အခန်း (၉၃၆)
Vol. 67 Ch. 936
ဟန်မူယဲ့က ဆိုင်ထဲသို့ လျှောက်သွားလိုက်ပြီး ဓားကျိုးများကို ကိုင်ကြည့်နေသည်။ သူ့ကို မည်သူမှ ဂရုမစိုက်ကြပေ။
သူက ဓားကျိုးထဲသို့ ဓားဆန္ဒကို ထည့်သွင်းလိုက်သည်။
ထိုဓား၏နာမည်သည် ကျန်းယန်ဖြစ်ပြီး အသင်္ချေပေါင်းစပ်နည်းစနစ်ဖြင့် ဖန်တီးထားသည်။ သုံးပေနှင့်တစ်လက်မ ရှည်လျားပြီး ပေါင်သုံးရာကျော်လေးသည်။
ပုံရိပ်များသည် ဟန်မူယဲ့၏စိတ်ထဲတွင် လှုပ်ရှားသွားကြသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ လူသားအင်မော်တယ်အထွတ်အထိပ်ဆင့် ကျင့်ကြံသူ ဟူကျင်းထိုက်သည် ကောင်းကင်နှင့်မြေကြီး၏တာအိုကို ကျင့်ကြံခဲ့သည်။ သူ၏ ဓားနည်းစနစ်က သန်မာပြီး ဓားတာအိုဖြင့် အင်မော်တယ်တစ်ယောက် ဖြစ်လာသည်။
မြင်ကွင်းထဲတွင် ရွှေရောင်ဝတ်စုံနှင့် မုတ်ဆိတ်မွေးများပေါက်နေသော တာအိုတန်ခိုးရှင်တစ်ဦးက ဓားအလင်းကို ထုတ်လွှတ်နေသည်။ သူ၏ ဓားချက်များက သက်ရောက်မှုအားကောင်းပြီး ပတ်ဝန်းကျင်တွင်ရှိသော အနက်ရောင်အငွေ့အသက်ကို ဖျက်ဆီးလိုက်သည်။
သူက အသက် ၁၃နှစ်အရွယ်တွင် စတင်ကျင့်ကြံခဲ့သည်။
အသက် ၁၈နှစ်တွင် ကမ္ဘာမြေအဆင့်သို့ ရောက်လာခဲ့သည်။
အသက် ၅၈နှစ်တွင် ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီး မျိုးဆက်တူများထဲတွင် လက်ရွေးစင်တစ်ယောက် ဖြစ်ခဲ့သည်။
ထို့နောက် အသက် ၃၈၀တွင် လူသားအင်မော်တယ်အဆင့်သို့ ဝင်ရောက်ခဲ့ပြီး အသက် ၁,၅၂၀တွင် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
သူက နှစ်တစ်သောင်းအချိန်ဖြုန်းပြီး လောကတွင် လျှောက်သွားနေခဲ့သည်။ အဆုံးတွင် သူက သွေးစက်ကျချောက်ကမ်းပါးကို စောင့်ကြပ်ရန် တာဝန်လက်ခံခဲ့သည်။ နှစ်ပေါင်းသုံးရာအကြာတွင် ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါးကို ကြုံတွေ့ရပြီး မဖြတ်ကျော်နိုင်ဘဲ ကျဆုံးသွားခဲ့သည်။
သူက ဓားတစ်လက်နှင့် လောကတွင် လှည့်ပတ်သွားလာခဲ့ဖူးသည်။
ဤဓားသည် လူသားလောကတွင် သူ့ကို အဖော်ပြုပေးခဲ့သည်။
သူက မိတ်ဆွေများနှင့် ခွက်ချင်းတိုက်ပြီး ရန်သူများကို သတ်ဖြတ်ခဲ့ဖူးသည်။
အဆုံးတွင် သူ၏လမ်းစဉ်က ပျောက်ကွယ်သွားပြီး ဖုန်မှုန့်ဖြစ်သွားသည်။
ထိုအရာသည် ကျင့်ကြံခြင်းပင် ဖြစ်သည်။
“ငါ့ဘဝကို ကျေနပ်တယ် ....”
