အခန်း (၉၃၁)
Vol. 67 Ch. 931
“နောက်ကျရင် မင်းက သူ့ဆီကို အလည်လာလို့ရတယ်”
မီးခိုးရောင်ဝတ်စုံနှင့် ကျင့်ကြံသူက သိုလှောင်အိတ်ကိုယူပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူက တစ်ကိုယ်လုံးတုန်ခါနေပြီး မျက်လုံးပြူးသွားသည်။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် သူက ကြောင်အစွာ ခေါင်းမော့ကြည့်သည်။ ထို့နောက် ခေါင်းညိတ်ပြသည်။
ဝိညာဉ်ကျောက်တုံးတစ်သိန်း ....
သူက တစ်သက်လုံး ရှာဖွေနေလျှင်ပင် ထိုပမာဏကို မရနိုင်ပေ။
“အဲဒီဓားချက်က ဘာဖြစ်လို့ ကွဲပြားသွားတာလဲ သိခွင့်ရှိမလား”
ဟန်မူယဲ့က ကလေးကို ခေါ်သွားတော့မည့်အချိန်တွင် မုတ်ဆိတ်ဖြူနှင့်လူအိုကြီးက စိုးရိမ်စွာ မေးလိုက်သည်။
“မင်းရဲ့ဓားမှာ တာအိုမရှိဘူး”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ကလေးနှင့်အတူ ပျောက်ကွယ်သွားသည်။
လူအိုကြီး၏ဓားပညာရပ်က တာအိုကို လိုအပ်နေသည်။ ထိုသို့မဟုတ်လျှင် သူက ပြန်လည်မွေးဖွားလာသော ဝမ်မင်ဟယ်ကို အလျင်စလို ခေါ်သွားမည်မဟုတ်ပေ။
“တာအိုမရှိဘူး ....”
လူအိုကြီးက တစ်ကိုယ်လုံး တုန်ခါနေပြီး လက်ထဲတွင်ရှိသော ဓားကို ငေးကြည့်သည်။
“ဟုတ်တယ်။ ငါမှားသွားခဲ့တယ်။ ငါက သိခဲ့ပေမဲ့ မပြောင်းလဲခဲ့ဘူး ....”
“အစ်ကိုကြီး၊ ကျွန်တော်မှားသွားတယ် ....”
....
ဟန်မူယဲ့က ပြန်လည်မွေးဖွားလာသော ဝမ်မင်ဟယ်ကို ခေါ်လာကြောင်း ပြောလိုက်သောအခါတွင် ဝမ်ကျင်းထိုက်က ကြောင်အသွားသည်။
သူတို့က ဝမ်မင်ဟယ်ကို လိုက်ရှာခဲ့သော်လည်း မတွေ့ခဲ့ရပေ။
ဟန်မူယဲ့ကလည်း တာအိုဖန်တီးခြင်းတံဆိပ်ပြားကြောင့် မဟုတ်လျှင် ဝမ်မင်ဟယ်ကို လွယ်ကူစွာရှာတွေ့မည်မဟုတ်ပေ။
“ဂိုဏ်းတူညီလေးဟန်၊ သူက တကယ်ပဲ ဦးလေးဖြစ်နေတယ်ဆိုရင် ငါတို့က သူ့ကို ကာကွယ်ပြီး သေချာသင်ပြပေးမယ်။ သူ့ရဲ့မှတ်ဉာဏ်တွေ နိုးထာလာမယ့်အချိန်ကို စောင့်နေမယ်”
ဝမ်ကျင်းထိုက်က လေးနက်စွာပြောသည်။
“ဂိုဏ်းတူအစ်ကိုဝမ်၊ ဒါက အကြီးအကဲတွေအတွက် ကျွန်တော့်ရဲ့လက်ဆောင်ပါ။ တခြားကိစ္စတွေကိုတော့ သင်္ချိုင်းအင်မော်တယ်မြို့တော်ကနေ ကျွန်တော်ပြန်လာတဲ့အချိန်မှာ ဆွေးနွေးကြတာပေါ့”
ဟန်မူယဲ့က သိုလှောင်အိတ်တစ်လုံးကို ပေးလိုက်ပြီး ထွက်သွားသည်။
သင်္ချိုင်းအင်မော်တယ်မြို့တော် ....
