နဂါးဟန်၏ သွေးယဇ်ပူဇော်မှု
Vol. 67 Ch. 874
“မင်း နဂါးဟန်ကောင်းကင်နတ်ဘုံမှာ နေခဲ့ရတဲ့အချိန်က တိုတောင်းလွန်းတယ်... တခဏလေးပဲ နေခဲ့ရတော့ နဂါးဟန်ခေတ်ရဲ့ အမှောင်ဘက်ခြမ်းကို မင်း ဘယ်သိပါ့မလဲ”
မရဏတမန်တော်၏မျက်နှာသည် မှိန်ပျပျအရိပ်များအောက်၌ တိမ်မြုပ်နေသည့်အတွက် သူ့မျက်နှာကို ရှင်းလင်းပြတ်သားစွာ မမြင်ရပေ။ သူက ခံစားချက်မပါသောအသံဖြင့် စကားဆက်ပြောနေသည်။ “ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ ခေတ်မှာ ကမ္ဘာဦးအစ ဖြစ်တည်မှုပြီးနောက်ပိုင်း မွေးဖွားလာတဲ့ သက်ရှိသတ္တဝါမျိုးနွယ်တွေ သုတ်သင်သတ်ဖြတ်ခံရတယ်... နတ်ဘုရားတစ်ပိုင်းတွေတောင် အဲဒီဘေးရန်ကနေ မလွတ်ဘူး... ကျောက်စိမ်းရေကန်မှာ မင်းမြင်ခဲ့ရတာက အဲဒီခေတ်ရဲ့ အခမ်းနားဆုံးဘက်ခြမ်းပဲ... အကျည်းတန်တဲ့ ဘက်ခြမ်းနဲ့ပတ်သက်ပြီး မင်း ဘာမှမသိဘူး”
ချင်မူ တိတ်ဆိတ်သွားသည်။ “ဘယ်လောက်အရုပ်ဆိုးလဲ”
မရဏတမန်တော်က ရုတ်တရက် လက်ချောင်းတစ်ချောင်းဖြင့် ချင်မူ့နဖူးကို ထိသည်။
ချင်မူမှာ မရဏတမန်တော်၏ မှတ်ဉာဏ်ထဲသို့ ရောက်ရှိသွားသဖြင့် သူ့မျက်စိရှေ့ရှိ မြင်ကွင်းမှာ တမုဟုတ်ချင်း ပြောင်းလဲသွားလေသည်။
လူရိုင်းခေတ်ကဲ့သို့ ခေတ်တစ်ခေတ်ဆီ သူ ရောက်သွားသည်။ လူသားများသည် တိရစ္ဆာန်သားရေများ သို့မဟုတ် ကောက်ရိုးစကပ်များ ဝတ်ဆင်ထားကြ၏။ အဝတ်အစားများမှာ စုတ်စုတ်ပြတ်ပြတ်ဖြင့် သားသားနားနား မရှိကြပေ။ သို့သော် အဝေးတွင် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် ခမ်းနားမြင့်မြတ်နေသော အသွင်အပြင်ဖြင့် ဧရာမကျောင်းဆောင်ကြီးတစ်ဆောင် ရှိနေသည်။
ကျောင်းဆောင်၏အရှေ့၌ ယဇ်ပလ္လင်အမြင့်ကြီးတစ်ခုအား တွေ့မြင်ရသည်။ အဝတ်ကောင်းကောင်းမဝတ်ရ၊ အစားကောင်းကောင်းမစားရသော လူရိုင်းတို့က အချောဆုံး လူပျို၊ အပျိုများကို အစားကောင်း၊ အသောက်ကောင်းများ ကျွေးပြီးနောက် ယဇ်ပလ္လင်အပေါ်တွင် တင်ကာ မိုးလေဝသကောင်းမွန်ရန်အတွက် ဆုတောင်းနေကြသည်။
ယဇ်ပလ္လင်၏အထက်တွင် အလင်းတန်းများ တဖျတ်ဖျတ် လက်လာပြီး ကောင်းကင်နတ်ဧကရာဇ်နှင့် ကောင်းကင်နတ်ဘုံ တစ္ဆေဘုရင်များ ကိုယ်ထင်ပြကြ၏။ သူတို့က ဤလူပျိုအပျိုများကို မြိန်ရေယှက်ရေ စားသောက်ရင်း အရသာခံနေကြသည်။
