အခန်း (၉၃၂)
Vol. 67 Ch. 932
ဟန်မူယဲ့က ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်း တိုးတက်လာသောအချိန်တွင် အလွန်အမင်း ယဉ်ကျေးနေသင့်သည်ဟု မထင်တော့ပေ။
သူက ဓားဂိုဏ်းတွင် ခွန်အားကို ဖုံးကွယ်ထားရန် အစီအစဉ်မရှိပေ။
သူက လက်ကိုဆန့်ထုတ်ပြီး ဓားတိုကိုသိမ်းသည်။ ဓားအလင်းတစ်ခုသည် သူ့နောက်တွင် နီးကပ်စွာပေါ်လာသည်။
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ထောင်ချောက်ဓားက ထောင်ချီသောအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ထိုဓားချက်ကို ပိတ်ဆို့လိုက်သည်။
မရေမတွက်နိုင်သော ဓားအလင်းများက သွယ်ယှက်နေသည်။ ဝိုင်းရံခံထားရသော ဓားရှည်က တုန်ခါနေပြီး ဓားဝိညာဉ်က အော်ဟစ်လိုက်သည်။
“ယွီလင်ခန်းဆောင်ရဲ့ ကျူးစွန်က အရှုံးပေးပါတယ်”
မီးခိုးရောင်ဝတ်စုံနှင့် အသက်လေးဆယ်အရွယ် ဓားကျင့်ကြံသူက လျင်မြန်စွာရောက်လာပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်လျက် ပြောသည်။
သူက ဟန်မူယဲ့နှင့် မယှဉ်နိုင်ပေ။ လက်ရှည်စမ်းတိုက်ပွဲတွင် သူ၏ဓားရှည် ထိခိုက်သွားလျှင် မထိုက်တန်ပေ။
ဟန်မူယဲ့က လက်မြှောက်ပြီး ထောင်ချောက်ဓားကို ပြန်သိမ်းသည်။ ထို့နောက် ခေါင်းညိတ်ပြပြီး ရှေ့ဆက်သွားသည်။
ကျူးစွန်က ဓားရှည်ကို ပြန်ခေါ်လိုက်ပြီး ဓားဆန္ဒကိုထည့်သွင်း၍ စစ်ဆေးကြည့်သည်။ သူက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
ကံကောင်းစွာဖြင့် ဓားက ပျက်စီးမသွားပေ။
သူက ခေါင်းမော့ကြည့်လိုက်ပြီး ဓားအလင်းဆယ်ခုကျော်အား ဖျက်ဆီးပစ်နေသော ဟန်မူယဲ့ကို မြင်ရသည်။
“ယွင်ထန့်တောရိုင်းမြေမှာ နာမည်ကြီးနေတာ အလကားမဟုတ်ဘူးပဲ”
ကျူးစွန်က အံ့အားသင့်နေသောမျက်နှာထားဖြင့် ရေရွတ်လိုက်သည်။ သူ့မျက်လုံးများက တောက်ပနေကြသည်။
“အစ်ကိုကြီးဟန်က အထင်ကြီးစရာပဲ ....”
မြို့အပြင်ဘက်တွင်ရှိသော ကျောက်ချန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အားကျနေသည်။
“သခင်လေး၊ ယွင်လန်ဓားအင်မော်တယ်က ယွင်ထန့်တောရိုင်းမြေမှာ အမြဲတမ်းတိုက်ခိုက်ပြီး လေ့ကျင့်နေခဲ့တယ်”
လူအိုကြီးချူက ပြောသည်။
“ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အဲဒီလိုစွမ်းရည်မျိုး မရှိဘူးလေ”
ကျောက်ချန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး မြို့ဆီသို့ လျှောက်သွားခဲ့သည်။
“ဝိညာဉ်ကျောက်တုံးတွေရှာဖို့ စဉ်းစားနေတာပဲ ကောင်းတယ်”
လူအိုကြီးချူက ခေါင်းခါလိုက်ပြီး ညင်သာစွာသက်ပြင်းချ၍ နောက်မှ လိုက်လာသည်။
ကျောက်ချန်က သူ၏ စောင့်ကြပ်မှုအောက်တွင် ကြီးပြင်းလာခဲ့သည်။ ကျောက်ချန်၏ ပါရမီက ကောင်းမွန်သည်။ သို့သော် သူ၏ နှလုံးသားက ကျင့်ကြံခြင်းတွင် အာရုံမရှိပေ။
“အဲဒါက ပြိုင်ဘက်ကင်းဟန်လား”
တိမ်တိုက်များကြား၌ လွင့်မျောနေသော ခန်းဆောင်တွင် အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က ညင်သာစွာပြောလိုက်သည်။
