အခန်း (၉၃၅)
Vol. 67 Ch. 935
မူလကောင်းကင်ခြောက်ပါး ဓားဝင်္ကပါသည် ဓားဂိုဏ်းထဲတွင် သုံးရက်အတွင်း ပျံ့နှံ့သွားသည်။
ဂိုဏ်း၏ အကြီးအကဲများ၊ ခန်းဆောင်သခင်များ၊ လက်ရွေးစင်တပည့်များနှင့် ဂိုဏ်းသို့ စတင်ဝင်ရောက်လာသော တပည့်များအားလုံးက ထိုဝင်္ကပါကို လေ့လာနေကြသည်။
ရွှေအင်မော်တယ်အဆင့်၏ အထက်တွင်ရှိသော ကျွမ်းကျင်သူများက ဝင်္ကပါကို ခွဲဖြာပြီး သုံးသပ်နေကြသည်။
သူတို့က ဝင်္ကပါကို နားလည်လေ ယွင်လန်ဓားအင်မော်တယ်ကို လေးစားလေ ဖြစ်နေကြသည်။
ကျိုးရှန့်နှင့်မူဟွမ်တို့က စိတ်ပျက်နေကြသည်။
အကယ်၍ သူတို့က ဟန်မူယဲ့ကို ခေါ်လာနိုင်လျှင် သူတို့၏ ခန်းဆောင်က ဝင်္ကပါကို အရင်ဆုံး လေ့လာနိုင်လိမ့်မည်။
“အဲဒီကလေးက မိသားစုနဲ့ မိတ်ဆွေတွေကို ဘာဖြစ်လို့ မခွဲခြားနိုင်ရတာလဲ ....”
ကျိုးရှန့်က ရေရွတ်လိုက်ပြီး သေရည်တစ်ငုံသောက်သည်။
“ဝီ”
ဓားဝင်္ကပါ ပေါ်ထွက်လာပြီး ဓားအလင်းက ကောင်းကင်အထိ ထိုးတက်သွားသည်။
ရွှေအင်မော်တယ်ခြောက်ပါး၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
အဝေးတစ်နေရာသို့ ကြည့်လိုက်လျှင်လည်း ဓားအလင်းများကို မြင်နိုင်သည်။
ခန်းဆောင်တိုင်းသည် ဓားဝင်္ကပါကို လေ့လာနေကြသည်။
အကယ်၍ သာမန်တပည့်များ ဖြစ်နေလျှင် ဓားဝင်္ကပါကို ချက်ချင်းနားလည်ရန် မလိုအပ်ပေ။
သို့သော် သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ သွားချင်သော လက်ရွေးစင်တပည့်များအတွက် ဝင်္ကပါကို အရင်ဆုံးတည်ဆောက်ပြီး ကျွမ်းကျင်နိုင်ရန် အရေးကြီးနေသည်။
အထူးသဖြင့် ထိပ်တန်းအဆင့် လက်ရွေးစင်တပည့်များ ဖြစ်ကြသည်။
သူတို့က သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ လိုက်ပါနိုင်ရန်အတွက်သာ ကြိုးစားနေခြင်း မဟုတ်ပေ။
သူတို့က ယွင်လန်ဓားအင်မော်တယ်နှင့် ပူးပေါင်းပြီး ဝင်္ကပါတည်ဆောက်နိုင်မည့် နေရာငါးခုကို လိုချင်ကြသည်။
“ကောင်းတယ် ....”
တိမ်တိုက်များကြားတွင် အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူက ညင်သာစွာ ရေရွတ်လိုက်သည်။ လီယွင်ကန်းနှင့် ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူငါးယောက်က ဝင်္ကပါကို ဖွဲ့စည်းခဲ့ကြသည်။
“ဒါက ဖရိုဖရဲဖြစ်နေတဲ့ လူရွေးပွဲ ဖြစ်သွားတော့မှာ။ ဒါပေမဲ့ သူက ကိုယ်တိုင်ပေါ်လာစရာတောင် မလိုပဲ လူတိုင်းရဲ့ ခံစားချက်ကို ထိန်းချုပ်ခဲ့တယ်”
“ငါတို့ကတောင် ....”
