← Chapters

တော်ဝင်ကျဲနန်းတော်မှ ယုံကြည်ချက်တိုက်ပွဲ

Vol. 008 Ch. 715

တော်ဝင်ကျဲနန်းတော်မှ ယုံကြည်ချက်တိုက်ပွဲ

Vol. 008 Ch. 715

“တန်ပြန်ခြင်း…” အေးစက်သော အသံဖြင့် ဓားသခင်က ဆိုသည်။ သဘာဝစွမ်းအင်နှင့် လောကဓာတ်များက သူ၏ခန္ဓာကိုယ်တွင် ဆန့်ကျင်ဘက်သို့ စီးဆင်းသွားပြီး လူနှင့်ဓားနှစ်ခုလုံး၏ ဝါးမျိုခြင်းကို ခံနေရသည်။ သူ၏ခန္ဓာကိုယ်တွင် မှော်နက်အင်း အစီအရင်များ ပေါ်လာကာ ကြောက်မက်ဖွယ် ချပ်ဝတ်နက်တစ်ခု ဖြစ်ပေါ်လာသည်။ သူက ဓားကို တင်းတင်း ဆုပ်ကိုင်ရင်းက လူနှင့်ဓား တစ်သားတည်း ဖြစ်သွားသည်။

“မိစ္ဆာ…” ဓားသခင်က ရှေ့ကို တက်လာသည်တွင် သူ့အနီးတွင် မိစ္ဆာပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ လေထဲတွင် ပိုမိုကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် အငွေ့အသက်များ ဖြစ်ပေါ်လာသည်။ သူက ဓားကို မြှောက်လိုက်သည်တွင် သူ၏သွေးကြောများကပင် ထိုးထိုးထောင်ထောင် ထွက်လာကြသည်။

ခွန်ယို၏ အမူအရာက ပြောင်းလဲသွားကာ ပြောသည်… “သတိထား…”

သူက အန္တရာယ်၏ အငွေ့အသက်ကို ခံစားရ၏။

“သတ်…” သူက ပြောပြီးသည်နှင့် ဓားက အောက်ကို ကျဆင်းလာသည်။ အနက်ရောင် အငွေ့အသက်များက ဓားများအဖြစ် ပြောင်းလဲသွားကာ ရိပ်ခနဲ ရိပ်ခနဲ ဝင်လာကြသည်။

“သွားစမ်း…” ခွန်ယိုက အော်ဟစ်သည်။ ကျိရှမ်းကမ်းပါး၏ တန်ခိုးရှင်များကား ပုံမှန်အားဖြင့် ရီဖူရှင်းနှင့် တခြားလူများအား ဝန်းရံထားကြသည်။ သို့သော် ဓားချက်များက သူတို့အားလုံး၏ လက်တကမ်းကို ရောက်လာကြသည်။

“နောက်ဆုတ်…” အဓိက အင်အားစုများ အားလုံးက မှော်နက်ဓားချက်များနှင့် လွတ်ကင်းရာကို ရှောင်ဖယ်ကြသည်။

ဓားချက်နှင့် အနီးဆုံးသော ကျိရှမ်းကမ်းပါးမှ စွမ်းအားတန်ခိုးရှင် အတော်များများက ခန္ဓာကိုယ်များ အပိုင်းပိုင်း ပြတ်တောက် သွားကြသည်။ လောကဓာတ်က သူတို့အား လှုပ်မရအောင် တားဆီးထားကာ အနီးမှလူများ အားလုံး အသတ်ခံကြရသည်။

လေထဲတွင် သွေးနံ့လှိုင်လှိုင် ထွက်လာသည်။ ရှီတန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံရသည်။ မရေမတွက်နိုင်သော လူများက ထိုမြင်ကွင်းကို ကြည့်ကာ တုန်ယင်သွားကြ၏။ ထိုဓားချက်ကား အထွတ်အထိပ် ရောက်နေသော ရှီတန်ခိုးရှင် တစ်ယောက်၏ စွမ်းအားဖြစ်သည်။ ဓားသခင်က ဓားနှင့်ပေါင်းစပ်သွားကာ ဓားစွမ်းအားကို ထုတ်ဖော်သည်တွင် သူ့အား ရှီအဆင့်၏အမြင့်ဆုံးသော စွမ်းအားများကို ရရှိစေ၏။