သူ့ဘေးတွင် အစိမ်းရောင်ဝတ်စုံနှင့် တခြားလူအိုကြီးများ ရှိနေကြသည်။
“ဟုတ်ပါတယ်။ ဂိုဏ်းတူအစ်ကိုကျူးမင်ရဲ့ အမွေဆက်ခံသူပါ”
ခါးတွင် သေရည်အိုးကို ချိတ်ဆွဲထားသော ကျိုးရှန့်က ကျယ်လောင်စွာပြောသည်။
“ဓားဆန္ဒကို ဆက်တိုက်စုစည်းနေတဲ့ နည်းလမ်းက ဂိုဏ်းတူအစ်ကိုကျူးမင်ရဲ့ လမ်းစဉ်ပဲ”
လူအိုကြီးတစ်ယောက်က ဟန်မူယဲ့ဆီမှ အဆက်မပြတ် ထွက်ပေါ်လာသော သိမ်မွေ့သည့်ဓားအလင်းများကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
တခြားလူများကလည်း ထိုဓားကွက်၏ ဓားဆန္ဒကို မှတ်မိကြသည်။
“ဒါပေမဲ့ လီယွင်ကန်းကလည်း အဲဒီကလေးကို အရမ်းဂရုစိုက်နေတယ်ဆို”
ရှေ့ဆုံးတွင်ရှိနေသော လူအိုကြီးက ကျိုးရှန့်ကို လှည့်ကြည့်သည်။
တခြားလူများကလည်း သူ့ကို ကြည့်လိုက်ကြသည်။
ကျိုးရှန့်က ပြုံးလိုက်ပြီး ဆံပင်နှင့် မုတ်ဆိတ်မွေးကို ပွတ်သပ်သည်။ ထို့နောက် ခါးတွင်ရှိသော သေရည်အိုးကို ပုတ်လိုက်သည်။
“သူက သေရည်တွေ ပေးလိုက်တယ်”
ထိုစကားကြောင့် ရှေ့ဆုံးတွင်ရှိနေသော လူအိုကြီးက အနည်းငယ် မျက်မှောင်ကြုတ်သည်။
တခြားလူများက ဟန်မူယဲ့ကို လှည့်ကြည့်ကြသည်။
ထိုအချိန်တွင် ဟန်မူယဲ့က ဓားအလင်း ၁၄ခုကို ဆက်တိုက် ဖျက်ဆီးပြီး လက်ရွေးစင်တပည့် ၁၄ယောက်ကို နောက်ဆုတ်သွားစေခဲ့သည်။
“သူက စမ်းသပ်ပွဲနယ်မြေမှာ ဘယ်အဆင့်အထိ ရောက်ခဲ့တာလဲမသိဘူး။ ဒါပေမဲ့ သူရဲ့ နားလည်သဘောပေါက်နိုင်စွမ်းနဲ့ဆိုရင် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်က သူ့ကို သတိထားမိလိမ့်မယ်”
ခါးသီးအင်မော်တယ်နယ်မြေသို့ ရောက်လာခဲ့သော ရွှင်းထျန်းခန်းဆောင်သခင် မူဟွမ်က ကောင်းကင်ကို ကြည့်လိုက်သည်။
ထိုနေရာတွင် သူက ခန်းဆောင်တစ်ခုကို မြင်နေရပုံပေါ်သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်သည် ဓားဂိုဏ်း၏ အထူးခြားဆုံးခန်းဆောင် ဖြစ်သည်။
ဓားဂိုဏ်း၏ အစစ်အမှန်လက်ရွေးစင်များကသာ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်သို့ ဝင်ရောက်နိုင်ကြသည်။
‘ဟန်မူယဲ့က နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်ကို ဝင်ရောက်ပြီးသားလား’
ကောင်းကင်ထက်တွင် ရာချီသောနတ်အာရုံများက တိတ်ဆိတ်စွာဆင်းသက်လာပြီး ဟန်မူယဲ့ကို စောင့်ကြည့်နေကြသည်။
သူတို့အားလုံးသည် လေဟာနယ်သန့်စင်ခြင်းအဆင့်နှင့် အထက်တွင် ရှိနေကြသည်။
အရိပ်အယောင်မမြင်ရသော ဒါဇင်ချီနေသည့် နတ်အာရုံများလည်း ရှိကြသည်။ ထိုလူများက ကောင်းကင်အင်မော်တယ်အဆင့်ကို ကျော်လွန်သွားသော ရွှေအင်မော်တယ်များ ဖြစ်ကြသည်။
“ဘုန်း”
ဓားတစ်လက်က ဓားဝင်္ကပါကို ဖျက်ဆီးလိုက်ပြီး ဓားဂိုဏ်း၏ တပည့်များကို လွင့်ထွက်သွားစေသည်။ ဓားနှစ်လက်ကိုင်ထားသော ဟန်မူယဲ့က တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်နေသည်။
“ဒီတိုက်ပွဲမျိုးက စိတ်ကျေနပ်ဖို့မကောင်းဘူး”
သူက အော်ဟစ်လိုက်သည်။
သူ၏ ဓားအလင်းက ကောင်းကင်ကို ထိုးခွဲလိုက်သည်။