ဟန်မူယဲ့၏စိတ်ထဲတွင်ရှိသော ပုံရိပ်က သွေးစက်ကျချောက်ကမ်းပါးဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ ထိုနေရာတွင် သူ၏ ဓားအလင်းက ပြိုကွဲသွားသည်။
သူက ကျွမ်းကျင်သူတစ်ယောက် မဟုတ်သလို နက်နဲသော ဓားနည်းစနစ်ကိုလည်း မပိုင်ဆိုင်ခဲ့ပေ။
သူ၏ ကျင့်ကြံဆင့်ကလည်း ထိပ်တန်းအဆင့် မဟုတ်ပေ။
ထိုလူများသည် ကျင့်ကြံခြင်းလောကတွင် အလွန်ပေါများသည်။
သို့သော် လူတိုင်း၏ ဘဝက စိတ်လှုပ်ရှားဖွယ်ကောင်းသည်။
သေခြင်းရှင်ခြင်းကြားတွင် ဓားတစ်လက်ကို ဆွဲကိုင်ထားသည်။
လွတ်လပ်သည်။
“ဒီဓားက ဘယ်လောက်လဲ”
ဟန်မူယဲ့က ဓားကျိုးကို ကိုင်ထားပြီး ညင်သာစွာ ပြောလိုက်သည်။
ထိုဓားသည် အသိစိတ်မရှိတော့ပေ။
ဓားကိုသွန်းလုပ်ရန်အတွက် အသုံးပြုခဲ့သော ဝိညာဉ်သတ္တုများကလည်း စွမ်းအားမရှိတော့ပေ။
အမှန်တကယ်ပင် အသုံးမဝင်သော ဓားတစ်လက် ဖြစ်သည်။
သို့သော် ဟန်မူယဲ့၏အမြင်တွင် ထိုဓားသည် ရတနာတစ်ခု ဖြစ်သည်။
လူတိုင်း၏ဘဝသည် တန်ဖိုးရှိသည်။
ပျင်းရိစွာထိုင်နေသော ဝန်ထမ်းများက မတ်တပ်ရပ်လာကြသည်။
“ဒီဓားအတွက် ဝိညာဉ်ကျောက်တုံးတစ်ရာဆိုရင် အဆင်ပြေမလား”
ဆံပင်ဖြူနေသော လူအိုကြီးတစ်ယောက်က တုံ့ဆိုင်းစွာပြောသည်။
“ဒီဆိုင်မှာရှိနေတဲ့ ပစ္စည်းတွေက နေရာအမျိုးမျိုးကနေ စုဆောင်းလာတဲ့ ပိုင်ရှင်မဲ့ချပ်ဝတ်နဲ့ လက်နက်တွေပဲ။ ဒီပစ္စည်းတွေထဲမှာ အခွင့်အရေးတချို့ ရှိနိုင်ပေမဲ့ လွယ်လွယ်လေး မရနိုင်ဘူး”
ဟန်မူယဲ့က အသက်မကြီးသေးပေ။ သို့သော် သူ၏ကိုယ်ဟန်က ထူးခြားသည်။ လူအိုကြီးက လိမ်ညာခံရမှာ စိုးရိမ်သည့်အလား ဟန်မူယဲ့ကို သတိပေးနေသည်။
“တကယ်လို့ သခင်လေးက စိတ်ဝင်စားတယ်ဆိုရင် ကစားဖို့ တစ်ခုနှစ်ခုလောက် ယူသွားလိုက်ပါ”
‘ကစားဖို့လား’
ဟန်မူယဲ့က လက်ထဲတွင်ရှိသော ဓားကျိုးကို တည်ငြိမ်စွာကြည့်သည်။
ထိုဓားသည် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဓားဖြစ်ပြီး ရန်သူနှင့် မိစ္ဆာများကို သတ်ဖြတ်ရန် အသုံးပြုခဲ့သည်။ သို့သော် ယခုအချိန်တွင် မျိုးဆက်သစ်တစ်ယောက်အတွက် ကစားစရာတစ်ခု ဖြစ်လာသည်။
သို့သော် အကြီးအကဲက ထိုဖြစ်ရပ်ကို မြင်တွေ့လိုခြင်း ဖြစ်နိုင်သည်။
သူတို့က အသက်စွန့်ပြီး မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းမှုကို ယူဆောင်ပေးခဲ့သည်။
“ငါက ဒီပစ္စည်းတွေ အကုန်လုံးကို လိုချင်တယ်”
ဟန်မူယဲ့က လက်မြှောက်ပြီး ဆိုင်ထဲတွင်ရှိသော ပစ္စည်းများအားလုံးကို ညွှန်ပြသည်။
‘အကုန်လုံး လိုချင်တာလား’
ဝန်ထမ်းများက အပြုံးများနှင့်အတူ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“သခင်လေး၊ ခဏလောက် စောင့်ပေးပါ။ သိမ်းထားတဲ့ပစ္စည်းတွေကိုလည်း ထုတ်ယူခဲ့ပါမယ်”
....
ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးသန်းသုံးဆယ်ကို အသုံးပြု၍ ဆိုင်ထဲတွင်ရှိသော ပျက်စီးနေသည့်လက်နက်များအားလုံးကို ဝယ်ယူခဲ့သည်။
ထိုပစ္စည်းများကို မရောင်းချနိုင်သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။ မည်သူက ဝိညာဉ်ကျောက်တုံး သန်းချီအကုန်ခံပြီး အမှိုက်များကို ဝယ်ယူမည်နည်း။
အဆုံးမရှိသောကြွယ်ဝမှုနှင့် ဓား၏မှတ်ဉာဏ်ကိုကြည့်နိုင်သော ဟန်မူယဲ့ကသာ ထိုပစ္စည်းများကို ဝယ်ယူလိမ့်မည်။
ဟန်မူယဲ့က ဆိုင်ကို အပြတ်ရှင်းလိုက်ပြီး ဆက်မနေတော့ပဲ လှည့်ထွက်လာခဲ့သည်။
ခန်းဆောင်၏အလယ်သို့ ပြန်ရောက်လာသောအခါ ကျောက်ချန်၏ဘေးတွင် ဆိုင်ရှင်များ မရှိကြတော့ပေ။
သို့သော် ထိုဆိုင်ရှင်များအားလုံးက ခန်းဆောင်ထဲတွင်လည်း ရှိမနေကြပေ။ သူတို့က အပြင်ထွက်သွားပုံပေါ်သည်။
“အစ်ကိုကြီး၊ ပြန်ရောက်လာပြီလား”
ကျောက်ချန်က သို့လှောင်အိတ်နှစ်လုံးကို ကိုင်ထားပြီး ပြုံးပြသည်။ ထို့နောက် သိုလှောင်အိတ်နှစ်လုံးကို လက်လွှဲပေးလိုက်သည်။
‘အရောင်းအဝယ် ပြီးသွားပြီလား’
ဟန်မူယဲ့က သိုလှောင်အိတ်များကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
ကျောက်ချန်ကို သူပေးခဲ့သော သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံး သန်းရှစ်သောင်း ပါဝင်သည်။ သို့သော် ဆယ်ပုံတစ်ပုံခန့်သာ သုံးစွဲထားသည်။
တခြားသိုလှောင်အိတ်ထဲတွင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး သန်းသုံးသောင်းတန်ဖိုးရှိသော ရတနာပစ္စည်းများ ရှိနေသည်။
ဝိညာဉ်ရတနာနှင့် အင်မော်တယ်ရတနာများလည်း ပါဝင်နေသည်။
‘ဒီရတနာပစ္စည်းတွေနဲ့ဆိုရင် ဝိညာဉ်ကျောက်တုံး သန်းတစ်သိန်းလောက် တန်ဖိုးရှိလိမ့်မယ်’
“အစ်ကိုကြီး၊ အပြင်ရောက်မှ ပြောကြရအောင်”
ကျောက်ချန်က လှည့်ထွက်သွားသည်။
သူတို့က ခန်းဆောင်ထဲမှ ထွက်လာပြီး ရင်ပြင်နှင့် အဝေးတစ်နေရာသို့ ရောက်လာသောအခါတွင် ကျောက်ချန်က ကျေနပ်စွာရယ်သည်။
ဟန်မူယဲ့က စကားမပြောနိုင်ခင် ကျောက်ချန်က ရှင်းပြလိုက်သည်။
သူက ဝိညာဉ်ကျောက်တုံးသန်းခြောက်ထောင်ကို ကနဦးပေးချေမှုအဖြစ် သတ်မှတ်ပြီး ရတနာအမျိုးမျိုးကို ဝယ်ယူခဲ့သည်။
“အားလုံးပဲ ယွင်လန်ဓားအင်မော်တယ်ရဲ့ နည်းလမ်းနဲ့ အရင်းအမြစ်တွေကို စဉ်းစားကြည့်လိုက်ရင် သင်္ချိုင်းအင်မော်တယ်မြို့တော်ကနေ အကျိုးအမြတ်ရလာမယ်လို့ ထင်လား”
အကျိုးအမြတ် ....
