အခန်း (၉၃၄)
Vol. 67 Ch. 934
ကျန်းရွှမ်ခန်းဆောင်တွင် တံခါးပိတ်ကျင့်ကြံခြင်းကို မပြုလုပ်ရသေးသော ကောင်းကင်အင်မော်တယ်နှင့် ရွှေအင်မော်တယ်အဆင့် အကြီးအကဲများ ဆယ့်ခြောက်ယောက် ရှိနေသည်။
ထိုလူများထဲတွင် ကျင့်ကြံဆင့်အမြင့်ဆုံးလူသည် ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့်သို့ ရောက်နေသော အကြီးအကဲရွှမ်ချင် ဖြစ်သည်။
ယခုအချိန်တွင် အကြီးအကဲများက ဟန်မူယဲ့ကို တိတ်ဆိတ်စွာကြည့်နေကြသည်။
“အကြီးအကဲတို့၊ မေးစရာရှိသေးလား”
ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
“အမ်၊ မရှိဘူး။ မရှိဘူး”
အကြီးအကဲများက ခေါင်းခါလိုက်ကြသည်။
သူတို့က အချိန်ယူပြီး မေးခွန်းအမျိုးမျိုးဖြင့် ဟန်မူယဲ့ကို ဝိုင်းမေးခဲ့ကြသည်။
“အဟမ်း”
မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲရွှမ်ချင်က ချောင်းဟန့်လိုက်သည်။
“ယွင်လန်၊ မင်းက ငါတို့ကျန်းရွှမ်ခန်းဆောင်ကို ကိုယ်စားပြုပြီး သင်္ချိုင်းအင်မော်တယ်မြို့တော်ကို သွားမှာမဟုတ်လား။ ဒါက ငါတို့ခန်းဆောင်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ်”
တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။
အကြီးအကဲရွှမ်ချင်က လက်မြှောက်သည်။ အင်မော်တယ်အလင်းကို ထုတ်လွှတ်နေသော ချပ်ဝတ်၊ အဖြူရောင်တာအိုဝတ်စုံ၊ ကျောက်စိမ်းခါးပတ်၊ ကျောက်စိမ်းခေါင်းလောင်းနှင့် ဖိနပ်များက ဟန်မူယဲ့၏ရှေ့တွင် ပေါ်လာကြသည်။
ထို့အပြင် ကြည်လင်သောအလင်းကို ထုတ်လွှတ်ပေးနေသည့် အစိမ်းရောင်ဓားရှည်နှစ်ချောင်းလည်း ရှိသည်။
အင်မော်တယ်ရတနာများ ဖြစ်ကြသည်။
“မင်းဘာလိုသေးလဲ ပြောပါ”
အကြီးအကဲရွှမ်ချင်က ပြုံးလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
သူတို့က အင်မော်တယ်ရတနာတစ်ခု ပေးမည်ဟု သဘောတူထားခဲ့သည်။
သို့သော် ဟန်မူယဲ့၏ ခွန်အားအရ အင်မော်တယ်ရတနာတစ်ခုသည် မသင့်တော်ပေ။
ဟန်မူယဲ့က ကျန်းရွှမ်ခန်းဆောင်၏အမှတ်အသား ပါဝင်နေသော ပစ္စည်းများကို ကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်း၍ သိမ်းဆည်းသည်။
“ကျွန်တော်က ကျန်းရွှမ်ခန်းဆောင်မှာနေပြီး ဘိုးဘေးတွေရဲ့ ဓားနည်းစနစ်ကို လေ့လာကြည့်ချင်ပါတယ်”