“လေဟာနယ်သန့်စင်ခြင်းအဆင့်အောက်မှာ ရှိနေတဲ့လူတွေ မလာခဲ့ကြနဲ့”
“လေဟာနယ်သန့်စင်ခြင်းအဆင့်နဲ့ အထက်မှာရှိနေတဲ့လူတွေ ပူးပေါင်းပြီးတိုက်ခိုက်နိုင်တယ်”
သူ့အသံက လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး သူက တိမ်တိုက်များကို ထိုးခွဲ၍ ကောင်းကင်ထက်တွင် ရှိနေသည်။
လေဟာနယ်အတွင်းသို့ ဝင်ရောက်သွားသောအခါတွင် လေဟာနယ်သန့်စင်ခြင်းအဆင့်နှင့် အထက်တွင်ရှိသော ကျင့်ကြံသူများကသာ တိုက်ခိုက်ရန် အဆင့်မီကြသည်။
ဟန်မူယဲ့၏စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိနေသော နတ်အာရုံများက တုန်ခါသွားကြသည်။ တချို့လူများက စိတ်မထိန်းနိုင်တော့ဘဲ အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။
‘သူက ရူးနေတာလား’
‘မောက်မာတာလား’
သို့သော် သူက အစစ်အမှန် ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။
နှလုံးသားထဲတွင် ကြောက်ရွံ့မှုရှိနေလျှင် ဓားအင်မော်တယ်တစ်ဦး ဖြစ်မလာနိုင်ပေ။
ဓားအင်မော်တယ်များ အားလုံးသည် မောက်မာကြသည်။
မရေမတွက်နိုင်သော ဓားအလင်းများက ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြသည်။
ဓားအလင်းများသည် မိုင်တစ်သိန်းပတ်ဝန်းကျင်ကို အလင်းပေးလိုက်သည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ နံပတ်တစ်ဓားဂိုဏ်း ဖြစ်သည်။
“ကောင်းတယ်။ ငါတို့ဓားဂိုဏ်းက ဒီလိုဓားအင်မော်တယ်မျိုးကို မမြင်ဖူးတာကြာနေပြီ။ ဒီတိုက်ပွဲကို သေချာစောင့်ကြည့်ရမယ်”
ဆံပင်ဖြူနေသော လူအိုကြီးတစ်ယောက်က ရယ်မောလိုက်ပြီး အစိမ်းရောင်ဓားတစ်လက်အဖြစ် ပြောင်းလဲ၍ ပျံသန်းသွားသည်။
ဓားဂိုဏ်း၏ အကြီးအကဲများလည်း ပါဝင်လာကြသည်။
ဓားကျင့်ကြံသူများက အရိုးထဲအထိ မာနကြီးသည်။
လက်ထဲတွင် ဓားတစ်လက်ရှိနေလျှင် မည်သည့်အရာကိုမှ ပြောနေရန် မလိုအပ်ပေ။
“တိုက်”
“ယွင်လန်ဓားအင်မော်တယ်က တကယ်မောက်မာပြီး လွှမ်းမိုးနိုင်တာပဲ။ ငါတို့ဓားဂိုဏ်းရဲ့ ဂုဏ်သတင်းကို ကျဆင်းမသွားစေနဲ့”
အိုမင်းပြီး လေးနက်သောအသံသည် ကောင်းကင်တွင် ပေါ်ထွက်လာသည်။
“လာပြီ”
လေဟာနယ်သန့်စင်ခြင်းအဆင့်တွင် ရှိနေသော ဓားကျင့်ကြံသူများက ကောင်းကင်ပေါ်သို့ ရောက်လာကြသည်။
သူတို့က လျင်မြန်စွာ ရောက်လာကြသော်လည်း ပိုမိုလျင်မြန်စွာ နောက်ဆုတ်သွားရသည်။
“ဘန်း”
ဓားအလင်းတစ်ခု ဆင်းသက်လာပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်ကို ရိုက်ချခဲ့သည်။
ဟန်မူယဲ့၏ ဓားနှစ်လက်က ကောင်းကင်ထက်တွင် ရှိနေပြီး သူတို့ကို တားဆီးထားသည်။
“မင်းတို့က လေဟာနယ်ထဲမှာ ငါနဲ့တိုက်ခိုက်ချင်ရင် အရည်အချင်းရှိဖို့လိုတယ်”
ဟန်မူယဲ့က ဓားမြှောက်လိုက်ပြီး ရှေ့သို့ ညွှန်ပြသည်။
“ငါ့ရဲ့ဓားတစ်ချက်ကိုတောင် မခုခံနိုင်ရင် မလာခဲ့နဲ့”
သူ၏ ဓားတစ်ချက်ကို ရင်ဆိုင်နိုင်မှသာ လေဟာနယ်ထဲတွင် တိုက်ခိုက်ရန် အဆင့်မီသည်။
‘သူက တကယ်ကို မောက်မာနေတာပဲ’
“ခလွမ် ....”
