အဖွဲ့တစ်ခုသို့ ဝင်ရောက်ခြင်း
Vol. 54 Ch. 759
ယဲ့ချန်တို့သုံးယောက်သည် ယာဥ်ပေါ်မှ ထွက်ခွာလာပြီး အဝေးသို့ ကြည့်လိုက်သောအခါ ပူပြင်းသော မျက်နှာပြင်ထက်၌ စျေးအချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ နတ်အစေခံများက နေရာတိုင်းရှိနေပြီး အဖွဲ့တစ်ခုတွင် အနိမ့်ဆုံး ဆယ်ဦးကျော်ပါဝင်ပြီး ရာထောင်ချီသော အဖွဲ့များစွာလည်း ရှိသည်။ အဖွဲ့အချို့တွင် ကြယ်အသီးသီးမှ နတ်အစေခံများပါဝင်ပြီး မဟာမိတ်ဖွဲ့ထားကြသည်။ သာမန်ကြယ်များ၌ နတ်အစေခံအရေအတွက်များစွာ ပိုင်ဆိုင်ထားခြင်း မရှိပေ။ အပေါ်သို့မော့ကြည့်လိုက်လျှင် မိုးကုပ်စက်ဝိုင်း၌ ညိုညစ်ညစ်အဖြူရောင် တံခါးကို မြင်နိုင်သည်။ ၎င်းက အရောင်ဖျော့နေပြီး မည်မျှမြင့်မားသည်ကို မည်သူမှမပြောနိုင်ပေ။ တံခါးရှေ့တွင် လူသားများမှာ သမုဒ္ဒရာအတွင်းမှ ရေတစ်စက်ကဲ့သို့ သေးငယ်လှသည်။ တစ်ချိန်တည်းမှာပင် ၎င်းက အစစ်အမှန်ဖြစ်နေပြီး ပုံရိပ်ယောင်နှင့်လည်း ဆင်တူနေကာ ၎င်းကိုဖြတ်သန်း၍ အဆုံးမဲ့အမှောင်ထုကြီးကို မြင်နိုင်သည်။ ၎င်းက ထာဝရကြယ်သင်္ချိုင်း၏ ဟင်းလင်းပြင်းတံခါးပေါက်ဖြစ်ကာ ဟင်းလင်းပြင်ကိုဖြတ်၍ သွားရပေလိမ့်မည်။ ပုံမှန်အခြေအနေများတွင် ကြယ်သခင်များသာ စကြဝဠာအတွင်း၌ သွားလာနိုင်သော်လည်း ဤနေရာ၌ အနည်းငယ်ကွဲပြားနေပြီး နတ်အစေခံများပင် ဖြတ်သန်းသွားလာနိုင်သည်။ မဟာစစ်ပွဲကြီးကြောင့် ဤကြယ်ဒေသ၏ စည်းမျဥ်းနိယာမ ပြောင်းလဲသွားသည်ဟု ကောလဟာလများရှိသော်လည်း မည်သူမှ အတပ်မပြောနိုင်ချေ။
ကြယ်သခင်များက အရုဏ်တက်ကြယ်ပေါ်တွင် ရပ်နားခြင်းမရှိဘဲ ကြယ်သင်္ချိုင်းအတွင်းပိုင်း၌ ရတနာရှာဖွေရန် တိုက်ရိုက်ဝင်ရောက်သွားကြသည်။ နတ်အစေခံများကမူ အပြင်ဘက်ပိုင်းသို့ ဝင်ရောက်ရန်ပင် အဖွဲ့များဖွဲ့စည်းရသည်။ ယဲ့ချန်တို့သုံးယောက် ရောက်လာသောအခါ နတ်အစေခံအချို့က သူတို့၏အဖွဲ့အတွင်းဝင်ရန် အော်ဟစ်ဖိတ်ခေါ်နေကြသည်။ သုံးယောက်တည်းဖြင့် ကြယ်သင်္ချိုင်းအတွင်းဝင်လျှင် စွန့်စားလွန်းရာကျသောကြောင့် သူတို့က