ထို့နောက် မတူညီသော မြင်ကွင်းတစ်ခုကို ချင်မူ မြင်လိုက်ရသည်။ မျိုးနွယ်စုတစ်စုသည် ကောင်းကင်နတ်ဧကရာဇ်နှင့် တစ္ဆေဘုရင်များဆီသို့ အသားများ မပူဇော်ပေ။ ကြောက်မက်ဖွယ်ရာနတ်ဘုရားများက ကောင်းကင်နတ်ဘုံ၏ အမျက်ဒေါသကို ဖြန်ဖြေသည့်အနေဖြင့် ထိုမျိုးနွယ်စုတစ်စုလုံးကို ဖမ်းဆီး၍ ယဇ်ပလ္လင်ထက်၌ ခေါင်းဖြတ်သတ်ကာ ယဇ်ပူဇော်ပစ်သည်။
ယဇ်ပလ္လင်အောက်တွင် အလောင်းများ၊ အရိုးစုများ တောင်လို ပုံနေတော့သည်။
မရဏတမန်တော်သည် ချင်မူ့ကို သူ၏မှတ်ဉာဏ်နောက်တစ်ခု ပြသ၏။ ဤမှတ်ဉာဏ်က ကမ္ဘာဦးဘုံတွင် သတ္တုတူဖော်နေသော အခြားမျိုးနွယ်စုများမှ ကျွန်များနှင့် ပတ်သက်သည်။ ထိုကောင်းကင်နတ်သိုင်းပညာရှင်များမှာ သံကြိုးများဖြင့် တုပ်နှောင်ခံထားရပြီး ပြည်တည်ဖုများမှ ပြည်များ စီးကျနေကြသည်။ သူတို့က ခြေဗလာများဖြင့် လမ်းလျှောက်ရင်း အဆုံးမရှိဟန်တူသော သတ္ထုတွင်းထဲ၌ သတ္ထုများ တူးဖော်နေရ၏။
ဤကောင်းကင်နတ်သိုင်းပညာရှင်ကျွန်များကို စောင့်ကြပ်နေသူများကား နဂါးဟန်ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများ ဖြစ်ကြပေသည်။
ကောင်းကင်သတ္ထုများမှ စူးရှသော အလင်းရောင်တို့က ဤကောင်းကင်နတ်သိုင်းပညာရှင်တို့၏ အရေပြားများကို တတိတိ တိုက်စားနေပြီး သူတို့ဝိညာဉ်များမှာ အချိန်မရွေး လှီးဖြတ်ခံရတော့မည့်အလား ခံစားနေရသည်။ ဤကဲ့သို့ခံစားချက်မျိုးက ဓားချက်တစ်ထောင်ဖြင့် ညှင်းပန်းလှီးဖြတ်ခံနေရသကဲ့သို့ ဖြစ်၏။
မရဏတမန်တော်၏ မှတ်ဉာဏ်က ပြောင်းလဲသွားပြန်ပြီး သူသည် ချင်မူ့ကို မှတ်ဉာဏ်နောက်တစ်ခုဆီသို့ ခေါ်သွား၏။
ဤတစ်ခုက ကောင်းကင်နတ်ဘုံရှိ မျိုးနွယ်စုများအကြား စစ်ပွဲဖြစ်ပွားနေသည့် မှတ်ဉာဏ်ဖြစ်သည်။ စစ်ကြီးမစခင် ခေါင်းဆောင်များသည် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားများ၏ အကူအညီ ရရန် သာမန်ပြည်သူများကို ယဇ်ပူဇော်ခြင်း၊ ကျွန်ပြုခြင်းများ လုပ်တတ်ကြ၏။ မရေမတွက်နိုင်သော အလောင်းများ ရှေ့တန်းတွင် အလဲလဲအပြိုပြို ပုံနေကြပြီး သွေးရောင်အလင်းတန်းတစ်တန်းက ကောင်းကင်ဘုံသို့ တရှိန်ထိုး တက်သွားသည်။
စစ်ကြီးဖြစ်ပွားသည့်အခါ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများနှင့် မိစ္ဆာများက လူဘုံသို့ ဆင်းသက်လာကြကာ ယဇ်ပူဇော်ထားသည်များကို သုံးဆောင်ကြသည်။
ဤရှေးဟောင်းနတ်ဘုရားများသည် စစ်မြေပြင်ပေါ်ရှိ ရန်သူစစ်တပ်ကို ရက်ရက်စက်စက် ချေမှုန်းတတ်ကြ၏။ သို့သော် သူတို့နည်းတူ ကောင်းကင်နတ်ဘုံမှ ဆင်းသက်လာခဲ့သော ရှေးဟောင်းနတ်ဘုရားများကိုတော့ လက်ဖျားနှင့်ပင် မထိပေ။ သူတို့က ရန်သူစစ်တပ်ကိုသာ သတ်ပြီး အရင်ဆုံး သုတ်သင်နိုင်သူသည် အနိုင်ရသူ ဖြစ်လာလိမ့်မည်။