အင်မော်တယ်သခင်က စကားကို အဆုံးအထိ မပြောခဲ့ပေ။
အမှန်အတိုင်းပြောရလျှင် တစ်ဂိုဏ်းလုံးက လူရွေးနိုင်ရန်အတွက် ကူညီပေးနေသည်။
မရေမတွက်နိုင်သော လူများက လက်ရွေးစင်တပည့်များ၏ ဝင်္ကပါစွမ်းအားကို စောင့်ကြည့်နေကြလိမ့်မည်။
အဆုံးတွင် ရွေးချယ်ခံရသော လူများက အစစ်အမှန် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
“အဲဒီကလေးက ဘယ်မှာလဲ”
အနက်ရောင်ဝတ်စုံနှင့် အင်မော်တယ်သခင်တစ်ယောက်က ဒေါသတကြီး မေးလိုက်သည်။
“သူက တံခါးပိတ်ကျင့်ကြံနေတာ ဖြစ်နိုင်တယ်။ တစ်ဂိုဏ်းလုံးမှာ သူက အလွတ်လပ်ဆုံးပဲ”
ရှေ့တွင်ရှိနေသော လူအိုကြီးက ခပ်ဟဟရယ်လိုက်ပြီး ခေါင်းခါသည်။
လူတိုင်းက ဓားဝင်္ကပါကို လေ့ကျင့်ပြီး အလုပ်ရှုပ်နေကြသည်။ သို့သော် ဝင်္ကပါကို ဖန်တီးခဲ့သော ယွင်လန်ဓားအင်မော်တယ်က သက်တောင့်သက်သာ ရှိနေသည်။
သူက တံခါးပိတ်ကျင့်ကြံနေခြင်း မဟုတ်ပေ။ သူက ကျောက်ချန်နှင့်အတူ နေရာတိုင်းတွင် တိတ်ဆိတ်စွာ ဈေးဝယ်ထွက်နေသည်။
ရင်ပြင်ကျယ်တွင် ကျောက်ချန်က ပတ်ဝန်းကျင်ကို မသိမသာကြည့်လိုက်သည်။
ဤနေရာတွင် ဓားဂိုဏ်း၏ အရင်းအမြစ်အမျိုးမျိုးကို ရောင်းဝယ်သည်။
အခြေခံအားဖြင့် ဓားဂိုဏ်း၏ တပည့်များက ဤနေရာမှ ဝယ်ယူကြသည်။
သို့သော် ဤရက်ပိုင်းတွင် ရင်ပြင်က လူနည်းနေပြီး ပစ္စည်းရောင်းချရန် တာဝန်ကျနေသော အကြီးအကဲနှင့် တပည့်များသာ ကျန်ခဲ့သည်။
“အစ်ကိုကြီး ဒီနေရာက ကောင်းပါတယ်။ ဒါပေမဲ့ အကျိုးအမြတ်ရမှာမဟုတ်ဘူး”
ကျောက်ချန်က ဈေးဆိုင်များတွင် ပြသထားသော ချပ်ဝတ်၊ ဓားရှည်၊ ဆေးလုံးနှင့် လက်နက်များကိုကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။
“ငါတို့က ဒီနေရာကို မဝယ်ပါဘူး”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကျောက်ချန်ကို စိတ်သက်သာသွားစေသည်။
သူ့နောက်တွင် လူအိုကြီးချူနှင့် စုန့်ကျုံတို့က ရယ်လိုက်ကြသည်။
သူတို့၏သခင်လေး မပြောရဲသော စီးပွားရေးကိစ္စများလည်း ရှိနေသေးသည်။
“ဟိုနေရာကို သွားကြရအောင်”
ဟန်မူယဲ့က ရှေ့တွင်ရှိသော ခန်းဆောင်ကို ညွှန်ပြသည်။
ကျောက်ချန်က လည်ပင်းကျုံ့လိုက်ပြီး ဟန်မူယဲ့၏အင်္ကျီလက်ကို လျင်မြန်စွာဆွဲသည်။
“အစ်ကိုကြီး၊ အဲဒါက ဂိုဏ်းကြီးတွေရဲ့ အရောင်းအဝယ်နယ်မြေပဲ။ ကျွန်တော့်ရဲ့ ကြွယ်ဝမှုလေးကို သူတို့က စိတ်ဝင်စားမှာမဟုတ်ဘူး”
ထိုနေရာတွင် ဓားဂိုဏ်း၏ ဈေးဆိုင်များသာမက တခြားဂိုဏ်းကြီးများ၏ ဈေးဆိုင်များလည်း ရှိနေကြသည်။
