ယွမ်တ ကြောက်လန့်ခြင်း
Vol. 54 Ch. 754
ယဲ့ချန်သည် ယွမ်တကို ပြတ်သားတင်းမာသော မျက်လုံးအစုံနှင့် စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ယွမ်တက မောက်မာစွာရယ်မောလိုက်သောအခါ သူ၏ရယ်သံက ကြယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ကျင့်ကြံဆင့်နိမ့်သူများမှာ ရင်ဘတ်ကို ရိုက်နှက်ခံလိုက်ရသကဲ့သို့ နာကျင်သွားပြီး သွေးများ ဆက်တိုက်အန်ချလိုက်ရသည်။ နတ်အစေခံများမှာ ၎င်း၏စွမ်းအားကြောင့် မျက်နှာတစ်ခုလုံး ဖြူရော်သွားကြသည်။ ကျားနာတစ်ကောင်ပမာ စိုက်ကြည့်နေသော ယဲ့ချန်ကို ယွမ်တက အထင်သေးစွာ လှောင်ပြောင်နေသည်။
ယဲ့ချန်က နတ်အစေခံတစ်ယောက်သာ ဖြစ်သောကြောင့် သူက အလေးအနက်မထားပေ။ ကြယ်သခင်တစ်ယောက်နှင့် နတ်အစေခံတစ်ယောက်ကြားတွင် မိုးနှင့်မြေပမာကွာခြားပြီး သာမန်ကျင့်ကြံသူများက ကြယ်သခင်မဖြစ်နိုင်ပေ။ ထိုအဆင့်က ကြယ်တစ်ခုလုံး၌ အစွမ်းအထက်ဆုံးဖြစ်ပြီး ရှင်းဟွမ်၏ ရွေးချယ်ခြင်းခံရရန် လိုအပ်သည်။ ရှင်းဟွမ်ကိုယ်တိုင်က တိုက်ခိုက်ရေးစွမ်းအားမရှိသော်လည်း ကြယ်သခင်နေရာကို အဆုံးအဖြတ်ပေးနိုင်သည်။ ရွေးချယ်ခံရသူက ရှင်းဟွမ်နှင့်ပေါင်းစပ်၍ ကျင့်ကြံနှုန်း အဆမတန်မြန်ဆန်လာကာ အချိန်လေဟာနယ်ချီများကို နားလည်နိုင်သည်။ နတ်အစေခံအဆင့်တစ်ဆယ်နှင့် ကြယ်သခင်အဆင့်ကြားတွင် ခွန်အားချင်းဆယ်ဆ ကွာခြားပြီး ထူးခြားမှုများလည်း ရှိသည်။
ဥပမာအားဖြင့် ကြယ်တစ်လုံးတွင် သက်ရှိပေါင်း ဘီလီယံဆယ်ချီနေထိုင်၍ ၎င်းတို့၏ ကျင့်ကြံခြင်းစွမ်းအင်အချို့ကို ရှင်းဟွမ်က စုပ်ယူပြီး ဆန်းကျယ်သော စွမ်းအင်တစ်ရပ်အဖြစ် ပြောင်းလဲလိုက်၏။ ထိုစွမ်းအင်ကို တိုက်ပွဲအတွင်း အသုံးမချနိုင်သော်လည်း ကြယ်၏ဖြစ်တည်မှုကို ပို၍အဆင့်မြင့်လာစေရန် ထောက်ပံ့ပေးနိုင်သည်။ ကြယ်သခင်တစ်ယောက်သည် ကြယ်ပေါ်ရှိ ကျင့်ကြံသူများထံမှ စွမ်းအင်များကိုစုပ်ယူနိုင်ပြီး အစွမ်းအထက်ဆုံး အုပ်ချုပ်သူတစ်ယောက် ဖြစ်လာပေလိမ့်မည်။ တန်းအာသည် သန္ဓေသားဘဝမှာပင် စစ်ဧကရာဇ်တစ်ယောက်ဖြစ်ခဲ့ပြီး မွေးကာစမှာပင် နတ်အစေခံအဆင့်သို့ ရောက်လာခဲ့သည်။ သူ၏ကျင့်ကြံနှုန်းအရ ကြယ်သခင်တစ်ယောက်ဖြစ်လာရန် အချိန်များစွာ လိုအပ်မည်မဟုတ်ပေ။ နတ်အစေခံများက မည်မျှအစွမ်းထက်ပါစေ၊ ကြယ်သခင်တစ်ယောက်ကို ရင်ဆိုင်နိုင်စွမ်း မရှိချေ။