ဘုန်း…

ဓားချက်က လူများစွာကို ဖြတ်တောက် သွားသည့်တိုင် ရပ်တန့်သွားခြင်း မရှိဘဲ အဝေးမှ ကောင်းကင် လှေကားထစ်ကိုပင် ပိုင်းဖြတ်သွား၏။ ကောင်းကင် လှေကားထစ် ပြိုဆင်းသွားသည်။ ကောင်းကင် လှေကားထစ်ကား တော်ဝင်ကျဲနန်းတော်ကို တက်လှမ်းရာ တော်ဝင်ကျဲနန်းတော်၏ အမှတ် သင်္ကေတတစ်ခုလည်း ဖြစ်သည်။ ယခု ဓားချက်ကြောင့် ကောင်းကင် လှေကားထစ်က နှစ်ပိုင်းဖြစ်သွားသည်။

ခွန်ယို၊ နန်ရန်နှင့် ကီဖုန်းတို့ အားလုံးက ဓားသခင်ကို ဒေါသတကြီး ကြည့်ကြသည်။ သည်လူက အမှန်ပင် သူတို့လူ အများအပြားကို သတ်ဖြတ်ခဲ့သည်။

ဓားတစ်ချက်က လူတစ်ဆယ်ကျော်ကို တိုက်ခိုက် ပိုင်းဖြတ်ခဲ့၏။

သူတို့ ပြန်သွားသောအခါ မည်သို့ ပြန်ပြောရမည်နည်း။ ထိုသို့တွေးမိသည်တွင် ခွန်ယို၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။

သည်မတိုင်ခင် တိုက်ပွဲနှစ်ပွဲက သူတို့၏ ရည်ရွယ်ချက်ကို မပြည့်မီခဲ့သော်လည်း ကျိရှမ်းကမ်းပါးက ဆုံးရှုံးမှု မရှိခဲ့ပေ။ ကျိရှမ်းကမ်းပါးမှ စွမ်းအားမြင့် တန်ခိုးရှင်များ ပိုမိုရောက်ရှိ လာသည့်တိုင် သူတို့က ဆုံးရှုံးမှု များခဲ့ရသည်။ သည်ရလဒ်က လက်မခံနိုင်စရာပင်။

“မင်း သေလိမ့်မယ်…” ခွန်ယိုက အေးစက်စွာ ပြောသည်။ သူပြောပြီးသည်နှင့် တော်ဝင် အလင်းတန်းများ သူ့ထံမှ ဖြာထွက်လာသည်။ ထိုအရာကား အလွန်ကြီးမားသော ကြေးနီရောင် တော်ဝင် ဆေးပေါင်းဖိုအိုးကြီး တစ်လုံးအား မြင်ကြရသည်။ ထိုအရာထံမှ တော်ဝင် အလင်းတန်းများ ဖြာထွက်နေသည်။ အားလုံးက ကြောက်မက်ဖွယ် ကောင်းသော လောကဓာတ်များဖြင့် ဖိအားပေးလာသည်ကို ခံစားကြရကာ လှုပ်ရှားရန်ပင် ခက်ခဲလွန်းသည်ကို တွေ့ရှိကြရသည်။ ရီဖူရှင်းက ထိုဖိအားကို သိသိသာသာ ခံစားရသည်။ ထိုအခိုက်တွင် သူကား ခြေထောက်ကိုပင် ရွေ့လျားရန် အလွန်ခက်ခဲ၏။

