အခန်း (၉၃၃)
Vol. 67 Ch. 933
“သင်္ချိုင်းအင်မော်တယ်မြို့တော်က အုပ်ချုပ်သူတစ်ယောက် လိုအပ်နေတယ်။ ဒါပေမဲ့ သူက ....”
တခြားလူအိုကြီးတစ်ယောက်က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။
“အရမ်းအားနည်းနေတယ်”
အားနည်းသည်။
သူတို့၏အမြင်တွင် ဟန်မူယဲ့က ဓားဂိုဏ်း၏ လက်ရွေးစင်တပည့်များအားလုံးကို အနိုင်မရနိုင်ပေ။
ကျန်လူများက မငြင်းကြပေ။
“ဝိညာဉ်ဓာက နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို သုံးပုံတစ်ပုံအထိ ထိန်းချုပ်နိုင်တယ်။ တကယ်လို့ သူက ဝိညာည်ဓားရဲ့ အသိအမှတ်ပြုတာကို ရခဲ့ရင် အခွင့်အရေးရှိတယ်”
အစိမ်းရောင်ဝတ်စုံနှင့် လူတစ်ယောက်က ပြောလိုက်သည်။
“ဒါပေမဲ့ မျှော်လင့်ချက်နည်းတယ်”
လက်နှစ်ဖက်ကို နောက်ပစ်ထားသောလူအိုကြီးက သက်ပြင်းချလိုက်သည်။
“ဒီတစ်ကြိမ်မှာ တာအိုဂိုဏ်းရဲ့ အရှိန်အဟုန်ကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်မှာ နတ်ဘုရားကမ္ဘာက လှုပ်ရှားလာခဲ့ရင် ငါတို့က တားဆီးနိုင်မှာမဟုတ်ဘူး”
“နတ်ဘုရားသတ်ဖြတ်ခြင်း”
လူအိုကြီး၏အသံက မပျက်စီးနိုင်သော စိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။
“တကယ်လို့ သူက သင်္ချိုင်းအင်မော်တယ်မြို့တော်နဲ့ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်ရင် ငါထွက်သွားတဲ့အချိန်မှာ ဓားဂိုဏ်းကို သူ့ဆီ အပ်ထားခဲ့လို့ရတယ်”
“ဒါပေမဲ့ သူက သွေးစစ်ပွဲဂိုဏ်းကို တားဆီးဖို့ လိုအပ်တယ်”
နောက်တွင်ရပ်နေသော လီယွင်ကန်း၏မျက်နှာထားက ရှုပ်ထွေးနေသည်။
တစ်ချိန်က သူလည်း ရွေးချယ်ခံတစ်ယောက် ဖြစ်ခဲ့သည်။
သို့သော် သူက မအောင်မြင်ခဲ့ပေ။
ယခုအချိန်တွင် သူက တိုက်ခိုက်နေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မနေနိုင်တော့ပဲ စိတ်လှုပ်ရှားလာသည်။
အကယ်၍ သူက စိန်ခေါ်မှုကို ထိပ်တိုက်ရင်ဆိုင်ခဲ့လျှင် ယခုအချိန်တွင် စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်နေလိမ့်မည်။
သူက နှစ်ပေါင်းများစွာကြာအောင် နေရာတိုင်းတွင်စိန်ခေါ်၍ တိုက်ခိုက်နေခဲ့သည်။ သို့သော် ယခင်က နောက်ဆုတ်ခဲ့သော ဖြစ်ရပ်ကို မပြုပြင်နိုင်ခဲ့ပေ။
သူက စိန်ခေါ်လေ အားနည်းချက်ပေါ်လာလေ ဖြစ်နေသည်။
ဟန်မူယဲ့က ဓားအလင်းကို ထုတ်လွှတ်ပြီး ဓားဂိုဏ်း၏ ထောင်ချီသော လက်ရွေးစင်တပည့်များအားလုံးကို တားဆီးထားသည်။ သူက အစစ်အမှန် ဓားအင်မော်တယ်တစ်ဦး ဖြစ်သည်။
