ယွမ်တ၏အဓိကအကြံ
Vol. 54 Ch. 755
ကောင်းကင်၌ တိမ်မည်းများ ပိုမိုစုဝေးလာကာ လျှပ်စီးများ တဖြတ်ဖြတ်လက်နေပြီး မိုးချုန်းသံများ မြည်ဟီးနေသည်။
"ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်က ရူးသွားပြီ"
ယွမ်တက ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံး ချွေးစို့နေပြီး ကောင်းကင်မှ အဖျက်စွမ်းအင်ကြီးကို အာရုံခံနိုင်ခဲ့သည်။
"ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ရှင်းဟွမ်က လူသားတစ်ယောက်အတွက် ဘာကြောင့် ဒီလိုလုပ်တာလဲ"
"ကျေးဇူးပြုပြီး စိတ်ထိန်းပါ အရှင်"
ကြယ်အမြုတေပေါက်ကွဲသွားလျှင် ကောင်းကင်မူလကြယ်ရှိ အသက်ဘီလီယံချီ ပျက်စီးမည်ဖြစ်သောကြောင့် နဂါးဘုရင်နှင့် အခြားသူများလည်း စိုးရိမ်နေကြသည်။ ရှင်းဟွမ်က လူသားတစ်ယောက်မဟုတ်သောကြောင့် မျက်နှာထက်တွင် ခံစားချက်များ ထင်ဟပ်နေခြင်း မရှိပေ။ ထို့ကြောင့် သူမက အမှန်တကယ်ဖောက်ခွဲမည်လား ခြောက်လှန့်နေခြင်းလားကို ယွမ်တက မခွဲခြားတတ်ပေ။ သို့သော် ယဲ့ချန်၏ကိုယ်ပွားတစ်ခုကို သတ်ရန်အတွက် သူ၏အသက်ကို မစွန့်စားဝံ့ပေ။ ထိုအချိန်၌ ယွမ်ချင်းယုသည် ပတ်ဝန်းကျင် တင်းမာနေသည်ကို အခွင့်ကောင်းယူကာ ကျာပွတ်ဖြင့် ယဲ့ချန်၏ပခုံးကို ရိုက်ချလိုက်သည်။ အရိုးကျိုးထွက်သွားပြီး ယဲ့ချန်၏မျက်နှာက သွေးဆုတ်ဖြူရော်သွားကာ နဖူးထက်မှ ချွေးများစီးကျလာသော်လည်း အသံတစ်ချက် မထွက်ပေ။ သူက လက်စားချေရန်အတွက် ယွမ်ချင်းယု၏ ရုပ်သွင်နှင့် အရှိန်အဝါကို စိတ်ထဲ၌ မှတ်သားထားလိုက်သည်။
ထို့နောက် ယွမ်ချင်းယုသည် သူမ၏လည်ပင်းကို မမြင်ရသော လက်ကြီးများက ညှစ်နေသကဲ့သို အသက်မရှူနိုင်တော့သဖြင့် အကူအညီတောင်းရန် ယွမ်တကို ကြည့်လိုက်သည်။ လက်ရှိတွင် တိမ်မည်းများက ပို၍ထူထပ်လာပြီး ရှင်းဟွမ်၏ခေါင်းအထက်တွင် လျှပ်စီးများစုဝေးလာကာ ဆံပင်ရှည်များ လွင့်ပျံနေသဖြင့် မိုးကြိုးနတ်ဘုရား ဆင်းသက်လာသည်နှင့် တူညီနေသည်။ ယွမ်တသည်ပင် သူမထံမှ ပို၍သန်မာသော အရှိန်အဝါကို ခံစားလိုက်ရသည်။ လူသားတစ်ယောက်အတွက် သူမ ရူးသွပ်သွားသော အကြောင်းအရင်းကို သူက မတွေးတတ်သော်လည်း ကြောက်စိတ်ကြောင့် လက်လျှော့အရှုံးပေးခဲ့ရသည်။