“ဒီလို ကြောက်စရာ ကောင်းတဲ့ ရတနာ…” လူအများအပြား၏ စိတ်က ချောက်ချား တုန်လှုပ်ကြသည်။ အာခီမီမြို့မှယူစီက ကြေးနီရောင် ဖိုအိုးကြီးအား ကြည့်နေသည်။ အာခီမီမြို့ကား ထိုကဲ့သို့သော အဆင့်အတန်းမြင့် တော်ဝင်ရတနာကို ပိုင်ဆိုင်ခြင်းမရှိပေ။ ကြည့်ရသည်မှာ ကျိရှမ်းကမ်းပါးက သူတို့အလိုရှိသည်ကို ရအောင်ယူမည့်သဘော ရှိနေသည်။ ဤသို့သော အဆင့်အတန်းမြင့်သော တော်ဝင်ရတနာအား ခွန်ယိုက အသုံးပြုမည်ဆိုပါက သူ့အား ရှီအဆင့်တွင် လုံးဝ ပြိုင်ဘက်ကင်း စေတော့မည်။

“ဖွင့်စမ်း.. ” ခွန်ယိုက ပြောသည်။ ဧရာမ ဆေးပေါင်းဖိုအိုးကြီးက လေထဲကို ပျံတက်လာကာ ပုံစံပြောင်းလာသည်။ ထိုအရာက အကာအကွယ် အစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားကာ ခွန်ယို၏ခန္ဓာကိုယ်ထံသို့ ပျံသန်းလာကြသည်။

ခွန်ယို၏လက်များ၊ ခြေထောက်များ၊ ရင်ဘတ်နှင့် နောက်ကျောတို့ အားလုံးက ချက်ချင်းပင် ချပ်ဝတ်တစ်စုံ ဝတ်ဆင်ထားပြီးသား ဖြစ်သွားသည်။ ဧရာမကြီးမားသော နတ်ဆင်သက်စောင့်ဝိညာဉ် ပေါ်လာသည်။ တူညီသော ချပ်ဝတ်က ဧရာမနတ်ဆင်ကြီးအား ဖုံးအုပ်သွား၏။

“အဲဒါက ပုံပြောင်းနိုင်တယ်.. ” မရေမတွက်နိုင်သော လူများက အေးခဲသွားကြသည်။ ခွန်ယိုက လေထဲကို ခုန်တက်လာသည်တွင် နတ်ဆင်ပုံရိပ်ကလည်း တူညီစွာပင် ပြုမူသည်။ ကြီးမားသော စွမ်းအားက ဖြာထွက်လာကာ အောက်ခြေမှ လူများ အားလုံးကို ဖိနှိပ်၏။ လူအများအပြားက ညည်းသံပေးသော အချိန်တွင် ထောင်ကျန်းက ရီဖူရှင်းကို ကာကွယ် ပေးထားသည်။ ခြေလှမ်း တစ်လှမ်းမျှကာ လူအများအပြားအား မျက်နှာများ ပြာနှမ်းစေသည်။ တော်ဝင်ရတနာဖြင့် ခွန်ယိုက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို အားလုံးက ခန့်မှန်း၍ ရသည်။

“ငါ သူနဲ့ သွားရင်ဆိုင်လိုက်မယ်…” ဓားသခင်က ခွန်ယိုကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။ ကြောက်မက်ဖွယ် အနက်ရောင် အငွေ့အသက်များက သူ့ကို ဖုံးအုပ်ထားသည်။ သူ၏ခန္ဓာကိုယ်က အနည်းငယ် ကြီးမားသွားဟန်ပင် ရကာ မိစ္ဆာပုံစံဘက်ကို နွယ်လာသည်။ မိစ္ဆာဓားက မဆုံးနိုင်သော နှစ်ဖက်သွား ဓားအသိများ စီးဆင်းနေကာ ဧရာမကြီးမားသော ဓားတစ်လက် အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ဓားသခင်ကလည်း မိစ္ဆာဓားအား ဆုပ်ကိုင်ကာ လေထဲကို ခုန်တက်သွားသည်။

“ပါဝင်ပတ်သက်တဲ့လူ ဘယ်သူမဆို သေရမယ်…” ခွန်ယိုက အေးစက်စွာ ပြောသည်။ သူ၏လူသတ်လိုသော အငွေ့အသက်များက ပိုမိုပြင်းထန်လာကာ ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ သူ၏ နတ်ဆင်ပုံရိပ် တစ်ခုကလည်း တူညီစွာပင် ဆင်းသက်လာ၏။