“သူက အခွင့်အရေးရှိနိုင်တယ်”
လီယွင်ကန်းက တောက်ပနေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။
အဆင့်တူများကို ဖိနှိပ်ပြီး ဓားတစ်ချက်ဖြင့် အားလုံးကို နောက်ဆုတ်သွားစေသော ကျွမ်းကျင်သူသည် ဓားဂိုဏ်းတွင် အချိန်အတော်ကြာသည်အထိ ပေါ်မလာခဲ့ပေ။
တစ်ရက်နှင့်တစ်ည ကြာသွားသည်အထိ မည်သူမှ ဟန်မူယဲ့ကို မဖြတ်ကျော်နိုင်ခဲ့ကြပေ။
လက်ရွေးစင်တပည့်များက တစ်ယောက်တည်း တိုက်ခိုက်နေသော အခြေအနေမှ ဆယ်ယောက်ပေါင်းပြီး တိုက်ခိုက်နေသောအခြေအနေသို့ ရောက်သွားကြသည်။
ဟန်မူယဲ့က ထောင်ချောက်ဓားကို အသုံးပြုပြီး ဓားဝင်္ကပါကို ဖန်တီးထားသည်။ ထို့အပြင် ယခုအချိန်တွင် ကိုးထပ်ဓားမျှော်စင်ကိုလည်း ထုတ်သုံးလိုက်သည်။
သူ၏ ဓားအလင်းသည် အလွန်တောက်ပနေသောကြောင့် မျက်လုံးဖြင့် တိုက်ရိုက်ကြည့်ရန် မဖြစ်နိုင်တော့ပေ။
သူက ဓားကိုင်ထားပြီး လူတိုင်းကို တားဆီးခဲ့သည်။
ထိုအရာသည် ဓားအင်မော်တယ်တစ်ယောက်၏ပုံစံ ဖြစ်သည်။
ဟန်မူယဲ့က တစ်ယောက်တည်းခွန်အားဖြင့် ကောင်းကင်ကို ပိတ်ဆို့ထားသည်။ ရှုံးနိမ့်သွားသော လက်ရွေးစင်တပည့်များက စိတ်ပျက်မသွားကြပဲ တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။ သူတို့၏တိုက်ပွဲကို စောင့်ကြည့်နေသော အကြီးအကဲများနှင့် တခြားတပည့်များက ဟန်မူယဲ့ကို လေးစားနေကြသည်။
သူက ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ဓားကို ကျင့်ကြံရန်အတွက် နှလုံးသားသည် ဓားနှင့်တစ်သားတည်း ဖြစ်နေရမည်။
ယခုအချိန်တွင် လေဟာနယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့် ဓားကျင့်ကြံသူ ၃၂ယောက်က ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။
ဓားအလင်းသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မိုင်တစ်ထောင်အကွာအဝေးကို ချက်ချင်းဖြတ်ကျော်လာသည်။
“ဘုန်း”
ဓားအလင်း ၃၂ခုက ထောင်ချောက်ဓား၏ဝင်္ကပါကို ထိုးခွဲလိုက်သည်။
ထိုဓားအလင်းများက ရပ်တန့်မသွားပဲ ဟန်မူယဲ့ဆီသို့ ဆက်လက်တိုးဝင်လာသည်။
ဓားဂိုဏ်းမှ လက်ရွေးစင်တပည့်များ၏ အသန်မာဆုံးပူးပေါင်းတိုက်ခိုက်မှု ဖြစ်သည်။
ထိုဓားချက်သည် လက်ရွေးစင်တပည့် နှစ်ထောင်ကျော်၏ အသန်မာဆုံးခွန်အား ဖြစ်သည်။
လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများက သန်မာပြီး ပူးပေါင်းတိုက်ခိုက်နိုင်သော်လည်း အဆင့်တူဓားကျင့်ကြံသူ ၃၂ယောက်၏ ကောင်းကင်ဖျက်ဆီးတိမ်တိုက်ဓားဝင်္ကပါကို မဖွဲ့စည်းနိုင်ကြပေ။
ထိုဝင်္ကပါသည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ၃၂ယောက်၏ ခွန်အားကို စုစည်းပြီး ရွှေအင်မော်တယ်များကို သတ်ဖြတ်နိုင်သည်။ အထွတ်အထိပ်အဆင့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်သည်။
ယခုအချိန်တွင် သောင်းချီသော ဓားဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများက ဟန်မူယဲ့ကို အာရုံစိုက်ထားကြသည်။
သူက ထိုဓားချက်ကို ခုခံနိုင်သည်ဖြစ်စေ မခုခံနိုင်သည်ဖြစ်စေ ဓားဂိုဏ်း၏ နှစ်သောင်းချီသမိုင်းကြောင်းအတွင်း၌ အသန်မာဆုံး လက်ရွေးစင်တပည့် ဖြစ်လာလိမ့်မည်။
ပြိုင်ဘက်ကင်းဟန်ဆိုသော နာမည်နှင့် ထိုက်တန်သည်။
“သေချာစောင့်ကြည့်ထား။ ငါတို့ လှုပ်ရှားသင့်ရင် လှုပ်ရှားရမယ်”
ရွှင်းထျန်းခန်းဆောင်၏ ကျွမ်းကျင်သူများက အသင့်ပြင်ထားကြသည်။
ဟန်မူယဲ့က ကျူးမင်၏ အမွေခံတပည့်ဖြစ်ပြီး ရွှင်းထျန်းခန်းဆောင်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်သည်။ သူက ထိခိုက်သွားလျှင် အဆင်မပြေပေ။
“အမှန်အတိုင်းပြောရရင် အကြီးအကဲတွေက ဒီတိုက်ပွဲကို အာရုံစိုက်ထားကြတယ်။ ဂိုဏ်းချုပ်ကတောင် စောင့်ကြည့်နေလောက်တယ်။ စိုးရိမ်နေစရာမလိုပါဘူး”
ကျိုးရှန့်က ခေါင်းခါလိုက်ပြီး ပေါ့ပါးစွာပြောသည်။
“သူက အဲဒီဓားချက်ကြောင့် ဒဏ်ရာရသွားဖို့ မဖြစ်နိုင်ဘူးဆိုတာကို လူတိုင်းသိကြတယ်။ ဒါပေမဲ့ ငါတို့က နည်းနည်းလောက် အားထုတ်မပြဘူးဆိုရင် ကျန်းထျန်းခန်းဆောင်က အဲဒီကလေးကို လုယူသွားလိမ့်မယ်”
မူဟွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
ကျိုးရှန့်က ပါးစပ်အဟောင်းသားဖြစ်နေပြီး ဓားအလင်းနှင့် ရင်ဆိုင်နေသော ဟန်မူယဲ့ကို ကြည့်သည်။
‘ဒါက အတော်လေး အကျိုးအကြောင်းသင့်သလိုပဲ။ ဒါပေမဲ့ ထူးဆန်းနေတယ်လို့ ခံစားရတယ်’
ဟန်မူယဲ့က တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသော ဓားအလင်း ၃၂ခုကို ကြည့်သည်။
ထိုဓားချက်သည် မယုံကြည်နိုင်လောက်အောင် သန်မာသည်။
ထိုဓားချက်သည် အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲပစ်နိုင်သော ဓားကျင့်ကြံသူများ၏ စိတ်ဆန္ဒကို သယ်ဆောင်ထားသည်။
အကယ်၍ သူတို့က နောက်တစ်ကြိမ် တိုက်ခိုက်မည်ဆိုလျှင်ပင် ထိုသို့ အားကောင်းသောဓားချက်ကို ထုတ်ပေးရန် မဖြစ်နိုင်တော့ပေ။