ဟန်မူယဲ့က ပြောလိုက်သည်။
“ရတာပေါ့”
အကြီးအကဲရွှမ်ချင်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
အကယ်၍ ဟန်မူယဲ့က တခြားနေရာသို့ ရောက်သွားလျှင် သူတို့က ကျေနပ်မည်မဟုတ်ပေ။
“တကယ်လို့ တခြားခန်းဆောင်က လက်ရွေးစင်တပည့်တွေ ရောက်လာခဲ့ရင် ကျွန်တော်က သူတို့နဲ့ ဉာဏ်အလင်းချင်း ဖလှယ်နိုင်ပါတယ်။ ဒါပေမဲ့ အကြီးအကဲတွေ ရောက်လာရင်တော့ အကြီးအကဲတို့က ဖြေရှင်းပေးပါ”
ဟန်မူယဲ့က ထပ်ပြောလိုက်သည်။
“ရတယ်”
ရွှမ်ချင်က ခေါင်းညိတ်သည်။
ဟန်မူယဲ့က ဓားဂိုဏ်းတွင် အဆက်အသွယ်အများအပြား ရှိသည်။ သူက ကျန်းထျန်းခန်းဆောင်နှင့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်၏ တပည့်တစ်ယောက်လည်း ဖြစ်သည်။
အကယ်၍ အချိန်လုံလောက်လျှင် သူက ဂိုဏ်းတွင်နေပြီး ခန်းဆောင်အသီးသီး၏ ဓားနည်းစနစ်များကို လေ့လာကြည့်ချင်သည်။
သို့သော် သူက တစ်နှစ်အတွင်း၌ ခွန်အားကို အဆုံးစွန်အထိ မြှင့်တင်ရမည်။
သင်္ချိုင်းအင်မော်တယ်မြို့တော်က နေရာကောင်းတစ်ခု မဟုတ်ပေ။
ဟန်မူယဲ့က ကျန်းရွှမ်ခန်းဆောင်မှ တစ်လကြာသည်အထိ ထွက်မလာခဲ့ပေ။
သူက လက်ရွေးစင်တပည့်များနှင့် တိုက်ခိုက်ပြီး ဂိုဏ်း၏ ဓားနည်းစနစ်ကို ပိုမိုနားလည်လာခဲ့သည်။
“ဝီ”
ဓားအလင်းများ ဖျတ်ခနဲပေါ်လာပြီး ဓားရှည်များ လွင့်မျောနေကြသည်။
မရေမတွက်နိုင်သော ဓားအလင်းများသည် သွယ်ယှက်နေပြီး တည်နေရာကို ချိပ်ပိတ်ထားလိုက်သည်။
ဓားဝင်္ကပါ ....
ကောင်းကင်စက်ဝန်း ဓားဝင်္ကပါ ဖြစ်သည်။
ဟန်မူယဲ့က လူသားလောကတွင် ထိုဝင်္ကပါကို အသုံးပြုခဲ့သည်။
သို့သော် ယခုအချိန်တွင် ဝင်္ကပါ၏ခွန်အားက မလုံလောက်တော့ပေ။
ဓားအလင်းက အလင်းတန်းသုံးထောင်အဖြစ် ခွဲထွက်သွားသည်။
ဤတစ်ကြိမ်တွင် တည်နေရာက မငြိမ်မသက်ဖြစ်လာပြီး ဟန်မူယဲ့က လက်မြှောက်၍ အကာအကွယ်အလင်းလွှာတစ်ခုကို ဖန်တီးလိုက်ရသည်။
ထိုအလင်းလွှာက ကျန်းရွှမ်ခန်းဆောင်၏ ဝင်္ကပါစွမ်းအားဖြစ်သည်။ အကြီးအကဲများက ဝင်္ကပါကို သုံးနိုင်အောင် ဟန်မူယဲ့ကို ခွင့်ပြုပေးထားသည်။
အလင်းစီးကြောင်းသုံးထောင်က များနေသည်။
ဓားအင်မော်တယ်သုံးထောင်က သေသပ်စွာ ဝင်္ကပါဖွဲ့စည်းရန် မဖြစ်နိုင်ပေ။