"အရှင် ဒီကိစ္စလေးကြောင့် ကျုပ်တို့အားလုံးသေသွားရင် ကောင်းကင်နတ်ဆိုးတွေအတွက် ပျော်စရာ ဖြစ်နေလိမ့်မယ်။ အရှင်က ယဲ့ချန်ကို ကာကွယ်ချင်တယ်ဆိုရင် ကျုပ် ဒီကိစ္စကို လက်လျှော့လိုက်ပါမယ်"
ယွမ်တ၏လေသံက ပျော့ပြောင်းသွားခဲ့သည်။ သူ၏စကားကြောင့် နဂါးဘုရင်တို့လူစုသည်လည်း ရှင်းဟွမ်၏လုပ်ရပ်ကြောင့် စိုးရိမ်နေရာမှ သက်ပြင်းကိုယ်စီချလိုက်မိသည်။ သူတို့က ယဲ့ချန်ရှိရာထံ လှမ်းကြည့်လိုက်ပြီး သူ့ကိုကယ်တင်ရန်အတွက် ရှင်းဟွမ်ပင် ကိုယ့်ကိုကိုယ်သတ်သေနိုင်သော အကြောင်းအရင်းကို သိချင်နေကြသည်။ သူမက တကယ်လုပ်မည့်ပုံပေါ်နေပြီး ယွမ်တကိုသာမက သူတို့အားလုံးကိုပါ တုန်လှုပ်စေခဲ့သည်။ သို့သော် သူမက အားနည်းကြောင်းပြသနေလျှင် ယွမ်တက ပို၍မောက်မာလာမည်ဖြစ်ပြီး ထိုလူကို ခြောက်လှန့်နိုင်ခဲ့ခြင်းက ကောင်းကင်မူလကြယ်ကို အကျိုးရှိစေခဲ့သည်။
"ချင်းယု ရပ်လိုက်"
ယွမ်တသည် ယဲ့ချန်ကို ဥပမာအနေဖြင့် သတ်ပြချင်ခဲ့သော်လည်း ရှင်းဟွမ်က ဤသို့တုံ့ပြန်လာမည်ဟု ထင်မထားပေ။ ဤကိစ္စတွင် သူက မျောက်တစ်ကောင်ပမာ ဆော့ကစားခံလိုက်ရသည်။ ယွမ်ချင်းယုသည် ဒေါသကို ဖောက်ခွဲရန်အတွက် ယဲ့ချန်ကို သတ်ချင်သော်လည်း ကျာပွတ်ကို ပြန်လည်သိမ်းဆည်းလိုက်ရသည့်အပြင် ကြောက်လန့်နေပြီဖြစ်သည်။ သူမက ရွှေပေါ်မြတင်ဘဝမျိုး၌ နေထိုင်လာရသောကြောင့် သေရေးရှင်ရေးအခြေအနေမျိုးကို မကြုံဖူးပေ။ ယွမ်တ လက်လျှော့သွားပြီးနောက် ဖိအားပျောက်ကွယ်သွားသောအခါ ယဲ့ချန်သည် လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ခဲ့ပြီး ရှင်းဟွမ်ဘေးသို့ ချက်ချင်းပျံသန်းသွားခဲ့သည်။ သူမ၏အကူအညီကြောင့်သာ မဟုတ်လျှင် သေချာပေါက်အသတ်ခံရမည်ဖြစ်သောကြောင့် ကျေးဇူးတင်စွာ ကြည့်လိုက်မိသည်။ ရှင်းဟွမ်က သူ့ကိုကာကွယ်ပေးနေသော အကြောင်းအရင်းက မေးခွန်းတစ်ခုဖြစ်နေပြီး ယွမ်တကို ခြောက်လှန့်ချင်ရုံသက်သက်လား၊ အခြားအကြောင်းအရင်းတစ်ခုကြောင့်လား မဝေခွဲတတ်ပေ။
ရှင်းဟွမ်က တစ်ချက်ပြုံးလိုက်ပြီး လျှပ်စီးများပျောက်ကွယ်သွားကာ တိမ်မည်းများလည်း ဖြည်းဖြည်းချင်းပြိုကွဲသွား၍ နေ့အလင်းရောင် ပြန်လည်ထွက်ပေါ်လာသည်။ ယွမ်တက ဒေါသထွက်နေပုံရပြီး ယွမ်ချင်းယုကလည်း ကျေနပ်ပုံမရချေ။
"ကိစ္စမရှိတော့ရင် ချက်ချင်းထွက်သွားစမ်း"