အရေအတွက်ခြောက်ထောင်ကျော်ပါဝင်သည့် အဖွဲ့တစ်ခုကို ပူးပေါင်းလိုက်သည်။ အရေအတွက်များလွန်းသောကြောင့် လုံခြုံမှုရှိရုံသာမက သူတို့က မလိုလားအပ်သော အာရုံစိုက်မှုများကိုလည်း ရှောင်တိမ်းနိုင်ပေသည်။ ဤအဖွဲ့တွင် ကြယ်ဒေသပေါင်းစုံမှ ကျင့်ကြံသူများပါဝင်ပြီး ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းက အလွန်ကျယ်ဝန်းကာ မရေမတွက်နိုင်သော ကြယ်ဒေသများ တည်ရှိသည်။ သူတို့အားလုံးက ကြယ်သင်္ချိုင်းအတွင်း စူးစမ်းရှာဖွေရန် နေရာအသီးသီးမှ ရောက်လာခြင်းဖြစ်သည်။
ယဲ့ချန်တို့သည် တင်ပျဥ်ခွေထိုင်ချ၍ ပတ်ဝန်းကျင်မှ စကားသံများကို နားစွင့်ပြီး သတင်းအချက်အလက်များ စုဆောင်းလိုက်၏။
"ထိပ်တန်းမဟာမိတ်ရဲ့ ပိုင်နက်သားရဲစစ်တပ်က ရှေးဝိညာဥ်ကုန်းမြေကို စတင်တိုက်ခိုက်နေပြီလို့ ကြားတယ်"
ထိုသတင်းကို ကြားသောအခါ ယဲ့ချန်က အစွမ်းကုန်အာရုံစိုက်၍ နားထောင်နေခဲ့သည်။
"ထိပ်တန်းမဟာမိတ်မှာ အရွယ်ရောက် ပိုင်နက်သားရဲသုံးကောင် ရှိတယ်။ အနိုင်ရဖို့ အခွင့်အရေးများတယ်မလား"
"ငါလည်း သေချာမသိဘူး။ ကြယ်သခင် အယောက်သုံးဆယ်ကျော်၊ နတ်အစေခံ တစ်သောင်းကျော်၊ စစ်ဧကရာဇ်သန်းချီပါဝင်တဲ့ စစ်တပ်က ရှေးဝိညာဥ်ကုန်းမြေကို အနိုင်ရလောက်ပါတယ်"
ပိုင်နက်သားရဲစစ်တပ်ဆိုသည်မှာ အရေအတွက်များပြားသော ပိုင်နက်သားရဲများ ပါဝင်ခြင်းမဟုတ်ဘဲ ရှေ့ဆုံးမှ အရေအတွက်အနည်းငယ် ဦးဆောင်ခြင်းဖြစ်သည်ဟု ကြားလိုက်ရသောအခါ ယဲ့ချန်က သက်ပြင်းချလိုက်သည်။ ကျောက်စိမ်းနန်းတော်၏ ကိုးထပ်အကြောင်း တွေးမိလိုက်ပြီး အကယ်၍ ထိုနေရာမှ ပိုင်နက်သားရဲအားလုံး အကောင်ပေါက်လာလျှင် အစစ်အမှန်စစ်တပ်တစ်ခု ဖြစ်လာပေလိမ့်မည်။ ဤအရေအတွက်ရှေ့မှောက်၌ ထိပ်တန်းမဟာမိတ်၏ ပိုင်နက်သားရဲများမှာ စစ်တပ်ဟုခေါ်ရန် ထိုက်တန်မည် မဟုတ်ချေ။
"မိတ်ဆွေ ထိပ်တန်းမဟာမိတ်က ဘယ်လိုအဖွဲ့မျိုးလဲ"
နဂါးဘုရင်သည် အနီးရှိ နတ်အစေခံတစ်ယောက်ထံ စုံစမ်းလိုက်ခြင်းဖြစ်သည်။ ကျင့်ကြံသူတိုင်းက အသွင်အပြင်များကွဲပြားနေပြီး အချို့တွင် ဦးမှင်များပိုင်ဆိုင်ထားကာ အချို့၏မျက်နှာများက မည်းနက်နေကြသည်။