ဓားအလင်းက ကမ္ဘာတစ်ခုအား ဖျက်ဆီးနိုင်သောစွမ်းအားကို သယ်ဆောင်၍ ဟန်မူယဲ့၏ရင်ဘတ်ကို ထိုးနှက်လာသည်။
အားကောင်းသည်။
လျင်မြန်သည်။
ထိုဓားချက်ကြောင့် ကောင်းကင်က ပြိုကျသွားတော့မည်ဟု ထင်ရသည်။
သို့သော် ထိုဓားအလင်းကို အစိမ်းရောင်ဖဲကြိုးက တားဆီးလိုက်သည်။
ဖဲကြိုးက ဓားအလင်းကိုရစ်ပတ်၍ ဖျက်ဆီးလိုက်သည်။ မျက်နှာဖြူဖျော့နေသော လက်ရွေးစင်တစ်ယောက်က အောက်သို့ ပြုတ်ကျသွားသည်။
“လေဟာနယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်မှာ ရှိနေတဲ့ ယွင်ချန်ခန်းဆောင်က တောက်ထျန်းယွီ။ သူက လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနဲ့တောင် တိုက်ခိုက်နိုင်တယ်”
“ဒါပေမဲ့ ယွင်လန်ဓားအင်မော်တယ်ရဲ့ ဓားတစ်ချက်ကို မခုခံနိုင်ခဲ့ဘူး”
အောက်တွင် စုစည်းနေသော ဓားဂိုဏ်း၏ လက်ရွေးစင်တပည့်များက ဆူပွက်သွားကြသည်။
ခန်းဆောင်ထဲတွင်ရှိနေသော အကြီးအကဲများ၏ မျက်နှာထားက လေးနက်လာသည်။
“ဒီဓားကိုကြည့်လိုက်”
အော်ဟစ်သံနှင့်အတူ ဓားအလင်းသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုနဂါးက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ထိန်းချုပ်ထားပြီး ဟိန်းဟောက်သည်။
နဂါးက လက်သည်းများကို ဆန့်ထုတ်ပြီး ဟန်မူယဲ့၏ဦးခေါင်းကို ရိုက်ချသည်။
လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ....
ထိုဓားသည် လေဟာနယ်နှင့် ပေါင်းစပ်နေသော ကမ္ဘာငယ်၏စွမ်းအားကို အသုံးချထားသည်။ ထိုစွမ်းအားကို လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများက မယှဉ်နိုင်ကြပေ။
ဟန်မူယဲ့က လက်မြှောက်သည်။ အစိမ်းရောင်ဖဲကြိုးက ဓားတိုတစ်လက်အဖြစ် ပြောင်းသွားပြီး ခုတ်ချလိုက်သည်။
ညာဘက်လက်တွင်ကိုင်ထားသော ဓားရှည်က မရေမတွက်နိုင်သော ဓားအလင်းများအဖြစ် ပြောင်းလဲသွားပြီး ဝင်္ကပါတစ်ခုကို ဖန်တီး၍ နဂါးကို ချုပ်နှောင်သည်။
“ဘန်း”
ဓားတိုက ဓားအလင်းကို ဖျက်ဆီးလိုက်ပြီး တိုက်ခိုက်လိုက်သော တပည့်ကို ကောင်းကင်ပေါ်မှ နှင်ထုတ်သည်။
ဟန်မူယဲ့က နောက်ဆုတ်မသွားခဲ့ပေ။
“ခန်းဆောင်သုံးခုရဲ့လက်ရွေးစင် ကူမင်ကတောင် လေဟာနယ်ကို ချိုးဖောက်ဖို့ မတတ်နိုင်ခဲ့ဘူး ....”
