စကြဝဠာအတွင်းမှ ဆင့်ခေါ်သံ
Vol. 54 Ch. 758
ထန်းယွမ်သည် အလွန်အမင်း နာကျင်သောကြောင့် မျက်နှာတွင် သွေးဆုတ်ဖြူရော်နေသော်လည်း အံကြိတ်၍ အသံတစ်ချက် မထွက်ခဲ့ပေ။
"ရေက သစ်သားကို ကြီးထွားစေတယ်ဆိုရင် ထိပ်တန်းချီကို ပိုပြီးအစွမ်းထက်လာစေလိမ့်မယ်။ သတ္တုက သစ်သားကိုနိုင်တယ်"
ယဲ့ချန်သည် ရေဝိညာဥ်ကို ထန်းယွမ်၏ရုပ်ခန္ဓာက အလွယ်တကူ လက်ခံမည်ဟု ထင်ထားခဲ့သော်လည်း အမှားလုပ်လိုက်မိသည်။ ထို့နောက် သူက သတ္တုဝိညာဥ်တစ်ကောင်ကို ချက်ချင်းထုတ်ယူကာ ပေါင်းစပ်ပေးလိုက်သည်။ သတ္တုဝိညာဥ် ဝင်ရောက်သွားသောအခါ အလွန်လှုပ်ရှားနေသော ထိပ်တန်းချီများက အနည်းငယ်ငြိမ်သက်သွားကာ ခန္ဓာကိုယ်တစ်ခြမ်းက မူလအသွင်သို့ ပြန်ရောက်သွားခဲ့သည်။ သို့သော် ကိစ္စက ဤမျှနှင့်မပြီးသေးဘဲ ထန်းယွမ်၏နဖူးထက်တွင် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာသောအခါ သတ္တုဝိညာဥ်၏ အကျိုးသက်ရောက်မှု ဖြစ်နိုင်သည်။ ဓာတ်ကြီးငါးပါးက အချင်းချင်း ဟန်ချက်ညီမျှစွာဖြင့် တည်ရှိနေပြီး လူတစ်ယောက်၏ခန္ဓာကိုယ်အတွင်း ဓာတ်ငါးပါးညီမျှလျှင် ပြဿနာမရှိနိုင်ဟု ယဲ့ချန်က ရုတ်တရက် အတွေးပေါက်လိုက်သည်။ ထို့နောက် သူက မီးဝိညာဥ်နှင့် မြေဝိညာဥ်ကိုလည်း ထန်းယွမ်နှင့် ပေါင်းစပ်လိုက်သည်။
ဓာတ်ကြီးငါးပါးက ခန္ဓာကိုယ်အတွင်း ချိတ်ဆက်သွားသောအခါ နာကျင်မှုကြောင့် တင်းမာနေသည့် မျက်နှာက ပြေလျော့သွားကာ စိတ်အေးသွားပုံရသည်။ တစ်စုံတစ်ခုက ဖိနှိပ်လိုက်သည့်အလား ပြင်းထန်နေသော ထိပ်တန်းချီများလည်း တိတ်ဆိတ်တည်ငြိမ်သွားခဲ့သည်။ သူ၏အမူအရာ ပုံမှန်ဖြစ်သောအခါတွင်မှ ယဲ့ချန်နှင့် နဂါးဘုရင်က သက်ပြင်းချလိုက်မိသည်။
"ထန်းယွမ်ရဲ့ကိုယ်ထဲက ထိပ်တန်းချီက တည်ငြိမ်သွားပြီထင်တယ်။ ဒါပေမယ့် ဒါက အနာဂတ်မှာ ထပ်မဖြစ်လာနိုင်ဘူးလို့တော့ ကျုပ် အာမမခံရဲဘူး"
ယဲ့ချန်က ထန်းယွမ်၏ခန္ဓာကိုယ်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကာ ပြောလိုက်ခြင်းဖြစ်သည်။
"ဒီအခြေအနေက သူ့အတွက် ကောင်းနေပါပြီ။ အနာဂတ်မှာ ဘာဆက်လုပ်ရမလဲ ဆိုတာကတော့ စဥ်းစားရမှာပေါ့"
နဂါးဘုရင်က ခေါင်းညိတ်လိုက်သည်။ ထန်းယွမ်သည် မျက်လုံးများဖွင့်လိုက်ပြီး သူ၏ကိုယ်တွင်း၌ ထိပ်တန်းချီက လည်ပတ်နေပြီး အသက်အားများ ပြန်လည်ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်က လွန်ခဲ့သော နှစ်ရာချီက အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားသကဲ့သို့ ကောင်းမွန်လာသည်။