ကောင်းကင်နတ်ဘုံ၏ ရှေးဟောင်းနတ်ဘုရားများအတွက် သေမျိုးကမ္ဘာ၏ စစ်ပွဲများမှာ သွေးယဇ်ပူဇော်မှုများ သုံးဆောင်ခံစားနိုင်သော ကစားပွဲလေးများသဖွယ်သာ ဖြစ်ကာ မပြောပလောက်ပေ။
သို့သော် သေမျိုးကမ္ဘာ၏ မျိုးနွယ်များအတွက်တော့ အသက်ရှင်သန်ရေးအတွက် ရုန်းကန်နေရသော စစ်ပွဲဖြစ်ပေသည်။
စစ်ပွဲတိုင်းအတွက် သူတို့မှာ ကောင်းကင်နတ်ဘုံဆီသို့ ယဇ်ပူဇော်ရန်အပြင် ရွေးချယ်စရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် မပူဇော်လျှင် အပြတ်အသတ် သုတ်သင်ချေမှုန်းခံရဖို့ကား သေချာနေပြီ မဟုတ်ပါ၏လော။
ချင်မူက ခန္ဓာကိုယ်ကို လှုပ်ခါကာ မရဏတမန်တော်၏ မှတ်ဉာဏ်ထဲမှ ရုန်းထွက်လိုက်သည်။ သူ့မှာ ရေနစ်နေ၍ ကုန်းပေါ်သို့ ကယ်တင်ခံခဲ့ရသော လူတစ်ယောက်ကဲ့သို့ ခက်ခက်ခဲခဲ အသက်ရှူနေရသည်။
ထိုမျှကြောက်စရာကောင်းသော ခေတ်တွင် တည်ထောင်သူဂိုဏ်းသခင်၊ အစ်ကိုကြီးဝေစွေ့ဖုန်းအတွက် ဓလေ့ထုံးတမ်းများကို လိုက်နာရုံသာ ရှိလေသည်။
မရဏတမန်တော်က ပြောသည်။ “ငါ မြင်ခဲ့တဲ့ မြင်ကွင်းတွေဟာ ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားပဲ ရှိသေးတယ်... ငါ မမြင်နိုင်တာတွေက ပိုလို့တောင် များသေးတယ်... ဒါတွေက နဂါးဟန်ခေတ်မှာ နေ့စဉ်နေ့တိုင်း မြင်တွေ့နေရတာတွေပဲ... ဒီလိုနဂါးဟန်ကောင်းကင်နတ်ဘုံ၊ ဒီလို ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်ကို... နတ်ဘုရားတစ်ပိုင်းတွေပဲဖြစ်ဖြစ်၊ ဖြစ်တည်မှုအစပြီးနောက် မွေးဖွားလာတဲ့ သက်ရှိသတ္တဝါတွေပဲဖြစ်ဖြစ် အကုန်လုံး သုတ်သင်သတ်ဖြတ်ချင်ခဲ့ကြတာ အကြောင်းမဲ့သက်သက် မဟုတ်ဘူး”
ချင်မူမှာ စိတ်ပြန်ထိန်းလိုက်သည်။ သူ နဂါးဟန်ခေတ်၏ ပထမနှစ်သို့ ပြန်ရောက်သွားတုန်းက ကြာကြာမနေခဲ့ရပေ။ ထိုစဉ်တုန်းက ကျောက်စိမ်းရေကန်တွေ့ဆုံပွဲကာလ ဖြစ်သည်။ ကောင်းကင်နတ်ဘုံသည် မျိုးနွယ်စုအသီးသီး၏ ခေါင်းဆောင်များနှင့် ရှေးဟောင်းနတ်ဘုရားများကို စုဝေးခဲ့ပြီး အလွန်စိတ်လှုပ်ရှားစရာကောင်းသော ပွဲတစ်ပွဲ ဖြစ်ခဲ့၏။
သူ မြင်တွေ့ခဲ့ရသည်မှာ ထိုခေတ်၏ အတိုးတက်ဆုံး၊ အစည်ကားဆုံး ဘက်ခြမ်း ဖြစ်နေခဲ့လေသည်။ အောက်ဘုံသို့လည်း မဆင်းခဲ့သည့်အတွက် ကောင်းကင်ဘုံအသီးသီးရှိ ကမ္ဘာလောကများတွင် နေထိုင်နေသော ပြည်သူပြည်သားတို့၏ ဘဝများကို မမြင်တွေ့ခဲ့ရပေ။