ဝမ်ကျင်းထိုက်က အံ့အားသင့်နေပြီး ထွက်သွားသော ဟန်မူယဲ့ကို ကြည့်သည်။
သူက လက်ထဲတွင်ရှိသော သိုလှောင်အိတ်ကို နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။
မှော်ရတနာ၊ ဝိညာဉ်ရတနာ၊ ဝိညာဉ်ကျောက်တုံး၊ ဆေးလုံး ....
သိုလှောင်အိတ်ထဲတွင်ရှိသော ရတနာများ၏တန်ဖိုးသည် အနည်းဆုံး ဝိညာဉ်ကျောက်တုံးသန်းတစ်ရာခန့် ရှိသည်။
အကြီးအကဲများကပင် ထိုသို့ များပြားလှသော ရတနာများကို ထုတ်မပေးနိုင်ကြပေ။
ဝမ်ကျင်းထိုက်က စိုးရိမ်စွာမတ်တပ်ရပ်နေသော ဝမ်ကျီကျန်းကို ကြည့်လိုက်ပြီး ပြုံးသည်။
“ဝမ်ကျီကျန်းလား။ နာမည်ကောင်းပဲ။ လာပါ။ မင်းကို ဝမ်မိသားစုရဲ့ အကြီးအကဲနဲ့တွေ့ဖို့ ခေါ်သွားမယ်။ မင်းရဲ့ပါရမီကို စစ်ဆေးကြည့်ကြတာပေါ့”
တစ်ရက်အကြာတွင် ဟန်မူယဲ့နှင့် ကျောက်ချန်က ယွင်လုမြို့၏ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါရှေ့တွင် ရှိနေကြသည်။
သူတို့၏နောက်တွင် လူအိုကြီးချူနှင့် စုန့်ကျုံမှလွဲ၍ ဟန်မူယဲ့၏ အစောင့်တပ်သားများနှင့် မိစ္ဆာများသာ ရှိနေကြသည်။
သိပ်မဝေးသောနေရာတွင် ချန်ချွီ၊ ယုကျီ၊ ဝမ်ကျင်းထိုက်နှင့် ဝမ်မိသားစု၏ အကြီးအကဲများ ရှိနေကြသည်။ ဝမ်ကျီကျန်းကလည်း ဘေးတွင် ရပ်နေခဲ့သည်။
တခြားဘက်တွင် ကျူကျင်းကုန်သွယ်ရေးအဖွဲ့မှ အကြီးအကဲများ ရပ်နေကြသည်။ အမျိုးသမီးတစ်ယောက်က ငိုကြွေးနေသည်။
“အမေ့ကိုမပြောနဲ့လို့ ပြောခဲ့တယ်လေ”
ကျောက်ချန်က ခေါင်းကုတ်လိုက်ပြီး လူအိုကြီးချူကို စိုက်ကြည့်သည်။
“အမေ၊ မစိုးရိမ်ပါနဲ့။ ကျွန်တော်က စီးပွားရေးလုပ်ဖို့ သွားမှာပါ”
ကျောက်ချန်က ငိုကြွေးနေသော အမျိုးသမီးကို လှမ်းပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် အမျိုးသမီးက ပိုမိုဝမ်းနည်းလာသည်။ သူမက ရှေ့တက်သွားရန် ပြင်လိုက်သော်လည်း ကျောက်ချန်နှင့် အနည်းငယ်ဆင်တူသော အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက်က တားဆီးထားခဲ့သည်။