"ငါ နေကောင်းသွားပြီလား"
ခန္ဓာကိုယ်အတွင်း၌ ပြဿနာမရှိသောကြောင့် ထန်းယွမ်က မယုံနိုင်ဟန်ဖြင့် ခုန်ပေါက်ကြည့်လိုက်သည်။ ထိပ်တန်းချီအသိစိတ်က ရှိနေဆဲဖြစ်သော်လည်း သူ၏အသက်ဓာတ်ကို တိုက်စားရမည့်အစား အသက်ဓာတ်များ ပြန်လည်ဖြည့်တင်းပေးနေခဲ့သည်။
"မင်း ယဲ့ချန်ကို ကျေးဇူးတင်သင့်တယ်"
နဂါးဘုရင်က ပြုံး၍ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ မင်းဘာလိုလို ငါ အကောင်းဆုံး ကူညီပေးမယ်"
ထန်းယွမ်က ယဲ့ချန်ကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ချိန်၌ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
ကျန်နှစ်ယောက်က စိတ်များ လေးလံသွားသည်။ ဖိနှိပ်ခံထားရသော ထိပ်တန်းချီက နောက်တစ်ကြိမ် ပေါက်ကွဲလာခြင်း ဖြစ်နိုင်သည်။ သူ၏ခန္ဓာကိုယ်ထက်တွင် အစိမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားတစ်ရပ်လည်း ထွက်ပေါ်လာသည်။
"မကောင်းတော့ဘူး"
သူတို့က ရှေ့တိုးရန် ကြိုးစားလိုက်သော်လည်း တစ်ဖက်မှ စွမ်းအင်၏ရိုက်ခတ်မှုကြောင့် ခြေလှမ်းများစွာ နောက်ဆုတ်ပေးလိုက်ရသည်။ နတ်ဆိုးယာဥ်ပေါ်ရှိ ကျန်နတ်အစေခံသုံးယောက်လည်း ထိတ်လန့်နေကြသည်။ အစိမ်းရောင်စွမ်းအင်က ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ပေါ်လာကာ ထန်းယွမ်ကို ဝါးမျိုသွားချိန်၌ ညည်းသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ကြယ်အဆီအနှစ်နှင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ဘက်ခြမ်းက အစိမ်းရောင်အရည်များအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲလာနေသည်။
"သွားပြီ"
ယဲ့ချန်သည် ဖြစ်ပျက်နေသမျှကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ ထိပ်တန်းချီက သူ၏ဝိညာဥ်ကောင်များကို ဝါးမျိုနိုင်သည်အထိ စွမ်းအားကြီးမည်ဟု ထင်မှတ်မထားရာ ထန်းယွမ်ကို ကယ်တင်နိုင်ခဲ့ပုံမရချေ။ ထန်းယွမ်က ခန္ဓာကိုယ်တစ်ခုလုံး အစိမ်းရောင်အရည်ဖြစ်သွားကာ အချိန်မရွေး ပေါက်ကွဲနိုင်ချေရှိသည်။ နဂါးဘုရင်နှင့် ယဲ့ချန်သည် အလွန်စိုးရိမ်နေသော်လည်း သူ့အနားသို့ မကပ်နိုင်သောကြောင့် ကူညီမပေးနိုင်ခဲ့ပေ။ အစိမ်းရောင်အလင်းများကြားတွင် နာကျင်နေသော ထန်းယွမ်၏မျက်နှာက ခပ်ရေးရေး ထွက်ပေါ်နေသည်။ ထိုအချိန်၌ တည်ငြိမ်သော သူရဲကောင်းတစ်ယောက်ဖြစ်သည့် နဂါးဘုရင်၏မျက်လုံးများတွင် မျက်ရည်များ ဖြစ်ပေါ်လာသည်။ ဇနီးနှင့် သမီး သေဆုံးသွားပြီးနောက် သားနှင့်ခွဲခွာရမည့်အရေးကို သူက မလိုချင်ပေ။ ထန်းယွမ်က သူ၏တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ပြီး စကားပြောတတ်ကာစ၌ အဖေဟု ခေါ်ဝေါ်ခဲ့ပုံများ အတွေး၌ ထွက်ပေါ်လာသည်။
