← Chapters

အစိမ်းရောင်ထိပ်တန်းချီ

Vol. 54 Ch. 757

အစိမ်းရောင်ထိပ်တန်းချီ

Vol. 54 Ch. 757

ထန်းယွမ်၏ရုပ်ခန္ဓာက သာမန်လူ့ခန္ဓာကိုယ်နှင့် ကွဲပြားပြီး တစ်ဝက်ကို ကောင်းကင်ချီနှ င့်ကြယ်အဆီအနှစ်များ ပေါင်းစပ်တည်ဆောက်ထားသော်လည်း ကျန်တစ်ဖက်၌ ဖောက်ထွင်းမြင်ရသော အစိမ်းရောင်အရည်များ ရှိနေသဖြင့် အတွင်းအင်္ဂါများကိုပင် မြင်နေရသည်။

"အံ့သြသွားတာလား"

သူက တစ်ချက်ပြုံး၍ မေးလိုက်ခြင်းဖြစ်သည်။ သူ၏လျှို့ဝှက်ချက်ကို ယဲ့ချန်အား ထုတ်ပြရခြင်းအပေါ် စိတ်ကွက်မနေခဲ့ပေ။

"အေး တော်တော်အံ့သြစရာပဲ"

ယဲ့ချန်က ပွင့်လင်းစွာ ဝန်ခံလိုက်သည်။ ထန်းယွမ်က သူ၏ရုပ်ခန္ဓာကို အခြားပစ္စည်းများဖြင့် တည်ဆောက်ထားကြောင်း ပြောဖူးသော်လည်း ဤပုံစံမျိုးဖြစ်နေမည်ဟု မျှော်လင့်မထားပေ။ ထို့အပြင် သူက အချိန်တိုင်း ပေါက်ကွဲသေဆုံးသွားနိုင်ချေရှိသော်လည်း အမြဲတမ်းပြုံးနေပြီး ပျော်ပျော်နေတတ်သဖြင့် ယဲ့ချန်က လေးစားမိသွားသည်။

"မင်းကို ထူးဆန်းတာတွေ ပြောပြရဦးမယ်။ ကောင်းကင်မူလကြယ်မှာတော့ ဒီရုပ်ခန္ဓာက တစ်ခုတည်းရှိတာကွ"

ထန်းယွမ်က တစ်ချက်ပြုံးကာ စနောက်နေခဲ့သည်။

"ချီနဲ့ ကြယ်အဆီအနှစ်အပြင် ဘာတွေထပ်ရှိနေသေးတာလဲ"

ယဲ့ချန်က နဂါးဘုရင်ကို မေးလိုက်ခြင်းဖြစ်သည်။ သူက ထန်းယွမ်၏ကိုယ်မှ ပါဝင်ပစ္စည်းအချို့ကို ခန့်မှန်းနိုင်သော်လည်း အစိမ်းရောင်အရည်များက ဆန်းကျယ်နေခဲ့သည်။

"ငါလည်း အတိအကျတော့ မသိဘူး။ ဒါက ကောင်းကင်မူလကြယ်ပေါ်မှာ အချိန်အကြာကြီးရှိခဲ့ပြီး ရှင်းဟွမ်လောက်ကို သက်တမ်းရှိတယ်။ ကောင်းကင်မူလကြယ်မှာ ငါတို့မဖော်ထုတ်နိုင်သေးတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်။ သူတို့က အငွေ့ ဒါမှမဟုတ် အရည်ပုံစံနဲ့ တည်ရှိပြီး စကြဝဠာရဲ့ချီကိုစုပ်ယူပြီး အဝါရောင်ကောင်းကင်သိုင်းချီ၊ ခရမ်းရောင်စဦးချီ၊ အစိမ်းရောင်ထိပ်တန်းချီစတဲ့ လောကဝိညာဥ်တွေ ဖြစ်လာကြတယ်"

နဂါးဘုရင်က ရှင်းပြလိုက်သည်။

"လောကဝိညာဥ်"