ရှင်းဟွမ်က အေးစက်စက် မောင်းထုတ်လိုက်ခြင်းဖြစ်သည်။ သို့သော် ယွမ်တက ထွက်ခွာသွားမည့်ပုံ မရှိပေ။ ထိုအချိန်၌ နတ်အစေခံများကလည်း ယဲ့ချန်နှင့် ရှင်းဟွမ်အနားသို့ ပျံသန်းရောက်ရှိလာကြသည်။
"အဆင်ပြေလား"
နဂါးဘုရင်က မေးလိုက်ခြင်းဖြစ်သည်။ အပြင်းအထန်ဒဏ်ရာထားပြီး ကောင်းမွန်ရန် အချိန်တစ်ခု လိုအပ်သော်လည်း အသက်အန္တရာယ်မရှိသောကြောင့် ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏ကိုယ်တွင်း၌ ထူးဆန်းသော စွမ်းအင်တစ်ခုရောက်နေပြီး ယွမ်ချင်းယုက ဆိုးယုတ်စွာ ပြုံးနေခဲ့သည်။ သူမက ယဲ့ချန်ကို အလွယ်တကူမလွှတ်ပေးနိုင်သောကြောင့် အဆိပ်ခတ်လိုက်ခြင်းဖြစ်ကာ သူတို့ထွက်ခွာသွားလျှင် ၎င်းက အသက်ဝင်လာပေလိမ့်မည်။ သူမက ကောက်ကျစ်လွန်းသော်လည်း ယဲ့ချန်က အဆိပ်ကို မမှုသောကြောင့် ဒန်တန်အတွင်းမှ ကောင်းကင်ချီများကို ထုတ်ဖော်၍ ဖြည်းဖြည်းချင်းတိုက်စားကာ ဖျက်ဆီးပစ်လိုက်သည်။
"သွားကြစို့"
ယွမ်တက ယွမ်ချင်းယုကို မျက်ရိပ်ပြလိုက်ပြီး အလင်းတန်းနှစ်ခုက လှစ်ခနဲထွက်ခွာသွားသော်လည်း ဦးတည်ရာက ကောင်းကင်လှေမဟုတ်သောကြောင့် လူတိုင်း မျက်မှောင်ကြုတ်လိုက်သည်။ ယွမ်တက ထွက်ခွာမသွားသောကြောင့် ကောင်းကင်မူလကြယ်အပေါ် တစ်ခုခု မကောင်းကြံနိုင်သည်။
"ဒီကောင်က ကျောက်စိမ်းနန်းတော်ကို သွားနေတယ်"
ရှင်းဟွမ်က မျက်လုံးမှိတ်၍ အာရုံခံလိုက်ပြီး ပြောလိုက်ခြင်းဖြစ်သည်။
"ဒီခွေးကောင်က ကျောက်စိမ်းနန်းတော်ကို လိုချင်နေတာလား။ သူသာ ဒီရတနာကိုယူသွားရင် ရှစ်ထပ်နဲ့ ကိုးထပ်က ရတနာတွေကို ဘယ်လိုလုပ်ရမလဲ။ ငါတို့က ဒါတွေကိုထုတ်ယူဖို့ အခွင့်အရေး မရှိတော့ဘူးလား"
နဂါးဘုရင်နှင့် ယဲ့ချန်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး စိုးရိမ်နေကြသည်။
အရှေ့ပိုင်းတိုက်ကြီးတွင် ယွမ်တနှင့် ယွမ်ချင်းယုသည် မြေပြင်အထက် မီတာတစ်ထောင်မှ ပျံသန်းနေကြသည်။ ယွမ်တက ဝိညာဥ်အသိစိတ်ဖြင့် လင်းယွန်တောင်တန်းအောက်တွင်ရှိနေသော ကိုးထပ်မျှော်စင်တစ်ခု၏ တည်နေရာကို ထောက်လှမ်းနိုင်ခဲ့သည်။ မြေအောက်၌ နစ်မြုပ်နေသော ကျောက်စိမ်းနန်းတော်ကြောင့် သူ၏မျက်လုံးများတွင် လောဘမီး တောက်လောင်နေသည်။