ထန်းယွမ်သည် အမှိုက်တစ်စ မဖြစ်လိုသောကြောင့် ရုပ်ခန္ဓာ အသစ်ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ သူက အမှိုက်ဖြစ်နေလျှင်ပင် နဂါးဘုရင်၏သားဖြစ်သောကြောင့် ပူစရာမလိုဟု နဂါးဘုရင်က နားချခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူက သဘောတူခဲ့သောကြောင့် လက်ရှိ၌ ထိုဆုံးဖြတ်ချက်ကို အလွန်နောင်တရလျက်ရှိသည်။ ထန်းယွမ်ကို ထိပ်တန်းချီက နှိပ်စက်သည့် အကြိမ်တိုင်း သူက ကိုယ်စားဝင်ခံပေးချင်ခဲ့သည်။ နာကျင်သော်လည်း အမြဲပြုံးနေတတ်သော ထန်းယွမ်၏မျက်နှာက သူ၏ပြဿနာများကို မေ့လျော့သွားစေသည်။ သူ၏မျက်ဝန်းအတွင်း ပေါ့ပါးလွတ်လပ်သော ထန်းယွမ်၏အပြုံးက တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။
"တောင်းပန်ပါတယ် သားရယ်"
နဂါးဘုရင်က မျက်လုံးများမှိတ်လိုက်ပြီး မျက်ရည်များ ဆက်တိုက်ကျဆင်းနေသည်။
အစိမ်းရောင်ချီများက လှိုင်းထန်နေပြီး ပေါက်ကွဲရန်အတွက် အကြိမ်အနည်းငယ်အထိ လှုပ်ခတ်နေသည်။ ထန်းယွမ်က နာကျင်နေပုံရသော်လည်း အံကြိတ်ခံပြီး အသံတစ်ချက် မထွက်လာသောကြောင့် နဂါးဘုရင်ကို ပို၍ဝမ်းနည်းစေခဲ့သည်။ သို့သော် အချိန်တစ်ခုကြာသောအခါ အစိမ်းရောင်အရည်များနေရာ၌ အသွေးအသားများ ဖြစ်တည်လာပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်ချောမွတ်သော အရေပြားတစ်ခု အစားထိုး ဝင်ရောက်လာခဲ့သည်။ ဤဖြစ်ရပ်ကို မြင်တွေ့နေရသော ယဲ့ချန်က မယုံနိုင်ဟန်ဖြင့် စောင့်ကြည့်နေခဲ့သည်။
"နဂါးဘုရင် ကြည့်လိုက်ဦး"
အသွေးအသားများ ထပ်မံဖြစ်ပေါ်လာသောအခါ သူက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
"ဒါ...ဒါက ဘယ်လိုဖြစ်တာလဲ"
နဂါးဘုရင်သည် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ထန်းယွမ်၏ခန္ဓာကိုယ်ထက်၌ အသွေးအသားများ ဖြစ်တည်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် ပိုမိုပြင်းထန်သော အရှိန်အဝါတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာသောကြောင့် သူတို့က နောက်ဆုတ်ပေးလိုက်ရပြန်သည်။ နောက်ဆုံးတွင် အသွေးအသားများက ရုပ်ခန္ဓာတစ်ခုအဖြစ် ပြည့်စုံသွားပြီး