ထိုခန်းဆောင်သည် ဂိုဏ်းကြီးများ ဆက်သွယ်နိုင်သော နေရာတစ်ခု ဖြစ်သည်။ သူတို့က အကြီးစားစီးပွားရေးလုပ်ငန်းများကိုသာ လက်ခံပြီး သာမန်တပည့်များက ဝင်ခွင့်မရှိပေ။
“ငါက မင်းရဲ့ အထောက်အပံ့ ဖြစ်ပေးမယ်”
ဟန်မူယဲ့က ကျောက်ချန်၏ပခုံးကို ပုတ်လိုက်ပြီး ပြောသည်။
“အရောင်းအဝယ်က ဘယ်လောက်ပဲကြီးကြီး ငါတို့ ဆွေးနွေးလို့ရတယ်”
ထိုသို့ဖြင့် သူက ရှေ့တက်သွားသည်။
‘ဘယ်လိုစီးပွားရေးမဆို ဆွေးနွေးလို့ရတာလား’
ကျောက်ချန်က တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူက မျက်လုံးပြူးနေပြီး စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသောမျက်နှာထားဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
“အဲဒါဆိုရင်လည်း ဆွေးနွေးကြည့်ကြတာပေါ့”
သူက ကျယ်လောင်စွာရယ်လိုက်ပြီး ဟန်မူယဲ့၏နောက်မှ လိုက်သွားသည်။
သူတို့နှစ်ယောက်က ခန်းဆောင်၏ရှေ့သို့ ရောက်သွားသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့် ဓားဂိုဏ်း၏တပည့်များက တားဆီးလိုက်ကြသည်။
“မင်းတို့နှစ်ယောက်မှာ ဂိုဏ်းရဲ့ အရောင်းအဝယ်အမိန့်စာပါလား”
ခေါင်းဆောင်တပည့်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
သူက ထိုလူနှင့် ရင်းနှီးနေပုံပေါ်သော်လည်း သေချာမမှတ်မိပေ။
‘အရောင်းအဝယ်အမိန့်စာလား’
‘မပါဘူးလေ’
ကျောက်ချန်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ရွှေရောင်စာလိပ်ကို ထုတ်ယူသည်။
‘အဲဒါက ဘာလဲ’
တပည့်က စိတ်ရှုပ်သွားပုံပေါ်သည်။
“ဂိုဏ်းတူအစ်ကိုကြီး၊ ဂိုဏ်းရဲ့ အရောင်းအဝယ်အမိန့်စာကို မသိရင် ပြင်ပရေးရာခန်းဆောင်ကိုသွားပြီး မေးကြည့်လို့ရပါတယ်”
အစိမ်းရောင်ဝတ်စုံနှင့် ဓားဂိုဏ်း၏တပည့်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
တခြားလူများကလည်း ပြုံးလိုက်ကြသည်။
‘အဲဒါက ဘာစာလိပ်လဲ။ အရောင်းအဝယ်အမိန့်စာလည်း မဟုတ်ဘူး’
ဟန်မူယဲ့က ရှင်းပြရန် အလုပ်ရှုပ်မခံခဲ့ပေ။ သူက ခေါင်းဆောင်တပည့်ဆီသို့ စာလိပ်ကို ပစ်ပေးလိုက်သည်။
တပည့်က မျက်မှောင်ကြုတ်လိုက်ပြီး စာလိပ်ကို ဖွင့်ကြည့်သည်။
ဟန်မူယဲ့က ကျွမ်းကျင်သူတစ်ယောက်၏ အငွေ့အသက်ကို ပိုင်ဆိုင်ထားပြီး အဆင့်အတန်းမြင့်မားပုံပေါ်သည်။ ထိုသို့မဟုတ်လျှင် သူက စာလိပ်ကို ဖွင့်ကြည့်မည်မဟုတ်ပေ။
သူက ခန်းဆောင်ကို နှစ်ပေါင်းများစွာကြာအောင် စောင့်ကြပ်ခဲ့ပြီး အမိန့်စာအမျိုးမျိုးကို မြင်ဖူးသည်။
သူက ရွှေရောင်စာလုံးများကို မြင်လိုက်ရသည်။
