လူစုံတက်စုံ
Vol. 008 Ch. 712
တော်ဝင်ကျဲနန်းတော်၏ အပြင်ဘက်၌ လူများဖြင့် ပြည့်နှက်နေသည်။ မျက်စိတစ်ဆုံး စွမ်းအားမြင့် တန်ခိုးရှင်များကို တွေ့ရကာ ထိုလူများ အားလုံးက မြေရိုင်းပြည်နယ်၏ ဒေသအသီးသီးမှ လာရောက်ကြခြင်း ဖြစ်သည်။
လျူချန်းနှင့် ထျန်ရှင်းတို့က နန်းတော် အပြင်ဘက်ကို သွားကာ ရောက်လာသူများအား ကြည့်ကြသည်။
လျူချန်း၏မျက်လုံးက တစ်နေရာကို ရောက်သွားသည်။ မိန်းကလေးတစ်စုက ရေခဲရထားလုံး တစ်စီးအား ရံကာ လျှောက်လာ နေကြသည်ကို သူမြင်သည်။ ရထားလုံးထဲတွင် ထိုင်နေသော မိန်းကလေးကား ညက်ညောလှပကာ သန့်စင်မြင့်မြတ်သော ကိုယ်ရောင် ကိုယ်ဝါအား ထုတ်လွှတ်သည်။
“သခင်ယွန်… ခင်ဗျား ရောက်လာတယ်…” လျူချန်းက နှုတ်ဆက်သည်။
“လျူချန်း … မတွေ့တာ တော်တော်ကြာပြီ…” တည်ငြိမ်သော အသံတစ်ခုက ရထားလုံးထဲမှ ထွက်လာသည်။ လူအများအပြားက သူမကို လှမ်းကြည့်ကြသည်။ သူမကား မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် အားအကောင်းဆုံးသော မိန်းမဖြစ်ကာ ကောင်းကင်မြေရိုင်း အဆင့်၂တွင်ရှိသော ရေခဲနန်းတော် သခင်ဖြစ်၏။
“ခင်ဗျားက ရေခဲနန်းတော်ကနေ အပြင်မထွက်တာ ကြာပြီ… အခု ဘယ်လိုလုပ် ရောက်လာရတာလဲ...” လျူချန်းက ထပ်ပြောသည်… “တော်ဝင်ကျဲနန်းတော်မှာ ဖြစ်လာမည့်ကိစ္စကို လာကြည့်တာ ထင်တယ်…”
“ကျွန်မသမီးက တော်ဝင်ကျဲနန်းတော်မှာ လေ့ကျင့်နေတာ နှစ်တော်တော် ကြာပြီ… နန်းတော်မှာ လေ့ကျင့်တာက သူမအတွက် တော်တော် အကျိုး ရှိစေတာကြောင့် ကျွန်မက ကိုယ်တိုင် နန်းတော်ကို လာပြီး ကျေးဇူးတင်တာပါ…” ရထားလုံးထဲမှ မိန်းမက ပြောသည်။ လျူချန်းက အံ့အားသင့် သွားသည်။ ရေခဲနန်းတော် အရှင်သခင်၏သမီးက တော်ဝင်ကျဲနန်းတော်တွင် သင်ကြားနေသည်လား။ ထိုကိစ္စအား သူကိုယ်တိုင်ပင် မသိပေ။
“ခင်ဗျားရဲ့ သမီးက နန်းတော်မှာ လေ့ကျင့်တာ တကယ်ပဲ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါ…” လျူချန်းက လေးစားသော အမူအရာဖြင့် ပြောသည်။ သူ့ရှေ့မှမိန်းမကား ကောင်းကင်မြေရိုင်း အဆင့်၂တွင်ရှိကာ လက်ရှိ သူ၏အစ်ကိုက ဒဏ်ရာပြင်းထန်စွာ ရထားသည့်အတွက် ယခုတွင် သူမကား မြေရိုင်းပြည်နယ်၌ စွမ်းအား အမြင့်ဆုံးဟု ပြော၍ ရပေသည်။