အစိမ်းရောင်ထိပ်တန်းချီက ပျောက်ကွယ်သွားခဲ့သည်။ ထန်းယွမ်သည် သူ၏ခန္ဓာကိုယ်အသစ်ကို အံ့သြစွာ စစ်ဆေးနေခဲ့သည်။ ၎င်းက သူ့ကို အလှပဆုံးသော အိပ်မက်တစ်ခုအတွင်း ရောက်နေသကဲ့သို့ ခံစားရစေသည်။ တစ်ချိန်တည်းမှာပင် သူ၏အရှိန်အဝါက ဆက်တိုက်မြင့်တက်လာကာ စစ်ဧကရာဇ်အဆင့် အတားအဆီးကိုကျော်ဖြတ်၍ နတ်အစေခံအဆင့်တစ်ဆယ်ရောက်မှသာ ရပ်တန့်သွားသောကြောင့် ယဲ့ချန်နှင့် နဂါးဘုရင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။
ထန်းယွမ်၏ကျင့်ကြံဆင့်က သူနှင့်တူညီသော်လည်း တိုက်ခိုက်ရေးစွမ်းအားက ပို၍သာလွန်ကြောင်း အာရုံခံမိသဖြင့် နဂါးဘုရင်၏မျက်နှာ ဝင်းလက်သွားသည်။ ထန်းယွမ်က လက်တစ်ဖက်ယမ်းလိုက်ရုံဖြင့် လေထုက တရွှီးရွှီးမြည်ကာ ပေါက်ကွဲသွားပြီး နဂါးဘုရင်နှင့် ယဲ့ချန်က နောက်ဆုတ်ပေးလိုက်ရသည်။
"ဒါက အဆင့်တစ်မျိုးနွယ်ရဲ့ ရုပ်ခန္ဓာပါလား"
နဂါးဘုရင်က ပျော်ရွှင်မှုနှင့် အံ့သြမှုကို ခံစားနေရသည်။ အထူးမျိုးနွယ်တစ်ခုဖြစ်သော ရှင်းဟွမ်များမှလွဲလျှင် ကျန်အဆင့်တစ်မျိုးနွယ်များသည် မွေးကာစ၌ နတ်အစေခံအဆင့်တစ်ဆယ်အထိ ရောက်ရှိကြသည်။ လောကဝိညာဥ်က အဆင့်တစ်မျိုးနွယ်၏ ရုပ်ခန္ဓာကို ဖြစ်ပေါ်လာစေမည်ဟု မည်သူမှ ထင်မထားမပေ။ ဤကိစ္စကို လျှို့ဝှက်ထားရမည်ဟူသော အတွေးက ယဲ့ချန်နှင့် နဂါးဘုရင်တွင် ပြိုင်တူဖြစ်ပေါ်လာသည်။ ထိပ်တန်းအစိမ်းရောင်ချီက ထန်းယွမ်၏ခန္ဓာကိုယ်ကို ပြောင်းလဲပစ်လိုက်သော်လည်း အသွင်အပြင်က အဆင့်သုံးလူသားမျိုးနွယ်နှင့် မခြားပေ။ ယဲ့ချန်ကြောင့်သာမဟုတ်လျှင် ဤမျှအစွမ်းထက်သော ရုပ်ခန္ဓာကို ပိုင်ဆိုင်စရာ အကြောင်းမရှိသဖြင့် ထန်းယွမ်က ကျေးဇူးတင်နေခဲ့သည်။ ထို့အပြင် အကြောင်းအရင်းအချို့ကြောင့် သူ၏စိတ်ထဲတွင် ယဲ့ချန်အပေါ် လေးစားမှုတစ်ခု ရှိနေခဲ့သည်။
"ထန်းယွမ်က အဆင့်တစ်မျိုးနွယ်ရဲ့ ရုပ်ခန္ဓာ ပိုင်ဆိုင်သွားမယ်လို့ မထင်ထားဘူး။ ကျေးဇူးအများကြီးတင်ပါတယ် ယဲ့ချန်။ မင်းကြောင့်သာမဟုတ်ရင် ငါတို့သားအဖက ထာဝရ ခွဲခွာရတော့မယ်"
နဂါးဘုရင်သည် အလွန်ဝမ်းမြောက်နေသောကြောင့် ယဲ့ချန်ကို စိတ်ရင်းနှင့် ကျေးဇူးတင်နေခြင်းဖြစ်သည်။
"ဒါက ထန်းယွမ်ရဲ့စိတ်ဓာတ် သန်မာလို့ပါ။ ကျုပ် ဘာမှမကူညီလိုက်ရပါဘူး"
ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။ အစိမ်းရောင်အရည်များက ပေါက်ကွဲရန် လေးငါးကြိမ်အထိ နီးကပ်ခဲ့သည်ကို သူက အာရုံခံမိခဲ့သည်။ ထိုအကြိမ်တိုင်း ထန်းယွမ်က စိတ်ဓာတ်ခိုင်မာစွာဖြင့် တောင့်ခံနိုင်ခဲ့သောကြောင့် ရှင်သန်ခဲ့ရသည်။ စိတ်ခွန်အားနည်းပါးသူများသာဆိုလျှင် ထိပ်တန်းချီနှင့် အောင်မြင်စွာ ပေါင်းစပ်နိုင်မည် မဟုတ်ပေ။
"စကြဝဠာအနက်ပိုင်းမှာ တစ်ခုခုက ကျုပ်ကို ဆင့်ခေါ်နေတယ်"
ထန်းယွမ်က မျက်လုံးများမှိတ်၍ တစ်ခုခုကို အာရုံခံမိဟန်ဖြင့် ရေရွတ်လိုက်သည်။
"စကြဝဠာအနက်ပိုင်းက ဆင့်ခေါ်သံ။ ဘာများဖြစ်မလဲ။ ထန်းယွမ်က မျိုးနွယ်တစ်ခုခုနဲ့ ဆက်သွယ်လိုက်နိုင်တာလား"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ နဂါးဘုရင်က အတွေးနက်နေသည်။
"ဒါပေမယ့် ဘယ်နေရာလဲဆိုတာ ကျုပ် မသိဘူး"
ထန်းယွမ်၏စကားကြောင့် နဂါးဘုရင်က စိုးရိမ်သွားခဲ့သည်။ တစ်စုံတစ်ယောက်က ထန်းယွမ်တွင် အဆင့်တစ်ရုပ်ခန္ဓာ ပိုင်ဆိုင်ထားကြောင်း သိသွားခြင်းဖြစ်နိုင်သည်။ ထိပ်တန်းချီနှင့် ပတ်သက်နေသော အရာတစ်ခုက ထန်းယွမ်ကို ထိန်းချုပ်ချင်နေသည်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ထန်းယွမ်ကို ဆင့်ခေါ်နေသော အရာမှာ အလွန်အမင်း အစွမ်းထက်နိုင်သောကြောင့် လက်ရှိတွင် သူတို့၏ခွန်အားဖြင့် မဆက်သွယ်နိုင်ချေ။
နတ်ဆိုးယာဥ်က ကြယ်များစွာကို ကျော်ဖြတ်ပြီးနောက် ဆယ်ရက်အကြာ၌ အနီရောင်ကြယ်တစ်လုံးသို့ ရောက်ရှိဆိုက်ကပ်လိုက်သည်။ ၎င်းတွင် မီးများတောက်လောင်နေသကဲ့သို့ အပူလှိုင်းများ တဝုန်းဝုန်းထွက်ပေါ်နေကာ ၎င်းတို့နှင့်ထိမိလျှင် စစ်ဧကရာဇ်တစ်ယောက်က ပြာကျသွားနိုင်သည်။ နတ်အစေခံများသာ ဤကြယ်ပေါ်၌ အသက်ရှင်နိုင်သောကြောင့် ထာဝရကြယ်သင်္ချိုင်းသို့ဝင်ရန် အနိမ့်ဆုံးလိုအပ်ချက်မှာ နတ်အစေခံအဆင့်ဖြစ်သည်ဟု ဆိုလိုနေသည်။ အရုဏ်တက်ကြယ်တစ်ခုလုံးတွင် ကျင့်ကြံသူများ ပြည့်နှက်နေပြီး သောင်းချီသော ယာဥ်များက ရပ်နားထားကြသည်။
ယဲ့ချန်နှင့် နဂါးဘုရင်သည် အရုဏ်တက်ကြယ်၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်၌ နေထိုင်သူများမရှိဟု ထင်ထားသော်လည်း မှားယွင်းနေခဲ့သည်။ စကြဝဠာအတွင်း၌ ထူးခြားအစွမ်းထက်သော မျိုးနွယ်များ ပြည့်နှက်နေသည်။
"မင်းတို့သုံးယောက် ယာဥ်ကို စောင့်နေခဲ့"
နဂါးဘုရင်က နတ်အစေခံသုံးယောက်ကို အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်"
ထိုသုံးယောက်က နတ်ဆိုးယာဥ်ကို ကာကွယ်စောင့်ကြပ်နေစဥ် ယဲ့ချန်၊ ထန်းယွမ်နှင့် နဂါးဘုရင်က ထာဝရကြယ်သင်္ချိုင်းအတွင်း ဝင်ရောက်မည်ဖြစ်လေသည်။