“လွှဲပြောင်းခြင်းအမိန့်စာ”
“ယွင်လန်ဓားအင်မော်တယ်ပဲ”
တပည့်က တစ်ကိုယ်လုံးတုန်ခါသွားပြီး စာလိပ်ကို ပိတ်လိုက်သည်။ သူက စာလိပ်ကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး စိတ်လှုပ်ရှားနေသောမျက်နှာထားဖြင့် လေးစားစွာ ပြန်ပေးသည်။
“ယွင်လန်ဓားအင်မော်တယ်၊ ကျေးဇူးပြုပြီး အမိန့်စာကို ပြန်ယူလိုက်ပါ”
သူက နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး လက်မြှောက်သည်။
“ဓားအင်မော်တယ် ကျေးဇူးပြုပြီး ....”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကျောက်ချန်ကိုခေါ်၍ ခန်းဆောင်ထဲသို့ ဝင်သွားသည်။
“ယွင်လန်ဓားအင်မော်တယ်၊ အဲဒါက တကယ်ပဲ ယွင်လန်ဓားအင်မော်တယ်လား”
“ဝိုး၊ ငါတို့က တကယ်ကြီး သူ့ကို မြင်လိုက်ရတာလား ....”
ခန်းဆောင်၏အပြင်ဘက်တွင် ဆူညံသံများ ပေါ်ထွက်လာသည်။
စောင့်ကြပ်နေသော တပည့်များက ဟန်မူယဲ့၏နောက်ကျောကို လှမ်းကြည့်လိုက်ကြသည်။
“ကြည့်မနေကြနဲ့တော့။ ယွင်လန်ဓားအင်မော်တယ်က သင်္ချိုင်းအင်မော်တယ်မြို့တော်အတွက် အထောက်အပံ့ပစ္စည်းတွေ လာဝယ်တာဖြစ်လိမ့်မယ်”
“သင်္ချိုင်းအင်မော်တယ်မြို့တော်ကို စောင့်ကြပ်မှာ ....”
....
ဟန်မူယဲ့နှင့်ကျောက်ချန်က ခန်းဆောင်ထဲသို့ ရောက်သွားပြီး စူးစမ်းချင်သောအကြည့်များကို ဆွဲဆောင်လိုက်သည်။
“အရောင်းအဝယ်ကြီးတစ်ခုပဲ”
လူတစ်ယောက်က ဟန်မူယဲ့ကို မှတ်မိသွားပြီး အပြုံးတစ်ခုနှင့်အတူ ချဉ်းကပ်လာသည်။
“ဟားဟား၊ ယွင်လန်ဓားအင်မော်တယ်က ဒီကိုရောက်လာမှတော့ စီးပွားရေးကောင်းပြီပေါ့”
ဂိုဏ်းအသီးသီး၏ ဆိုင်ရှင်များက အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ဝိုင်းရံထားကြသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး သိုလှောင်အိတ်ကို ထုတ်ယူသည်။ ထို့နောက် ကျောက်ချန်ကို ပေးလိုက်သည်။
“ငါက စီးပွားရေးအကြောင်းကို နားမလည်ဘူး။ ဒါပေမဲ့ ငါ့ညီလေးကတော့ နားလည်တယ်”
ကျောက်ချန်က သိုလှောင်အိတ်ကိုယူလိုက်ပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။
ထို့နောက် သူ့မျက်နှာက ဖြူဖျော့သွားပြီး သိုလှောင်အိတ်ကို ပစ်ချလုနီးပါး ဖြစ်သွားသည်။
“အစ်ကိုကြီး၊ ဒီလောက်တောင်များတာလား”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး တစ်ဖက်သို့လျှောက်သွားလျက် ပြောသည်။
“အကုန်သုံးလိုက်”
ကျောက်ချန်က ခေါင်းညိတ်လိုက်ပြီး သိုလှောင်အိတ်ကို ဂရုတစိုက် ကိုင်ထားသည်။
ဝိညာဉ်ကျောက်တုံး သန်းရှစ်သောင်း ....