“ယွန်စွေ့ရှင်းများလား…” ထို့ကျန်းက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ သူ၏ တပည့်ရင်းများထဲမှ တစ်ယောက်ကား ယွန်စွေ့ရှင်းဖြစ်ကာ သူမ၏ မျိုးရိုးနာမည်က ယွန်ဖြစ်နေသည်။ သို့သော်လည်း ရေခဲနန်းတော်သခင်၏ သမီးက သူမအမေ၏ မျိုးရိုးနာမည်ကိုသာ ယူထားခြင်းက အံ့အားသင့်ဖွယ်ရာပင်။ တော်ဝင်ကျဲနန်းတော်၏ ထူးချွန်သော တပည့်များထဲ၌ အနည်းငယ်ကသာ ရေခဲနန်းတော် မင်းသမီးလေး၏ ဂုဏ်ပုဒ်နှင့် အရည်အချင်းတို့တွင် လိုက်ဖက်သူ ရှိပေသည်။ တခြား ရှင်းလင်းသော နောက်ခံ အသိုင်းအဝိုင်း ရှိသူများအား ဖယ်ထုတ်လျှင် သံသယ ဖြစ်ဖွယ်ရာကား ယွန်စွေ့ရှင်း တစ်ယောက်သာ ရှိသည်။
“ဆရာ… အဲဒါ တပည့်မပါ…” မိန်းကလေး တစ်ယောက်က ဦးညွှတ်ကာ ထောင်ကျန်းကို ပြောသည်… “နောက်ခံ အသိုင်းအဝိုင်းကို ဖုံးကွယ် ထားမိတဲ့အတွက် ဆရာ့ကို တောင်းပန်ပါတယ်…”
“ဒါက ကိစ္စမရှိပါဘူး … တော်ဝင်ကျဲနန်းတော်က ဘယ်တပည့်ရဲ့ နောက်ခံ အသိုင်းအဝိုင်းကိုမှ စဉ်းစားပြီး လက်ခံတာ မဟုတ်ဘူး … ရေခဲနန်းတော်က မင်းသမီးလေးကို တပည့်အဖြစ် လက်ခံခဲ့ရတာ ကျုပ်အတွက်လည်း ဂုဏ်ယူစရာပါပဲ…” သူက ထပ်ပြောသည်… “ဒါပေမဲ့ မင်းအမေက မင်းကို လာတွေ့တာပဲလို့တော့ ငါမထင်ဘူး...”
ရှီတန်ခိုးရှင် ထောင်ကျန်းက ရေခဲနန်းတော်သခင် ရောက်လာခြင်းမှာ ပုံမှန်မဟုတ်ဟု ယူဆသည်။ သူသိသလောက် ယွန်စွေ့ရှင်းနှင့် ရီဖူရှင်းတို့က အတော်အတန် ရင်းနှီးကြကာ တစ်ကြိမ်တစ်ခါက သူတို့ အတူတူ အာခီမီမြို့ကို သွားရောက် ခဲ့ကြသေးသည်။
“ယွန်စွေ့ရှင်း ပြောတာက သူ့မိတ်ဆွေ တစ်ယောက်က ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်ပြီး ယွီပြည်နယ်က ရှန့်ထို အလားအလာရှိတဲ့ ချင်ကျောင်းကိုတောင်မှ အနိုင်ရခဲ့တယ်လို့ ကြားတယ်… ဒါပေမဲ့ နန်းတော်က ထုတ်ပယ်ခံခဲ့ရသလို ကျိရှမ်ကမ်းပါးကလည်း သူ့ကို အလိုရှိတယ်… ဒါကြောင့် နန်းတော်ရဲ့ ဆန္ဒအရ ဒီနေ့ သူ ဒီကို ရောက်လာမယ် ဆိုတော့ ကျွန်မကလည်း စိတ်ဝင်စားတာနဲ့ ရောက်လာခဲ့တာပဲ…” နန်းတော်သခင်ယွန်က ရှင်းပြသည်။ လျူချန်းနှင့် ထို့ကျန်းတို့က ရထားလုံးကို ကြည့်ကြသည်။ ယွန်စွေ့ရှင်း ကိုယ်တိုင်က နန်းတော်သခင်အား ခေါ်ယူခဲ့သည်ကိုတော့ သူတို့က သိရှိခြင်း မရှိခဲ့ကြပေ။
“ဒါဆို ခင်ဗျားတို့အားလုံး ဒါကို စိတ်ဝင်စားလို့ ရောက်လာတယ်လို့ပဲ ကျုပ်ယူဆလိုက်မယ်…” လျူချန်းက အားလုံးကို ကြည့်ကာ ပြောသည်။
မည်သူမှ မဖြေကြပေ။ ရောက်လာသူများ အားလုံးတွင် ကိုယ်ပိုင်ရပ်တည်ချက် ထင်မြင်ချက်များ ရှိနေသည်မှာ သေချာ၏။
လူအုပ်ထံမှ မည်သည့် အဖြေတစ်စုံတစ်ရာကိုမှ မရသောအခါ လျူချန်းက မဲ့ပြုံးပြုံးလိုက်ကာ အေးစက်စွာ ပြောသည်… “ကောင်းပြီ… အခြေအနေ ဘယ်လိုဖြစ်လာမလဲ ကြည့်ကြတာပေါ့...”
