အခန်း (၉၂၉)
Vol. 67 Ch. 929
ထိုဓားကျင့်ကြံသူက လက်မြှောက်လိုက်သောအခါ ဓားကျင့်ကြံသူများသည် သူ့နောက်မှ ပျံသန်းထွက်လာကြသည်။
ဟန်မူယဲ့က မလှုပ်ရှားပေ။ သို့သော် တခြားတစ်ယောက်က လှုပ်ရှားခဲ့သည်။
အနက်ရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူတစ်ယောက်က ရှေ့တက်သွားသည်။ သူ့ဆီမှ ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ကို ချုပ်နှောင်လိုက်သည်။
ဟန်မူယဲ့ဆီသို့ ပျံသန်းလာသော ဓားကျင့်ကြံသူများက လွင့်ထွက်သွားကြသည်။
ခေါင်းဆောင်ဓားကျင့်ကြံသူ၏ မျက်နှာထားက ဆိုးဝါးနေသည်။ သူက အံ့အားသင့်မှု၊ ထိတ်လန့်မှုတို့နှင့်အတူ ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ငါက မင်းကို သိတယ်။ မင်းက စမ်းသပ်ခြင်းခန်းဆောင်မှာ သောင်းကျန်းသွားတဲ့တစ်ယောက်ပဲ။ ဒါပေမဲ့ ငါကလည်း ဓားဂိုဏ်းရဲ့တပည့်တစ်ယောက်ဆိုတာကို မင်းသိသင့်တယ်”
သူက လူသားအင်မော်တယ်အဆင့်တွင်သာ ရှိနေသည်။ ရှေ့သို့ ခုန်ထွက်လာသော အနက်ရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူ၏ တိုက်ကွက်တစ်ခုကိုပင် ခုခံနိုင်မည်မဟုတ်ပေ။
သို့သော် သူက ဓားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်နေသောကြောင့် လှည့်ထွက်သွားရန် မဖြစ်နိုင်ပေ။
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။ မိစ္ဆာလောကလန်သားက နောက်ဆုတ်သွားသည်။
ရွှေရောင်တံဆိပ်ပြားတစ်ခုသည် ဟန်မူယဲ့၏ရင်ဘတ်တွင် ရှိနေသည်။
ကျန်းရွှမ်ခန်းဆောင်၏ တပည့်အမှတ်အသား ဖြစ်သည်။
သူ့ရှေ့တွင်ရှိနေသော ဓားကျင့်ကြံသူများသည် ကျန်းဟွမ်ခန်းဆောင်မှ ဖြစ်ကြသည်။
ဟန်မူယဲ့က စမ်းသပ်ခြင်းခန်းဆောင်တွင် ရှိနေသောအချိန်၌ ကျန်းဟွမ်ခန်းဆောင်က စမ်းသပ်မှုကို ရပ်တန့်သွားအောင် တွန်းအားပေးခဲ့သည်။
သို့သော် ဝမ်မင်ဟယ်နှင့် ကျန်းရွှမ်ခန်းဆောင်၏ လူများက သူ့ကို ကူညီပေးခဲ့ကြသည်။
“မုတ်ဆိတ်ကြီးဝေ၊ မင်းက ကျန်းရွှမ်ခန်းဆောင်ရဲ့ တပည့်တွေကို ဘာဖြစ်လို့ နှောင့်ယှက်နေတာလဲ”
သိပ်မဝေးသောနေရာတွင် အသံတစ်သံ ပေါ်ထွက်လာသည်။ ပုံရိပ်များက ဓားရှည်များဖြင့် ရောက်လာကြသည်။
ဟန်မူယဲ့က ထိုလူကို ကြည့်လိုက်ပြီး ပြုံးသည်။
“ဂိုဏ်းတူအစ်ကိုဝမ်၊ နေကောင်းရဲ့လား”
ဝမ်ကျင်းထိုက်က ချင်းယွင်မြို့တွင် ဟန်မူယဲ့နှင့် တွေ့ခဲ့ရသည်။