သို့ဖြစ်၍ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်အပေါ် ရွံရှာစက်ဆုပ်ခြင်းမျိုး မရှိခဲ့ဘဲ ကောင်းကင်နတ်ဧကရာဇ်နှင့် ပူးပေါင်းနိုင်သည်ဟု ခံစားခဲ့ရသဖြင့် ယန်ချီလင်းမှတစ်ဆင့် ကောင်းကင်နတ်ဧကရာဇ်ကို ဆက်သွယ်ကာ မဟာမိတ်ပင် ဖွဲ့ခဲ့မိသည်။ ယခုမှ သူ အတော်လေး တုံးအခဲ့ကြောင်း ချင်မူ သဘောပေါက်သွားချေပြီ။
ချင်မူသည် ကောင်းကင်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းရန် အကြံပြုခဲ့သူ ဖြစ်ပြီး ကောင်းကင်မဟာမိတ်အဖွဲ့၏ တည်ထောင်သူအကြီးအကဲတစ်ယောက်လည်း ဖြစ်ပါသော်လည်း အဘယ်သို့ပြု၍ ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်မဟာမိတ်အဖွဲ့က ကောင်းကင်နတ်အရှင်ဟောင် တည်ထောင်ထားသော ကောင်းကင်နဂါး ကောင်းကင်နတ်ဘုံဖြင့် ပူးပေါင်းခဲ့သည်လည်း နားမလည်ခဲ့ပေ။ သေရာပါရန်ငြိုးများကို ဘေးချိတ်၍ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်အား အတူတူ ဖယ်ရှားသတ်ဖြတ်ရန် အဘယ်ကြောင့် ကြံစည်ခဲ့သည်ကိုလည်း မနားလည်ခဲ့ပေ။
လူမသိသော ဘက်ခြမ်းတွင် ရှေးဟောင်းကောင်းးကင်နတ်ဧကရာဇ် တည်ထောင်ခဲ့သော ကောင်းကင်နတ်ဘုံကား တိုင်းတာမရအောင် ရက်စက်ကြမ်းကြုတ်သည်။ ၎င်းက ကမ္ဘာပေါ်ရှိ သိန်းသောင်းချီသော မျိုးနွယ်စုများ၏ နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်ထည့်ပေးခဲ့သည်။ ထိုမျိုးနွယ်စုများမှာ မည်သည့်အချိန် သုတ်သင်ခံရမည်လဲ တွေးတောရင်း ရင်တမမဖြင့် ကျီးလန့်စာစားခဲ့ကြရ၏။
ကောင်းကင်နဂါး ကောင်းကင်နတ်ဘုံနှင့် ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ နှစ်ဘုံစလုံးက သူ၏ဩဇာအာဏာကို ထိန်းသိမ်းထားရန် နယ်ရုပ်လေးများ ဖြစ်ခဲ့ကြသည်။ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သည် ထိုကောင်းကင်နတ်ဘုံငယ် နှစ်ဘုံကို အောက်ဘုံအား ထိန်းချုပ်စေခဲ့ပြီးနောက် နဂါးဟန်ကောင်းကင်နတ်ဘုံဆီ ယဇ်ပူဇော်စေခဲ့၏။ သူက ကောင်းကင်နတ်ဘုံငယ်နှစ်ဘုံစလုံး အင်အားကြီးထွားမလာအောင် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်စေခဲ့သေးသည်။
ထိုအချိန်တွင် နတ်ဘုရားတစ်ပိုင်းများနှင့် မျိုးနွယ်စုများအကြား သဘောထားမတိုက်ဆိုင်မှုများက အရေးအကြီးဆုံးမဟုတ်တော့ပေ။ နဂါးဟန်ကောင်းကင်နတ်ဘုံနှင့် တိုက်ခိုက်ရန်ကသာ အရေးအကြီးဆုံး ဖြစ်လာ၏။