ထိုလူကြီးကို မြင်လိုက်ရသောအခါတွင် ကျောက်ချန်က ဒေါသတကြီးပြောသည်။
“လူအိုကြီးကျောက်၊ ငါ့အမေကို အနိုင်ကျင့်ရဲရင် ခွင့်မလွတ်ဘူးနော်”
သူက အင်္ကျီလက်ကို ခေါက်တင်ပြီး လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုလူက ပြုံးလိုက်ပြီး အမျိုးသမီးကို လွှတ်ပေးသည်။
အမျိုးသမီးက ရှေ့တက်လာရန် ကြိုးစားနေပြန်သည်။
ကျောက်ချန်က လျင်မြန်စွာ ပြောသည်။
“အမေ၊ ကျွန်တော်က ကိစ္စကြီးတစ်ခုလုပ်ဖို့ သွားမှာပါ။ အစ်ကိုဟန်က ကျွန်တော့်ကို ဂရုစိုက်ပေးလိမ့်မယ်။ စိတ်ချပါ”
ကျောက်ချန်က အသနားခံနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“စိတ်ချပါဒေါ်လေး”
သူက စကားအဆုံးတွင် ကောင်းကင်နှင့်မြေကြီးအား ထိုးဖောက်သွားနိုင်သော ဓားအလင်းကို ထုတ်လွှတ်သည်။
ထိုဓားအလင်းက အလွန်ခမ်းနားပြီး ယွင်လုမြို့ကို အရောင်အဆင်း ပြောင်းလဲသွားစေသည်။ မိုင်တစ်သောင်းပတ်ဝန်းကျင်တွင်ရှိသော အင်မော်တယ်စွမ်းအင်များက လှုပ်ရှားလာကြသည်။
ပြိုင်ဘက်ကင်းဓားအင်မော်တယ်တစ်ယောက် ဖြစ်သည်။
ထိုကျွမ်းကျင်သူမျိုးသည် ဓားဂိုဏ်းတွင် လွှမ်းမိုးနိုင်သော အင်အားစုတစ်ခု ဖြစ်သည်။
ကျောက်ချန်၏ဘေးတွင် ဓားအင်မော်တယ်တစ်ယောက် ရှိနေသည်။
မျက်စိကျိန်းလောက်သော ဓားအလင်းသည် ယွင်လုမြို့ကို တုန်ခါသွားစေခဲ့သည်။
ဝမ်မိသားစုဝင်များ၊ ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲများနှင့် တခြားလူများအားလုံးက ဓားအလင်းကို ကြောင်အစွာ ငေးကြည့်နေကြသည်။
ယွင်လုမြို့ထဲတွင် တခြားဓားအလင်းများ ပေါ်ထွက်လာကြသည်။ သို့သော် ဟန်မူယဲ့ဆီမှ ထွက်ပေါ်လာသော ဓားအလင်း၏ ဖိနှိပ်မှုကို ခံနေရပြီး ပျံသန်းရန် မတတ်နိုင်ကြပေ။
ဟန်မူယဲ့၏နောက်တွင် ကိုယ်ရံတော်အယောက်နှစ်ဆယ်က အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
သူတို့အားလုံးက ကောင်းကင်အင်မော်တယ်များ ဖြစ်ကြသည်။
ကောင်းကင်အင်မော်တယ် အယောက်နှစ်ဆယ် ....
