← Chapters

ယွမ်တ ထွက်ပြေးရပြီ

Vol. 54 Ch. 756

ယွမ်တ ထွက်ပြေးရပြီ

Vol. 54 Ch. 756

"ထွက်လာစမ်း"

ယွမ်တသည် အံကြိတ်၍ ပိုမိုပြင်းထန်သော စွမ်းအားမျိုး ထုတ်ဖော်လိုက်သော်လည်း ကျောက်စိမ်းနန်းတော် မဆိုထားနှင့်၊ လင်းယွန်တောင်တန်းရှိ ကျောက်တုံးကလေးတစ်ခုပင် မြင့်တက်မလာခဲ့ပေ။ သူက ဒေါသထွက်လွန်းသဖြင့် နားရွက်များနီရဲလာပြီး မျက်နှာပျက်နေခဲ့သည်။ ကျောက်စိမ်းနန်းတော်က ကြယ်သခင်တစ်ယောက် ထုတ်ယူနိုင်စွမ်းမရှိနိုင်သည်အထိ အစွမ်းထက်နေသည်။

"အဖေ ဘာဖြစ်လို့လဲ"

ယွမ်ချင်းယုက နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။

"ငါ ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်"

ယွမ်တက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။ သူက ကောင်းကင်မူလကြယ်မှ ကျင့်ကြံသူများကို အသုံးမကျသော ဝက်များဟု ဆဲဆိုခဲ့သော်လည်း သူကိုယ်တိုင်က ဝက်ထက်ပိုဆိုးသော အခြေအနေသို့ ရောက်နေခဲ့သည်။

"ထားလိုက်ပါတော့။ ဒီအရာကို ယူသွားလို့လည်း ငါတို့အတွက် အကျိုးမရှိဘူး"

"ဒါက ဘယ်လိုလုပ် အသုံးမဝင်ရမှာလဲ။ ကျောက်စိမ်းနန်းတော်က အဖိုးတန်ရတနာလို့ အဖေ ပြောခဲ့တာလေ"

ယွမ်ချင်းယုက တအံ့တသြ ပြန်မေးလိုက်သည်။ ယွမ်တက စကားတစ်ခွန်းမှပြန်မပြောသော်လည်း လက်မလျှော့လိုသေးသဖြင့် ခဏတာစဥ်းစားပြီးနောက် ကျောက်စိမ်းနန်းတော်အတွင်းသို့ ဝိညာဥ်အသိစိတ်ဖြင့် ကျူးကျော်လိုက်သည်။ သို့သော် ကျောက်စိမ်းနန်းတော်ကို ပြုလုပ်ထားသော အမည်မသိကုန်ကြမ်းက ဝိညာဥ်အသိစိတ်ကို တားမြစ်နိုင်ပြီး တင်းကြပ်စွာ ပိတ်ဆို့ထားသဖြင့် အချိန်တစ်ခုကြာသည့်တိုင်အောင် သူက ဝင်ပေါက်ကို ရှာမတွေ့ခဲ့ပေ။ ထိုအချိန်၌ မြေအောက်တွင် တောင်ကြီးတစ်လုံးပမာ နှစ်ပေါင်းများစွာတည်ရှိလာသော ၎င်းက အလင်းဖျော့ဖျော့ ရုတ်တရက် လင်းလက်လာသည်။ ၎င်း၏ထိပ်ပိုင်းမှ ရွှေရောင်အလင်းက လျှပ်စီးထက်မြန်သော အရှိန်မျိုးဖြင့် သူ့ကို ထိမှန်သွားခဲ့သည်။

