အခန်း (၉၂၅)
Vol. 67 Ch. 925
တာအိုဂိုဏ်း ....
လူတိုင်းက ထိတ်လန့်သွားသည်။
သို့သော် ဟန်မူယဲ့က တာအိုဂိုဏ်းနှင့် မိစ္ဆာဘုရင်ရှန်းထျန်း၏ ဆက်သွယ်မှုအကြောင်းကို သိထားသောကြောင့် တည်ငြိမ်နေသည်။
“ကောင်လေး၊ ဂိုဏ်းတူအစ်ကိုကျူးမင်က ဒီဓားကို မင်းအတွက် ချန်ထားခဲ့တယ်”
လီယွင်ကန်းက အစိမ်းရောင်ဓားတစ်လက်ကို ဟန်မူယဲ့ဆီသို့ ပေးလိုက်ပြီး ညင်သာစွာပြောသည်။
“ဂိုဏ်းတူအစ်ကိုကျူးကို စိတ်ပျက်မသွားစေနဲ့”
အကြီးအကဲကျူးမင်က သူ့အတွက် အမှန်တကယ် အမွေအနှစ်ချန်ထားလိမ့်မည်ဟု ဟန်မူယဲ့က ထင်မထားခဲ့ပေ။
သူက ဓားကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး လေးနက်စွာ ခေါင်းညိတ်သည်။
အကြီးအကဲကျူးမင်နှင့် ဓားဂိုဏ်းမှ တခြားအကြီးအကဲများ၏ စိတ်ဓာတ်နှင့် ဂုဏ်သိက္ခာသည် အလွန်ထူးခြားသည်။
ဟန်မူယဲ့က ထိုဓားကျင့်ကြံသူများကို လေးစားသည်။
လီယွင်ကန်းက သေရည်အိုးကို ထုတ်ယူလိုက်ပြီး တစ်ငုံသောက်၍ ကျယ်လောင်စွာပြောသည်။
‘ကောင်လေး၊ အမွေအနှစ်ကို သေချာသုံးသပ်ထားလိုက်ပါ။ နောက်ကျရင် တိုက်ခိုက်ကြည့်ရအောင်”
သူ့စကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်တွင်ရှိနေသော ဓားကျင့်ကြံသူများက ခေါင်းငုံ့လိုက်ကြသည်။
သူတို့က နွယ်စိမ်းဓားအင်မော်တယ်၏ စိန်ခေါ်မှုကို အလွန်ကြောက်ရွံ့နေသည်။
ဟန်မူယဲ့က ခါးသီးစွာပြုံးလိုက်ပြီး ပြောသည်။
“ခေါင်းဆောင်လီက မိစ္ဆာဘုရင်ရှန်းထျန်းကိုတောင် အနိုင်ရခဲ့တယ်လေ။ ဘာဖြစ်လို့ ကျွန်တော်နဲ့ တိုက်ခိုက်ချင်နေတာလဲ”
သူ့စကားကြောင့် လီယွင်ကန်းက ပြုံးလိုက်သည်။
သို့သော် သူက ချက်ချင်းဆိုသလိုပင် လေးနက်သောမျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။
“ငါက မင်းနဲ့ အဆင့်တူအောင် ကျင့်ကြံခြင်းကို ဖိနှိပ်ထားရင် မင်းကို မယှဉ်နိုင်ဘူး”
“ဒီတစ်ကြိမ်တိုက်ခိုက်ရင် ငါက လေဟာနယ်သန့်စင်ခြင်းအဆင့် စွမ်းအားကို အသုံးပြုမယ်”
‘လေဟာနယ်သန့်စင်ခြင်းအဆင့်နဲ့ လေဟာနယ်လမ်းကြောင်းအဆင့်လား’
‘နွယ်စိမ်းဓားအင်မော်တယ် လီယွင်ကန်းက မျိုးဆက်သစ်တပည့်တစ်ယောက်ကို အဆင့်တူအတွင်းမှာ အနိုင်မယူနိုင်ဘူးလို့ ဝန်ခံလိုက်တာလား’