သူတို့၏ အရှိန်အဝါကြောင့် လေဟာနယ်က တုန်ခါသွားသည်။
‘ဒါက ဘယ်လိုအင်အားမျိုးလဲ’
‘ဓားဂိုဏ်းမှာတောင် ခန်းဆောင်တစ်ခုကပဲ ဒီလိုခွန်အားမျိုးကို ပိုင်ဆိုင်တာမဟုတ်လား’
‘ဒါက ယွင်လန်ဓားအင်မော်တယ်ရဲ့ ကြွားဝါမှုပဲထင်တယ်’
ချန်ချွီက ပြုံးလိုက်သည်။ သူက စကားပြောတော့မည့်အချိန်တွင် တစ်ကိုယ်လုံးတုန်ခါနေပြီး မျက်လုံးပြူးသွားသည်။
ဟန်မူယဲ့၏နောက်တွင်ရှိသော လူသန်ကြီးတစ်ရာက မိစ္ဆာအလင်းကို ကောင်းကင်အထိရောက်သွားအောင် ထုတ်လွှတ်လိုက်သည်။
သူတို့အားလုံးက ကောင်းကင်အင်မော်တယ်များ ဖြစ်ကြသည်။
ကောင်းကင်အင်မော်တယ် မိစ္ဆာများ ဖြစ်သည်။
‘သူက ရူးနေတာလား’
ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက လှုပ်ရှားလာပြီး မိုင်တစ်သိန်းပတ်ဝန်းကျင်ကို ပိတ်ဆို့လိုက်သည်။
“အမေ၊ အခု စိတ်ချပြီလား”
“ကျွန်တော်က တကယ်ပဲ စီးပွားရေးလုပ်ဖို့ သွားတာပါ”
ကျောက်ချန်က ချောင်းဟန့်လိုက်ပြီး စကားပြောသည်။ သူက ကောင်းကင်အင်မော်တယ်များ၏ အရှိန်အဝါအောက်တွင် ကြိုးစားရုန်းကန်၍ လှုပ်ရှားလိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါထဲသို့ ဝင်ရောက်သွားသည်။
ဟန်မူယဲ့၏ ဓားအလင်းကလည်း ဝင်္ကပါထဲသို့ ကျဆင်းသွားသည်။
တခြားလူများက နောက်မှ နီးကပ်စွာ လိုက်လာကြသည်။ သူတို့က အရှိန်အဝါကို ထိန်းချုပ်ထားပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါထဲသို့ ဝင်သွားကြသည်။
“ဒီကလေးက တကယ်ကြီးပြင်းလာပြီပဲ ....”
ဝင်္ကပါ၏အပြင်ဘက်သို့ ရောက်လာသော ကျိုးရှန့်က ရေရွတ်သည်။ သူက အင်မော်တယ်အလင်းကို အသက်သွင်းပြီး ဝင်္ကပါထဲသို့ ဝင်ရောက်သွားသည်။
“ဒီ၊ ဒီစွမ်းအားမျိုး ....”
ယုကျီနှင့် ချန်ချွီတို့က ခံစားချက်များ ပြင်းထန်နေကြသည်။
ကောင်းကင်အင်မော်တယ်တစ်ရာကျော်နှင့် ယွင်လန်ဓားအင်မော်တယ်က အင်မော်တယ်ကမ္ဘာ၏ အင်အားစုတစ်ခု ဖြစ်သည်။
“ဟားဟား၊ ငါ ကျောက်ယောင် သိနေခဲ့တယ်။ ငါက အံ့အားသင့်စရာကောင်းတဲ့ သားတစ်ယောက်ကို မွေးထုတ်ပေးခဲ့တယ်။ သူက ကျွမ်းကျင်သူတစ်ယောက်ရဲ့ စောင့်ရှောက်မှုကို ရထားတယ်”
ကျူကျင်းကုန်သွယ်ရေးအဖွဲ့တွင် ကျောက်ချန်၏အမေကို ထိန်းပေးနေသော လူအိုကြီးက မောက်မာစွာ ရယ်လိုက်သည်။
အဝေးတစ်နေရာတွင် ရှုံးခယ်နှင့် ဝူချောင်ရှန်တို့က မည်းမှောင်နေသောမျက်နှာထားဖြင့် ပျံသန်းလာကြသည်။ သူတို့၏နောက်တွင် ရှိနေသော စုယွီနွန်က နောင်တရနေပုံပေါ်သည်။
....