ဓားသခင်က သူ၏ဓားကို ဖြည်းညင်းစွာ ​ဝှေ့ယမ်းသည်။ အနက်ရောင် အရှိန်အဝါများက ဓားထံမှ ပိုမိုပြင်းထန်စွာ ထွက်ပေါ်လာကာ လေထဲကို ရိုက်ခတ်သွားသည်။ ထက်ရှသော ဆူညံသံအချို့ ပေါ်လာကာ နတ်ဆင်ပုံရိပ်ကား ဓားချက်ကြောင့် နှစ်ပိုင်းဖြစ်သွားသည်။ ဓားက လေထဲကို ဆက်လက် ဖြတ်တောက်ကာ ခွန်ယိုထံကို ရောက်လာသည်။

ခွန်ယို၏အမူအရာက ရေခဲတမျှ အေးစက်သွားသည်။ မိုရှီအဆင့် တစ်ယောက်က တော်ဝင် ရတနာတစ်ခုဖြင့် သူ့ကို အမှန်ပင် ယှဉ်တိုက်နိုင်သည်။

သူ၏လက်နက်ကလည်း အလွန်အဆင့်အတန်း မြင့်မားသော ရှန့်ထို လက်နက်ဖြစ်ကာ သူ၏တန်ခိုးအဆင့်က ဓားသခင်ထက် များစွာ မြင့်သည်။

နတ်ဆင်ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာကာ လေထုကို ဖိနှိပ်သည်။ ခွန်ယိုက အေးစက်စွာ အော်ဟစ်လိုက်သည်တွင် နတ်ဆင်၏ ခြေထောက်အသွင် ဖြစ်ပေါ်လာသည်။ နတ်ဆင်ကြီးကလည်း သူနှင့်အတူ လိုက်ပါလာကာ မိစ္ဆာဓားအား ခြေထောက်ဖြင့် နင်းခြေရန် ကြိုးစားသည်။

“ဖြတ်တောက်စမ်း…” ဓားသခင်က ပြောသည်တွင် ကြောက်မက်ဖွယ် အနက်ရောင်လှိုင်းက ကောင်းကင်မှ ဆင်းသက်လာသော လောကဓာတ်အား ဖြတ်တောက်သွားသည်။ ဓားနှင့် နတ်ဆင်ခြေထောက်တို့က အတူတူ ရင်ဆိုင်မိကာ နှစ်ယောက်လုံးက နောက်ကို ဆုတ်သွားကြသည်။ တော်ဝင်ကျဲနန်းတော် အပြင်ဘက်တွင် မရေမတွက်နိုင်သော လူများက မော့ကြည့်ကြသည်တွင် လေထဲတွင် တိုက်ခိုက်နေသော လူနှစ်ယောက်အား ဝိုးတိုးဝါးတား မြင်ကြရသည်။

“အစ်ကိုကြီး…” ရီဖူရှင်းကား အကြီးအကျယ် စိတ်ပူနေသည်။ သူ၏အစ်ကိုကြီးက သူ့အား မထိခိုက်စေရန် ခွန်ယိုအား မြှူဆွယ်ကာ အဝေး၌ သွားရောက် တိုက်ခိုက်သည်ကို သူသိသည်။ မည်သို့ဆိုစေ ခွန်ယိုကား အလွန်အမင်း အားကောင်းသည်။ သူ၏တန်ခိုးအဆင့်ဖြင့် ရီဖူရှင်းက ခွန်ယို၏ ခြေတစ်လှမ်းကိုပင် မခံနိုင်ပေ။

နန်ရန်နှင့် ကီဖုန်းတို့ကလည်း တစ်ဖန် ကျူးကော့ချန်းဖန်နှင့် ယန်ဟောင်တို့ကို တိုက်ခိုက်ကြပြန်သည်။ နန်ရန်က အေးစက်စွာ ပြောသည်… “တော်ဝင်ကျဲနန်းတော်က ဘာမှ မလုပ်တော့ဘူးလား…”

