝမရှိချေ။
"ငါ့ရှေမှောက်မှာတောင် မောက်မာလှချည်လား"
ယွမ်တ၏မျက်နှာက မည်းနက်နေခဲ့သည်။
"ခင်ဗျားက ခင်ဗျားသမီးရဲ့စကားကို တစ်ဖက်တည်းယုံပြီး ကျုပ်က မှားတယ်လို့ စွပ်စွဲချင်နေတာလား ။ဒီလောက်ပြဿနာရှာချင်နေရင်လည်း စောက်ပိုတွေ မပြောနဲ့။ အကုန် ကျုပ်အပြစ်လို့ သတ်မှတ်နိုင်တယ်။ ယွမ်တ မင်း ငါ့ကို ဘာလုပ်ချင်လဲ။ သတ်ရဲရင်သတ်လိုက်"
ယဲ့ချန်က လှောင်ပြုံးပြုံး၍ စိန်ခေါ်လိုက်သည်။ ရှင်းဟွမ်သည် ယွမ်တ၏မောက်မာမှုကြောင့် ဒေါသထွက်နေပြီဖြစ်သည်။ သူမကို ကြယ်သခင်တစ်ယောက်က ပထမဆုံးအကြိမ် စော်ကားနေသောအခါ ယမ်းပုံမီးကျ ဒေါကန်နေခဲ့သည်။
"ချင်းယု ဒီကောင့်ကို မင်းစိတ်ကြိုက် လုပ်လို့ရတယ်။ အဖေ ကာကွယ်ပေးထားမယ်"
ယွမ်တက အေးစက်စက်နှာခေါင်းရှုံ့၍ ယဲ့ချန်နှင့် ရှင်းဟွမ်ကို စိုက်ကြည့်နေခဲ့သည်။ တစ်ဖက်လူက ရှင်းဟွမ်ပင်ဖြစ်လင့်ကစား မျက်နှာသာမပေးရန် သူက ဆုံးဖြတ်ထားပြီးဖြစ်သည်။ ရှင်းဟွမ်များက အဆင့်အတန်းမြင့်သော်လည်း သူ၏အမြင်တွင် ခွန်အားက အရာရာဖြစ်ပြီး ကြယ်သခင်မရှိသော ရှင်းဟွမ်တစ်ယောက်ကို အရေးစိုက်ရန် မလိုပေ။ သူ၏စကားကို ကြားသောအခါ ယွမ်ချင်းယုက ဆိုးယုတ်စွာပြုံးလိုက်ပြီး သားရေကျာပွတ်တစ်ချောင်းအား ထုတ်ယူကာ ယဲ့ချန်၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
"ဘန်း"
သွေးများပန်းထွက်လာပြီး သူ၏မျက်နှာထက်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်၊ ရှင်းဟွမ်နှင့် နတ်အစေခံများကို နေရာမှမလှုပ်ရှားနိုင်စေရန် ယွမ်တက အရှိန်အဝါဖြင့် ထိန်းချုပ်ထားသည်။
"နင်ကများ ငါ့ကို ဆဲရဲတယ်။ အောက်တန်းစား နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်"
ယွမ်ချင်းယုက နတ်အစေခံတစ်ယောက်၏ခွန်အားဖြင့် ကျာပွတ်ကို ထပ်ကာထပ်ကာ ရိုက်ချနေသည်။ ယွမ်တသည် ကောင်းကင်မူလကြယ်မှ လူတိုင်းကို သူ့အားဆန့်ကျင်သော အကျိုးဆက်ကို ပြသလိုနေခြင်းဖြစ်သည်။ သူ၏အမြင်၌ ကောင်းကင်မူလကြယ်က သတ်ဖြတ်ခံရမည့် သိုးတစ်ကောင် ဖြစ်သည်။
"ဘန်း ဘန်း ဘန်း"
ကျာပွတ်ရိုက်ချက်များက ပို၍ပြင်းထန်လာပြီး ယဲ့ချန်၏မျက်နှာထက်တွင် အရိုးအထိနက်သည့် ဒဏ်ရာများ ဖြစ်တည်လာသော်လည်း အသံတစ်ချက် မထွက်လာခဲ့ပေ။
"ငါ့ကို ထပ်ဆဲရဲမလားလို့ ကြည့်ရအောင်။ ခွေးကောင် ငါ့ကို ထပ်ဆဲစမ်းပါ ဟား ဟား"
ယွမ်ချင်းယုက ယဲ့ချန်ကို နှိပ်စက်ရခြင်းကို အလွန်ကျေနပ်နေပြီး စက်ဆုပ်ဖွယ်ကောင်းအောင် ရယ်မောနေသည်။
"ငါက ဒီနေ့ရန်ကြွေးကို ထာဝရမှတ်ထားမယ်။ တစ်နေ့မှာ မင်းတို့အားလုံး ဆယ်ဆပြန်ပေးဆပ်စေရမယ် ယွမ်တ ယွမ်ချင်းယု"
သို့သော် ယဲ့ချန်က အံကြိတ်၍ သည်းခံနေရင်း ကျိန်ဆိုလိုက်သည်။ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများက ယွမ်ချင်းယုကို သားရဲကြီးတစ်ကောင်ပမာ စိုက်ကြည့်လာခဲ့လေသည်။