"မင်းတို့သုံးယောက်လာတဲ့ နေရာက တော်တော်ချောင်ကျမယ် ထင်တယ်။ ဟုတ်တယ်မလား"
ထိုလူက အထင်သေးစွာဖြင့် မေးလာခြင်းဖြစ်သည်။
"ဟုတ်ပါတယ်"
နဂါးဘုရင်က တစ်ဖက်လူ၏အထင်သေးမှုကို မမြင်ဟန်ဆောင်၍ ခေါင်းညိတ်ပြလိုက်သည်။ ကောင်းကင်မူလကြယ်တွင် အစစ်အမှန်အုပ်စိုးသူဖြစ်သော နဂါးဘုရင် နှိမ့်ချနေသည်ကိုမြင်သောအခါ ယဲ့ချန်နှင့် ထန်းယွမ်က ပြုံးလိုက်မိသည်။
"ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းမှာ အသန်မာဆုံး ကြယ်သခင်၃၂ယောက် ရှိတယ်။ သူတို့အားလုံးက ထိပ်တန်းအဆင့်ရောက်နေကြပြီး ထိပ်တန်းသခင်တွေ ဖြစ်ကြတယ်။ တစ်ယောက်ချင်းစီက ကြယ်ဒေသတစ်ခုကို အုပ်ချုပ်တဲ့ ဘုရင်တွေဖြစ်ကြတယ်။ ထိပ်တန်းမဟာမိတ်ကို ထိပ်တန်းသခင်ခြောက်ယောက် ဖွဲ့စည်းထားတာဖြစ်ပြီး ကြယ်သခင်ရာချီပါဝင်လို့ အစွမ်းအထက်ဆုံး အဖွဲ့တစ်ခုဖြစ်တယ်"
နဂါးဘုရင်၏ နှိမ့်ချမှုကြောင့် တစ်ဖက်လူက သေချာရှင်းပြပေးခဲ့သည်။
"ကျုပ်က အဆင့်ခြောက်နတ်အစေခံ ယုကျီပါ။ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ မိတ်ဆွေ"
နဂါးဘုရင်က သတင်းအချက်အလက်များ ပိုမိုရယူရန်အတွက် ကျင့်ကြံဆင့်ကို ဖိနှိပ်ထားလိုက်သည်။
"ကျုပ်က ရှယုမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး အဆင့်ရှစ် နတ်အစေခံတစ်ယောက်ပါ။ ငရဲဝိညာဥ်လို့ ခေါ်နိုင်တယ်"
ငရဲဝိညာဥ်က ဖြေလိုက်သည်။
"ရှယုမျိုးနွယ်က အဆင့်သုံးမျိုးနွယ်တွေမှာ ထိပ်တန်းမျိုးနွယ်တစ်ခု ဖြစ်တယ်။ အစ်ကိုကြီးက အဆင့်ရှစ်နတ်အစေခံဆိုပေမယ့် အဆင့်ကိုးအောက် မနိမ့်ဘူး။ ကျုပ်က ခရမ်းရောင်နွားသိုးမျိုးနွယ်က နီယွမ်ပါ"
ခေါင်းထက်၌ ဂျိုကြီးများရှိနေသော နတ်အစေခံတစ်ယောက်က ဝင်ပြောလိုက်ခြင်းဖြစ်သည်။ ဤအဆင့်အထိ ကျင့်ကြံလာနိုင်သော သားရဲမျိုးနွယ်ဝင်များက သက်တမ်းအလွန်ရှည်သည်။
"ဒီနှစ်ယောက်က ဘယ်သူတွေလဲ"
နီယွမ်က ယဲ့ချန်နှင့် ထန်းယွမ်ကို ကြည့်ကာ မေးလိုက်သည်။