ဖူယွီအင်မော်တယ်ကမ္ဘာ၏ တားမြစ်နယ်မြေသုံးခုသည် ရတနာနယ်မြေများ ဖြစ်ကြသည်။
သွေးစက်ကျချောက်ကမ်းပါး၏ အပြင်ဘက်တွင် တောရိုင်းမြေတစ်ခု ရှိသည်။ ထိုနေရာတွင် ပေါ်ထွက်လာသော လေဟာနယ်သားရဲများသည် အလွန်အဖိုးတန်သည်။
ဝိညာဉ်ဖျက်ဆီးခြင်းတောင်ကြားတွင် ကမ္ဘာခြားမျိုးနွယ်များ ရှိကြသည်။ ထိုမျိုးနွယ်များကို သတ်ဖြတ်ပြီး သူတို့၏ကမ္ဘာမှ ရတနာများကို လူယူနိုင်သည်။
သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် နတ်ဘုရားလက်နက်များ ပေါ်ထွက်လာလေ့ရှိသည်။
အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများက မည်သည့်အရာကို အလိုရှိကြသနည်း။
နတ်ဘုရားကမ္ဘာ၏ ရတနာများကို လိုချင်ကြသည်။
ကျောက်ချန်၏စကားအရ ယွင်လန်ဓားအင်မော်တယ်သည် အကျိုးအမြတ်ရှာဖွေရန်အတွက် သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ သွားရောက်ခြင်းဖြစ်သည်။
သူက လူတိုင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး သင်္ချိုင်းအင်မော်တယ်မြို့မှတစ်ဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်သိန်းတစ်ဖိုးရှိသော ရတနာများကို နှစ်စဉ်ပို့ပေးမည်ဟု သဘောတူခဲ့သည်။
ပထမသုံးနှစ်တွင် ရရှိလာသော ရတနာများ၏ တစ်ဝက်ကို ရင်းနှီးမြှုပ်နှံသူများအား ပြန်လည်ပေးချေသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်ရရှိလာသော ရတနာများကို ၂၀%လျော့ဈေးဖြင့် ရောင်းချပေးမည်။
“အဲဒီတော့ ဝိညာဉ်ကျောက်တုံးတွေကို အများကြီးမသုံးခဲ့ဘူး”
ကျောက်ချန်က ပျော်ရွှင်စွာပြုံးနေသည်။
လူတိုင်းက ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့ကြသည်။
ထို့ကြောင့် ဝိညာဉ်ကျောက်တုံးများ မကုန်ခဲ့ပေ။
ဟန်မူယဲ့က စဉ်းစာကြည့်လိုက်ပြီး အလှည့်စားခံရသည်ဟု ခံစားရသည်။
‘အစ်ကိုကြီး၊ အချိန်ရှိသေးတယ်ဆိုတော့ ကျွန်တော်က တခြားဂိုဏ်းတွေဆီ သွားလည်ဖို့ အစီအစဉ်ချထားတယ်”
ကျောက်ချန်က ဟန်မူယဲ့၏လက်ထဲတွင်ရှိသော သိုလှောင်အိတ်ကို ရူးသွပ်နေသော မျက်လုံးတစ်စုံဖြင့် ကြည့်သည်။
“တကယ်လို့ ဒီတစ်ကြိမ်မှာ အောင်မြင်သွားရင် ကျွန်တော်တို့က သင်္ချိုင်းအင်မော်တယ်မြို့တော်မှာ သက်တောင့်သက်သာ နေနိုင်လိမ့်မယ်”
‘တစ်ကြိမ်ပဲရောင်းတာက မလုံလောက်လို့ အကြိမ်ကြိမ်ရောင်းချင်နေတာလား’
ဟန်မူယဲ့က ပြုံးသည်။
တစ်ခါတလေတွင် ကုန်သည်တစ်ယောက်၏စွမ်းအားသည် စိတ်ကူးမကြည့်နိုင်ပေ။
သဘောတူညီချက်တစ်ကြိမ် ပြုလုပ်လိုက်လျှင် မဟာမိတ်တစ်စုကို ရရှိလာလိမ့်မည်။
သဘောတူညီချက်ဆယ်ကြိမ် ပြုလုပ်ခဲ့လျှင် မရေမတွက်နိုင်သော မဟာမိတ်များကို ရရှိလိမ့်မည်။