ဝမ်ကျင်းထိုက်က ဦးလေးဖြစ်သူ ဝမ်မင်ဟယ်ဆီသို့ သတင်းပို့ပြီး ဟန်မူယဲ့၏အကြောင်းကို ပြောပြခဲ့သည်။ ထိုသို့ဖြင့် ဟန်မူယဲ့က စမ်းသပ်မှုကို ခံယူပြီး ခန်းဆောင်လေးခု၏ လက်ရွေးစင်တပည့် ဖြစ်လာခဲ့သည်။ ထို့နောက် ယွင်ထန့်တောရိုင်းမြေတွင် ခြေကုပ်ယူနိုင်ခဲ့သည်။
ဝမ်ကျင်းထိုက်က ဟန်မူယဲ့ကို ကူညီပေးခဲ့သည်ဟု ပြောနိုင်သည်။
သို့သော် ဝမ်ကျင်းထိုက်အတွက်လည်း ဟန်မူယဲ့က အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။
ဟန်မူယဲ့ကြောင့် ဝမ်ကျင်းထိုက်က ကျန်းရွှမ်ခန်းဆောင်၏ အာရုံစိုက်မှုကို ပြန်ရပြီး ယွင်လုမြို့တွင် နေနိုင်ခဲ့သည်။
လွန်ခဲ့သောနှစ်များတွင် ဝမ်ကျင်းထိုက်က ကျန်းရွှမ်ခန်းဆောင်မှ ကျွမ်းကျင်သူများ၏ စောင့်ကြပ်မှုအောက်၌ ယွင်လုမြို့တွင် ငြိမ်းချမ်းစွာ နေထိုင်ခဲ့သည်။
“မင်းက ယွင်ထန့်တောရိုင်းမြေကနေ ပြန်လာတော့မယ်လို့ သတင်းပို့လိုက်တယ်မဟုတ်လား။ အဲဒါကြောင့် မင်းကိုသွားကြိုဖို့ အကြီးအကဲတွေက ငါ့ကို လွှတ်လိုက်တာပဲ”
ဝမ်ကျင်းထိုက်က ကျေနပ်စွာရယ်သည်။ ထို့နောက် အငွေ့အသက်များကို ထိန်းချုပ်ထားသော ဟန်မူယဲ့၏ အစောင့်အကြပ်များကို မြင်လိုက်ရသောအခါတွင် ပိုမိုပျော်ရွှင်သွားသည်။
“တောရိုင်းမြေက ဘယ်လိုလဲ။ လွန်ခဲ့တဲ့နှစ်တွေမှာ ခါးသီးအင်မော်တယ်နယ်မြေက ဖရိုဖရဲဖြစ်နေတယ်။ ဂိုဏ်းတွေရဲ့ လက်ရွေးစင်တွေက ယွင်ထန့်တောရိုင်းမြေကို ရောက်သွားတယ်လို့ ပြောကြတယ်”
“ယွင်လန်ဓားအင်မော်တယ်၊ ပြိုင်ဘက်ကင်းဟန်က ယွင်ထန့်တောရိုင်းမြေကို တစ်ယောက်တည်း လွှမ်းမိုးနိုင်ခဲ့တယ်လို့ ပြောတယ်။ မင်းက ယွင်လန်မြို့ကို ရောက်ပြီးပြီလား”
ဝမ်ကျင်းထိုက်က ကျောက်ချန်ကို လှည့်ကြည့်လိုက်ပြီး တောက်ပသောအပြုံးဖြင့် ပြောသည်။
“သခင်လေးကျောက်၊ ငါ့ညီလေးက တောရိုင်းမြေမှာ ပြဿနာရှာခဲ့သေးလား”
‘ပြဿနာရှာတာလား’
ကျောက်ချန်က ထူးဆန်းသောမျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။
ယနေ့တွင် လောကကြီးက ယွင်လန်ဓားအင်မော်တယ်၊ ပြိုင်ဘက်ကင်းဟန်ကိုသာ သိတော့သည်။ သူတို့က ဟန်မူယဲ့၏နာမည်ကို မေ့လျော့သွားပုံပေါ်သည်။
ယွင်လန်မြို့သို့ ပြန်ရောက်လာသောအခါတွင် ဟန်မူယဲ့က ပြိုင်ဘက်ကင်းဟန်ဖြစ်ကြောင်း ဝမ်ကျင်းထိုက်ကပင် မသိခဲ့ပေ။
သို့သော် ယွင်လန်ဓားအင်မော်တယ်က အလွန်နာမည်ကြီးသည်။ ဟန်မူယဲ့ကတော့ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက်သာ ဖြစ်သည်။