"အဖေ ဒီကြယ်က အလွန်ဆင်းရဲတယ်။ ဘယ်လိုလုပ် ရတနာရှိနိုင်ပါ့မလဲ"
ယွမ်ချင်းယုက အထင်သေးစွာ ကဲ့ရဲ့လိုက်သည်။
"မဟုတ်ဘူး။ ကောင်းကင်မူလကြယ် အထွတ်အထိပ်အချိန်တုန်းက ကြယ်သခင်နှစ်ယောက်ရှိခဲ့ပြီး နှစ်ယောက်လုံးက ငါ့ထက် ပိုသန်မာတယ်။ သူတို့တောင် ကျောက်စိမ်းနန်းတော်ကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ဘူးဆိုတော့ သေချာပေါက် အဖိုးတန်လိမ့်မယ်။ ငါက ဒီရတနာကို ရအောင်ယူပြီး ဘယ်လိုလဲဆိုတာ စစ်ဆေးရမယ်"
ယွမ်တက ခေါင်းယမ်း၍ ရှင်းပြလိုက်သည်။ ကောင်းကင်မူလကြယ်၏ ကြယ်သခင်နှစ်ယောက်က သူ့ထက် ပို၍အစွမ်းထက်ကြောင်း ကြားသောအခါ ယွမ်ချင်းယုက အံ့သြနေခဲ့သည်။ သူမ၏အမြင်၌ သူက ပြိုင်ဘက်ကင်းကျင့်ကြံသူဖြစ်ကာ ဤကြယ်ဒေသအတွင်းမှ အခြားကြယ်သခင်များပင် အရိုအသေပေးရသူဖြစ်သည်။ ကောင်းကင်မူလကြယ်က အတိတ်သမိုင်းတွင် အစွမ်းထက်ခဲ့ဖူးသော်လည်း လက်ရှိတွင် ကြယ်သခင်က အရွယ်မရောက်သေးသော ကလေးငယ်တစ်ယောက်သာ ဖြစ်သည်။
ယွမ်တသည် ကျောက်စိမ်းနန်းတော်ကို ပို၍စစ်ဆေးလေလေ ပို၍အံ့သြလေလေဖြစ်သည်။ ၎င်းကိုပြုလုပ်ထားသော ကုန်ကြမ်းကို သူက မသိချေ။ အပြင်ဘက်ပိုင်းတွင် ဆင်ယင်ထားသော ပန်းပုများနှင့် ပန်းချီလက်ရာများက လက်ရာမြောက်လွန်းပြီး ရှေးဟောင်းအငွေ့အသက်များ ထွက်ပေါ်နေသည်။ ဝင်ပေါက်တွင် ရေးထွင်းထားသော ကျောက်စိမ်းနန်းတော်ဟူသည့် စာလုံးများကို မြင်သောအခါ ပြင်းထန်သော ဖိအားတစ်ရပ်ကို ခံစားလိုက်ရသည်။ အကြည့်တစ်ချက်ဖြင့်ပင် သူက ဟင်းလင်းပြင်အတွင်း ကျရောက်သွားသကဲ့သို့ ထင်မှတ်ရသည်။
"အစွမ်းထက်လိုက်တဲ့ ရတနာ"
ယွမ်တက လောဘကြောင့် စိတ်လှုပ်ရှားနေခဲ့သည်။ အတိတ်တွင် သူက ကောင်းကင်မူလကြယ်အနီးမှ ဖြတ်သန်းသွားချိန်တွင် ဝိညာဥ်အသိစိတ်ဖြင့် ကျောက်စိမ်းနန်းတော်ကို တွေ့ရှိခဲ့သည်။ သို့သော် သူက အလျင်လိုနေခဲ့သောကြောင့် အသေးစိတ်မစစ်ဆေးနိုင်ခဲ့ပေ။ လက်ရှိတွင် အနီးကပ်စစ်ဆေးလိုက်သောအခါ ဤရတနာအပေါ် အထင်သေးခဲ့ကြောင်း နားလည်လိုက်သည်။ ၎င်းကိုပြုလုပ်ဖန်တီးခဲ့သူမှာ ကြယ်သခင်အဆင့်ထက် ပိုမြင့်သော ကျင့်ကြံသူတစ်ဦး ဖြစ်ရပေလိမ့်မည်။ ဤသို့သော ကျင့်ကြံသူမျိုးက ဒဏ္ဍာရီများဖြစ်ကာ အဆင့်သုံးမျိုးနွယ်ဝင်များ မဖြစ်နိုင်သည့်အပြင် သူ၏ဘဝတလျှောက်တွင် တစ်ဦးတလေပင် မတွေ့ဖူးခဲ့ပေ။