ယွမ်တက မတုံ့ပြန်နိုင်လိုက်ခင်မှာပင် တစ်ကိုယ်လုံး မီးတောက်များလွှမ်းခြုံခံလိုက်ရပြီး ၎င်းတို့က သာမန်မဟုတ်သောကြောင့် ကြယ်သခင်တစ်ယောက်ကိုပင် နာကျင်စေခဲ့သည်။ သူက တစ်ကိုယ်လုံး အရှင်လတ်လတ် မီးမြိုက်ခံလိုက်ရသောကြောင့် ငယ်သံပါအောင်အော်ဟစ်၍ ပင်လယ်အတွင်းသို့ ပြေးဆင်းသွားခဲ့သည်။ ပင်လယ်ကြီးအတွင်းမှ ရေများ အငွေ့ပျံ့သွားသော်လည်း မီးတောက်များက ငြိမ်းမသွားခဲ့ပေ။ ရုတ်တရက် ဆန်လွန်းသောအဖြစ်ကြောင့် ယွမ်ချင်းယုသည် မင်သက်နေရာမှ သတိပြန်ဝင်လာချိန်တွင် ယွမ်တက ကိုယ်လွတ်ရုန်းကာ ထွက်ပြေးပျောက်ကွယ်သွားပြီဖြစ်သည်။ ကြယ်သခင်တစ်ယောက်ပင် ရွှေရောင်အလင်းကြောင့် ထွက်ပြေးသွားရသောအခါ သူမလည်း ဆက်မနေရဲသဖြင့် ခွေးပြေးဝက်ပြေး ထွက်ပြေးသွားခဲ့သည်။ တစ်နာရီအကြာတွင် တစ်ကိုယ်လုံးမည်းနက်နေအောင် မီးလောင်ခံထားရသော ယွမ်တနှင့် ယွမ်ချင်းယုက ကောင်းကင်လှေပေါ်သို့ ပြန်ရောက်လာပြီး ၎င်းက စကြဝဠာအတွင်း အလင်းတန်းအသွင်ဖြင့် ချက်ချင်းထွက်ခွာသွားခဲ့သည်။

ယွမ်တသည် ကျောက်စိမ်းနန်းတော်ကို သိမ်းယူပြီးလျှင် ရှေးဟောင်းခံတပ်ကိုစူးစမ်းရန် စီစဥ်ထားသော်လည်း ကျောက်စိမ်းနန်းတော်၏အစွမ်းကြောင့် ထွက်ပြေးခဲ့ရသည်။ ကောင်းကင်မူလကြယ်ပေါ်တွင် သူက ဝက်တစ်ကောင်ပမာ အရှင်လတ်လတ်မီးကင်ခံလိုက်ရပြီး အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ ဤအဖြစ်က တစ်ဘဝလုံး အရိပ်မည်းကြီးပမာ လိုက်လံခြောက်လှန့်နေမည်ဖြစ်ကာ ကောင်းကင်မူလကြယ်ကို တစ်သက်လုံး အမှတ်ရနေပေလိမ့်မည်။ ဤအဖြစ်ကို မြင်သောအခါ ကောင်းကင်မူလကြယ်မှ ကျင့်ကြံသူများက ကျေနပ်စွာ ပြုံးလိုက်ကြပြီး နဂါးဘုရင်နှင့် ယဲ့ချန်က ကျောက်စိမ်းနန်းတော်၏အစွမ်းကို အံ့သြနေကြသည်။ မည်သူမှ အသက်မသွင်းထားသော်လည်း ၎င်းက ကြယ်သခင်တစ်ယောက်ကို သေလုမျောပါးဖြစ်စေသည်အထိ တိုက်ခိုက်နိုင်ခဲ့သည်။

ယွမ်တကြောင့် ဖိနှိပ်ခံခဲ့ရပြီး ယွမ်ချင်းယုကြောင့် အသက်ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့သောအခါ ယဲ့ချန်သည် စွမ်းအားကို ပို၍တပ်မက်လာသည်။ ဤစကြဝဠာတွင် ​တောဥပဒေသာ ကြီးစိုးသောကြောင့် အားနည်းသူများက အနိုင်ကျင့်ခံရပြီး သန်မာသူများသာ လွတ်မြောက်ပေလိမ့်မည်။ ထိုအချိန်၌ ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်က သဲလွန်စမရှိ ပျောက်ကွယ်သွားပြီး မည်သူမမှ သူမ၏ဦးတည်ရာကို မသိချေ။