"ကျုပ်ရဲ့သား ထန်းယွမ်နဲ့ သူ့ရဲ့မိတ်ဆွေ ယဲ့ချန်ပါ"
နဂါးဘုရင်က တစ်ချက်ပြုံး၍ ဖြေလိုက်သည်။
"ငါတို့က သုံးရက်အတွင်း ထွက်ခွာလိမ့်မယ်။ အသင့်ပြင်ထားကြ"
ငရဲဝိညာဥ်က သူတို့ကိုအသိပေးလိုက်ပြီး မျက်လုံးများမှိတ်ကာ ကျင့်ကြံနေခဲ့သည်။ ထန်းယွမ်က သူ၏အပြုအမူကို စိတ်ထဲမထားဘဲ နီယွမ်နှင့် အခြားနတ်အစေခံများကို ရင်းနှီးအောင် ပေါင်းသင်းလိုက်၏။ မကြာမီပင် သူက မိတ်ဆွေအရင်းအချာများသဖွယ် ခင်မင်သွားသောကြောင့် သတင်းအချက်အလက်များစွာ ရလိုက်သည်။ အချို့က အလွန်ဝေးကွာသော နေရာများမှ လာသူများဖြစ်ပြီး ဤကြယ်သို့ရောက်ရန် စကြဝဠာအတွင်း ရက်ပေါင်းများစွာ ခရီးနှင်ခဲ့ရသည်။ အနီးအနားကြယ်ဒေသများမှ လာရောက်သော နတ်အစေခံများလည်း ရှိသည်။ ကြယ်ဒေသများ၏ဆက်ဆံရေးက ရှုပ်ထွေးပြီး ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်ရန်အတွက် မဟာမိတ်ဖွဲ့ထားကြသည်။ ထိပ်တန်းမဟာမိတ်အပြင် ကြယ်သခင်များ၏ ကိုယ်ပိုင်အင်အားစုများလည်း ရှိသည်။
ထိပ်တန်းကြယ်သခင်များထက် ပို၍ဆန်းကျယ်သူများမှာ ကောင်းကင်ပညာရှိများဖြစ်ပြီး ထာဝရပြည်ထောင်၏ သစ္စာရှိနောက်လိုက်များဖြစ်ကာ ကြယ်အဖွဲ့အစည်းအတွင်း လှည့်လည်သွားလာနေကြသည်။ သို့သော် သူတို့က စစ်ပွဲအတွင်း ပါဝင်ခြင်းမရှိဘဲ ကြယ်သခင်အချို့ကို စကြဝဠာအတွင်းပိုင်းသို့ ခေါ်ဆောင်သွားတတ်သည်။ သို့သော် ထိုကြယ်သခင်များက လုံးဝပြန်ရောက်မလာခဲ့ပေ။
အဖွဲ့အတွင်း၌ စစ်ကြောင့် အိမ်ဆုံးရှုံးခဲ့ရသော လေလွင့်ကျင့်ကြံသူများလည်း ပါဝင်ပြီး စကြဝဠာအတွင်း စွန့်စားရင်း အသက်ဆက်နေသူများဖြစ်ကြသည်။ နဂါးဘုရင်နှင့် ထန်းယွမ်သည် သူတို့ကို ကြင်နာစွာဖြင့် ဖိတ်ခေါ်ခဲ့သည်။ အကယ်၍ သူတို့သာ ကောင်းကင်မူလကြယ်သို့ လာရောက်နေထိုင်မည်ဆိုလျှင် အကူအညီဖြစ်ပေလိမ့်မည်။ သူတို့က ငြင်းပယ်လိုက်လျှင်လည်း ထန်းယွမ်က ရင်းနှီးမှုဖြင့် ဆက်ဆံရေးတစ်ခု အစပြုနိုင်သည်။ ယဲ့ချန်၏ခွန်အားကိုမူ သူတို့က အားနည်းသည်ဟု သတ်မှတ်ထားသောကြောင့် ဘေးထွက်ရပ်နေကြည့်နေရုံသာ တတ်နိုင်သည်။