ဟန်မူယဲ့က တုံ့ဆိုင်းနေပြီး လက်မြှောက်၍ ဓားအလင်းသုံးထောင်ကို လူသုံးရာပါဝင်သော ဝင်္ကပါဆယ်ခုအဖြစ် ခွဲချလိုက်သည်။
ဝင်္ကပါများ၏ ဓားအလင်းက တောက်ပနေပြီး ပိုမိုသွက်လက်လာသည်။
သို့သော် မလုံလောက်သေးပေ။
ဓားအင်မော်တယ်သုံးရာကို အသုံးပြုထားလျှင်ပင် အလိုရှိတိုင်း အသုံးမချနိုင်ပေ။
ဝင်္ကပါငယ်များက လူသုံးဆယ်စီအဖြစ် ထပ်ကွဲသွားသည်။
“ဓားဂိုဏ်းက လူ ၃၂ယောက်ကိုသုံးပြီး ဝင်္ကပါဖွဲ့စည်းထားတာ ဖြစ်သင့်တယ်”
ဟန်မူယဲ့က တီးတိုးပြောလိုက်ပြီး ရှေ့တွင်ရှိသော ဓားဝင်္ကပါကို ကြည့်သည်။
သူ၏ ဓားဝင်္ကပါက ဓားဂိုဏ်း၏ ဝင်္ကပါကဲ့သို့ အားမကောင်းပေ။
“ဒါကို ထပ်ပြီး ခွဲထုတ်လိုက်ရင်ရော”
လူသုံးဆယ်ဝင်္ကပါက ကွဲထက်သွားပြီး အရေအတွက်များ ဆက်တိုက်ပြောင်းလဲနေသည်။
“လူခြောက်ယောက်နဲ့ ဝင်္ကပါကို ဖွဲ့စည်းမယ်”
“ခြောက်ယောက်ဝင်္ကပါနဲ့ ဆယ့်ရှစ်ယောက်ဝင်္ကပါက အခြေခံပဲ”
ဟန်မူယဲ့က လှုပ်ရှားနေသော ဓားအလင်းများကို ကြည့်လိုက်ပြီး ပြုံးသည်။
သူက ဓားဝင်္ကပါကို တွက်ချက်ရန်အတွင် သုံးလအချိန်ယူခဲ့သည်။
ဝင်္ကပါ၏ ရလဒ်နှင့်ပတ်သတ်ပြီး အလွန်ကျေနပ်နေသည်။
လူခြောက်ယောက်ဝင်္ကပါသည် အသန်မာဆုံးခွန်အားကို ထုတ်ပေးနိုင်သည်။ အကယ်၍ ဝင်္ကပါသုံးခုကို ပေါင်းစပ်လိုက်လျှင် အဆင့်မြင့်သောလူကို တိုက်ခိုက်နိုင်သည်။
ဟန်မူယဲ့က သီးသန့်ကျင့်ကြံရာမှ ထွက်လာသောအခါ အပြင်ဘက်တွင်စောင့်နေသော အကြီးအကဲရွှယ်ချင်က စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
“ယွင်လန်၊ မင်းက ကျင့်ကြံနေရာကနေ ထွက်မလာဘူးဆိုရင် ငါက ဘယ်လိုပြောရမလဲ မသိတော့ဘူး”
သူက အားတင်း၍ ပြုံးလိုက်ပြီး ရွှေရောင်စာလိပ်တစ်ခုကို ထုတ်ပေးသည်။
“ယွင်လန်ဓားအင်မော်တယ်၊ ပြိုင်ဘက်ကင်းဟန်က လက်ရွေးစင်တပည့်တွေကို ဦးဆောင်ပြီး သင်္ချိုင်းအင်မော်တယ်မြို့ကို အားဖြည့်ပေးရမယ်လို့ ဓားဂိုဏ်းက အမိန့်ပေးလိုက်တယ်”
ထိုအမိန့်စာအရ ဟန်မူယဲ့သည် ခေါင်းဆောင်ဖြစ်ပြီး အလုံးစုံအမိန့်အာဏာကို ပိုင်ဆိုင်ထားသည်။
ထို့အပြင် ဟန်မူယဲ့က လူရွေးနိုင်သည်ဟု ပြောထားသည်။
ဓားဂိုဏ်း၏ လက်ရွေးစင်တပည့်တိုင်းကို ရွေးချယ်နိုင်သည်။
ထိုအမိန့်စာက အလွန်အရေးကြီးသည်။