အချိန်တစ်ခုအကြာတွင် ထန်တိုက်လင်နှင့်အဖွဲ့က တန်းအာကို ခေါ်ဆောင်ပြီး ကျိယွမ်ကြယ်မှ ပြန်ရောက်လာကြသည်။ ရှင်းဟွမ်တွင် ယွမ်တကို ခြိမ်းခြောက်နိုင်သော နည်းလမ်းရှိသည့်အပြင် အပြင်းအထန် ဒဏ်ရာရသွားသောကြောင့် လောလောဆယ် ပြန်လာနိုင်ဦးမည် မဟုတ်ပေ။ စစ်ဧကရာဇ်နန်းတော်အတွင်း နဂါးဘုရင်နှင့် နတ်အစေခံများ စည်းဝေးတိုင်ပင်နေကြသည်။ ကောင်းကင်နတ်ဆိုးငါးရာဖြစ်စေ၊ ယွမ်တဖြစ်စေ၊ ကောင်းကင်မူလကြယ်၏ လက်ရှိအင်အားက မတွန်းလှန်နိုင်ပေ။ သူတို့က အင်အားနည်းပါးသည့်အပြင် ငွေကြေးပြတ်လပ်နေသောကြောင့် အသေအချာဆွေးနွေးပြီးနောက် ထာဝရကြယ်သင်္ချိုင်းသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။ အကယ်၍ သူတို့သာ အဖိုးတန်ရတနာတစ်ခုခု ရနိုင်ခဲ့လျှင် အနည်းဆုံး ကောင်းကင်မူလကြယ်၏အင်အားကို မြှင့်တင်နိုင်ပေလိမ့်မည်။ နောက်ဆုံးတွင် သွားမည့်သူများကို ရွေးချယ်လိုက်ပြီး ယဲ့ချန်၊ နဂါးဘုရင်၊ ထန်းယွမ်နှင့် နတ်အစေခံသုံးယောက်က ဆယ်ရက်အကြာ၌ ထွက်ခွာပေလိမ့်မည်။

ထိုအချိန်၌ ကျိယွမ်ကြယ်မှ သတင်းစကားတစ်ခု ရောက်ရှိလာသည်။ ထိုနေရာမှ ယဲ့ချန်သည် အမည်မသိကြယ်တစ်ခုထံ ဦးတည်သော လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့ပြီး ၎င်းကို ကြယ်သခင်တျန်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကျိယွမ်ရှင်းဟွမ်၏ အဆိုအရ ထိုဝင်ပေါက်နှင့် ဆက်သွယ်ထားသော လမ်းကြောင်းဆယ်ခုကျော်ရှိပြီး မည်သည့်နေရာသို့ ဦးတည်နေကြောင်း မသိရပေ။ အတွင်းသို့ဝင်ရောက်ရန်သင့်မသင့် လူတိုင်းက ချင့်ချိန်နေရပြီး ၎င်းက ကောင်းကင်နတ်ဆိုးများသိမ်းပိုက်ထားသော ကြယ်တစ်လုံးပင် ဖြစ်နိုင်နေသည်။ လေးနက်စွာစဥ်းစားပြီးနောက် ကျိယွမ်ကြယ်ရှိ ယဲ့ချန်က အတွင်းသို့ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူက လုံးဝပြန်မလာနိုင်ခဲ့ဘဲ သတင်းစကားလည်း မပေးပို့နိုင်ခဲ့သဖြင့် မရဏနန်းတော်အတွင်း ဝင်ရောက်သွားသော ကိုယ်ပွားကဲ့သို့ အဆက်အသွယ်ပြတ်သွားခဲ့သည်။

သုံးရက်အကြာတွင် စစ်ဧကရာဇ်နန်းတော်အတွင်း ကျင့်ကြံနေသော ယဲ့ချန်သည် ရင်ဘတ်ကို တူဖြင့်ထုခံလိုက်ရသကဲ့သို့ ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာခဲ့သည်။ မှတ်ဉာဏ်အချို့က သူ၏ခေါင်းအတွင်း ထွက်ပေါ်လာသောကြောင့် ကိုယ်ပွားတစ်ယောက် သေဆုံးသွားခြင်းဖြစ်ရာ အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။ ထိုကိုယ်ပွားက ဝိညာဥ်သားရဲများနှင့် နတ်ဆိုးများရှိသော ကြယ်သေတစ်လုံးပေါ်သို့ ရောက်ရှိသွားကာ နတ်ဆိုးချီလည်း ပိုင်ဆိုင်မထားပေ။ ထို့ကြောင့် သူက ဝံပုလွေအုပ်အတွင်း ရောက်သွားသော သိုးတစ်ကောင်ပမာ အမဲဖျက်ခံလိုက်ရပြီး နောက်ဆုံးတွင် ဖုန်းဆိုးမြေတစ်ခု၌ အသတ်ခံခဲ့ရသည်။ ထိုကြယ်၌ ဝိညာဥ်သားရဲများနှင့် နတ်ဆိုးများက အချင်းချင်းတိုက်ခိုက်နေပြီး မည်သို့သော ကြယ်မျိုးဖြစ်သည်ကို မပြောနိုင်ပေ။