ရီဖူရှင်းက လျူချန်းကို ကြည့်သည်တွင် ယူစီက လှမ်းပြောသည်ကို ကြားလိုက်ရသည်... “ဒါက ကျိရှမ်းကမ်းပါးနဲ့ ရီဖူရှင်းတို့ကိစ္စပဲ… မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်မြေဖြစ်တဲ့ တော်ဝင်ကျဲနန်းတော်က ဒီကိစ္စမှာ ဘေးထွက်နေတာ အကောင်းဆုံးပဲ… ကိုယ့်ယုံကြည်ကို ဆက်လက် ဆုပ်ကိုင်တယ် ဆိုရင်တောင်မှ မကျော်သင့်တဲ့စည်းကို မကျော်တာ အကောင်းဆုံးပဲ…”

“သွား…” ယန်ဝူကျိနှင့် နန်ထျန်းအိမ်တော်မှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက အတူပူးပေါင်းကာ ကျူးကော့ချန်းဖန်နှင့် ယန်ဟောင်တို့အား တိုက်ခိုက်ရန် ကြံစည်ကြသည်။ သူတို့ကား လက်ရှိတွင် ထိုလူနှစ်ယောက်ကို အသတ်ချင်ဆုံး ဖြစ်သည်။

“ထိခိုင်… မင်းကို ဒီလိုလုပ်ဖို့ ဘယ်သူခွင့်ပြုလဲ…” ယူစီက အင်ပါယာ မိသားစုမှ ထိခိုင်ကို ကြည့်ကာ ပြောသည်။

“ဒါက မင်းနဲ့ မဆိုင်ဘူး…” ထိခိုင်ကာ အေးစက်စွာ ပြောသည်။

“ငါက အာခီမီမြို့ရဲ့ မြို့တော်ဝန်ပဲ… မင်းက ဒီကိစ္စမှာ ဝင်စွက်ဖက်ရဲရင် ငါ့ကို အဆိုးမဆိုနဲ့…” ယူစီက အေးစက်စွာ ပြောသည်။

စုရှမ်းကလည်း ယန်ဝူကျိ၏လမ်းကို ပိတ်ကာ အေးစက်စွာ ပြောသည်… “မြေရိုင်းပြည်နယ် အင်အားစုတွေက ဘေးက ကြည့်နေတာ အကောင်းဆုံးပဲ…”

“အမှန်ပဲ…” ဟောင်စီကလည်း ပြောသည်။

“မင်းကလည်း ကျိရှမ်းကမ်းပါးရဲ့ ရန်သူဖြစ်ချင်တာလား…” တိမ်ဖြူမြို့စားက ရှေ့ကို ထွက်လာကာ အေးစက်စွာ ပြောသည်။

တိမ်ဖြူမြို့စားပိုင်ဂူက ဟောင်မိသားစု ခေါင်းဆောင်ဟောင်စီနှင့် မျက်နှာချင်းဆိုင် ရပ်နေသည်။ နှစ်ယောက်လုံးက ကောင်းကင်မြေရိုင်း အဆင့်တွင် နံပါတ်၄နှင့် နံပါတ်၅ဖြစ်ကြသည်။

စုရှမ်းနှင့် ယန်ဝူကျိတို့ နှစ်ယောက်လုံးက သူတို့၏ဓားများကို ဆွဲထုတ်ကာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးကား မြေရိုင်းပြည်နယ်၏ အတော်ဆုံးဓားသမားများ ဖြစ်ကြသည်။ တစ်ယောက်က နတ်ဘုရား ဖြတ်တောက်ခြင်းဓားကို လေ့ကျင့်ပြီး နောက်တစ်ယောက်က ဝူကျိဓားကို လေ့ကျင့်သည်။ ကြောက်မက်ဖွယ် ဓားမုန်တိုင်းများ သူတို့ကို စတင်လွှမ်းခြုံလာတော့သည်။

ထို့အပြင် နန်ထျန်းအိမ်တော် ခေါင်းဆောင်အားလည်း ဘုန်းတော်ကြီး ချိန်ထန်းက လာရောက် တိုက်ခိုက်သည်။ ချန်းယွန်၊ မူချန်းနှင့် လောင်အော့တို့ အားလုံးက တော်ဝင် မီးတောက်ဂိုဏ်း ခေါင်းဆောင်ကို သွားရောက် တိုက်ခိုက်ကြ၏။