ယွမ်တသည် ပျော်ရွှင်စွာဖြင့် စစ်ဆေးနေရင်း အံ့သြတုန်လှုပ်နေသဖြင့် ယွမ်ချင်းယုက အလွန်သိချင်လာသည်။ သူမ၏အဖေက ကြယ်သခင်တစ်ယောက်ဖြစ်သောကြောင့် မရေမတွက်နိုင်သည့် ရတနာများကို မြင်ဖူးခဲ့သော်လည်း ဤသို့သော မျက်နှာထားမျိုးဖြစ်ပေါ်နေရာ ကျောက်စိမ်းနန်းတော်က မည်သို့သောရတနာ ဖြစ်သနည်း။ သူမသည်လည်း ဝိညာဥ်အသိစိတ်ဖြင့် ၎င်းကို စစ်ဆေးလိုက်သောအခါ မယုံနိုင်ဟန်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ သူမငယ်စဥ်တည်းက မြင်ဖူးခဲ့သော ရတနာတိုင်းက ကျောက်စိမ်းနန်းတော်ကို လုံးဝမယှဥ်နိုင်ချေ။ ကောင်းကင်မူလကြယ်ကဲ့သို့ ဆင်းရဲသည့်နေရာမျိုးတွင် ဤသို့သော ရတနာရှိနေမည်ဟု ထင်မထားပေ။
"အဖေ ဒါက ဘယ်လိုရတနာမျိုးလဲ"
သူမက တအံ့တသြ မေးလိုက်သည်။
"ဟား ဟား တကယ့်ရတနာကောင်းလေးပဲ။ ကောင်းကင်မူလကြယ်က ဘယ်သူမှ ဒီရတနာကို အသက်မသွင်းနိုင်ဘူး။ တော်တော်အသုံးမကျတဲ့ ဝက်လိုကောင်တွေ"
ယွမ်တက တဟားဟားရယ်မော၍ အချိန်လေဟာနယ်ချီများကို ကိုယ်တွင်းမှ ထုတ်ဖော်လိုက်သည်။ ၎င်းတို့က ရာထောင်ချီသော ကြိုးများအသွင်နှင့် ပျံသန်းသွားကာ ကျောက်စိမ်းနန်းတော်ကို တင်းကျပ်စွာ ရစ်ပတ်လိုက်သည်။
"ငါက ဒီကျောက်စိမ်းနန်းတော်ကို လုယူသွားပြီး သေချာလေ့လာရမယ်။ ကောင်းကင်မူလကြယ်က ရတနာကို ပိုင်ဆိုင်ထားပေမယ့် အသုံးမချတတ်ဘူး။ ဒီအရူးတွေ တစ်ယောက်မှ အသုံးမကျဘူး။ ကောင်းကင်က ငါ့အတွက် ဒီရတနာကို ပေးလိုက်တာ ဖြစ်ရမယ်။ ဟား ဟား"
ယွမ်တက မောက်မာစွာရယ်မောလိုက်ပြီး အစွမ်းထက်ရတနာတစ်ခုကို ရတော့မည်ဖြစ်ရာ အလွန်ကျေနပ်နေသည်။
"ဂုဏ်ပြုပါတယ် အဖေ"
ယွမ်ချင်းယုက မြှောက်ပင့်လိုက်ခြင်းဖြစ်သည်။
"မြင့်တက်လာစမ်း"
ယွမ်တက လက်နှစ်ဖက်ကိုမြှောက်၍ ကျောက်စိမ်းနန်းတော်ကို ရစ်ပတ်ထားသော ချီများကို ဆွဲယူလိုက်သည်။ သို့သော် အချိန်တစ်ခုကြာသည်အထိ ၎င်းက တုတ်တုတ်မျှမလှုပ်ချေ။ သူက အချိန်လေဟာနယ်ချီများကို အသုံးပြု၍ ပေါင်သန်းချီလေးသော အရာများကို အလွယ်တကူ သယ်ယူနိုင်သော်လည်း အလုပ်မဖြစ်သောကြောင့် မင်သက်နေခဲ့သည်။ သူက ကျောက်စိမ်းနန်းတော်ကို အလွယ်တကူခိုးယူသွားနိုင်မည်ဟု ထင်သော်လည်း ၎င်းက နေရာမှ တစ်လက်မပင်မရွေ့ခဲ့ပေ။