ကြယ်သခင်အဆင့်တွင် အဆင့်နိမ့်၊ အလယ်အဆင့်၊ အဆင့်မြင့်၊ ကောင်းကင်နှင့် ထိပ်တန်းဟူ၍ ငါးဆင့် ပိုင်းခြားထားသည်။ ယွမ်တက ကြယ်ဒေသတစ်ခုကိုပင် အုပ်ချုပ်နိုင်သည့် အဆင့်မြင့်ကြယ်သခင်တစ်ယောက် ဖြစ်သောကြောင့် သူ၏အမြင်၌ ယဲ့ချန်က အလွန်တရာနိမ့်ကျနေပြီး အချိန်မရွေးသတ်ပစ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။
အချိန်လေဟာနယ်ချီများနှင့် ရှင်းဟွမ်မှ ထောက်ပံ့ပေးသော စွမ်းအင်များကို စုပ်ယူပြီးနောက် ကြယ်သခင်တစ်ယောက်က ထိပ်တန်းအဆင့်သို့ ရောက်လာနိုင်ပြီး အဆင့်သုံးမျိုးနွယ်များ၏ အကန့်အသတ်ဖြစ်ကာ နတ်ဘုရားပမာ ကိုးကွယ်ခံရသည်။ ကြယ်တစ်ခုတွင် ကြယ်သခင်တစ်ယောက်သာ ရှိသောကြောင့် ယဲ့ချန်က ကြယ်သခင်လည်း မဖြစ်လာနိုင်ပေ။
"မင်းမှာ ကိုယ်ပွားသုံးခုရှိပြီး နှစ်ခုကို အခြားနေရာပို့ထားလို့ မကြောက်ဘူးပေါ့။ ငါက မင်းရဲ့ကိုယ်ပွားတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်သတ်ပစ်မယ်။ ပြီးတော့ နတ်ဆိုးယာဥ်က ဒီမှာ ရှိနေတယ်။ မင်း အများဆုံး ထွက်ပြေးနိုင်တာဆိုလို့ တည်နေရာပြောင်းအစီအရင်ပဲ ရှိမယ်။ မင်းကိုလိုက်ရှာပြီး သတ်ဖို့က လွယ်လွန်းတယ်"
ယွမ်တက နှာခေါင်းရှုံ့လိုက်သည်။ ကြယ်သခင်တစ်ယောက်ဖြစ်သော သူ့အတွက် မည်သူ့ကိုမှ မကြောက်ပေ။
"ဒီခွေးကောင်မှာ ကိုယ်ပွားရှိတာလား"
သူ၏စကားကြောင့် ယွမ်ချင်းယုက ဒေါသထွက်သွားခဲ့သည်။ သူမက ယဲ့ချန်ကို သတ်လိုက်လျှင်ပင် ကိုယ်ပွားများ ကျန်ရစ်မည်ဖြစ်သောကြောင့် စိတ်မထိန်းနိုင်တော့ပေ။
"ခွေးကောင် နင်က လှည့်စားချင်သေးတယ်"
သူမက ဒေါသတကြီးကြုံးဝါး၍ ကျာပွတ်ဖြင့် ယဲ့ချန်၏မျက်နှာကို အားကုန်ရိုက်ချလိုက်သည်။ ဘန်းခနဲမြည်သံနှင့်အတူ အသားစများ ဖွာထွက်သွားသော်လည်း သူက အသံတစ်ချက်မထွက်သည့်အပြင် မျက်တောင်ပင်မခတ်ချေ။
"နင့်ကို သေတဲ့အထိ ရိုက်ပစ်မယ်"