သူက တော်ဝင်ကျဲ နန်းတော်ထိပ်တွင် ရပ်ကာ အဝေးကို ကြည့်သည်။ ယနေ့ကား နန်းတော်၏ အကျပ်အတည်း ရောက်လာမည့် အချိန်အခါလည်း ဖြစ်သည်။ မြေရိုင်းပြည်နယ်၏ ထိပ်သီးတန်ခိုးရှင်များ အားလုံး ရောက်လာကြသည်တွင် အကျပ်အတည်းက မည်သို့ဖြစ်မည်ကို သူလည်း စောင့်ကြည့်နေသည်။
ကျူးကော့ချန်းဖန်၊ ယန်ဟောင်နှင့် ရီဖူရှင်းတို့အားလုံးက ကျွန်းစုတစ်ထောင် တော်ဝင်မြေသို့အထိ ရောက်လာပြီဖြစ်သည်။ ကျူးကော့မင်းယွီနှင့် ဟွာဂျီယူတို့လည်း လိုက်ပါလာကြသည်။ ရီဖူရှင်းက ရုတ်တရက် ရပ်လိုက်ကာ သူ့အောက်မှ ကျွန်းစုများကို ကြည့်သည်။ အနည်းငယ်မျှ ထပ်သွားလျှင် သူတို့က တော်ဝင်ကျဲနန်းတော်သို့ ရောက်တော့မည် ဖြစ်သည်။ သည့်ထက် ထပ်သွားပါကလည်း ပြန်လာနိုင်ရန် အခွင့်အရေးက အလွန့်အလွန် နည်းပါးနေသည်။
“ဒီလောက်ရောက်ရင် တော်လောက်ပြီ … ဂျီယူ… မင်း ပြန်သင့်ပြီ…” ရီဖူရှင်းက နောက်လှည့်ကာ ဟွာဂျီယူကို ရုတ်တရက် ပြောသည်။
ဟွာဂျီယူ၏ မျက်လုံးများက အေးခဲသွားကြသည်။ ထို့နောက် သူမက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ ရီဖူရှင်းက သူမအား လိုက်ပါ ခွင့်ပြုမည်ဟု ပြောခဲ့သည်။
“နင်ငါ့ကို ကတိပေးခဲ့တယ်…” သူမက ရီဖူရှင်းကို စိုက်ကြည့်ကာ ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြောသည်။
“ငါ ဘာပြောခဲ့လို့လဲ…” ရီဖူရှင်းက ဟွာဂျီယူကို ကြည့်ကာ ပြောသည်… “ငါက စကားအပြော ကောင်းတာ တစ်ခုပဲရှိတယ်ဆိုတာ မင်းသိလား… ”
ဟွာဂျီယူက ဘာမှ မပြောဘဲ ရီဖူရှင်းကို ဆက်ကြည့်နေသည်။
ရီဖူရှင်းက လွန်စွာ စိတ်ပျက်ဟန်ဖြင့် ဆက်ပြောသည်… “မင်းက ဘယ်လောက် စိတ်ရှုပ်စရာကောင်းလဲ မင်းသိလား… လို့လန်ရွှီက တကယ်ပဲ ပိုကောင်းပြီး ပိုလိမ္မာတယ်… တခြားလူတွေကို ဘယ်လို ဂရုစိုက်ရမလဲ သိတယ်… မင်းက ခေါင်းမာတာပဲ သိတယ်…”
ဟွာဂျီယူက သူ့အား စိုက်ကြည့်နေဆဲ...။
“မင်း ထွက်သွားပါတော့…” ရီဖူရှင်း၏လေသံက လေးနက်လာသည်။
“မဖြစ်နိုင်ဘူး…” ဟွာဂျီယူက ဖြေသည်။
“မင်းက ဘယ်လိုလုပ် ဒီလောက် တစ်ကိုယ်ကောင်း ဆန်ရတာလဲ…” ရီဖူရှင်း၏လေသံက အနည်းငယ် တင်းမာလာသည်… “ထိုက်ဟန်တောင်မှာ မင်းက မင်းအတွက်ပဲ ဂရုစိုက်ပြီးတော့ အစ်ကို၃က အရာအားလုံးကို တစ်ယောက်တည်း သွားရင်ဆိုင်ခဲ့တယ်… အခု ဒီနေ့ မင်းက ဘာလုပ်နေတာလဲ… မင်းရဲ့အချစ်က ဘယ်လောက် ကြီးမားလဲ ပြချင်တာလား… မင်းအတွက်ရော… သူတို့အတွက်ကော… ဟင်…”