ဓားဆွဲထုတ်ရန် အသင့်ပြင်ထားသော လက်ရွေးစင်တပည့်များက ထိတ်လန့်သွားကြသည်။
ဟန်မူယဲ့က ဓားနှစ်လက်ကို ကိုင်ထားပြီး တိုက်ခိုက်ခြင်းဆန္ဒနှင့် ဓားဆန္ဒကို စုစည်းသည်။ သတ်ဖြတ်ခြင်းဆန္ဒတချို့လည်း ပေါ်ထွက်နေသည်။
“ဓားဆန္ဒနဲ့ တိုက်ခိုက်ခြင်းဆန္ဒကို ပေါင်းစပ်ထားနိုင်တယ်။ ကူမင်က မခုခံနိုင်တာ မထူးဆန်းတော့ပါဘူး”
သိပ်မဝေးသောနေရာတွင် မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က တောက်ပနေသောမျက်လုံးများဖြင့် ပြောလိုက်သည်။
“သူ့ရဲ့ ဓားနည်းစနစ်က မရိုးရှင်းဘူးလို့ ခံစားနေရတယ်”
တခြားလူအိုကြီးတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“အရင်ဆုံး လက်ရွေးစင်တပည့်တွေရဲ့ တိုက်ခိုက်လိုစိတ်ကို နှိုးဆွပေးပြီး လွှမ်းမိုးနိုင်စွမ်းကို ပြသဖို့ ကျွမ်းကျင်သူတွေကို စိန်ခေါ်တယ်”
ရိုးရှင်းစွာဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်က ပေါ့ပါးစွာ ပြောလိုက်သည်။
“အခု သူက ကောင်းကင်ကို ပိတ်ဆို့ထားတယ်”
“အနိုင်ရဖို့အတွက် တစ်ဆင့်ချင်းစီ သွားနေတယ်။ သူက နှစ်သောင်းချီကြာရင်တောင် တခြားလူတွေမရနိုင်တဲ့ အောင်မြင်မှုမျိုးကို ယွင်ထန့်တောရိုင်းမြေမှာ ဆယ်နှစ်တည်းနဲ့ရခဲ့တာ မထူးဆန်းတော့ပါဘူး”
ကောင်းကင်တွင် ပုံရိပ်များသည် ပခုံးချင်းယှဉ်လျက် ရပ်နေကြသည်။
သို့သော် သူတို့၏ ခန္ဓာကိုယ်တွင်ရှိသော အင်မော်တယ်အလင်းက မှိန်ဖျော့နေသည့်အတွက် တခြားလူများက သူတို့ကို အာရုံမခံပေ။
မိစ္ဆာဘုရင်ရှန်းထျန်းကို အနိုင်ယူခဲ့သော လီယွင်ကန်းကလည်း ထိုလူများကြားတွင် ရှိနေသည်။ သို့သော် သူက နောက်ပိုင်းတွင် ရပ်နေပြီး မောက်မာသောမျက်နှာထားကို မပြသခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူရှေ့တွင်ရပ်နေသော လူများက ရွှေအင်မော်တယ်အဆင့်ကို ကျော်လွန်နေကြသည်။
ဓားတာအို၏ အင်မော်တယ်သခင်များ ဖြစ်ကြသည်။
ထိုလူများသည် ဓားဂိုဏ်း၏ အစစ်အမှန်ခွန်အားဖြစ်ပြီး အင်မော်တယ်ကမ္ဘာကို လွှမ်းမိုးနိုင်ကြသည်။
“အရှိန်အဟုန်ကို စုစည်းတယ်။ တခြားလူတွေရဲ့ အရှိန်အဟုန်ကို ဖျက်ဆီးတယ်။ ပြီးတော့ ထိန်းချုပ်ထားတယ်။ လက်ရွေးစင် နှစ်ထောင်ကျော်ရဲ့ စွမ်းအားကို သူက တစ်ယောက်တည်း ကိုင်တွယ်သွားတယ်။ ဒီနည်းလမ်းက မဆိုးဘူးပဲ”
“ဒီကလေးကို အရံအစီအစဉ်တစ်ခုအဖြစ် ယူဆနိုင်လား”
ချည်ထည်ဝတ်စုံဖြင့် လူတစ်ယောက်က ညင်သာစွာပြောသည်။
သူက ဟန်မူယဲ့ကို တည်ငြိမ်စွာကြည့်နေသည်။