“ဝီ”
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ၏ အလင်းရောင်က ပျောက်ကွယ်သွားသည်။ ဟန်မူယဲ့က ဝင်္ကပါထဲမှ အပြင်ဘက်သို့ ထွက်လာသည်။ သူ့ရှေ့တွင် အဖြူရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူများက တန်းစီ၍ စောင့်ဆိုင်းနေကြသည်။
ရှေ့ဆုံးတွင်ရှိနေသောလူက ပြုံးလိုက်သည်။
“ဂိုဏ်းတူအစ်ကိုဟန်၊ နေကောင်းပါရဲ့လား”
ရွှင်းထျန်းခန်းဆောင်၏ လက်ရွေးစင်တပည့် ကျူးယုံက နေရာတွင်ရပ်နေပြီး ဟန်မူယဲ့ကို လေးစားစွာ ဦးညွတ်သည်။
“ဂိုဏ်းတူအစ်ကိုဟန်က အကြီးကဲကျူးမင်ရဲ့ အမွေအနှစ်ကို ဆက်ခံထားတယ်။ ငါတို့ ကျူးမိသားစုရဲ့ အကျိုးတော်ဆောင်တစ်ယောက်ပဲ။ အချိန်ရှိရင် ကျူးမိသားစုကို အလည်လာခဲ့ပါ”
သူ့နောက်တွင် လူတိုင်းက ညီညာစွာ ဦးညွတ်ကြသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ သူက အဝေးတစ်နေရာတွင်ရှိသော မြင့်မားသည့်အဆောက်အအုံများနှင့် နံရံတံတိုင်းများကို ကြည့်သည်။
“ကြည့်ရတာ ဂိုဏ်းက ငါပြန်လာတာကို ကြိုဆိုနေတဲ့ပုံပဲ”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျူးယုံက လေးနက်သောမျက်နှာထားဖြင့် ပြောသည်။
“ဂိုဏ်းရဲ့ လက်ရွေးစင်တပည့် ၂,၃၂၀က အစ်ကိုဟန်ကို ကြိုဆိုဖို့ ရောက်လာကြပါတယ်”
ဓားဂိုဏ်း၏ လက်ရွေးစင်တပည့် နှစ်ထောင်ကျော်က ဟန်မူယဲ့နှင့် တိုက်ခိုက်နိုင်ရန် မျှော်လင့်နေကြသည်။
ကျူးယုံ၏စကားကြောင့် ဟန်မူယဲ့၏ဓားဆန္ဒက ကောင်းကင်အထိ ထိုးတက်သွားသည်။
ဓားအလင်းက ကောင်းကင်ကို ထိုးဖောက်သွားသည်။
သူ့နောက်တွင်ပါလာသော ကောင်းကင်အင်မော်တယ်အဆင့် အစောင့်နှစ်ဆယ်နှင့် မိစ္ဆာတစ်ရာက အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သွေးစွမ်းအင်သည် ကောင်းကင်ကို လွှမ်းမိုးခဲ့သည်။
လူတစ်ယောက်သည် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူ ၁၂၀ကို ခေါ်ဆောင်ပြီး ရောက်လာခဲ့သည်။
“ယွင်လန်မြို့ရဲ့ ပြိုင်ဘက်ကင်းဟန်၊ တကယ်ကို ကြွားဝါတတ်တာပဲ”
မြို့ဂိတ်တံခါးမှ အသံတစ်သံ ထွက်လာသည်။
အဆုံးမရှိသော အဆောက်အအုံများကြားတွင် ဓားအလင်းသည် တလက်လက်တောက်နေပြီး နံရံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သွေးစွမ်းအင်က နံရံနှင့်ထိတွေ့ပြီး ဘုန်းခနဲ ပျက်စီးသွားသည်။