ယွင်လန်ဓားအင်မော်တယ်က အင်မော်တယ်ကမ္ဘာကို လွှမ်းမိုးနိုင်ပြီး ဓားဂိုဏ်း၏ အကြီးအကဲများက သူ့ကို တန်ဖိုးထားကြသည်။
တစ်ဖက်တွင် ဟန်မူယဲ့က ကျန်းရွှမ်ခန်းဆောင်၏ လက်ရွေးစင်တစ်ယောက်သာ ဖြစ်သည်။ သူက အလွန်ဆုံး ခန်းဆောင်နှစ်ခု၏ လက်ရွေးစင်သာ ဖြစ်နိုင်လိမ့်မည်။
“ဝမ်ကျင်းထိုက်၊ ဟန်မူယဲ့က စန်းဟော်မြို့တိုက်ပွဲနဲ့ ပတ်သတ်နေတယ်”
ကျန်းဟွမ်ခန်းဆောင်၏တပည့်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ဟန်မူယဲ့ကို လက်ညှိုးထိုးပြသည်။
“အခု သူပြန်ရောက်လာပြီဆိုတော့ ဖမ်းချုပ်ထားသင့်တယ်”
‘ဖမ်းချုပ်ထားမှာလား’
ကျောက်ချန်က တစ်ဖက်သို့လှည့်ပြီး အော်ပြောလိုက်သည်။
“ထွက်သွားစမ်း”
သူ့နောက်တွင်ရှိနေသော စုန့်ကျုံက ကောင်းကင်အင်မော်တယ်အဆင့် အရှိန်အဝါကို ထုတ်လွှတ်ပြီး ထိုတပည့်များကို လွင့်ထွက်သွားစေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ဝမ်ကျင်းထိုက်က အားကျသွားသည်။
ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် ယွင်ထန့်တောရိုင်းမြေ၏ ယွင်လန်မြို့နှင် အဆက်အသွယ်ရှိပြီး အကြီးအကဲများ၏ ထောက်ခံမှုကိုလည်း ရရှိထားသည်။ ထိုသို့ဖြင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့က ဓားဂိုဏ်း၏ စီးပွားရေးကို လွှမ်းမိုးထားသည်။
သခင်လေးကျောက်ကို ဓားဂိုဏ်း၏လူများက မျက်နှာသာပေးကြပြီး အကြီးအကဲများကပင် သူ့ကို ရန်မစချင်ကြပေ။ သူက ထိုတပည့်များကို စိတ်ကြိုက် မောင်းထုတ်နိုင်သည်။
သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အားကျလာသည်။
ဟန်မူယဲ့က မှန်ကန်သောလူနှင့် တွေ့သွားပုံပေါ်သည်။
သူက သခင်လေးကျောက်၏နောက်သို့ လိုက်ပြီး အခွင့်အရေးများ ရလာလိမ့်မည်။
“သူတို့ကို ဂရုမစိုက်ပါနဲ့။ အကြီးအကဲချန်ချွီနဲ့ အကြီးအကဲယုကျီက ဧည့်ခံပွဲကျင်းပနေတယ်။ သူတို့က သခင်လေးကျောက်နဲ့ ညီလေးဟန်ကို ဧည့်ခံပွဲတက်ဖို့ ဖိတ်လိုက်တယ်”
ဝမ်ကျင်းထိုက်က ကျောက်ချန်ကို ဦးညွတ်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
‘အကြီးအကဲတွေ ကျင်းပပေးတဲ့ ဧည့်ခံပွဲလား’
ယခင်ကဆိုလျှင် ကျောက်ချန်က ထိုဧည့်ခံပွဲကို တွေ့ကြုံခံစားချင်လိမ့်မည်။
သို့သော် ယခုအချိန်တွင် ဟန်မူယဲ့နှင့်အတူ သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ သွားမည်ဖြစ်သောကြောင့် ဧည့်ခံပွဲကို စိတ်မဝင်စားတော့ပေ။
သူက လိုအပ်သောအရာများကို လျင်မြန်စွာ ပြင်ဆင်ရဦးမည်။