ရီဖူရှင်းကို ကြည့်နေသော သူမ၏မျက်လုံးများက အနည်းငယ် နီရဲလာနေသည်။ ထိုက်ဟန်တောင်တွင် ဖြစ်ပျက်ခဲ့သမျှအား သူမက အလွန်အမင်း အပြစ်ရှိသလို ခံစားနေခဲ့ရသည်။ သူမက အမှန်ပင် အစ်ကို၃နှင့် အစ်မ၂တို့အား သစ္စာဖောက်ခဲ့ကာ သူမ အသက်ရှင်ရန်ကိုသာ ရွေးခဲ့၏။
သို့သော် သူမက ထိုအရာများ အားလုံးကို သူမ၏အချစ်အား သက်သေပြရန် ပြုလုပ်ခဲ့သည် မဟုတ်ပေ။
“ကောင်းပြီ … ငါမင်းကို အမှန်တရား ပြောပြမယ်… ဒီအထိ ရောက်လာမှတော့ ငါက ဘယ်လိုလူမျိုးလဲ ဆိုတာ မင်းသိသင့်တယ်… ငါက မိန်းမပွေတဲ့လူပဲ… မင်းက တခြား မိန်းကလေးတွေနဲ့ ယှဉ်ပြိုင်ပြီး မတားဆီးခဲ့ဘူးဆိုရင် … ငါ့မှာ ချစ်သူတွေ အများကြီး ဖြစ်နေမှာပဲ… အခု အဲဒါတွေအတွက် ငါမင်းကို တော်တော် စိတ်ပျက်နေပြီ… မင်းက ဘာမှ ကောင်းတာ မရှိဘူး… ဒါပေမဲ့လည်း ငါကမင်းကို ဒီအရှုပ်အထွေး ကြားထဲတော့ မပါစေချင်ဘူး… ငါ့နောက်ကို မလိုက်နဲ့တော့…” ထို့နောက် ရီဖူရှင်းက ပြတ်သားစွာ ပြောသည်… “ငါတို့ပြောခဲ့တဲ့ ကံကြမ္မာနဲ့ ရည်မှန်းချက်တွေ အားလုံးက ငါနဲ့တွေ့ခဲ့ဖူးတဲ့ မိန်းကလေးတွေကို ငါပြောခဲ့ဖူးတယ်… ဒါကို ယုံတဲ့လူကလည်း တော်တော်ကို မိုက်မဲလို့ပဲ…”
ထို့နောက် သူက သူမအား ထိုနေရာတွင်ပင် ထားခဲ့ကာ ဆက်သွားသည်။
ရီဖူရှင်းက အဝေးကို တဖြည်းဖြည်း ပျံသန်းသွားသည်ကို ကြည့်ကာ မျက်ရည်များ စီးကျလာသည်။ ထို့နောက် သူမက နောက်လှည့်ပြီး သိမ်းငှက်နက်ကို ကြည့်သည်… “မင်းကရော ငါ့လမ်းကို ပိတ်ထားမှာလား…”
သိမ်းငှက်နက်က ခေါင်းငုံ့ကာ ပြောသည်… “ဆရာ့ရဲ့ အမိန့်ပါ… စိတ်မကောင်းပါဘူး…”
“မင်းကငါ့ကို ဒီလို လျစ်လျူရှုတာ ကတော့ အဆင်ပြေတယ်လို့ ပြောတာလား…” ဟွာဂျီယူက သိမ်းငှက်နက်အား အေးစက်စွာ မေးသည်။
သိမ်းငှက်နက်က ခေါင်းယမ်းသည်။ သူကား ကြားထဲတွင် ညပ်နေပြီဖြစ်သည်။ သူက သူ့ဆရာ၏အမိန့်ကို မလွန်ဆန်ရဲသလို သူ့ဆရာ၏ ချစ်သူကိုလည်း မလွန်ဆန်နိုင်ပေ။ သူ့အတွက် အလွန်သနားစရာ ကောင်းနေပြီကို တွေးကာ သိမ်းငှက်က ခေါင်းယမ်းသည်။ သို့သော်လည်း သူ့ဆရာလုပ်ခဲ့သည်များ အားလုံးက သူမအတွက် ဖြစ်သည်ကို သူပင်လျှင် နားလည်၏။