"ဒီနတ်ဆိုးတွေက ဘာမျိုးနွယ်လဲ။ ငါ့မှတ်ဉာဏ်တွေအရတော့ ကောင်းကင်နတ်ဆိုးလည်း မဟုတ်ဘူး။ ဒီကြယ်ကရော ဘယ်နေရာမှာလဲ။ တည်နေရာရွှေ့ပြောင်းတဲ့ ကြာချိန်အရတော့ တော်တော်ဝေးမယ် ထင်တယ်။ ဒီကြယ်က အန္တရာယ်များလွန်းတယ်။ အကုန်လုံးက စစ်ဧကရာဇ်တွေနဲ့ နတ်အစေခံအဆင့်တွေဖြစ်ပြီး ကောင်းကင်မူလကြယ်ထက် သာလွန်တယ်။ ငါတို့သာ ရောက်သွားရင် ဘယ်သူမှ အသက်ရှင်နိုင်မယ် မထင်ဘူး။ ဒါကြောင့် ဒီနေရာက သေလမ်းတစ်ခုပဲ"

ယဲ့ချန်က လေးနက်စွာစဥ်းစားရင်း ဒဏ်ရာကို ကုသနေလိုက်သည်။ နတ်ကိုယ်ပွားကျင့်စဥ်၏ ကိုယ်ပွားတစ်ယောက် အသတ်ခံလိုက်ရလျှင် မူလခန္ဓာ၏ကျင့်ကြံဆင့် အားနည်းသွားမည့်အပြင် ဝိညာဥ်လည်း ထိခိုက်သွားပြီး အချိန်တိုအတွင်း နောက်ကိုယ်ပွားတစ်ယောက် ဖန်တီးနိုင်မည် မဟုတ်ပေ။ ကိုယ်ပွားသုံးယောက်တွင် တစ်ယောက်ကသေဆုံးသွားပြီး တစ်ယောက်က ပျောက်ဆုံးနေသောအခါ ထာဝရကြယ်သင်္ချိုင်းသို့ သွားရန်သင့်မသင့် သူက ချင့်ချိန်နေရသည်။ ၎င်းက အလွန်အမင်းအန္တရာယ်များပြီး သူသာ ပြန်ရောက်မလာလျှင်ဆိုသော အတွေးက မိသားစုအတွက် နောက်ကြောင်းမအေးစေခဲ့ပေ။ သို့သော် ဤစကြဝဠာ၌ ရာနှုန်းပြည့်လုံခြုံသော နေရာဟူ၍ မရှိသောကြောင့် ကောင်းကင်မူလကြယ်၌ ပိတ်မိနေလျှင် သေခြင်းတရားကို စောင့်နေရသည်နှင့် မခြားပေ။ ထာဝရကြယ်သင်္ချိုင်းသို့ သွားရောက်စူးစမ်းခြင်းက ရှင်သန်ရန်လမ်းစကို ပေးစွမ်းနိုင်သည်။