နတ်အစေခံများက ဆွေးနွေးတိုင်ပင်နေကြစဥ် ကောင်းကင်၌ ရွှေရောင်ချပ်ဝတ်ကိုယ်စီနှင့် ကျင့်ကြံသူသုံးယောက် ထွက်ပေါ်လာကြသည်။ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အရှိန်အဝါသက်သက်ဖြင့်ပင် နဂါးဘုရင်ထက် ပို၍အစွမ်းထက်ကြောင်း သိနိုင်သည်။
"ရွှေခေါင်းလောင်းချပ်ဝတ်ပါလား။ ဒီအရာကို နတ်အစေခံ အဆင့်တစ်ဆယ်တစ်ယောက်တောင် မချိုးဖျက်နိုင်ဘူး"
နတ်အစေခံများက အားကျစွာဖြင့် ရေရွတ်လိုက်ကြသည်။ ငရဲဝိညာဥ်၏ မျက်လုံးများ၌ပင် မနာလိုအားကျစိတ်များ ဖြစ်ပေါ်နေသည်။
"လူတိုင်း မတ်တပ်ရပ်ကြ။ ထွက်ခွာမယ်"
လေထဲတွင် ရပ်နေသော ကျင့်ကြံသူသုံးယောက်အနက် အမျိုးသားတစ်ယောက်၏ စကားသံ ထွက်ပေါ်လာကာ အရုဏ်တက်ကြယ်တစ်ခုလုံးသို့ ပျံ့နှံသွားခဲ့သည်။
"သွားကြစို့"
နတ်အစေခံများက ကောင်းကင်ထက်သို့ အုပ်စုလိုက် ပျံတက်လာကြသည်။
"ဒီသုံးယောက်က ဘယ်သူတွေလဲ"
ယဲ့ချန်က မေးလိုက်၏။
"သူတို့က ငွေပင်လယ်ကဖြစ်ပြီး ကြယ်သခင်အောက်သာ အားနည်းတယ်။ သူတို့ရဲ့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ကိုးဆယ်ကျော်တယ်။ သူတို့ရဲ့ကြယ်မှာ ကြယ်သခင်သာရှိမနေရင် သုံးယောက်လုံးမှာ ကြယ်သခင်ဖြစ်လာနိုင်တဲ့ အခွင့်အရေးရှိတယ်"
နီယွမ်က ဖြေလိုက်သည်။
နတ်အစေခံသုံးယောက်၏ ဦးဆောင်မှုဖြင့် ကျင့်ကြံသူခြောက်ထောင်ကျော်က နဂါးကြီးပမာစုဝေး၍ ဟင်းလင်းပြင်တံခါးထံ ဦးတည်လိုက်ကြသည်။ တံခါးနှင့် ပို၍နီးကပ်လာလေလေ၊ အတိတ်မှဖြစ်ရပ်များ ထွက်ပေါ်လာပြီး အားလုံးက ဝမ်းနည်းသောခံစားချက်များ ဖြစ်ပေါ်လာသဖြင့် တည်ငြိမ်သွားကြသည်။ ယဲ့ချန်က ဟင်းလင်းပြင်တံခါးထံ ကြည့်လိုက်သောအခါ သမိုင်းအတွင်းမှ မဟာစစ်ပွဲကြီးကို မြင်လိုက်ရ၏။ စကြဝဠာအတွင်း ကျွန်ပိုးကောင်များ ပြည့်နှက်နေပြီး ကျိုင်းကောင်များပမာ ကြယ်များကို တိုက်ခိုက်နေကြသည်။ ကောင်းကင်နတ်ဆိုးများက တဟားဟားရယ်မော၍ နတ်ဆိုးမျိုးစေ့များကို ကျင့်ကြံသူများ၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းနေ၏။ ပိုင်နက်သားရဲများက