“ထားလိုက်ပါတော့။ မသွားတော့ဘူး”
ကျောက်ချန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။ ထို့နောက် အပြုံးတစ်ခုနှင့်အတူ ထွက်သွားသည်။
ဟန်မူယဲ့က သူ့နောက်တွင်ရှိနေသော မိစ္ဆာလောကလန်၏ ကျွမ်းကျင်သူများကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“မင်းတို့တွေ ကျောက်ချန်နဲ့ လိုက်သွားလိုက်ပါ”
ထိုစကားကို ကြားလိုက်ရသောအခါတွင် မိစ္ဆာလောကလန်သားများနှင့် မိစ္ဆာကျင့်ကြံသူများက ကျောက်ချန်၏နောက်သို့ လိုက်သွားကြသည်။
ဝမ်ကျင်းထိုက်က အနည်းငယ် နောင်တရနေပုံပေါ်သည်။
သူက ကျူကျင်းကုန်သွယ်ရေးအဖွဲ့နှင့် အဆက်အသွယ်တည်ဆောက်နိုင်ရန် မျှော်လင့်ထားခဲ့သည်။
ယခုပုံစံအရ ဟန်မူယဲ့သည် ကျောက်ချန်၏လက်အောက်တွင် အာဏာသိပ်ရှိပုံမရပေ။
နှမြောစရာကောင်းသည်။
“သွားကြစို့”
ဝမ်ကျင်းထိုက်က ဟန်မူယဲ့ကို ခေါင်းညိတ်လိုက်ပြီး ယွင်လုမြို့ထဲသို့ ပျံသန်းသွားသည်။
ယွင်လုမြို့တွင် အကြီးအကဲငါးယောက် ရှိနေသည်။ ချန်ချွီနှင့် ကျီယုတို့က ကျန်းရွှမ်ခန်းဆောင်မှဖြစ်ပြီး ဝူချောင်ရှန်နှင့် ရှုံးခယ်တို့က ကျန်းဟွမ်ခန်းဆောင်မှ ဖြစ်ကြသည်။
နောက်ထပ် အကြီးအကဲတစ်ယောက်ဖြစ်သူ စုယွီနွန်က ထိုခန်းဆောင်နှစ်ခုနှင့် မပတ်သတ်ပဲ ကြားနေဖြစ်သည်။
ထို့ကြောင့် ကျန်းရွှမ်ခန်းဆောင်နှင့် ကျန်းဟွမ်ခန်းဆောင်က အမြဲရန်သတ်နေပြီး ယွီကျစ်ဒေသ၏ ကိစ္စရပ်များကို ရှုပ်ထွေးစေခဲ့သည်။ ထိုသို့ဖြင့် နေရာအနှံ့တွင် မတည်ငြိမ်မှုများ ပေါ်ပေါက်လာသည်။
ထို့အပြင် လက်ရှိ ပြောင်းလဲမှုများကြောင့် အခြေအနေပိုဆိုးလာသည်။
ဝမ်ကျင်းထိုက်က ဟန်မူယဲ့ကို ခန်းဆောင်ထဲသို့ ခေါ်သွားသောအခါ ရုတ်တရက် တစ်ခုခုကို တွေးမိပြီး မေးသည်။
“ညီလေးဟန်၊ တုစန်ကျန်းနဲ့ တခြားလူတွေက ဘယ်လိုနေလဲ”
ဝမ်ကျင်းထိုက်က ချင်းယွင်မြို့မှ ထွက်သွားသော တုစန်ကျန်းတို့နှင့် ရင်းနှီးသည်။
“သူတို့ အဆင်ပြေနေပါတယ်”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
သူတို့က အမှန်တကယ်ပင် အဆင်ပြေနေသည်။
တုစန်ကျန်းက သူတော်စင်တစ်ပါး ဖြစ်နေသည်။ သူက ကျန်းကျန်ပေါင်နှင့် သိပ်မဝေးတော့ပေ။ သူတို့၏ ကျင့်ကြံဆင့်က လွန်ခဲ့သောနှစ်များတွင် အဆပေါင်းရာချီ၍ တိုးတက်လာခဲ့သည်။
သူတို့က အရင်းအမြစ်များကိုလည်း အပြည့်အဝ သုံးစွဲနိုင်ကြသည်။
ယွင်လန်မြို့တွင် သူတို့က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို တည်ထောင်ထားပြီး စစ်တပ်ထဲတွင်လည်း အလုပ်လုပ်နေကြသည်။