တိုက်ပွဲများ အလယ်တွင် ရပ်နေသော ရီဖူရှင်းက ဖြစ်ပျက်နေသည်များ အားလုံးကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေသည်။ သူ့အတွက် များစွာသော စီနီယာများ ပုဂ္ဂိုလ်ကြီးများ ဝင်ရောက် တိုက်ခိုက်ကြသည်။ အချို့ကား အမှန်ပင် ကျိရှမ်းကမ်းပါးနှင့် ရင်ဆိုင် တိုက်ခိုက်ကြရသည်။

ထိုအထဲတွင် အများအပြားက သူနှင့် မျက်မှန်းတန်းမိရုံမျှသာ သိကျွမ်းသူများဖြစ်ပြီး သူနှင့်ပတ်သက်မှုလည်း မရှိကြပေ။ ယခု သူတို့အားလုံးက သည်အရှုပ်အထွေးတွင် ကိုယ်တိုင် ပါဝင်ပတ်သက် နေကြသည်။

လျူချန်းကလည်း တိုက်ပွဲကို ကြည့်ကာ တိတ်ဆိတ်နေသည်။ လေထဲတွင်လည်း ပြင်းထန်သော တိုက်ပွဲတစ်ခုရှိနေသည်။ သည်တိုက်ပွဲကား အထွတ်အထိပ် အဆင့်တို့၏ တိုက်ပွဲဖြစ်၏။ ခွန်ယိုက နတ်ဆင်ကို ထိန်းချုပ်ကာ တော်ဝင်ရတနာ၏ အထောက်အကူဖြင့် လောကဓာတ်အား အမြင့်ဆုံးသို့ ထုတ်လွှတ်သည်။ တိုက်ခိုက်မှုတိုင်းက ကမ္ဘာမြေပြင်ကို ပြိုလဲစေတော့မည်ကဲ့သို့ ထင်မှတ်ရသည်။

ဓားသခင်၏ဓားက လေထုကို ဖြတ်တောက် သွားသည်တွင် အဆုံးအစမဲ့သော ကိုယ်ရောင်ကိုယ်ဝါနှင့် လောကဓာတ်တို့က သူ့ခန္ဓာကိုယ်တွင် တန်ပြန် စီးဆင်းနေဟန်ရသည်။ ဓားချက်တိုင်းက လေဟာနယ်ကို ပြတ်တောက်နိုင်စွမ်း ရှိသည်။ အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက်ကို တိုက်ခိုက်ပါက သေချာပေါက် ရှုံးနိုင်သည်ကို လျူချန်းက ဝန်ခံရသည်။ အရှေ့မြေရိုင်း ဒေသမှလာသော ရီဖူရှင်း၏ အစ်ကိုကြီးက ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာဓားတစ်လက်အား ပိုင်ဆိုင်မည်ဟု မထင်ထားပေ။

ဟောင်မိသားစု၊ အာခီမီမြို့၊ ထင်းဆွေအိမ်တော်နှင့် တခြား ထိပ်သီးတန်ခိုးရှင်များက ရီဖူရှင်းအတွက် တိုက်ခိုက် ပေးကြမည်ဟု သူ အမှန်တကယ် မထင်ထားပေ။

ထိုခံစားချက်ကို လျူချန်းက အနည်းငယ် နားလည်နိုင်ပေသည်။ သူတို့က ကိုယ်ကျိုး တစ်စုံတစ်ရာအတွက် တိုက်ခိုက်နေကြခြင်း မဟုတ်ပေ။ အမှန်တကယ်အားဖြင့် ကျိရှမ်းကမ်းပါး၏ ရန်သူဖြစ်ရခြင်းက သူတို့အတွက် အပြစ်ကသာ များပေသည်။ သို့သော်လည်း သူတို့အားလုံးက ရီဖူရှင်း၏ပါရမီကို အသိအမှတ်ပြုကြကာ ထိုသို့သော လူတစ်ယောက်က အလဟဿ သေဆုံးသွားမည်ကို မလိုလားကြပေ။ ထို့ကြောင့် သူတို့အားလုံးက ရီဖူရှင်းအတွက် တိုက်ခိုက်ပေးကြသည်။ လျူချန်းက ထိုသဘောထားများအား နားလည်နိုင်ကာ ဝင်ရောက် တိုက်ခိုက်သူများအား အပြစ်တင်ခြင်း မရှိပေ။ သည်ကိစ္စတွင် အမှန်နှင့်အမှား မရှိပေ။ အပြစ်တင်မည် ဆိုပါက ရက်စက်သော ကံကြမ္မာကိုသာ အပြစ်တင်ရမည်။