မူဟွမ်နှင့် တခြားလူများက အံ့အားသင့်သွားပြီး ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ဟန်မူယဲ့က ဤတစ်ကြိမ်တွင် မငြင်းပဲ ခေါင်းညိတ်လိုက်သည်။
“အကြီးအကဲတို့ သွားကြရအောင်၊ ဒီတစ်ကြိမ်ဖြစ်ရပ်ကြောင့် ခါးသီးအင်မော်တယ်နယ်မြေက ပိုပြီး ဖရိုဖရဲဖြစ်လာလိမ့်မယ်”
ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ထွက်သွားသည်။
တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်မှ လိုက်လာသည်။
ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း ဖူယွီအင်မော်တယ်ကမ္ဘာ၏ ကျွမ်းကျင်သူများက မိစ္ဆာဘုရင်ရှန်းထျန်းကို ဝိုင်းရံတိုက်ခိုက်ရန်အတွက် ခါးသီးအင်မော်တယ်နယ်မြေသို့ ရောက်လာကြသည်။ မိစ္ဆာဘုရင်ရှန်းထျန်း၏ လက်အောက်ငယ်သားများက ရှင်းထုတ်ခံလိုက်ရပြီး မိစ္ဆာဘုရင်ရှန်းထျန်း၏ ရုပ်ခန္ဓာက ပျက်စီးသွားသည်။ သူ၏ ဝိညာဉ်ကလည်း ထွက်ပြေးသွားသည်။
ထို့ကြောင့် ဤတိုက်ပွဲအပြီးတွင် စည်းလုံးတော့မည်ဖြစ်သော ခါးသီးအင်မော်တယ်နယ်မြေက ပြန်လည်ပြိုကွဲသွားသည်။
မဟာမိစ္ဆာဘုရင်များက ထိုအခြေအနေကို အခွင့်ကောင်းယူပြီး နယ်မြေများကို သိမ်းပိုက်ချင်နေကြသည်။
မိစ္ဆာဘုရင်ရှန်းထျန်း ပျောက်ကွယ်သွားသောကြောင့် မိစ္ဆာစစ်တပ်ကလည်း ပြိုကွဲသွားသည်။
အမှန်တကယ် ခံစားရသော လူများသည် ခါးသီးအင်မော်တယ်နယ်မြေ၏ အဆင့်နိမ့်သက်ရှိများ ဖြစ်ကြသည်။
ဖူယွီအင်မော်တယ်ကမ္ဘာ၏ ဂိုဏ်းကြီးများက ထိုသို့ ဖြစ်စေချင်ကြသည်။
ထိုဖြစ်ရပ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သော ယွင်လန်ဓားအင်မော်တယ်က ထင်ပေါ်မှုမရှိခဲ့ပေ။
သူ၏ ကျင့်ကြံဆင့်က နိမ့်ကျနေသေးသည်။
“ရွှေမီးတောက်လား”
ခါးသီးအင်မော်တယ်နယ်မြေမှ ထွက်လာသော ဟန်မူယဲ့က ကျယ်ဝန်းသော ကောင်းကင်နှင့်မြေကြီးကြားတွင် ရပ်နေပြီး သူ့နောက်တွင်ရှိသော ရွှေရောင်မီးတောက်တစ်ခုကို လှည့်ကြည့်သည်။
ထိုမီးတောက်ထဲမှ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အသက် ၁၃၊ ၁၄နှစ်အရွယ် ကလေးတစ်ယောက် ထွက်လာခဲ့သည်။
ထိုကလေး၏မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပနေပြီး ခန္ဓာကိုယ်တွင်လည်း အင်မော်တယ်အင်းကွက်များ ရှိနေသည်။
သူ၏ မီးတောက်များကို ရွှေအင်မော်တယ်များကပင် ကြောက်ရွံ့ရလိမ့်မည်။
ဖီးနစ်ငှက် ....