ယွင်ထန့်တောရိုင်းမြေသည် ယွီကျစ်ဒေသ၏ တောရိုင်းမြေထက် အန္တရာယ်ပိုများသောကြောင့် သူတို့၏ ခွန်အားက မလုံလောက်သေးပေ။
ခန်းဆောင်၏ရှေ့တွင် ချန်ချွီ၊ ယုကျီနှင့် စုယွီနွန်တို့ စောင့်နေကြသည်။
“အကြီးအကဲတွေကို တင်ပြပါတယ်။ ဟန်မူယဲ့ကို ခေါ်လာခဲ့ပါပြီ”
ဝမ်ကျင်းထိုက်က လျင်မြန်စွာ ဦးညွတ်လိုက်သည်။
ဟန်မူယဲ့ကလည်း လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။
ချန်ချွီနှင့် ဝမ်မင်ဟယ်တို့က စမ်းသပ်ခြင်းခန်းဆောင်ကို စောင့်ကြပ်မပေးခဲ့လျှင် ဟန်မူယဲ့က စမ်းသပ်ခြင်းနယ်မြေ၏ အဆင့်တစ်ရာကိုပင် ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။
“မင်းရဲ့ဓားဆန္ဒက သိပ်သည်းနေတာပဲ။ တောရိုင်းမြေမှာ အတွေ့အကြုံရခဲ့ပုံပဲ”
ချန်ချွီက အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။
ယုကျီနှင့် စုယွီနွန်တို့က ပြုံးလိုက်ပြီး ခေါင်းညိတ်ကြသည်။
ဟန်မူယဲ့က ယွင်ထန့်တောရိုင်းမြေမှ ပြန်လာနိုင်သောကြောင့် ထူးခြားလိမ့်မည်။
ထို့အပြင် သူက ယွင်လန်မြို့၏ စမ်းသပ်ပွဲစံချိန်ကို ချိုးဖျက်ခဲ့သော အထင်ကြီးစရာကောင်းသည့် လက်ရွေးစင်တစ်ဦး ဖြစ်သည်။
“အကြီးအကဲတို့ရဲ့ အကူအညီကြောင့်ပါပဲ။ မဟုတ်ရင် ကျွန်တော်က ဒီနေရာမှာ မရှိနိုင်ပါဘူး”
ဟန်မူယဲ့က ဦးညွတ်လိုက်ပြီး ညင်သာစွာပြောသည်။
သူက ယွင်လန်မြို့သို့ ပြန်ရောက်လာပြီး ခံစားချက်ပြင်းထန်နေသည်။
သူက ယွင်လန်မြို့မှ ထွက်သွားပြီး ဆယ်နှစ်အချိန်အတွင်း၌ ဆက်တိုက် သတ်ဖြတ်နေခဲ့သည်။
ထို့အပြင် အခွင့်အရေးအမျိုးမျိုးကိုလည်း ရခဲ့ပြီး ကျင့်ကြံဆင့် ခုန်ပေါက်တိုးတက်လာသည်။
ယွင်လန်မြို့ကြောင့် သူက အင်မော်တယ်ကမ္ဘာတွင် တိုးတက်လာရန် အခြေခံအုတ်မြစ်တစ်ခု ရသွားခဲ့သည်။
“ငါတို့အားလုံးက ရောင်းရင်းကျင့်ကြံသူတွေပဲ မဟုတ်လား။ လုပ်ပေးသင့်တာကို လုပ်ပေးခဲ့တာပါပဲ”
ဟန်မူယဲ့၏သဘောထားကြောင့် ချန်ချွီက ကျေနပ်သွားသည်။ သူက လက်ကိုဆန့်ထုတ်ပြီး ဟန်မူယဲ့ကို ခန်းဆောင်ထဲသို့ ဖိတ်ခေါ်သည်။
ခန်းဆောင်ထဲတွင် သေရည်၊ အစားအသောက်များဖြင့် ပြည့်နှက်နေသည်။
ရိုးရိုးသားသားပြောရလျှင် ထိုအစားအစာများသည် ယွင်ထန့်တောရိုင်းမြေတွင် ရှားပါးသည်။
ယွင်လန်မြို့က တောရိုင်းမြေ၏ မြို့ကြီးတစ်မြို့ ဖြစ်သော်လည်း ဇိမ်ခံပစ္စည်းများ လိုအပ်နေသေးသည်။