သွေးသံရဲရဲနှင့် တိုက်ခိုက်နေသကဲ့သို့ ရှင်းဟွမ်များကလည်း ပိုင်နက်ကိုယ်စီအသက်သွင်းကာ အမြုတေများကို ဖောက်ခွဲခဲ့ကြသည်။ ကောင်းကင်၌ သွေးရောင်သန်းနေပြီး မရေမတွက်နိုင်သော သူရဲကောင်းများစွာ ကျဆုံးခဲ့ရသည်။ ဤကား ဟင်းလင်းပြင်တံခါးမှ မှတ်တမ်းတင်ထားသော မဟာစစ်ပွဲ၏ပုံရိပ်ဖြစ်ကာ လူတိုင်းက ဝမ်းနည်းမှုကို ခံစားနေရသော်လည်း လူအနည်းငယ်သာ မြင်နိုင်ခဲ့သည်။ ဤစစ်ပွဲကြောင့် စကြဝဠာအတွင်း တောဥပဒေကြီးစိုးနေသည်ကို သက်သေပြနိုင်ပြီး အိမ်ကို ကာကွယ်လိုလျှင် အစွမ်းထက်သူတစ်ယောက် ဖြစ်ရပေလိမ့်မည်။
အချိန်ခဏတာ ပျံသန်းပြီးနောက် ခေါင်းဆောင်သုံးယောက်က ဟင်းလင်းပြင်တံခါးအတွင်း ပထမဆုံး ဝင်ရောက်သွားကြသည်။ သူတို့ဝင်ရောက်သွားသောအခါ ဟင်းလင်းပြင်က တုန်ခါသွားပြီး ချက်ချင်းပျောက်ကွယ်သွားကြသည်။ ကျန်နတ်အစေခံများကလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပျောက်ကွယ်သွားခဲ့ကြသည်။ အစွမ်းအထက်ဆုံးအဖွဲ့ ဝင်ရောက်သွားပြီးနောက် ကျန်အဖွဲ့များကလည်း ဟင်းလင်းပြင်တံခါးထံ ဦးတည်လာကြသည်။
"ထာဝရကြယ်သင်္ချိုင်းရဲ့ အပြင်ပိုင်းကို သူများတွေ လက်ဦးသွားကြပြီ။ ငါတို့ပိုင်ဆိုင်ထားတဲ့ မြေပုံအရ ထာဝရကြယ်သင်္ချိုင်းထဲက ရတနာအများဆုံးရှိတဲ့ နေရာကို ခေါ်သွားပေးမယ်။ ဒီနေရာမှာ လူကွဲသွားရင် ကောင်းကင်နတ်ဆိုးတွေ တိုက်ခိုက်တာခံရနိုင်တယ်။ ဒီခရီးမှာ မင်းတို့ရှာတွေ့သမျှကို ငါတို့သုံးယောက် ပိုင်တယ်။ တကယ်လို့ မကျေနပ်တဲ့လူရှိရင် ခိုးယူဖို့ ကြိုးစားကြည့်နိုင်တယ်။ ငါတို့မလိုချင်တဲ့ ရတနာတွေကိုသာ နင်တို့ ယူရလိမ့်မယ်"
ထိုအချိန်၌ ခပ်စူးစူးအသံတစ်ခုက လူတိုင်း၏နားအတွင်း ဝင်ရောက်လာသည်။ နတ်အစေခံများက ဤအမိန့်ကို မကျေနပ်သော်လည်း နှုတ်ဆိတ်နေကြသည်။
"ဒီမိန်းမကို ဝူရှချိုးလို့ ခေါ်တယ်။ သူမရဲ့အလှကြောင့် အရူးလုပ်မခံရစေနဲ့။ သုံးယောက်ထဲမှာ သူမက အသန်မာဆုံးဖြစ်ပြီး ပတ်သက်ဆက်ဆံရ အခက်ဆုံးလည်း ဖြစ်တယ်"
နီယွမ်က နဂါးဘုရင်ကို တီးတိုးရှင်းပြခဲ့လေသည်။