ထိုမဟာမိတ်များက သူ့ကို သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် သေဆုံးသွားစေချင်မည် မဟုတ်ပေ။
သူတို့က သူ့ကိုမှီခို၍ စီးပွားရှာရန် လိုအပ်သည်။
“ကောင်းပြီ။ ဒီအမိန့်စာကို မင်းနဲ့ယူသွားလိုက်ပါ”
ဟန်မူယဲ့က အမိန့်စာကို ပစ်ပေးသည်။
“မင်းကို ကာကွယ်ပေးမယ့်လူတစ်ယောက် ရှာပေးမယ်”
ဟန်မူယဲ့ရှာလိုက်သော ကျွမ်းကျင်သူသည် အလွန်အားကောင်းသည်။
လေဟာနယ်သန့်စင်ခြင်းအဆင့်တွင် ရှိနေသော ကျူးမိသားစုမှ ကျူးယုံဖြစ်သည်။
ကျောက်ချန်နှင့် ကျူးယုံတို့က စီးပွားရေးကိစ္စဆွေးနွေးရန်အတွက် တခြားဂိုဏ်းများဆီသို့ ထွက်သွားကြသည်။ ဟန်မူယဲ့က ကျန်းရွှမ်ခန်းဆောင်သို့ ပြန်လာပြီး တံခါးပိတ်ကျင့်ကြံနေသည်။
သူက ဝယ်ယူထားသော ဓားများကို ထုတ်ယူလိုက်သည်။
ထိုဓားများကို ဆုပ်ကိုင်ပြီး ဓားချီကို ထည့်သွင်းလိုက်သည်။
မြင်ကွင်းများကို မြင်လိုက်ရသည်။
တချို့လူများက ကျင့်ကြံခြင်းတွင် အာရုံစိုက်ထားသည်။ သို့သော် အဆုံးတွင် ကျဆုံးသွားကြသည်။
တချို့က ဓားဖြင့် လောကကို လွှမ်းမိုးခဲ့သည်။ သို့သော် သေဆုံးသွားကြသည်။
တချို့က ယုံကြည်ချက်ဖြင့် ဓားတာအိုကို ရှာဖွေခဲ့သည်။ သို့သော် ယုံကြည်ချက်ကို စွန့်ပစ်ခဲ့ကြသည်။
တချို့က ချစ်မြတ်နိုးသူများအတွက် ကျင့်ကြံခဲ့သည်။ သို့သော် ချစ်မြတ်နိုးသူများ၏ စွန့်ပစ်မှုကို ခံလိုက်ရသည်။
အမျိုးမျိုးသော ဘဝများကို မြင်ခဲ့ရသည်။
သူက အကြီးအကဲများ၏ဓားကို သုံးသပ်ပြီး ကိုယ်ပိုင်တာအိုကို ကျင့်ကြံခဲ့သည်။
ဓားဂိုဏ်းသည် သက်ဝင်လှုပ်ရှားနေသော်လည်း ဟန်မူယဲ့က ကျန်းရွှမ်ခန်းဆောင်တွင် တည်ငြိမ်စွာ ဆက်ရှိနေခဲ့သည်။
သူက ဓားကို လေ့လာနေသော်လည်း ဘဝကို နားလည်ခဲ့သည်။
ခုနစ်လအကြာတွင် သူက ခန်းဆောင်ထဲမှ ထွက်လာခဲ့သည်။ သူက အနည်းငယ် ခါးကုန်းနေပြီး မျက်လုံးများက ရီဝေနေသည်။
သူက ခြေတစ်လှမ်းဖြင့် ဓားတစ်လက်ကဲ့သို့ ပြေးထွက်သွားသည်။
နောက်ထပ် ခြေတစ်လှမ်းဖြင့် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။
ဓားထဲတွင်ရှိသော ဘဝများက သူနှင့် မသက်ဆိုင်ပေ။
သူက မရေမတွက်နိုင်သော ဓားများကို လေ့လာခဲ့သော်လည်း ဟန်မူယဲ့သာ ဖြစ်သည်။
“ငါနဲ့ လိုက်လာဖို့ ဘယ်သူက အဆင့်မီလဲ ကြည့်ပါရစေ”
သူက ခပ်အုပ်အုပ် အော်ဟစ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ရောက်သွားသည်။
သူက ဓားတစ်လက်ကဲ့သို့ ကောင်းကင်ထက်တွင် တည်ငြိမ်စွာရပ်နေသည်။
“တိုက်ခိုက်ကြမယ်”
ဓားကျင့်ကြံသူများသည် ဓားဖြင့်သာ စကားပြောကြသည်။