ယဲ့ချန်၏မျက်နှာထားကြောင့် ယွမ်ချင်းယုက ကြောက်လန့်သွားကာ ဒေါသပိုထွက်လာသဖြင့် ကျာပွတ်နှင့် ထပ်ကာထပ်ကာ ရိုက်နှက်ပြန်သည်။ ယဲ့ချန်သည် လူမဆန်သော နာကျင်မှုကို အံကြိတ်လက်သီးဆုပ်၍ တောင့်ခံ့နေသည်။ ယွမ်တ၏အရှိန်အဝါဖြင့် ဖိနှိပ်ခံထားရသောကြောင့် ပြန်လည်တိုက်ခိုက်ရန်လည်း မဖြစ်နိုင်ချေ။ သူက ကိုယ်ပွားများရှိသော်လည်း ယွမ်တက ကျိယွမ်ကြယ်ရှိ တန်းအာနှင့် သူ၏ကိုယ်ပွားကို အလွယ်တကူ ရှာတွေ့နိုင်သည်။ သစ္စာဖောက်နှစ်ယောက်ထံမှ ကျိယွမ်ကြယ်အကြောင်းကို ရန်သူက သေချာပေါက် သတင်းရထားပေလိမ့်မည်။
"ဒီခွေးမ အနာဂတ်ကျရင် နင့်ကို သေချာပေါက် အရေခွံနွှာပစ်မယ်"
သူက ကျိန်ဆဲရင်း ကောင်းကင်ချီများကိုလည်ပတ်၍ ရုန်းထွက်ရန် ကြိုးစားလိုက်သော်လည်း ခွန်အားချင်းကွာခြားမှုကြောင့် ရုန်းကန်လေလေ ဖိအားများလေလေဖြစ်သည်။
"ဒါက ကြယ်သခင်တစ်ယောက်ရဲ့ ခွန်အားလား"
သူက နတ်အစေခံအဆင့်နှင့် ကြယ်သခင်အဆင့်ကြားမှ ကွာခြားမှုကို ရှင်းလင်းစွာ နားလည်လိုက်သည်။ နတ်အစေခံအဆင့်တစ်ဆယ် နဂါးဘုရင်သည်ပင် ယွမ်တအောက် အားနည်းပြီး သူက အဆင့်တစ် နတ်အစေခံသာ ဖြစ်သည်။
"ယွမ်တ ဒါက ကောင်းကင်မူလကြယ်။ ကြယ်သခင်တစ်ယောက်မရှိပေမယ့် နင့်စိတ်ကြိုက် သောင်းကျန်းနိုင်မယ်ထင်ရင် လုပ်ကြည့်စမ်း"
နောက်ဆုံးတွင် ကောင်းကင်မူလကြယ်၏ ရှင်းဟွမ် စကားသံထွက်ပေါ်လာပြီး မျက်နှာထားက တည်ငြိမ်နေသော်လည်း လေသံက တင်းမာနေသည်။
"ဒီကောင်မက ငါ့ကို ခြိမ်းခြောက်ချင်နေတာလား။ သူမသာ အစွမ်းရှိရင် ကောင်းကင်မူလကြယ်ပေါ်မှာ ကောင်းကင်နတ်ဆိုးတွေ သောင်းကျန်းနေတာကို ရပ်ကြည့်နေပါ့မလား"
ထိုစကားကို ကြားသောအခါ ယွမ်တက စိတ်ထဲမှ ရယ်မောလိုက်သည်။
"ရှင်းဟွမ်ပိုင်နက်ကို အသက်သွင်းပြီး ငါ့အမြုတေကို ဖောက်ခွဲလိုက်ရင် နင်ထွက်ပြေးနိုင်မယ် ထင်လား"
ရှင်းဟွမ်က ယွမ်တကို အေးစက်စက် သတိပေးလိုက်သည်။ ဤအရာက ကိုယ့်ကိုကိုယ်သတ်သေခြင်းဖြစ်ပြီး အမြုတေကို ဖောက်ခွဲလိုက်လျှင် ကောင်းကင်မူလကြယ်တစ်ခုလုံး အဆုံးသတ်သွားပေလိမ့်မည်။ နတ်အစေခံတစ်ယောက်အတွက် သူမက ဤမျှစွန့်လွှတ်မည်ဟု မထင်သောကြောင့် ယွမ်တက ဆက်လက်ရယ်မောနေသည်။ သို့သော် ရှင်းဟွမ်၏ ခံစားချက်ကင်းမဲ့သော အကြည့်ကြောင့် သူက တစ်ကိုယ်လုံးတုန်ယင်သွားပြီး ကြောက်စိတ်များ တစ်ကိုယ်လုံး ပျံ့နှံ့သွားခဲ့သည်။ ရှင်းဟွမ်က အခြားမျိုးနွယ်များနှင့် မတူသောကြောင့် ယေဘူယျသဘောတရားဖြင့် ခန့်မှန်း၍မရပေ။ သူမက ရူးသွပ်စွာဖြင့် အမြုတေကို အမှန်တကယ် ဖောက်ခွဲလိုက်နိုင်သည်။