ထိုအမိန့်စာကို လွန်ခဲ့သောသုံးလတွင် ထုတ်ပြန်ခဲ့ပြီး ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံနေသည်။
ထိုအမိန့်စာကြောင့် ဓားဂိုဏ်းက ဆူပွက်သွားခဲ့သည်။
လက်ရွေးစင်တပည့်များက ဟန်မူယဲ့၏အစီအစဉ်ကို သိချင်သောကြောင့် ဆက်တိုက်ရောက်လာကြသည်။
သင်္ချိုင်းအင်မော်တယ်မြို့တော်သည် အလွန်အန္တရာယ်များပြီး ရှင်သန်နိုင်ရန် မသေချာပေ။
သို့သော် ဓားဂိုဏ်း၏ တပည့်များက တိုက်ပွဲကို မကြောက်ရွံ့ကြပေ။
ပြိုင်ဘက်ကင်းဟန်က သူတို့ကို ရွေးချယ်လိုက်လျှင် သူတို့၏ခွန်အားကို တန်ဖိုးထားသည်ဟု ပြောနိုင်သည်။
လွန်ခဲ့သောသုံးလတွင် လက်ရွေးစင်တပည့်များက ပွင့်လင်းစွာ၊ လျှို့ဝှက်စွာ တိုက်ခိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် ရန်စောင်နေကြသည်။
“ယွင်လန်၊ ခေါ်သွားမယ့်လူကို မြန်မြန်ရွေးလိုက်ပါ။ မဟုတ်ရင် တိုက်ပွဲတစ်ခု ဖြစ်လာတော့မယ်”
အကြီးအကဲရွှမ်ချင်က ညင်သာစွာပြောသည်။
“အလျင်မလိုပါဘူး”
ဟန်မူယဲ့က အမိန့်စာကို သိမ်းလိုက်ပြီး ခေါင်းခါသည်။
ထိုအမိန့်စာနှင့်အတူ ရွှေအလင်းကို ထုတ်လွှတ်နေသော ကျောက်စိမ်းပေလွှာတစ်ခု ပါလာခဲ့သည်။
ထိုကျောက်စိမ်းပေလွှာထဲတွင် လက်ရွေးစင်တပည့်များ၏အချက်အလက် ပါဝင်နေသည်။
သူတို့၏ ကျင့်ကြံဆင့်၊ တိုက်ခိုက်နိုင်စွမ်းနှင့် ဓားနည်းစနစ်များကို ဖော်ပြထားသည်။
ထိုမှတ်တမ်းက အတိကျဆုံးမဟုတ်သော်လည်း တရားဝင်ဖြစ်သည်။
ဟန်မူယဲ့က ကျောက်စိမ်းပေလွှာနှင့် အမိန့်စာကို လက်ခံလိုက်ပြီး ခန်းဆောင်ထဲသို့ပြန်သွား၍ သေချာစစ်ဆေးကြည့်နေသည်။
ထို့ကြောင့် အကြီးအကဲရွှမ်ချင်က ကြောင်အသွားသည်။
အချိန်သည် အရေးကြီးသည်။ သူက တပည့်များကို ရွေးချယ်သင့်သည်။
ကျင့်ကြံရာမှ ထွက်လာသော ဟန်မူယဲ့၏သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားသည်။ လက်ရွေးစင်တပည့်များက တိတ်ဆိတ်စွာ စုံစမ်းလိုက်ကြသည်။
“ဂိုဏ်းတူအစ်ကိုကြီးက စိတ်ပူစရာမလိုပါဘူး။ ယွင်လန်ဓားအင်မော်တယ်က အစ်ကိုကြီးကို သေချာပေါက် ဖိတ်ခေါ်လိမ့်မယ်”
ခန်းဆောင်ထဲတွင် ဓားဂိုဏ်း၏တပည့်များက အုပ်စုလိုက်ရှိနေသည်။ တပည့်တစ်ယောက်က အသက်သုံးဆယ်အရွယ် ကျင့်ကြံသူတစ်ယောက်ကို ကြည့်လိုက်ပြီး ပြောသည်။