ထိုဓားသည် ဓားဂိုဏ်း၏ အနာဂတ်ကို ကိုယ်စားပြုနေသည်။
ဟန်မူယဲ့က နောက်ဆုတ်သွားနိုင်သည်။
သူက ထိုဓားချက်ကို ရင်ဆိုင်ရန် မလိုအပ်ပေ။
သူက တစ်ရက်နှင့်တစ်ညကြာအောင် တိုက်ခိုက်ပြီး လူတိုင်းကိုတားဆီး၍ ကိုယ့်ကိုယ်ကိုယ် သက်သေပြခဲ့သည်။
သို့သော် သူက ထိုဓားချက်နှင့် ရင်ဆိုင်ရမည်။
သူ့နှလုံးသားထဲတွင်ရှိသောဓား၊ သူ၏ လမ်းစဉ်ဓားက စိတ်မရှည်ဖြစ်နေသည်။
သူ၏ တိုက်ခိုက်ခြင်းဆန္ဒသည် အထွတ်အထိပ်သို့ ရောက်နေသည်။
သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဓားတိုကို မြှောက်သည်။
သူ့မျက်လုံးများက ကြည်လင်နေပြီး ညင်သာစွာ ရေရွတ်လိုက်သည်။
ထိုအသံကို သူတစ်ယောက်တည်းသာ ကြားနိုင်သည်။
“ငါ့ရဲ့လက်ထဲမှာ ဓားတစ်လက်ရှိတယ်။ ငါ့နှလုံးသားထဲမှာရှိတဲ့ တာအိုကို ကာကွယ်ရမယ်။ လောကမှာရှိတဲ့ အင်မော်တယ်နဲ့ နတ်ဘုရားတွေက ငါ့ဓားကို မချိုးဖျက်နိုင်ဘူး”
သူက ဓားဖြင့် ထိုးသွင်းလိုက်သည်။
အစိမ်းရောင်ဓားအလင်းသည် ဖဲကြိုးတစ်ခုကဲ့သို့ သိမ်မွေ့နေသည်။
သို့သော် ထိုဓားက လေဟာနယ်ကို ထိုးဖောက်သွားသည်။
ကမ္ဘာတစ်ခု၏ လေဟာနယ်ကို ထိုးဖောက်ခဲ့သည်။
ကမ္ဘာနှစ်ခု၏ လေဟာနယ်ကို ထိုးဖောက်ခဲ့သည်။
ကမ္ဘာသုံးခု၏ လေဟာနယ်ကို ထိုးဖောက်ခဲ့သည်။
ဓားအလင်းသည် မရေမတွက်နိုင်သော ကမ္ဘာများကို ထိုးဖောက်ပြီး မျက်စိကျိန်းလောက်သောအလင်းဖြင့် ဓားအလင်း ၃၂ခုကြောင့် ဖြစ်ပေါ်လာသော ဓားရှည်ကို ဝါးမြိုလိုက်သည်။
“အနန္တကမ္ဘာတွေရဲ့စွမ်းအားကို ဓားတစ်လက်ထဲမှာ ပေါင်းထည့်ထားတယ်။ ဒါက .... ဝိညာဉ်ဓားရဲ့ နည်းလမ်းပဲ”
ရွှင်းထျန်းခန်းဆောင်၏ရှေ့တွင် လူအိုကြီးက ဓားအလင်းကို ထုတ်လွှတ်ပြီး ထိတ်လန့်စွာပြောသည်။
“ဝိညာဉ်ဓားက သင်္ချိုင်းအင်မော်တယ်မြို့ကနေတစ်ဆင့် အဲဒီကလေးနဲ့ ဓားချက်ချင်း ဖလှယ်ခဲ့တယ်”
ကျိုးရှန့်၏မျက်လုံးများက တောက်ပနေကြသည်။
လေဟာနယ်ထဲတွင် လီယွင်ကန်းက မျက်လုံးပြူးသွားသည်။
“ဝိညာဉ်ဓားရဲ့နည်းစနစ်ကို အသုံးပြုလိုက်တာလား။ သူက ယွင်လန်မြို့မှာ ဝိညာဉ်ဓားရဲ့ ဓားချက်ကို ခုခံခဲ့တယ်”
“တစ်ကြိမ်ပဲ ကြုံတွေ့လိုက်ရပြီး နားလည်နိုင်တာ တကယ်အထင်ကြီးဖို့ကောင်းတယ်”
ရှေ့တွင်ရှိနေသော ကျွမ်းကျင်သူက ကျယ်လောင်စွာပြောသည်။
“ကျူးမင်ရဲ့ဓားဆန္ဒကို ဆက်တိုက်အသုံးချပြီး ဝိညာဉ်ဓားရဲ့နည်းလမ်းနဲ့ ခွန်အားကို စုစည်းနေခဲ့တယ်”