သန့်စင်သော ဖီးနစ်သွေးမျိုးဆက်ဖြစ်ပြီး လောကတွင်ရှိသော မီးတောက်များအားလုံး၏ဘုရင် ဖြစ်သည်။
“မွေးစားအဖေကို နှုတ်ဆက်ပါတယ်”
ကလေးက လေးနက်သောမျက်နှာထားဖြင့် ဦးညွတ်လိုက်သည်။
“မွေးစားအဖေရဲ့အကူအညီ မရှိဘူးဆိုရင် ရွှေမီးတောက်က ပြန်လည်မွေးဖွားလာပြီး သွေးမျိုးဆက်ကို သန့်စင်နိုင်မှာမဟုတ်ပါဘူး”
ဟန်မူယဲ့က ဦးညွတ်နေသော ရွှေမီးတောက်ကို ကြည့်လိုက်ပြီး စဉ်းစားနေသည်။
ဤနေရာသို့ ရောက်လာသော ရွှေမီးတောက်၏ ရည်ရွယ်ချက်ကို သူက နားလည်သည်။
မိစ္ဆာဘုရင်ဟွင်ထျန်းက ရွှေမီးတောက်ဖြင့် အရောင်ကိုးမျိုးသွေးမျိုးဆက်ဆေးလုံးကို သန့်စင်ပြီး ပြန်လည်မွေးဖွားလာသော ရွှေမီးတောက်ကို အားဖြည့်ပေးခဲ့သည်။
ယခုအချိန်တွင် ရွှေမီးတောက်က မိစ္ဆာဘုရင်ဟွင်ထျန်း၏ အမွေအနှစ်ကို ဆက်ခံထားသော်လည်း မိစ္ဆာဘုရင်ဟွင်ထျန်း မဟုတ်တော့ပေ။
“မိစ္ဆာဘုရင်ဟွင်ထျန်းက ဘယ်လိုဖြစ်သွားပြီလဲ”
ဟန်မူယဲ့က ညင်သာစွာမေးသည်။
ရွှေမီးတောက်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
“မွေးစားအဖေ၊ အနာဂတ်မှာ ကျွန်တော် ရွှေမီးတောက် ကျင်းဟော်ပဲ ရှိပါတော့တယ်”
မိစ္ဆာဘုရင်ဟွင်ထျန်းသည် အတိတ်တွင် ကျန်နေခဲ့သည်။
ဖီးနစ်ကလန်သည် ထိုသို့ပင်ဖြစ်သည်။
ပြန်လည်မွေးဖွားလာသောအခါတွင် အတိတ်ဘဝ၏မှတ်ဉာဏ်များကို စွန့်လွှတ်ပြီး လက်ရှိဘဝကိုသာ အာရုံစိုက်ထားလိမ့်မည်။
“ကောင်းပြီ။ မင်းက ခါးသီးအင်မော်တယ်နယ်မြေမှာ အခက်အခဲနဲ့ကြုံလာရင် ယွင်လန်မြို့မှာ ငါ့ကို လာရှာနိုင်တယ်”
ဟန်မူယဲ့က လက်မြှောက်ပြီး ဓားအလင်းကို ကျင်းဟော်၏ရှေ့သို့ ရောက်သွားစေသည်။
ထို့နောက် သူ့ပုံရိပ်က ဖျတ်ခနဲလှုပ်ရှားပြီး ထွက်သွားသည်။
ကျင်းဟော်က ရှုပ်ထွေးသောမျက်နှာထားဖြင့် ဟန်မူယဲ့၏နောက်ကျောကို ကြည့်နေသည်။
“ကျွန်တော်နဲ့ စာချုပ်ချုပ်မယ်လို့ ထင်ထားတာ”
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နောက်တွင်ရှိသော ခါးသီးအင်မော်တယ်နယ်မြေကို လှည့်ကြည့်သည်။
“ကောင်းပြီလေ။ အဲဒါဆိုရင် ငါက ခါးသီးအင်မော်တယ်နယ်မြေမှာပဲ နေတော့မယ်”
“ရှန်းထျန်းက မလုပ်နိုင်ခဲ့ပေမဲ့ ငါက လုပ်နိုင်လိမ့်မယ် ....”
....