"ရင်ယွမ်ကြယ်က ကောင်းကင်မူလကြယ်နဲ့ ရန်သူမဟုတ်တဲ့အတွက် ရှင်းဟွမ်နဲ့ ပြဿနာမတက်ချင်ဘူး။ ဒါပေမယ့် ဒီလူက ငါ့သမီးကို စော်ကားခဲ့တယ်။ သူ သေရမယ်"
သို့သော် ယွမ်တက ကြယ်သခင်ဟူသော မာနကြောင့် ဟန်ကိုယ့်ဖို့ကာ အထက်စီးမှ တောင်းဆိုလိုက်သည်။ သူက ယဲ့ချန်ကိုသတ်ရခြင်းမှာ ယွမ်ချင်းယုကို စော်ကားသော အပြစ်တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကောင်းကင်မူလကြယ်မှ ကျင့်ကြံသူတိုင်းကို ဥပမာပြလိုခြင်းဖြစ်သည်။
"သမီး သတ်လိုက်စမ်း"
"လုပ်ကြည့်လိုက်စမ်း"
ရှင်းဟွမ်က မျက်မှောင်ကြုတ်၍ ယွမ်တကို သတိပေးလိုက်သည်။ သူမက နတ်ဘုရားကဲ့သို့ အဆင့်တစ်မျိုးနွယ်ဖြစ်သောကြောင့် ကျင့်ကြံသူများ လေးစားရသည့် ထူးခြားသော အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် သူမ၏ပစ်မှတ်ထားခံနေရသော ယွမ်တနှင့် ယွမ်ချင်းယုမှာ ဖိအားကြီးတစ်ခု ခံစားလိုက်ရပြီး ယွမ်ချင်းယုမှာ ယဲ့ချန်ကို မရိုက်ရဲတော့သဖြင့် ကျာပွတ်က လေထဲတွင် ရပ်တန့်သွားသည်။ ပတ်ဝန်းကျင်က တင်းမာနေပြီး ယွမ်တက ရှင်းဟွမ်ကို ဒေါသတကြီး စိုက်ကြည့်နေသော်လည်း ကြောက်လန့်နေခဲ့သည်။ ယဲ့ချန်က ကိုယ်ပွားတစ်ယောက်သာဖြစ်သော်လည်း သူ့အတွက် ရှင်းဟွမ်က အမြုတေကို ဖောက်ခွဲနိုင်ချေရှိသည်။
ဤကိစ္စက အလွန်ထူးဆန်းနေပြီး ရှင်းဟွမ်၏သဘောထားက လူတိုင်းအပေါ် အေးစက်သော်လည်း ယဲ့ချန်ကို ကြည့်လိုက်တိုင်း ခံစားချက်အချို့ ထင်ဟပ်နေသည်ကို ယွမ်တက သတိထားမိလိုက်သည်။ အကယ်၍ သူမသာ အဆင့်တစ်မျိုးနွယ်ဝင်မဟုတ်ဘဲ လူသားတစ်ယောက်ဆိုလျှင် ယဲ့ချန်၏လက်တွဲဖော် ဖြစ်နိုင်သော်လည်း ရှင်းဟွမ်များ၌ ခံစားချက်ရှိရန် မဖြစ်နိုင်ပေ။ ယဲ့ချန်သည်လည်း သူ့အတွက် ရှင်းဟွမ်က ယွမ်တကို ဆန့်ကျင်နေသဖြင့် အံ့သြနေရသည်။ ဤအရာက ကောင်းကင်မူလကြယ်၏ သိက္ခာအတွက်လား သို့မဟုတ် အကြောင်းအရင်းတစ်ခုရှိနေသည်လား သူ မတွေးနိုင်ပေ။