လက်နှစ်ဖက်ကို နောက်ပစ်ထားသော လူအိုကြီးက လေးစားနေသောလေသံဖြင့် ပြောသည်။
“သူက စွမ်းအားတွေကို မထုတ်လွှတ်ပဲ တစ်ရက်နဲ့တစ်ည စုစည်းထားတယ်။ ထိန်းချုပ်နိုင်စွမ်းကောင်းတယ်”
“မဆိုးဘူးပဲ”
လူအိုကြီးက ဟန်မူယဲ့၏ရှေ့တွင်ရှိသော ကိုးထပ်ဓားမျှော်စင်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ကိုးထပ်မျှော်စင်ကတောင် သူ့ကို ရွေးချယ်ခဲ့တယ်။ တကယ်ရှားပါးတာပဲ”
လူအိုကြီးက အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများကို လှည့်ကြည့်သည်။
“အဲဒီတော့ ဘယ်လိုထင်ကြလဲ”
လူတိုင်းက လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး ဦးညွတ်ကြသည်။
“ဂိုဏ်းချုပ်ရဲ့အမိန့်အတိုင်းပါပဲ”
လူအိုကြီက ခေါင်းညိတ်လိုက်ပြီး လက်ကိုဝှေ့ယမ်းသည်။ ထို့နောက် ပျောက်ကွယ်သွားသည်။
သူပျောက်ကွယ်သွားသောအခါ ဟန်မူယဲ့၏ရှေ့တွင်ရှိသော ဓားအလင်းကလည်း ပျောက်ကွယ်သွားခဲ့သည်။
ဓားအလင်း ၃၂ခုက ပြန့်ကျဲသွားပြီး ဟန်မူယဲ့စုစည်းထားသော ဓားအလင်းကလည်း ပြန်ရောက်လာသည်။
သူက ဓားချက်ကို ထုတ်မသုံးခဲ့ဟု ထင်ရသည်။
“အချိန်နဲ့တည်နေရာစွမ်းအားကို အသုံးပြုပြီး တိုက်ပွဲကို ရပ်တန့်ခဲ့တယ်။ ဒါက အင်မော်တယ်သခင်တွေအတွက်တောင် ခက်ခဲလိမ့်မယ်”
ဟန်မူယဲ့က ဓားတိုကို ဖဲကြိုးအဖြစ် ပြန်ပြောင်းလိုက်ပြီး တီးတိုးပြောသည်။
သူ၏ဓားချက်က အလွန်အားကောင်းသည် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကပင် လွယ်ကူစွာ ဖြေရှင်းနိုင်မည်မဟုတ်ပေ။
လှုပ်ရှားလိုက်သောလူကို မသိရသော်လည်း တိုက်ပွဲကို ရပ်တန့်ခဲ့သောကြောင့် တိုက်ပွဲက အဆုံးသတ်သွားသည်။
ဓားဂိုဏ်း၏ လက်ရွေးစင်တပည့် နှစ်ထောင်ကျော်က လူစုခွဲသွားသည်။ ဟန်မူယဲ့က အောက်သို့ ပြန်ဆင်းလာသည်။
ပွဲကြည့်နေသော ဓားဂိုဏ်း၏တပည့်များက တွန့်ဆုတ်နေပြီး သက်ပြင်းချလျက် ထွက်သွားကြသည်။
သူတို့က စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ်ကို ရခဲ့ကြသည်။
သူတို့က ဓားအင်မော်တယ်များ၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီး နှလုံးသားထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
ဓားဂိုဏ်း၏ မရေမတွက်နိုင်သော တပည့်များက ပြိုင်ဘက်ကင်းဟန်ကို မှတ်မိနေကြလိမ့်မည်။
ဓားကျင့်ကြံသူတစ်ယောက်က ထိုသို့ပင် ဖြစ်သင့်သည်။