ထို့ကြောင့် ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံနှင့် ကောင်းကင်နဂါး ကောင်းကင်နတ်ဘုံတို့သည် အင်အားချင်းပေါင်းစည်း၍ ကျန်ရှိသော မျိုးနွယ်စုများကိုလည်း စုရုံးခဲ့သည်။ နတ်ဘုရားတစ်ပိုင်းများဖြစ်စေ၊ သက်ရှိသတ္တဝါများဖြစ်စေ အကုန်ပူးပေါင်းခဲ့ကြကာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို ဖယ်ရှားခဲ့ကြသည်။
ကမ္ဘာလောကကြီးတွင် အဖြူနှင့် အမည်းသာ ရှိခြင်းမဟုတ်။ လောလောဆယ်၌ ကောင်းကင်မဟာမိတ်အဖွဲ့ကား ရှေးဟောင်းနတ်ဘုရားများကို အစားထိုး၍ အကျင့်ပျက်ခြစားနေသော ကောင်းကင်နတ်ဘုံ၏ အုပ်စိုးသူများ ဖြစ်လာကာ ပြောင်းလဲသွားချေပြီ။ သို့သော် ထိုအချိန်တုန်းက ကောင်းကင်မဟာမိတ်အဖွဲ့အတွင်း၌ မျိုးနွယ်စုပေါင်းစု၏ အသက်ရှင်သန်ရေးအတွက် ကျားကုတ်ကျားခဲ တိုက်ခိုက်ပေးခဲ့သော ဖြောင့်မတ်မှန်ကန်သူများ၊ ရည်မှန်းချက်ကြီးသူများ တည်ရှိခဲ့သည်။
ကောင်းကင်မဟာမိတ်အဖွဲ့ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို ဖယ်ရှားပြီးနောက်မှ ချိမင်ခေတ်၊ ချုံဧကရာဇ်ခေတ်၊ ခိုင်ဧကရာဇ်ခေတ်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်တို့ ပေါ်ထွက်လာခြင်းဖြစ်၏။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သာ အချုပ်အခြာအာဏာ၊ စကြဝဠာကြီးနှင့် သိန်းသောင်းချီသော ကမ္ဘာလောကများ၊ ကောင်းကင်ဘုံများကို ဆက်လက်ပိုင်စိုးထားလျှင် အနာဂတ်မျိုးဆက်သစ်တို့မှာ အရိုးဆန်ကြမ်းတမ်းသည့် ခေတ်ကြီးတွင်သာ ပိတ်မိနေပြီး ဘယ်သောအခါမှ တိုးတက်လာတော့မည်မဟုတ်ပေ။
ကောင်းကင်မဟာမိတ်အဖွဲ့က နောက်ပိုင်းပျက်စီးလာခဲ့သော်ငြား အစောပိုင်းနှစ်များတွင် နတ်ဘုရားတစ်ပိုင်းများအပါအဝင် မျိုးနွယ်စုအားလုံးကို အကျိုးပြုသော ကောင်းမှုကြီးအား လုပ်ဆောင်ပေးနိုင်ခဲ့၏။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို ဖယ်ရှားသုတ်သင်ခြင်းမှာ တိုင်းထွာမရသော ကုသိုလ်ကောင်းမှုတစ်ရပ် ဖြစ်ပေသည်။
“ဒါဆို ငါ ကောင်းကင်နတ်ဧကရာဇ်နဲ့ မဟာမိတ်ဖွဲ့ခဲ့တာ မှန်လား မှားလား” ချင်မူ တိုးညှင်းစွာ ရေရွတ်လိုက်မိ၏။
နဂါးအရှင်စီရင်စု၏ မြို့ပျက်ထဲတွင် မရေမတွက်နိုင်သော မရဏတမန်တော်များသည် စက္ကူလှေများဖြင့် တိတ်ဆိတ်စွာ ပျံသန်းရင်း နဂါးအရှင်စီရင်စု၏ ပြည်သူပြည်သားများ စက္ကူလှေများအပေါ် တက်နိုင်အောင် ညွှန်ကြားနေကြ၏။