ဝိညာဉ်ကျောက်တုံး တောင်ကုန်းရှစ်ခုကြောင့် ကျောက်ချန်က မေ့လဲလုနီးပါး ဖြစ်သွားခဲ့သည်။
သူက ထိုသို့ များပြားသော ဝိညာဉ်ကျောက်တုံးများကို မမြင်ဖူးခဲ့ပေ။
ဆိုင်ရှင်များက ကျောက်ချန်၏ သိုလှောင်အိတ်ကို ကြည့်နေကြသည်။
‘ကုန်သည်လို့ထင်ရတဲ့ လူငယ်လေး ထိတ်လန့်သွားအောင် သိုလှောင်အိတ်ထဲမှာ ဘယ်လောက်ရှိနေတာလဲ’
“ညီငယ်လေး၊ ငါ့မှာ ထိပ်တန်းအဆင့်ဓားတွေ ရှိတယ် ....”
“ထိပ်တန်းအဆင့်လား။ ဘယ်လောက်ကောင်းလဲ။ အင်မော်တယ်ရတနာလား”
“အင်မော်တယ်ရတနာလည်း ရှိပါတယ် ....”
“ဝယ်တယ်။ ထုတ်ပေးလိုက်။ ထပ်မေးမနေနဲ့တော့။ ဝိညာဉ်ကျောက်တုံးတွေ အများကြီးရှိတယ်”
....
ဟန်မူယဲ့က ကျောက်ချန်ကို ဂရုမစိုက်တော့ပဲ ခန်းဆောင်ထဲတွင် လျှောက်သွားနေသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် ဓားအမျိုးမျိုးကို ရောင်းချသည်။ တချို့ဓားများက သူ့ကိုပင် ဆွဲဆောင်ထားနိုင်သည်။
သို့သော် ထိုဓားများဆီသို့ မရောက်ခင် ဝန်ထမ်းများက ကျောက်ချန်ဆီသို့ ယူသွားကြသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းအပြင် သံမဏိချပ်ဝတ်ဂိုဏ်းကလည်း ဓားရှည်များကို ရောင်းချသည်။
သူတို့၏ဓားများက အရည်အသွေးမမြင့်မားသော်လည်း သန့်စင်သော ထိပ်တန်းအဆင့် ဝိညာဉ်သတ္တုများကို အသုံးပြုထားသည်။
သဘာဝရတနာများကို ဖြုန်းတီးခြင်းပင် ဖြစ်သည်။
သို့သော် အရေးမကြီးပေ။ ခဏအကြာတွင် လူသန်ကြီးများက ထိုဓားများကို ကျောက်ချန်ဆီသို့ သယ်သွားကြသည်။
ကောင်းကင်အလင်းဂိုဏ်း၏ ဈေးဆိုင်သည် အမျိုးမျိုးသော ဝိညာဉ်သတ္တုများကို ရောင်းချပြီး တာအိုဂိုဏ်း၏ ဈေးဆိုင်သည် အဆောင်လက်ဖွဲ့နှင့် ဆေးလုံးများကို ရောင်းချသည်။
ဈေးဆိုင်များသည် အရည်အသွေးကို အဓိကထားကြသည်။
ဟန်မူယဲ့က ကျယ်ဝန်းသောခန်းဆောင်ထဲတွင် လျှောက်သွားနေပြီး ပျက်စီးနေသော ဓားများနှင့် လက်နက်များကို ပြသထားသောနေရာသို့ ရောက်လာခဲ့သည်။
ထိုလက်နက်များသည် အရည်အသွေး ကောင်းမွန်ခဲ့သည်။ တချို့လက်နက်များက အင်မော်တယ်အလင်းကို ထုတ်လွှတ်နေကြသည်။
သို့သော် အရည်အသွေးမြင့်မားသော လက်နက်များသည် ပြုပြင်ရန် ခက်ခဲသည်။
ဆိုင်ထဲတွင် ပျက်စီးနေသောလက်နက်များဖြင့် ပြည့်နှက်နေသည်။ အသက်အရွယ်ရနေသော ဝန်ထမ်းတချို့က ပျင်းရိစွာ ထိုင်နေကြသည်။