ဟန်မူယဲ့က ယွင်ထန့်တောရိုင်းကို ဖြတ်သန်းပြီး ယွင်လန်မြို့သို့ ပြန်ရောက်လာသည်။
လမ်းတစ်လျှောက်တွင် သူက ခါးသီးအင်မော်တယ်နယ်မြေ၏ မိစ္ဆာများကို မြင်ခဲ့ရသည်။ တချို့က ခြေဦးတည့်ရာ လျှောက်သွားနေပြီး တချို့က နေရာတိုင်းတွင် သောင်းကျန်းနေကြသည်။
ဂိုဏ်းများက ထိုဖြစ်ရပ်ကို မြင်ချင်ကြသည်။ သူတို့က ခါးသီးအင်မော်တယ်နယ်မြေကို ပေါင်းစည်းခွင့် မပေးနိုင်ပေ။
ဟန်မူယဲ့က ယွင်လန်မြို့သို့ ပြန်ရောက်လာသောအခါတွင် ချက်ချင်း တံခါးပိတ်ကျင့်ကြံလိုက်သည်။
ထို့ကြောင့် အပြေးရောက်လာသော လီယွင်ကန်းက ဒေါသတကြီး အံကြိတ်နေသည်။
မြို့သခင်ခြံဝိုင်းကို ရွှေအလင်းလွှာက လွှမ်းခြုံလိုက်သည်။ ဟန်မူယဲ့က ဓားနှစ်လက်ကို ထုတ်ယူသည်။
ဓားတစ်လက်သည် ရွှင်းထျန်းခန်းဆောင်သခင် မူဟွမ်၏ဓား ဖြစ်သည်။ နောက်ထပ် ဓားတစ်လက်တွင် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျူးမင်၏ အမွေအနှစ် ပါဝင်နေသည်။
ထိုဓားနှစ်လက်သည် အလွန်အဖိုးတန်ပြီး အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းနှင့် ပတ်သတ်နေသည်။
သူက မူဟွမ်၏ဓားကို ရရှိထားသောကြောင့် အနာဂတ်တွင် ဓားဂိုဏ်း၌ မှီခိုစရာလူတစ်ယောက် ပိုရှိလာသည်။
ကျူးမင်၏ဓားသည် အမွေအနှစ်ကို ကိုယ်စားပြုသည်။ သူက ဓားဂိုဏ်းတွင် ကျူးမင်၏ အမွေခံတပည့်တစ်ယောက် ဖြစ်လာသည်။
သူက ဓားနှစ်လက်ကို ကြည့်လိုက်ပြီး မူဟွမ်၏ဓားကို ဆုပ်ကိုင်သည်။
ထိုဓားသည် အင်မော်တယ်ရတနာ မဟုတ်သော်လည်း ကောင်းမွန်စွာ ပျိုးထောင်ထားသောကြောင့် အလွန်အားကောင်းသည်။
သူက ဓားဆန္ဒကို ထည့်သွင်းလိုက်ပြီး မြင်ကွင်းများကို မြင်လိုက်ရသည်။
ဓား၏နာမည်သည် ကွမ်ကျစ်ဖြစ်ပြီး အဆင့်မြင့် ဝိညာဉ်ရတနာ ဖြစ်သည်။ ဓားက ပေါင်သုံးဆယ်လေးပြီး ရှစ်လက်မ ရှည်လျားသည်။ ယန်ကျောက်စိမ်းနှင့် ပန်းသုံးပွင့်အလင်းသံမဏိကို အသုံးပြုပြီး ထိုဓားကို ဖန်တီးခဲ့သည်။ ထို့နောက် နှစ်ထောင်ချီကြာအောင် ပျိုးထောင်ပေးခဲ့သည်။
ဓား၏ ပထမဆုံးပိုင်ရှင်က မူဟွမ်မဟုတ်ပဲ ဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။
ထိုအကြီးအကဲ၏ ဓားနည်းစနစ်က အလွန်အသေးစိတ်ကျပြီး ချည်မျှင်ကဲ့သို့ ဆက်တိုက်ခုတ်ချက်များအပေါ်တွင် အာရုံစိုက်ထားသည်။
ဟန်မူယဲ့၏အမြင်တွင် ထိုဓားနည်းစနစ်သည် ဝိညာဉ်ဓားရွှေအင်မော်တယ်နှင့် ဆင်တူသည်။ အသုံးပြုပုံ ကွာခြားသွားခြင်းသာ ဖြစ်သည်။
တစ်ယောက်က စွမ်းအားများကို ဆက်တိုက်ထုတ်ဖော်ပြီး တခြားတစ်ယောက်က စွမ်းအားကို ထိန်းချုပ်၍ ဓားဆန္ဒကို အားဖြည့်ပေးသည်။