သိမ်းငှက်နက် သူမအား ဆက်လက်၍ ဖြတ်သန်းခွင့် မပေးသည်ကို မြင်လျှင် ဟွာဂျီယူက အဝေးကို ကြည့်လျက် တီးတိုးပြောသည်… “ဟေး… ငါက အသုံးမကျတဲ့ မိန်းကလေး တစ်ယောက်ပါပဲ…”
သိမ်းငှက်နက်က ခေါင်းယမ်းသည်။ သူ့ဆရာ စိတ်ဆိုးသောအခါလည်း ဤကဲ့သို့ တင်းကျပ်သော ခံစားချက်အား သူရသည်။ သူကား သူ့ဆရာ တိုးတက်သည့်အလျောက် ဉာဏ်ရည်ပိုမို ထက်မြက်လာခဲ့ကာ ယခုဆိုလျှင် လေသဘာဝ လောကဓာတ်ကိုပင် နားလည် ဆင်ခြင်နိုင်ပြီ ဖြစ်သည်။ သူ၏ဆရာ တိုးတက်နေသရွေ့ သူကလည်း စိတ်ချင်းဆက်နွှယ်ထားရာ သူကလည်း အကျိုးကျေးဇူးများ ရပေသည်။
“ငါ့ကို ခေါ်သွား… ငါက အဝေးကပဲ ကြည့်မယ်…” ဟွာဂျီယူက သိမ်းငှက်နက်ကို ပြောသည်။ သိမ်းငှက်နက်က အတန်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။ သူ့ဆရာ သူ့အား အပြစ်တင်လျှင်လည်း အပြစ်တင်ပါစေတော့...။
ရီဖူရှင်းနှင့် တခြားလူများက အတော် ဝေးကွာသွားပြီ ဖြစ်သည်။ ကျူးကော့မင်းယွီက ပြောသည်… “ဂျီယူက ဘယ်သူ့အတွက်ပဲ တွေးနေလဲ မင်းသိတာပဲ … ဘာလို့ ဒီလို ပြောရတာလဲ…”
“အစ်မ၂… အစ်ကို၃က အဲဒီ ပြတ်စာ ပို့လိုက်တာကလည်း အစ်မ၂ကို ဒီအထဲ မဝင်ပါစေချင်လို့ပဲ… ဒါပေမဲ့ အစ်မ၂က ခေါင်းမာပြီးတော့ ငြင်းပယ်ခဲ့တယ် … ဒါကြောင့် သူက မတတ်သာဘဲ နဂါးပတ်တောင်ကို ရောက်လာခဲ့တယ်… ဒီလို လုပ်လိုက်လို့ ဘာမှ မပြောင်းလဲတာ ကျွန်တော် သိတယ်… ဒီခရီးက အရမ်းကို မျှော်လင့်ချက်မဲ့သလို ဒီအတွက်လည်း ကျွန်တော်က တွန့်ဆုတ်မိတယ်…” ရီဖူရှင်းက ပြောသည်။
“ငါသိပြီ…” ကျူးကော့မင်းယွီက ရီဖူရှင်း၏ ဆံပင်များအား ဖွကာ ပြောသည်။ သူတို့ကား ငယ်ရွယ်သော စုံတွဲသာဖြစ်သည်။ အကယ်၍ ရီဖူရှင်းကသာ သူမအား လက်မလွှတ်လိုပါက ဟွာဂျီယူက ပိုမို၍ပင် သူ့အား လက်လွှတ်လိုမည် မဟုတ်ပေ။
အမှန်တကယ်အားဖြင့် သူလုပ်ခဲ့သည်များက ဘာမှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ကျူးကော့မင်းယွီက ဖြစ်ပျက်သမျှအား သက်ပြင်းချရုံမျှသာ တတ်နိုင်သည်။
သူတို့ မောင်နှမများအားလုံး ခံစားရသော ကံကြမ္မာကား အလွန် ဆိုးဝါးလှသည်။