ဆယ်ရက်အကြာတွင် ယဲ့ချန်က မိသားစုကိုနှုတ်ဆက်၍ နဂါးဘုရင်တို့နှင့်အတူ နတ်ဆိုးယာဥ်ပေါ်သို့ တက်ရောက်လိုက်သည်။ သူ၏ဇနီးသည်များက လိုက်လာချင်သော်လည်း သူတို့၏အသက်ကို မစွန့်စားစေလိုသောကြောင့် သူက ငြင်းပယ်ခဲ့သည်။ ထို့နောက် နတ်ဆိုးယာဥ်က ဖြည်းဖြည်းချင်းမြင့်တက်လာကာ စကြဝဠာအတွင်း ထွက်ခွာ၍ ခရီးကို စတင်လိုက်သည်။ စကြဝဠာအတွင်း ကြီးမားသော ကြယ်ကြီးများက သက်ဆိုင်ရာပတ်လမ်းကိုယ်စီဖြင့် လှည့်ပတ်နေကြသည်။ အလင်းရောင်တောက်ပနေသော ကြယ်များလွဲ၍ အများစုမှာ ရှင်းဟွမ်မရှိသော ကြယ်သေများ ဖြစ်ကြသည်။ ကြယ်များတွင် ရှင်းဟွမ် ပိုင်ဆိုင်ထားမှသာလျှင် အသက်ဓာတ်ဖြစ်ပေါ်လာနိုင်ပြီး သက်ရှိများ မွေးဖွားလာပေလိမ့်မည်။ နဂါးဘုရင်သည် ယာဥ်၏ကုန်းပတ်ပေါ်တွင် နေရာယူထားပြီး အန္တရာယ်များလွန်းသော်လည်း လှပသော စကြဝဠာကို ဝိညာဥ်အသိစိတ်ဖြင့် ကြည့်ရှုနေခဲ့သည်။

"ကျုပ်တို့ကအရုဏ်တက်ကြယ်မှာ ရပ်နားရမယ်။ ဒါက တည်နေရာပြောင်းစခန်းတစ်ခုဖြစ်ပြီး ထာဝရကြယ်သင်္ချိုင်းရဲ့ ဟင်းလင်းပြင်တံခါး တည်ရှိတယ်"

ကြယ်မြေပုံကို စစ်ဆေးနေသော ထန်းယွမ်က ပြောလိုက်ခြင်းဖြစ်သည်။ သူက ကြယ်မြေပုံ၏ ထူးခြားမှုအချို့ကို ထုတ်ဖော်နိုင်ခဲ့ပြီး ၎င်းအတွင်း ကောင်းကင်ချီ ထည့်သွင်းလိုက်သောအခါ ပုံရိပ်များ ဖြစ်ပေါ်လာကာ အရုဏ်တက်ကြယ်၏ အချက်အလက်များကို ပြသနေသည်။

"ယဲ့ချန် မင်းရဲ့ဝိညာဥ်ကို ပြစမ်းပါဦး"

နဂါးဘုရင်သည် အရုဏ်တက်ကြယ်အကြောင်း စဥ်းစားနေရာမှ ရုတ်တရက် ပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်သည် တစ်ဖက်လူက ရုတ်တရက် စိတ်ဝင်စားလာသော အကြောင်းအရင်းကို မသိသော်လည်း ညာလက်ဝါးပေါ်တွင် မြူခိုးသဏ္ဍာန် ဝိညာဥ်တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ၎င်းထံမှ အချိန်လေဟာနယ်ချီများနှင့် သန့်စင်သော ကောင်းကင်ချီများ ထွက်ပေါ်နေသည်။ ဘေးမှရပ်ကြည့်နေသော ထန်းယွမ်သည် ၎င်း၏စွမ်းအင်ကို အာရုံခံမိသောအခါ သူ၏ကိုယ်တွင်းမှ တစ်စုံတစ်ခု လှုပ်ရှားလာကြောင်း သတိထားမိလိုက်သည်။

"ထန်းယွမ် ယဲ့ချန်ကို တစ်ချက်ကြည့်ခိုင်းလိုက်"

နဂါးဘုရင်၏စကားကြောင့် ယဲ့ချန်က ပဟေဠိဖြစ်နေခဲ့သည်။ ထန်းယွမ်က ခေါင်းညိတ်၍ အဝတ်အစားများဖယ်ရှားလိုက်ပြီး အပေါ်ပိုင်းခန္ဓာကိုယ် ထွက်ပေါ်လာသည်။ သူ၏ရုပ်ခန္ဓာကို မြင်သောအခါ ယဲ့ချန်က ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

All Chapters