ဟန်မူယဲ့၏စိတ်ထဲတွင် ဓားဆန္ဒနှစ်ခုက လှည့်ပတ်နေသည်။ အယူအဆနှစ်ခုက ပေါင်းစပ်သွားသည်။
အစိမ်းရောင်အလင်းသည် သူ့ပတ်ဝန်းကျင်တွင် ပေါ်လာပြီး မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
ထိုမြစ်က ခေါက်တုံ့ခေါက်ပြန် စီးဆင်းနေပြီး အဆုံးတွင် အစိမ်းရောင်ဖဲကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲ၍ သူ့ဆံပင်ကို စည်းနှောင်လိုက်သည်။
ထိုဖဲကြိုးက သာမန်ဟုသာ ထင်ရပြီး လေထုထဲတွင် ယိမ်းနွဲ့နေသည်။
သို့သော် ဆက်တိုက်စုစည်းနေသော ဟန်မူယဲ့၏ ဓားဆန္ဒ ဖြစ်သည်။
အကယ်၍ ထိုဓားကို ဆွဲထုတ်လိုက်လျှင် တောင်တန်းများ တုန်ခါနေပြီး ကမ္ဘာမြေ အက်ကွဲသွားလိမ့်မည်။
ထိုဖဲကြိုးက ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဓားပိုင်ရှင်အကြီးအကဲနှင့် မူဟွမ်၏ဓားနည်းစနစ်ကို လေ့လာပြီး ဟန်မူယဲ့၏ ဓားဆန္ဒက ပိုမိုသိပ်သည်းလာသည်။
ရွှေအင်မော်တယ်အဆင့်သို့ ရောက်နေသော ဓားကျင့်ကြံသူများအားလုံးသည် ကျင့်ကြံခြင်းတွင်ဖြစ်စေ၊ စိတ်ဓာတ်အရာတွင်ဖြစ်စေ လေးစားမှုနှင့် ထိုက်တန်သည်။
ဟန်မူယဲ့က ဓားနည်းစနစ်များကို လေ့လာနေပြီး ပတ်ဝန်းကျင်တွင်ရှိသော ဓားအလင်းက မှိန်ဖျော့သွားသည်။ သူ့ခွန်အားက တိုးတက်လာပြန်သည်။
သုံးရက်အကြာတွင် သူက လေးစားနေသော မျက်နှာထားဖြင့် ကွမ်ကျစ်ဓားကို ချထားလိုက်သည်။
သူက တခြားဓားတစ်လက်ကို ကြည့်သည်။
သူ့အတွက် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ၏ ဓားသည် ပြိုင်ဘက်ကင်းရတနာတစ်ခု ဖြစ်သည်။
သူက ဓားကို ဆုပ်ကိုင်လိုက်ပြီး ဓားဆန္ဒကို ထုတ်ဖော်သည်။
“ဝီ”
အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်သည် သူ့စိတ်ထဲတွင် ပေါ်လာသည်။
“ကောင်လေး၊ ဓားဂိုဏ်းရဲ့ မျိုးဆက်သစ်တပည့်တွေထဲမှာ မင်းက ဉာဏ်အကောင်းဆုံးပဲ။ ပြီးတော့ အကောင်းဆုံး နားလည်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားတယ်”
တာအိုတန်ခိုးရှင်က လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
“မင်းက အင်မော်တယ်သခင်စန်ယွင် ရွေးချယ်ထားတဲ့ အမွေဆက်ခံသူတစ်ယောက်ပဲ။ ငါကလည်း နှမြောနေမှာမဟုတ်ဘူး”
“သေချာကြည့်ထား။ ငါက ဘဝတစ်လျှောက်လုံး ဒီဓားကိုပဲ မှီခိုခဲ့တယ်။ ဒီဓားက ငါ့ရဲ့ ဘဝတစ်လျှောက် အသိပညာတွေကို သယ်ဆောင်ထားတယ်”
သူ့အသံ၏အဆုံးတွင် ဓားအလင်းက တောက်ပလာသည်။
အစိမ်းရောင်ဓားအလင်းသည် အဆုံးမရှိသော ဓားသွားအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ စိတ်နယ်ပယ်ကို လွှမ်းခြုံသည်။