“ဟုတ်တယ်။ ဂိုဏ်းတူအစ်ကိုကူထန်က ငါတို့ ဝူယွင်ခန်းဆောင်ရဲ့ နံပတ်တစ်တပည့်ပဲ။ အဲဒီတော့ ဖိတ်ခေါ်ခံရမှာ သေချာတယ်”
တခြားတပည့်တစ်ယောက်ကလည်း ပြောလိုက်သည်။
အသက်သုံးဆယ်အရွယ် ကျင့်ကြံသူက ပြုံးလိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။
လူတိုင်းက ပထမဆုံးဖိတ်ခေါ်ခံရမည့်လူကို စောင့်ကြည့်နေကြသည်။
သို့သော် သုံးရက်ကြာသည်အထိ သတင်းမကြားရပေ။
ဟန်မူယဲ့က အကြီးအကဲရွှမ်ချင်ကို ကျောက်စိမ်းပေလွှာတစ်ခု ပေးခဲ့သည်။
“အကြီးအကဲ၊ ဒီဓားဝင်္ကပါကို ဖြန့်ပေးလိုက်ပါ”
“သင်္ချိုင်းအင်မော်တယ်မြို့တော်ကို လိုက်ချင်တဲ့ လက်ရွေးစင်တပည့်တွေက ဒီဓားဝင်္ကပါကို လေ့လာရမယ်”
“ကျွန်တော်က ဓားဝင်္ကပါရဲ့စွမ်းအားကို အကဲဖြတ်ပြီး သူတို့ကို ခေါ်သွားမယ်”
‘ဓားဝင်္ကပါလား’
အကြီးအကဲရွှမ်ချင်က အံ့အားသင့်သွားသည်။
‘ဒါက ငါတို့ဂိုဏ်းရဲ့ လင်ယွင်ဝင်္ကပါလား’
ထိုဝင်္ကပါကို တည်ဆောက်ရန် မလွယ်ပေ။
ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းတူညီသော ဓားအင်မော်တယ် ၃၂ယောက်ကို လိုအပ်သည်။ ထို့အပြင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သောကြောင့် အချိန်တိုအတွင်း ကျွမ်းကျင်နိုင်မည်မဟုတ်ပေ။
ထိုနည်းလမ်းဖြင့် ရွေးချယ်လိုက်လျှင် လူအများစုက ထုတ်ပယ်ခံရလိမ့်မည်။
သူက ကျောက်စိမ်းပေလွှာကို ယူလိုက်ပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။
“အမ်”
“လူခြောက်ယောက်နဲ့ ဖွဲ့စည်းရမယ့် ကောင်းကင်မူလခြောက်ပါးဝင်္ကပါလား။ တကယ်ကိုကောင်းတာပဲ”
“လူခြောက်ယောက်ရဲ့ခွန်အားကို ပေါင်းစပ်နိုင်ပြီး အရေးအကြီးဆုံးအနေနဲ့ သတ်ဖြတ်ခြင်းဆန္ဒကိုလည်း ထည့်သွင်းနိုင်တယ်။ တကယ်လို့ ဝင်္ကပါသုံးခုကို ပေါင်းစပ်နိုင်ရင် ပိုပြီး စွမ်းအားကြီးလာလိမ့်မယ်”
အကြီးအကဲရွှမ်ချင်က အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားနေသည်။
“ဝင်္ကပါကောင်းတစ်ခုပဲ”
သူက နာကျင်နေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“မင်းက ဒီလိုဝင်္ကပါမျိုးကို တကယ်ပဲ ပေးလိုက်တော့မှာလား”
ထိုဝင်္ကပါသည် ဂိုဏ်းထဲတွင် ပျံ့နှံ့သွားလိမ့်မည်။