ထိုစကားကြောင့် ယဲ့ချန်က အံ့သြသွားပြီး သူ၏ကိုယ်တွင်းရှိ ကောင်းကင်သိုင်းချီအကြောင်း စဥ်းစားမိလိုက်သည်။ ၎င်းကိုပိုင်ဆိုင်ခဲ့စဥ်က အလွန်သန်မာခဲ့သော်လည်း ကျင့်ကြံဆင့် မြင့်တက်လာချိန်၌ အသုံးမဝင်တော့ပေ။ သူက ဆေးစွမ်းအင်များကို စုပ်ယူလိုက်တိုင်း ၎င်းက အနည်းငယ်စုပ်ယူသွားတတ်သော်လည်း သွေးကြောများအတွင်း မလှုပ်မရှားပုန်းအောင်းနေပြီး ပို၍အစွမ်းထက်မလာခဲ့ပေ။ ၎င်းက များစွာအသုံးမဝင်သော်လည်း သူက လွင့်ပစ်ရန် နှမြောသဖြင့် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ နဂါးဘုရင်၏အဆိုအရ လောကဝိညာဥ်များက အစွမ်းထက်အရာများ ဖြစ်နေနိုင်သည်။

"လောကဝိညာဥ်တွေက သက်မဲ့တွေမဟုတ်ပေမယ့် အသိဉာဏ်ဖြစ်ပေါ်လာဖို့ ခဲယဥ်းတယ်။ ကောင်းကင်မူလကြယ်ရဲ့သမိုင်းမှာ ကျင့်ကြံသူအချို့က ဒါတွေကို လေ့လာခဲ့တယ်။ လေ့လာမှုတွေအရ သူတို့က ရှင်းဟွမ်ထက်တောင် အဆင့်မြင့်တဲ့ အဆင့်တစ်မျိုးနွယ်တွေ ဖြစ်နိုင်တယ်။ သူတို့က ရှင်းဟွမ်တွေထက် အရင်ဖြစ်ပေါ်လာတာပဲ"

နဂါးဘုရင်က ဆက်ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး"

ယဲ့ချန်သည် ကောင်းကင်သိုင်းချီက ရှင်းဟွမ်ထက် အဆင့်ပိုမြင့်ရန် မဖြစ်နိုင်သောကြောင့် မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်သည်။

""မင်း ဒီလိုတွေးတာ သဘာဝကျပါတယ်။ ဒါပေမယ့် လောကဝိညာဥ်တွေရဲ့ အသိစိတ်က အိပ်မောကျနေတယ်။ သူတို့ရဲ့အစိတ်အပိုင်းတွေက ကြီးမားလှတဲ့ စကြဝဠာထဲမှာ ပြန့်ကြဲနေတယ်။ ရှင်းဟွမ်တစ်ယောက်က သက်တမ်းရှည်ပေမယ့် သူတို့ရဲ့သက်တမ်းက ပိုရှည်တယ်"

နဂါးဘုရင်၏အပြောအရ လောကဝိညာဥ်တစ်ခုစီက ထူးခြားပြီး စကြဝဠာအတွင်းရှိ ကောင်းကင်သိုင်းချီအားလုံးကို စုဆောင်းနိုင်မှသာ အစစ်အမှန် လောကဝိညာဥ်အဖြစ် ဆင့်ကဲလာပေလိမ့်မည်။

"ဒါက ခန့်မှန်းချက်သက်သက်ပါပဲ။ ဘယ်သူမှ အမှန်တရားကို မသိနိုင်ဘူး။ ရှင်းဟွမ်ကတော့ ဒီအချက်က မှန်နိုင်တယ်လို့ ပြောတယ်"

နဂါးဘုရင်က သက်ပြင်းချလိုက်သည်။ ရှင်းဟွမ်ကိုယ်တိုင် ထုတ်ပြောသည်ဆိုလျှင် ၎င်းက မှန်ကန်နိုင်သဖြင့် ယဲ့ချန်က မျက်ခုံးပင့်လိုက်မိသည်။ အကယ်၍ စကြဝဠာတစ်ခွင် ပြန့်ကြဲနေသော အစိတ်အပိုင်းအားလုံးပေါင်းစပ်သွားလျှင် အစစ်အမှန် လောကဝိညာဥ်တစ်ခုက အလွန်အမင်း အစွမ်းထက်ပေလိမ့်မည်။

"ဒီခရီးမှာ စကြဝဠာထဲက လောကဝိညာဥ်တွေကိုတွေ့ရင် လက်မလွှတ်ဖို့ ရှင်းဟွမ်က မှာကြားလိုက်တယ်။ ဒါတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာကိုတော့ မသိဘူး"

"ထန်းယွမ် ပိုင်ဆိုင်ထားတာက ဘယ်လောကဝိညာဥ်လဲ"