ဟန်မူယဲ့က ယဉ်ကျေးမနေပဲ ပျော်ရွှင်စွာစားသောက်နေသည်။
ချန်ချွီနှင့် တခြားလူများက အကြည့်ချင်းဖလှယ်လိုက်ပြီး မနေနိုင်တော့ပဲ ရယ်လိုက်ကြသည်။
တောရိုင်းမြေတွင် နေထိုင်ခဲ့သောဘဝက ခက်ခဲသည်။
သူတို့က မကြာခဏ မေးခွန်းများမေးနေကြသည်။ ဟန်မူယဲ့က အကောင်းဆုံးကြိုးစားပြီး ပြန်ဖြေခဲ့သည်။
သူတို့၏ မေးခွန်းအများစုသည် ယွင်လန်မြို့နှင့် ယွင်လန်ဓားအင်မော်တယ်အကြောင်း ဖြစ်ကြသည်။
ဟန်မူယဲ့က ပြန်ဖြေခဲ့သည်။
“ယွင်လန်မြို့က မြို့ကြီးတစ်မြို့ပါပဲ။ ဒါပေမဲ့ ယွင်လုမြို့လိုမျိုး မစည်ကားပါဘူး”
“ယွင်လန်မြို့မှာ ဒီလိုသေရည်မျိုး မရှိဘူး”
“ယွင်လန်ဓားအင်မော်တယ်က အဲဒီလိုမျိုးပါပဲ”
....
ဝမ်ကျင်းထိုက်၏အမြင်တွင် ဟန်မူယဲ့က တောရိုင်းမြေမှ ယွင်လန်မြို့၏အကြောင်းကို ကောင်းမွန်စွာ နားမလည်ပေ။ ထိုသို့မဟုတ်လျှင် သူက သာမန်ကာလျှံကာ ဖြေဆိုနေမည်မဟုတ်ပေ။
ချန်ချွီနှင့် တခြားလူများက အကြီးအကဲများ ဖြစ်ကြသောကြောင့် ဂိုဏ်း၏အတွင်းရေးကို ပိုမိုနားလည်ကြသည်။
ပြိုင်ဘက်ကင်းဟန်က ဓားဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်ပြီး ခန်းဆောင်လေးခု၏ လက်ရွေးစင်တစ်ယောက် ဖြစ်နိုင်သည်။ သူက လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသောအချိန်တွင် တခြားတစ်ယောက်က ရုန်းကန်နေရသည်။ ထို့ကြောင့် ဟန်မူယဲ့က ယွင်လန်မြို့၊ ယွင်လန်ဓားအင်မော်တယ်နှင့် ပတ်သတ်ပြီး သာမန်အတိုင်း ပြောနေခြင်း ဖြစ်လိမ့်မည်။
“ဒါနဲ့ မင်းက စမ်းသပ်ပွဲနယ်မြေမှာ ဘယ်နှဆင့်အထိ ရောက်ခဲ့တာလဲ”
ယုကျီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး သိချင်စိတ်များနှင့်အတူ မေးသည်။
ပြိုင်ဘက်ကင်းဟန်က ခန်းဆောင်လေးခု၏ လက်ရွေးစင်ဖြစ်သည်။
သူတို့၏ရှေ့တွင် ရှိနေသော ဟန်မူယဲ့က ခန်းဆောင်နှစ်ခု၏ လက်ရွေးစင်ဖြစ်ပြီး ခန်းဆောင်သုံးခု၏ လက်ရွေးစင်လည်း ဖြစ်နိုင်သည်။
သို့သော် သူဖြတ်ကျော်ခဲ့သော အဆင့်များကို တခြားလူများက မသိရပေ။
‘ဘယ်နှဆင့်လဲ’
ဟန်မူယဲ့က သေရည်ခွက်ကို ချလိုက်ပြီး စဉ်းစားနေသည်။ သူက စကားပြောတော့မည့်အချိန်တွင် ရုတ်တရက် ရပ်တန့်လိုက်ရသည်။
“ဘန်း”
ခန်းဆောင်၏တံခါးက ကန်ဖွင့်ခံလိုက်ရသည်။ ထို့နောက် ဒေါသထွက်နေသော ဓားကျင့်ကြံသူတစ်ယောက် ဝင်လာခဲ့သည်။
“ရှုံးခယ်၊ မင်းက ပြဿနာရှာချင်နေတာလား”
ယုကျီက မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာပြောသည်။