ပုံမှန်အတိုင်းဆိုလျှင် ထိုဝင်္ကပါမျိုးကို ဖြန့်ဖြူးမပေးပဲ လျှို့ဝှက်ထားသင့်သည်။
“အကြီးအကဲ၊ ဓားဂိုဏ်းရဲ့ တာအိုရောင်းရင်းတွေက ရှင်သန်ဖို့မသေချာတဲ့ သင်္ချိုင်းအင်မော်တယ်မြို့တော်ကို လိုက်လာဖို့ ဆန္ဒရှိကြတယ်။ ကျွန်တော်က ဝင်္ကပါတစ်ခုကိုတော့ ထုတ်ပေးနိုင်ပါသေးတယ်”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် အကြီးအကဲရွှမ်ချင်က ခေါင်းညိတ်သည်။
“ယွင်လန်၊ မင်းက တကယ်ကို ကြင်နာတတ်တာပဲ”
“ကောင်းပြီ။ ငါက ဒီဓားဝင်္ကပါကို ဖြန့်ဝေလိုက်မယ်”
ဂိုဏ်းက ထိုဓားဝင်္ကပါကို သေချာ လေ့လာလိမ့်မည်။
သင်္ချိုင်းအင်မော်တယ်မြို့သို့ သွားချင်သော လက်ရွေးစင်တပည့်များကလည်း ထိုဝင်္ကပါကို အလေးအနက်ထား၍ လေ့ကျင့်ကြလိမ့်မည်။
ထိုသို့ဖြင့် ဟန်မူယဲ့က ဝင်္ကပါစွမ်းအားကို အခြေခံပြီး တပည့်များကို ခေါ်သွားလိမ့်မည်။
ထိုရွေးချယ်မှုသည် မျှတပြီး တပည့်များ၏ မကျေနပ်မှုကို ဖြေရှင်းပေးနိုင်သည်။
အကြီးအကဲရွှမ်ချင်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြုံးသည်။
“မင်းရဲ့နည်းလမ်းက တကယ်ကို ထူးခြားတာပဲ။ မင်းက ဂိုဏ်းတပည့်တွေရဲ့ ရန်ပွဲကို အဆုံးသတ်ပေးခဲ့တယ်”
ဟန်မူယဲ့က လေးနက်သောမျက်လုံးတစ်စုံဖြင့် ခန်းဆောင်၏အပြင်ဘက်သို့ ကြည့်သည်။
“အကြီးအကဲ ကျွန်တော့်ကိုကူညီပြီး သတင်းပို့ပေးပါ။ ကျွန်တော်က ဝင်္ကပါဖွဲ့စည်းဖို့အတွက် တာအိုရောင်းရင်းငါးယောက်ကို လိုအပ်တယ်။ ပြီးတော့ ဝင်္ကပါသုံးခုကို ပူးပေါင်းကြည့်ဖို့အတွက် နောက်ထပ် တာအိုရောင်းရင်းဆယ့်နှစ်ယောက်ကို လိုအပ်တယ်”
“ကျွန်တော်နဲ့အတူပါလာတဲ့ ကောင်းကင်အင်မော်တယ်အဆင့် မိစ္ဆာတွေကလည်း သင့်တော်တဲ့ စာချုပ်ပိုင်ရှင်ကို လိုနေတယ်”
ဟန်မူယဲ့က မျက်လုံးပြူးနေသော အကြီးအကဲရွှမ်ချင်ကို ကြည့်လိုက်ပြီး ပေါ့ပါးစွာပြုံးသည်။
“အကြီးအကဲ၊ ဒီသတင်းကို ပို့ပေးဖို့ ခက်လား”
မခက်ပေ။
သို့သော် ထိုသတင်းကြောင့် ဓားဂိုဏ်း၏ လက်ရွေးစင်များက ယွင်လန်ဓားအင်မော်တယ်နှင့် ပူးပေါင်းနိုင်ရန်အတွက် ပြင်းထန်စွာ ယှဉ်ပြိုင်ကြလိမ့်မည်။
“ငါက အကောင်းဆုံးကြိုးစားပေးမယ်”
အကြီးအကဲရွှမ်ချင်က နှုတ်ခမ်းများတုန်ခါနေပြီး အသက်ရှူအောင့်ထားလျက် ပြောလိုက်သည်။