ယဲ့ချန်၏အကြည့်က ထန်းယွမ်၏ခန္ဓာကိုယ်မှ အစိမ်းရောင်အရည်များထံ ကျရောက်သွားသည်။

"အစိမ်းရောင်ထိပ်တန်းချီ။ ကောင်းကင်မူလကြယ်ပေါ်မှာ လောကဝိညာဥ်ပေါင်းရာချီရှိပေမယ့် ထိပ်တန်းချီကတော့ တစ်ခုတည်း ရှိတယ်။ ငါက ကောင်းကင်ဘုံတွေနဲ့ စစ်ပွဲဘုံတွေကနေ စုစုပေါင်း၃၅ခု စုဆောင်းနိုင်ခဲ့တယ်။ ထိပ်တန်းချီ အမျှင်ပေါင်း၃၆ခုနဲ့ ထန်းယွမ်ရဲ့ခန္ဓာကိုယ်ကို တည်ဆောက်ထားတယ်"

နဂါးဘုရင်က ဖြေလိုက်သည်။

"လောကဝိညာဥ်တွေကို စုဆောင်းပြီးရင် အရည်အဖြစ် ပြောင်းလဲသွားနိုင်တယ်။ အဖေက ငါ့အတွက် ရုပ်ခန္ဓာတည်ဆောက်ဖို့ ထိပ်တန်းချီကို အသုံးပြုခဲ့တယ်"

ထန်းယွမ်က သူ၏လက်ကို ဝမ်းဗိုက်အတွင်း ထည့်သွင်းလိုက်ပြီး အစိမ်းရောင်အရည်များကို ဖောက်ဝင်သွားသော်လည်း ပြန်ထုတ်လိုက်သောအခါ အရည်တစ်စက်မှ စွန်းထင်းမနေခဲ့ပေ။

"ကျုပ် နားလည်ပြီ"

နဂါးဘုရင်နှင့် ထန်းယွမ်သည် ယဲ့ချန်၏ကိုယ်တွင်း၌ လောကဝိညာဥ်တစ်ခုရှိကြောင်း မသိထားပေ ။၎င်းကို ပို၍အစွမ်းလာစေချင်လျှင် စကြဝဠာအတွင်းရှိ ကောင်းကင်သိုင်းချီများကို ထပ်မံစုဆောင်းရပေလိမ့်မည်။

"ထန်းယွမ်က တောင်းဆိုတဲ့အတွက် ဒီရုပ်ခန္ဓာကို တည်ဆောက်ခဲ့ပြီး အစပိုင်းမှာ အကျိုးရှိခဲ့တယ်။ သူက ပိုပြီးအစွမ်းထက်လာပေမယ့် အချိန်ကြာလာတဲ့အခါ ထိပ်တန်းချီက သူ့ကို ဆန့်ကျင်မှုတွေ ဖြစ်လာတယ်"

နဂါးဘုရင်၏လေသံတွင် ထန်းယွမ်ကို တောင်းပန်သော အငွေ့အသက်တို့ ထင်ဟပ်နေသည်။

"ဒီကိစ္စကို အဖေ့စိတ်ထဲ ထားစရာ မလိုပါဘူး။ ဒါက ကျုပ်ရဲ့ရွေးချယ်မှုပါ။ သေခြင်းနဲ့ရှင်ခြင်းက ကံကြမ္မာအလိုကျဖြစ်နေတာကို လူသားတွေ မလွန်ဆန်နိုင်ပါဘူး"

ထန်းယွမ်က သူ၏ဖခင်ကို နှစ်သိမ့်လိုက်သည်။ ဤကမ္ဘာပေါ်တွင် နဂါးဘုရင်အတွက် အနာကျင်ရဆုံးမှာ သားဖြစ်သူ၏သေခြင်းကို မတားမြစ်နိုင်ခြင်းဖြစ်သည်။ သူ၏ဇနီးနှင့် သမီး သေဆုံးသွားပြီးနောက် သားဖြစ်သူက သေဘေးကြုံနေရသောအခါ ခံစားချက်များကို ထုတ်မပြတတ်သဖြင့် ရင်ဘတ်ထဲတွင် ဆို့နင်နေရသည်။ ဤနှစ်များအတွင်း နဂါးဘုရင်ပြုံးသည်ကို မည်သူမှ မမြင်ဖူးခဲ့ပေ။

"အခု ထန်းယွမ်က ဘယ်လိုပြဿနာမျိုး ကြုံနေရလို့လဲ"

တစ်ဖက်လူက အကြောင်းအရင်းမရှိဘဲ လျှို့ဝှက်ချက်ကို ထုတ်ပြမည်မဟုတ်ရာ ယဲ့ချန်က အကျိုးအကြောင်း မေးလိုက်သည်။