ယဲ့ချန်သည် ဝိညာဥ်အသွင်ဖြစ်သော်လည်း ပြိုင်ဘက်ကင်းလှပသော ရှင်းဟွမ်ကို သံသယဖြင့် ကြည့်လိုက်မိသည်။ အနက်ရောင်ဆံပင်ရှည်များက ကျောထက်တွင် ဖြာကျနေပြီး ဖြူဖွေးသော အသားအရေ နှင့် လိုက်ဖက်သည့် ပိုးထည်အဖြူက လေထဲတွင် တဖြတ်ဖြတ် လွင့်နေသည်။ ပြိုင်ဘက်ကင်းအလှတရားနှင့် မြင့်မြတ်မှုတို့က သူမထံတွင် ပေါင်းစည်းနေပုံရသည်။ သူမသာ လူသားတစ်ယောက်ဖြစ်လျှင် သေချာပေါက် မြင့်မြတ်လှပသော အမျိုးသမီးတစ်ယောက် ဖြစ်ပေလိမ့်မည်။ သို့သော် သူမက လူသားတစ်ယောက်မဟုတ်ဘဲ အချိန်ကြာမြင့်စွာ လောကကြီးကို မြင်တွေ့ခဲ့သော ရှင်းဟွမ်တစ်ယောက်ဖြစ်နေရာ ခံစားချက်မရှိချေ။ သူမက နတ်ဘုရားတစ်ပါးပမာ လောကကြီးကို စောင့်ကြည့်နေခဲ့ပြီး လူသားများအတွက် သူမ၏ရင်သွေးများအဖြစ်မှတစ်ပါး၊ အခြားခံစားချက် မရှိနိုင်ပေ။ ထို့ကြောင့် အကြောင်းအရင်းအချို့ ရှိနေနိုင်သည်။
ယွမ်တသည် ရှင်းဟွမ်ကို ကြောက်နေသောကြောင့် ဆုံးဖြတ်ချက်မချရဲသဖြင့် ပတ်ဝန်းကျင်က တင်းမာနေသည်။ သို့သော် သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်ကြောင့် ဒေါသမီးဝင်းဝင်းတောက်နေသည်။ ထိုအခိုက်၌ ရှင်းဟွမ်၏အရှိန်အဝါက ရုတ်တရက်ပြောင်းလဲသွားကာ အစွမ်းထက် အချိန်လေဟာနယ်ချီများ ထုတ်လွှတ်လိုက်သည်။ ကောင်းကင်မူလကြယ်၏ ကောင်းကင်ယံတွင် အမိုက်အမှောင်ကြီး ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး တိမ်မည်းများ ထွက်ပေါ်လာကာ ပြင်းထန်သော မိုးကြိုးလျှပ်စီးများလည်း ယှက်နွယ်နေကြသည်။ ဤအရာက လောကကြီး၏အဆုံးသတ် ကျရောက်လာသကဲ့သို့ ထင်မှတ်ရသောကြောင့် အလွန်တရာမောက်မာနေသည့် ယွမ်တမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။
ရှင်းဟွမ်ပိုင်နက်က အသက်ဝင်ရန် လက်တစ်ကမ်းအလို ရောက်နေသောကြောင့် ယွမ်တ၏မျက်လုံးများတွင် ကြောက်စိတ်တို့ ထင်ဟပ်နေသည်။ ၎င်းသာ အသက်ဝင်သွားလျှင် မည်သူမှထွက်ပြေးနိုင်မည်မဟုတ်ဘဲ စကြဝဠာအတွင်း ခရီးသွားလာနိုင်သော ကောင်းကင်လှေပင် ပိတ်မိနေရမည် ဖြစ်လေသည်။