ထို့နောက် သူက ရီဖူရှင်းကို ကြည့်ကာ ခိုင်မာသော ဆုံးဖြတ်ချက် တစ်ခုအား ချလိုက်သည်။ သူ၏မျက်လုံးမှ စူးရှလာခြင်းက သူ့ဆုံးဖြတ်ချက်တွင် မည်မျှ ခိုင်မာခြင်း ရှိသည်ကို သိနိုင်၏။

“သူ့ကို ဖမ်း…” လျူချန်းက အေးစက်စွာ ပြောသည်။

“လျူချန်း…” ထောင်ကျန်းက ရီဖူရှင်း၏ ဘေးတွင်ရပ်ကာ သူ့အား ကာကွယ်ပေးသည်။ သူကဒေါသတကြီး အော်ဟစ်ကာ အေးစက်​ အငွေ့အသက်များ လှိုင်လှိုင် ထွက်လာသည်။

လျူချန်းက ရီဖူရှင်းအား ဖမ်းဆီးရန် အမှန်ပင် အမိန့်ပေးခဲ့သည်။ ထိုအရာများ အားလုံးက မလုံလောက်သေး ဘူးလား။ လူငယ်လေးက ရှန့်ထိုဖြစ်ရန် အလားအလာကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။ ထိပ်သီး တန်းခိုးရှင်များစွာက သူ့အတွက် လာရောက် တိုက်ခိုက် ပေးကြသည်။

“ထောင်ကျန်း…” လျူချန်းက အော်ဟစ်လိုက်သည်… “မင်းဘာတွေးနေလဲ ဆိုတာငါသိတယ်… ဒါပေမဲ့ ငါက တော်ဝင်ကျဲနန်းတော်နဲ့ မြေရိုင်းပြည်နယ်အတွက် လုပ်နေတာ… ဒီအခြေအနေကို ရောက်မှတော့ တခြားရွေးချယ်စရာ မရှိတော့ဘူး… ဒါတွေအားလုံးကို အဆုံးသတ်ဖို့ ဆိုရင်တော့ သူ့ကို ဖမ်းမှ ရတော့မယ်… မင်းက ဘယ်သူလဲဆိုတာ သတိရသေးရင် ဘေးကို ဖယ်...”

ကောင်းကင်မြေရိုင်း အဆင့်မှ လူအများအပြားက ရီဖူရှင်းအတွက် တိုက်ခိုက်ပေးကြသည်။ ထိပ်သီးဆယ်ယောက်လုံး နီးပါးက သည်အထဲတွင် ပါဝင်ပတ်သက်နေကြကာ ကျိရှမ်းကမ်းပါးက ရီဖူရှင်းအား ဖမ်းဆီးရန် အလွန်ခိုင်မာသော ဆုံးဖြတ်ချက် ရှိနေသည်။ အကယ်၍ အခြေအနေက သည်အတိုင်း ဆက်သွားလျှင် အကျိုးဆက်က မတွေးရဲစရာပင်။

မြေရိုင်းပြည်နယ် တစ်ခုလုံးအတွက် ကပ်ဘေးကြီးဟုပင် ပြောနိုင်သည်။

အဆုံးသတ်ကား ယခင်ကတည်းက ဆုံးဖြတ်ထားပြီးသား ဖြစ်ကာ အဆုံးသတ်ရန်လည်း လျူချန်း၏ လက်ထဲတွင်သာ ရှိသည်။

***

All Chapters