ဓားဂိုဏ်းမှ တပည့်နှစ်ထောင်ကျော်၏ခွန်အားကို ကောင်းကင်အင်မော်တယ် ၁၂၀က မယှဉ်နိုင်ပေ။ သူတို့၏ အရေအတွက်က ဆယ်ဆပိုများနေလျှင်ပင် အသုံးမဝင်ပေ။
ကောင်းကင်အင်မော်တယ် ၁၂၀က တုန်ခါသွားကြသည်။
ဓားဂိုဏ်းမှ တပည့်များသည် အလွန်အားကောင်းသည်။
“လွှမ်းမိုးမှုကို ပြချင်တာလား”
ဟန်မူယဲ့က ညင်သာစွာရေရွတ်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးသည်။ ဓားအလင်းသည် သူ့ပတ်ဝန်းကျင်တွင် လှုပ်ရှားနေပြီး ထောင်ချောက်ဓားအဖြစ် စုစည်းသွားသည်။
ဆံပင်ကို စည်းနှောင်ထားသော ဖဲကြိုးကလည်း အစိမ်းရောင်ဓားတိုတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့က ဓားနှစ်လက်ကို ကိုင်ထားပြီး မိုင်တစ်ရာအကွာအဝေးကို ချက်ချင်းကျော်ဖြတ်လာသည်။
“ဟားဟား၊ ဓားကျင့်ကြံသူတစ်ယောက်က ဒီလိုမျိုးပဲ ဖြစ်နေသင့်တယ်”
မြို့ထဲမှ အသံထွက်လာသည်။ အသက်သုံးဆယ်အရွယ် ဓားကျင့်ကြံသူတစ်ဦး ပေါ်လာခဲ့သည်။
“မူရွှယ်ခန်းဆောင်ရဲ့ တုမင်ချီက မင်းကို စောင့်နေတယ်”
ထိုဓားကျင့်ကြံသူက လှုပ်ရှားလိုက်သည်။ သိမ်မွေ့သောဓားအလင်းက နှင်းပွင့်များကဲ့သို့ လွင့်မျောလာသည်။ ထိုဓားချက်က အလွန်ပေါ့ပါးနေပုံရသည်။
သို့သော် ဟန်မူယဲ့နှင့် ပေတစ်ထောင်အကွာတွင် မြင့်မားသော နှင်းတောင်တန်းတစ်ခု ပေါ်လာသည်။
“ကောင်းတယ်။ ဆည်းဆာနှင်းတောင်တန်းဓားကွက်ပဲ”
ဟန်မူယဲ့က ကျယ်လောင်စွာရယ်လိုက်ပြီး ဓားတိုကို ပစ်လွှတ်သည်။
“ငါ့ဓားကွက်ကို ကြည့်လိုက်၊ တိမ်ဖုံးကောင်းကင်”
သူ၏ ဓားက တိမ်ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တိမ်ပင်လယ်က လှိုင်းထန်နေပြီး နှင်းတောင်တန်းကို တိုက်ခိုက်သည်။
နှင်းတောင်တန်းနှင့် တိမ်ပင်လယ်က ပေါင်းစပ်သွားပြီး အစိမ်းရောင်အင်မော်တယ်ချီစွမ်းအင်ကို ထုတ်ပေးသည်။
ဓားမာန်ဟုန်ဖြင့် ဓားမာန်ဟုန်ကို ချိုးဖျက်ခဲ့သည်။
ထိုအရာသည် ကျင့်ကြံဆင့်နှင့်မဆိုင်ပဲ ဓားတာအို၏ ဉာဏ်အလင်းကိုသာ အသုံးပြုထားသော တိုက်ပွဲဖြစ်သည်။
“ကောင်းလိုက်တဲ့ဓားကွက်ပဲ”
တုမင်ချီက အံ့အားသင့်သွားပြီး နောက်ဆုတ်သည်။
“ယွင်လန်ဓားအင်မော်တယ်ရဲ့ ဓားနည်းစနစ်က ပြိုင်ဘက်ကင်းတယ်။ တုမင်ချီက အရှုံးပေးပါတယ်”
ဟန်မူယဲ့က မရပ်တန့်ဘဲ သူ့ကို ဖြတ်ကျော်သွားပြီး တည်ငြိမ်စွာပြောသည်။
“မင်းက ယဉ်ကျေးလွန်းနေပါပြီ”