""လောကဝိညာဥ်တွေမှာ အသက်ဓာတ်နဲ့ အတွေးမရှိပေမယ့် အသိစိတ်ရှိတယ်။ ဒီအသိစိတ်က လောကကို အုပ်ချုပ်ချင်တာမျိုးဖြစ်နေတော့ ထန်းယွမ်ရဲ့ခန္ဓာကိုယ်ကို ဆန့်ကျင်နေတယ်။ အချိန်တစ်ခုရောက်တိုင်း သူက သေလုမျောပါးနာကျင်မှုကို ခံစားရတယ်။ တစ်ချိန်တည်းမှာပဲ သက်တမ်းတွေကု န်ဆုံးရတယ်။ အခုတော့ သုံးရက်အတွင်း ငါ့သားက သေဆုံးနိုင်ချေရှိနေတယ်"

နဂါးဘုရင်က ဝမ်းနည်းစွာ ဖြေလိုက်သည်။

"သုံးရက်ကြာရင်လည်း ကျုပ်က သေချင်မှသေမှာပါ။ အဖေက ဒီလောက်အဆိုးမမြင်ပါနဲ့"

ထန်းယွမ်က ရယ်မောလိုက်သော်လည်း အသက်မပါသော ရယ်သံသာ ဖြစ်သည်။ ယဲ့ချန်သည် နဂါးဘုရင်ကို ဝမ်းမနည်းစေလိုသောကြောင့် ထန်းယွမ်က ပျော်ပျော်နေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ မိဘနှင့် သားသမီးကြားတွင် ဆက်ဆံရေးက နက်ရှိုင်းပြီး သူ၏ဖခင်အကြောင်း တွေးမိလိုက်သည်။ သူ၏သွေးကြောများ ပျက်စီး၍ အမှိုက်ဖြစ်ခဲ့ချိန်တွင် ယဲ့ကျန့်တန်းက စွန့်ပစ်ခဲ့ခြင်း မရှိပေ။

"ထန်းယွမ်ကို ဘယ်လိုကယ်ရမလဲ"

"မင်းထုတ်ဖော်နိုင်တဲ့ ဝိညာဥ်တွေမှာ လောကဝိညာဥ်နဲ့ တူညီတဲ့ စွမ်းအင်မျိုး ရှိနေတယ်။ ရှင်းဟွမ်ကတော့ မင်းကူညီရင် ဖြစ်နိုင်လောက်တယ်တဲ့"

နဂါးဘုရင်က တောင်းဆိုလိုက်သည်။

"ရပါတယ်။ ကျုပ် ဘယ်လိုကူညီပေးရမလဲ"

ထန်းယွမ်ကို ကယ်တင်နိုင်ရန် သူ၏အစွမ်းအစက လုံလောက်လျှင် ယဲ့ချန်က သေချာပေါက်ကူညီရန် ဆုံးဖြတ်ထားသည်။

"ရှင်းဟွမ်ပြောသလိုဆိုရင် ထန်းယွမ်မှာ အသက်ရှင်ဖို့ သုံးဆယ်ရာခိုင်နှုန်းရှိတယ်။ မင်းရဲ့ဝိညာဥ်တွေက ထိပ်တန်းချီရဲ့အသိစိတ်ကို တားဆီးပြီး ခန္ဓာကိုယ်ကို မထိခိုက်စေဘူးဆိုရင် ငါက သူအသက်ဆက်ရှင်ဖို့ နည်းလမ်း ရှာနိုင်လိမ့်မယ်"

အကယ်၍ ယဲ့ချန်ကသာ ထန်းယွမ်ကိုကယ်နိုင်လျှင် သေရမည်ဖြစ်ပါစေ၊ သူ၏တောင်းဆိုချက်တိုင်းကို နဂါးဘုရင်က လက်ခံပေလိမ့်မည်။

"ကျုပ် ကျရှုံးသွားရင်ရော"

ထန်းယွမ် အသက်ရှင်နိုင်ချေက နည်းပါးသောကြောင့် ယဲ့ချန်က စိုးရိမ်နေခဲ့သည်။

"ဒါဆိုရင်လည်း ကံကြမ္မာအလိုကျပေါ့"

နဂါးဘုရင်က လေးတွဲ့စွာ သက်ပြင်းချလိုက်သည်။

"အောင်မြင်သွားရင် အမြတ်ထွက်မယ်။ ရှုံးနိမ့်သွားရင်လည်း မျက်လုံးမှိတ်သွားရုံပါပဲ"