ဓားအလင်းသည် ကောင်းကင်တွင် ပြည့်နှက်နေသည်။
ထိုဓားသည် လူတစ်ယောက်ကို ထွက်မပြေးနိုင်အောင် ချုပ်နှောင်ထားသည်။
“ငါ့ဓားက ခွန်အားအရာမှာ တခြားလူတွေထက် နိမ့်ကျတယ်”
“ဒါပေမဲ့ မယိုင်လဲနိုင်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတယ်”
“သန်မာချင်သလောက် သန်မာပါစေ။ နူးညံ့တဲ့လေပြေက တောင်တန်းကို ထောက်ပံ့ပေးနိုင်တယ်”
“ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားက ပုံရိပ်ယောင်ဆန်တယ်။ ဓားအလင်းက အဆုံးမရှိဘူး”
ကျူးမင်က ဝင့်ကြွားစွာပြောသည်။
ဟန်မူယဲ့၏ရှေ့တွင်ရှိသော ဓားအလင်းက ဆက်တိုက်စုစည်းနေပြီး တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
“တိုက်”
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပလာသည်။
သူ့ရှေ့တွင် ဒုတိယမြောက် မူလဝိညာဉ်ဓားဖြစ်သော ထောင်ချောက်ဓား ပေါ်လာသည်။
ဓားအလင်းသည် သန်းထောင်ချီသောလမ်းစဉ်များအဖြစ် ပြောင်းလဲ၍ ပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်သည်။
“ဒါက ....”
ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများဖြင့် ရှေ့တွင်ရှိသော ဓားအလင်းကို ကြည့်နေသည်။
“တကယ်လို့ ငါက အင်မော်တယ်ဘုရင်ရဲ့ ကောင်းကင်စက်ဝန်းဝင်္ကပါကို တိုက်ရိုက်တည်ဆောက်လိုက်ရင် ....”
ဖြစ်နိုင်သည်။
သို့သော် ယခုအချိန်တွင် မလုပ်နိုင်သေးပေ။
ကောင်းကင်စက်ဝန်းဝင်္ကပါသည် မရေမတွက်နိုင်သော ကမ္ဘာများကို လွှမ်းခြုံပြီး များပြားလှသော ရတနာများကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုသည်။
ထောင်ချောက်ဓားကိုသာ အသုံးပြုမည်ဆိုလျှင် မဖြစ်နိုင်ပေ။
သို့သော် ကောင်းကင်စက်ဝန်းဝင်္ကပါကို အဆပေါင်းသန်းထောင်ချီ၍ ရိုးရှင်အောင်ပြုပြင်လိုက်လျှင် မည်သို့ ဖြစ်သွားမည်နည်း။
အောင်မြင်သွားနိုင်သည်။
ဟန်မူယဲ့၏ရှေ့တွင် ဓားအလင်းများက သွယ်ယှက်နေပြီး ကွဲကွာသွားသည်။
ထိုမြင်ကွင်းသည် ကျူးမင်၏ဓားဆန္ဒနှင့် တူညီသော်လည်း ကွဲပြားသည်။
ဓားရှည်သည် ဓားအလင်းဖြင့် တောက်ပနေပြီး ပိုမိုသွက်လက်သည်။
ဟန်မူယဲ့က မျက်လုံးမှိတ်ထားပြီး ဓားရှည်ကို ကိုယ်ပိုင်ဓားဆန္ဒဖြင့် ပေါင်းစပ်သွားစေသည်။
ဉာဏ်အလင်းရသွားသည်။
ကျင့်ကြံသူများအတွက် ဉာဏ်အလင်းရရန် အလွန်ခက်ခဲပြီး တစ်သက်မှာ တစ်ခါသာကြုံတွေ့သော အခွင့်အရေးဟု ပြောနိုင်သည်။ သို့သော် ဟန်မူယဲ့အတွက် ဉာဏ်အလင်းရရန် မခက်ပေ။
သူက သေချာသုံးသပ်ကြည့်ရန် ဆန္ဒရှိလျှင် ဉာဏ်အလင်းရလာလိမ့်မည်။