ဟန်မူယဲ့က မြို့အပြင်ဘက်သို့ ပြန်ရောက်လာသောအခါ အစိမ်းရောင်ဝတ်စုံနှင့် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦးက သူ့ကို စောင့်နေခဲ့သည်။
“ဟန်မူယဲ့၊ ငါက ကျန်းရွှမ်ခန်းဆောင်ရဲ့ အကြီးအကဲရွှမ်ကျီပါ။ မင်းက ကျန်းရွှမ်ခန်းဆောင်ရဲ့ တပည့်တစ်ယောက်အနေနဲ့ သင်္ချိုင်းအင်မော်တယ်မြို့တော်ကိုသွားဖို့ သဘောတူခဲ့တယ်လို့ ချန်ချွီက ပြောတယ်”
“ကျန်းရွှမ်ခန်းဆောင်ကို ကိုယ်စားပြုမယ်ဆိုရင် ကျန်းရွှမ်ခန်းဆောင်ကို အရင်ဆုံးသွားပြီး အနားယူလိုက်ပါ”
လူအိုကြီးက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
သူက ဟန်မူယဲ့တို့ကို ကျန်းရွှမ်ခန်းဆောင်သို့ ဖိတ်ခေါ်ရန်အတွက် စောစီးစွာ ရောက်နေခဲ့သည်။
သို့သော် ဟန်မူယဲ့က တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါထဲမှ ထွက်လာသောအချိန်တွင် လက်ရွေးစင်တပည့်များနှင့် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲကြောင့် သူ၏ နှလုံးသားက အေးစက်သွားသည်။
ယွင်လန်မြို့၏ ပြိုင်ဘက်ကင်းဟန်က ကျန်းရွှမ်ခန်းဆောင်ကို မည်သို့ ကိုယ်စားပြုမည်နည်း။
သူက ထုံးစံအတိုင်း မေးလိုက်ရုံသာ ဖြစ်သည်။
ရွှင်းထျန်းခန်းဆောင်နှင့် ကျန်းထျန်းခန်းဆောင်၏ လူများကလည်း ဤနေရာသို့ ရောက်လာကြလိမ့်မည်။
“ကောင်းပြီ။ အကြီးအကဲနဲ့အတူ ကျန်းရွှမ်ခန်းဆောင်ကို လိုက်ခဲ့ပါမယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“ငါနားလည် .... ကျန်းရွှမ်ခန်းဆောင်ကို သွားမှာလား”
အကြီးအကဲရွှမ်ကျီက ကြောင်အသွားပြီး ဖြည်းဖြည်းချင်း ပျော်ရွှင်သွားသည်။
“မင်းက တကယ်ပဲ ကျန်းရွှမ်ခန်းဆောင်ကို သွားမှာလား”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“တကယ်သွားမှာပါ”
အကြီးအကဲရွှမ်ကျီက ကျယ်လောင်စွာရယ်လိုက်သည်။ သို့သော် ရယ်မောခြင်းကို လျင်မြန်စွာ ရပ်တန့်ခဲ့သည်။ သူက လက်မြှောက်ပြီး သင်္ဘောပျံတစ်စင်းကို ထုတ်ယူ၍ တီးတိုးပြောသည်။
“အဲဒါဆိုရင်လည်း မြန်မြန်ထွက်သွားကြရအောင်”
သင်္ဘောပျံ ထွက်သွားသောအချိန်တွင် ကျိုးရှန့် ရောက်လာခဲ့သည်။ သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ရေရွတ်သည်။
“အဲဒီကလေးက ဘယ်ရောက်သွားတာလဲ”
သူက ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်ထက်တွင် လှုပ်ရှားသွားသော ကျန်းထျန်းခန်းဆောင်၏ ကျွမ်းကျင်သူများကို မြင်လိုက်ရသည်။