မရေမတွက်နိုင်သော နေ့ရက်များစွာတွင် လူမဆန်သည့် နာကျင်မှုကို ခံစားခဲ့ရသော ထန်းယွမ်က သေခြင်းတရားကို ကြောက်လန့်မနေခဲ့ပေ။

"အစိမ်းရောင်ထိပ်တန်းချီက ဘယ်ဓာတ်ကိုပို င်ဆိုင်လဲ"

ထန်းယွမ်၏ကိုယ်တွင်းသို့ ဝိညာဥ်ပေါင်းစပ်ပေးရန် ဖြစ်နိုင်သော်လည်း ထိပ်တန်းချီ၏ သဘောသဘာဝကို မသိသဖြင့် ယဲ့ချန်က အလေးအနက် စဥ်းစားနေသည်။

"သစ်သား"

"သစ်သးလောကဝိညာဥ်ဆိုရင် သစ်သားဝိညာဥ်ကို သုံးရမလား။ မဟုတ်သေးဘူး။ ရေက သစ်သားကို ရှင်သန်စေနိုင်တယ်။ ရေဝိညာဥ်ကို သုံးမယ်"

ယဲ့ချန်က ခွဲခြမ်းစိတ်ဖြာပြီးနောက် ဆုံးဖြတ်လိုက်သည်။

"လုပ်တော့"

ထန်းယွမ်၏ အမူအရာက နေ့စဥ်လုပ်နေကျ အရာတစ်ခုကို လုပ်နေသကဲ့သို့ ပေါ့ပါးနေသည်။

"နောက်ထပ်သုံးရက် မစောင့်တော့ဘူးလား"

ယဲ့ချန်က ခဏတာတိတ်ဆိတ်သွားကာ ပြန်မေးလိုက်သည်။

"နောက်သုံးရက်နေရင် လောကဝိညာဥ် အသိစိတ်က အသန်မာဆုံးဖြစ်လာပြီး အနာကျင်ဆုံး အချိန်ဖြစ်လိမ့်မယ်။ ငါက သတိလစ်သွားပြီး သေသွားနိုင်တယ်။ ငါသေရင်တောင် ဒီလောက်ကြီးနာကျင်ရမှာ မကြိုက်ဘူး။ မြန်မြန်သေတော့လည်း မြန်မြန်လူပြန်ဖြစ်တာပေါ့"

ထန်းယွမ်က ခေါင်းယမ်းလိုက်သည်။ ယဲ့ချန်က နဂါးဘုရင်ထံ ခွင့်တောင်းဟန်ဖြင့် ကြည့်လိုက်သောအခါ ခေါင်းညိတ်ပြနေခဲ့သည်။ ထန်းယွမ်ရော နဂါးဘုရင်ပါ ကြောက်လန့်တုန်လှုပ်နေသည့် အမူအရာမျိုး မရှိချေ။ ထန်းယွမ်၏ ခန္ဓာကိုယ်တစ်ဝက်တွင် အစိမ်းရောင်အရည်များက လျင်မြန်စွာ ခြောက်ကပ်လာနေသည်။

"ကောင်းပြီ။ ဒါဆိုရင် အခု စလိုက်တော့မယ်"

ယဲ့ချန်က စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်၍ ရေဝိညာဥ်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းက ရေပွက်ပမာ လှိုင်းဂယက်များ ထနေသည်။ သူက ၎င်းကို ထန်းယွမ်၏ကိုယ်တွင်းသို့ ဖြည်းညှင်းစွာပေါင်းစပ်ပေးလိုက်ပြီး ဝိညာဥ်အသိစိတ်ဖြင့် ထိန်းချုပ်ကာ နာကျင်မှုကို ပြေပျောက်စေရန် ကြိုးပမ်းလိုက်သည်။

"ဝမ်"

ရေဝိညာဥ် ပေါင်းစပ်သွားပြီးနောက် အသံတစ်ခု ထွက်ပေါ်လာကာ ထန်းယွမ်၏ကိုယ်တွင်းမှ အစိမ်းရောင်ချီများက ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာသည်။ သူ၏မျက်နှာထက်တွင် နာကျင်သောကြောင့် ရှုံ့မဲ့နေပြီး ရုပ်ခန္ဓာက စတင်ဖောင်းကားလာသည်။

"မကောင်းတော့ဘူး။ ပေါက်ကွဲတော့မယ်"

ရုပ်ခန္ဓာပေါက်ကွဲသွားလျှင် ထန်းယွမ် သေရမည်ဖြစ်သောကြောင့် နဂါးဘုရင်က မျက်နှာပျက်သွားလေသည်။

All Chapters