ကျွန်းစုများ တစ်ခုပြီးတစ်ခု ကျော်ဖြတ် လာပြီးနောက် တော်ဝင်ကျဲနန်းတော်ကား သူတို့၏မျက်စိရှေ့ကို ရောက်လာပြီဖြစ်သည်။ ရီဖူရှင်းတို့အားလုံးက ပင်မကျွန်းစုကြီးကို မြင်နေကြပြီဖြစ်၏။ ရီဖူရှင်းတို့ အားလုံးက နောက်ဆုံးတွင် ကြီးကျယ် ခမ်းနားသော နေရာကြီးအား ပြက်ပြက်ထင်ထင် မြင်ကြရတော့သည်။ သည်နေရာကား လွန်ခဲ့သော နှစ်အတန်ကြာက သူလေ့ကျင့်ခဲ့သော နေရာလည်း ဖြစ်သည်။ မြေရိုင်းပြည်နယ်မှ ထိပ်သီးတန်ခိုးရှင်များ အားလုံးက ထိုနေရာတွင် ရှိနေကြကာ သူ့အား စောင့်စားနေဟန် ရကြသည်။
မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်းထံသို့ ကြည့်ကြသည်။ ကျူးကော့ချန်းဖန်နှင့် ယန်ဟောင်တို့ သူ့အား လာရောက် ပို့ဆောင်ကြသည်။ သူက သေဆုံး သွားနိုင်သည်ကို သိသော်လည်း သည်လူငယ်လေးက လာရောက်ခဲ့သည်သာ...။
နိုဘယ်တစ်ယောက်က မြေရိုင်းပြည်နယ် တစ်ခုလုံးမှ ထိပ်သီးတန်ခိုးရှင်များ အားလုံး၏ရှေ့တွင် ရပ်နေသည်။
လျူချန်း၊ ထျန်ရှင်းနှင့် တခြားလူများ အားလုံးက ကောင်းကင် လှေကားထစ်တွင် ရပ်ကာ ရီဖူရှင်းကို ကြည့်နေကြသည်။ တော်ဝင်ကျဲနန်းတော်၏ တပည့်ဟောင်း... ပါရမီရှင် အဆင့်တစ်ဖြစ်ကာ ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်သူ… ရှီနန်းတောင်ထဲကို ဝင်ခွင့်ရသူ...။ သို့သော်လည်း ယနေ့ အခြေအနေသို့အထိ ရောက်လာခြင်းက အမှန်ပင် စိတ်မကောင်းစရာ...။
“ဖူရှင်း…” တစ်စုံတစ်ယောက်က အော်လိုက်သည်။ ရီဖူရှင်းက နောက်လှည့် ကြည့်လိုက်သည်တွင် ချန်းယွန်၊ မူချန်း၊ လောင်အော့နှင့် ကုမိသားစု ခေါင်းဆောင်တို့ အားလုံး အတူတူ ရပ်နေသည်ကို မြင်ကြရသည်။ ရီဖူရှင်းက သူတို့အား ကြည့်ကာ ပြောသည်… “ကျောင်းအုပ်ကြီး… ခင်ဗျားတို့က ဘာလာလုပ်ကြတာလဲ...”
“ဒီအတိုင်း လာကြည့်တာ…” ချန်းယွန်က ပြုံးလျက်ပြောသည်။
ရီဖူရှင်းက တခြားလူများကိုလည်း ကြည့်သည်။ ယနေ့တွင် လူအများအပြား လာကြသည်။ ဟောင်မိသားစုမှ ဟောင်စီ၊ အာခီမီမြို့မှာ ယူစီ၊ ထင်းဆွေဓားစုရှမ်းနှင့် မြေရိုင်းပြည်နယ် တစ်ခုလုံးမှ ထိပ်သီးပညာရှင်များ...။ သူတို့အားလုံးက သူဘာလုပ်ပြမည်ကို စိတ်ဝင်စားကြသည်။ ရီဖူရှင်းက ထိုလူများ ရောက်လာမည်ဟု မထင်ထားခဲ့ပေ။
ကောင်းကင်မြေရိုင်း အဆင့်မှ သူနှင့် ရင်းနှီးသော လူများသာ ရောက်လာသည် မဟုတ်ဘဲ သူနှင့် ရန်ဘက်များ ဖြစ်ကြသော ဓားကျေးရွာမှ ယန်ဝူကျိ၊ နန်ထျန်းအိမ်တော် ခေါင်းဆောင်၊ အင်ပါယာမိသားစုမှ ထိခိုင်၊ တော်ဝင်မီးတောက်ဂိုဏ်း ခေါင်းဆောင်တို့ အားလုံးကလည်း ရောက်လာကြသည်။
***