နဂါးကြီးတချို့မှာ စက္ကူလှေပေါ် မတက်လိုကြ၍ ကောင်းကင်ထဲတွင် ထွက်ပြေးနေကြသည်။
ထိုအခါ မရဏတမန်တော်များက မီးအိမ်မြှောက်၍ အလင်းရောင်ကို ဤနဂါးဝိညာဉ်များအပေါ် ဖြာကျသွားစေသည်။ နဂါးဝိညာဉ်များမှာ အလင်းရောင်နှင့် ထိတွေ့လိုက်လျှင်ချင်း အသိစိတ်အလျဉ် ကင်းမဲ့သွားပြီး စက္ကူလှေပေါ် တက်ရန် အလိုအလျောက် တန်းစီနေကြတော့သည်။
နဂါးများ ပြည့်နေသော လှေများက ယိုတုထဲသို့ ပြန်လှည့်ကာ ပျောက်ကွယ်သွားကြသည်။
မကြာမီ တစ်နေရာလုံး တိတ်ဆိတ်သွားပြီး မည်သည့်အသံကိုမှ မကြားရတော့ပေ။
“ဒါပေမဲ့ ငါ ကောင်းကင်နတ်ဧကရာဇ်နဲ့ မဟာမိတ်မဖွဲ့ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဒုက္ခရောက်လိမ့်မယ်.... ထာဝရငြိမ်းချမ်းရေးအင်ပါယာက အမိကမ္ဘာမြေလက်ကနေတောင် လွတ်မြောက်နိုင်မှာမဟုတ်ဘူး”
ချင်မူ အကြည့်လွှဲရင်း စဉ်းစားရကြပ်နေသည်။ သူက နဂါးအရှင်စီရင်စုတောက်လျှောက် သွားလိုက်ပြန်လိုက် လမ်းလျှောက်နေသည်။
နဂါးချီလင်က အလိုက်သိစွာဖြင့် သူ့တစ်ယောက်တည်း လွှတ်ပေးထားသည်။
‘ကောင်းကင်နတ်ဧကရာဇ်က သေသင့်တယ်... ဒါပေမဲ့ ငါ ကောင်းကင်နတ်ဧကရာဇ်နဲ့ မပူးပေါင်းရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကြာကြာခံမှာမဟုတ်ဘူး... ကောင်းကင်နတ်ဧကရာဇ်နဲ့ ပူးပေါင်းလိုက်လို့ သူ အသက်ပြန်ရှင်လာပြီး ရုပ်ခန္ဓာကို ပြန်ရသွားရင်လည်း လူရိုင်းခေတ်ဆီ ပြန်ရောက်သွားလိမ့်မယ်’
‘ကောင်းကင်နတ်ဧကရာဇ်ကို အသုံးချရမယ်... အချိန်ဆွဲဖို့ အသုံးချရမယ်.... ဒါပေမဲ့ အသက်သွင်းပေးလို့မရဘူး’
‘သူ့ကို လုံးဝအသက်သွင်းပေးလို့ မရဘူး... အခုအတိုင်း မသေမရှင်အတိုင်းပဲ ထားရမယ်’
....
ချင်မူက စိတ်ငြိမ်အောင် ထားပြီး ပတ်ဝန်းကျင်တွင် သူ့အစ်ကိုကြီးဝေစွေ့ဖုန်း ချန်ခဲ့နိုင်သော သဲလွန်စများ လိုက်ရှာကြည့်သည်။
ဝေစွေ့ဖုန်းသည် မည်သည့်အရာကိုမဆို ထောင့်စေ့အောင် လုပ်တတ်သူ ဖြစ်သည့်အလျောက် အဆုံးသတ်မြို့ပျက်တွင် ချင်မူ့အတွက် တစ်ခုခု ချန်ခဲ့လျှင် ချင်မူ အဆုံးသတ်မြို့ပျက်အား ရှာမတွေ့မည့် ဖြစ်နိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားထားလိမ့်မည်။ သဲလွန်စတချို့ ချန်ခဲ့နိုင်သည်ကတော့ သေချာသည်။
သို့သော် နဂါးအရှင်စီရင်စုမှာ စွန့်ပစ်မြေတစ်မြေ ဖြစ်လာခဲ့သလို၊ အတိုင်းထက်အလွန် ကြီးမားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတမျှ ကျယ်ဝန်းသော မြို့ပျက်တစ်ခု ဖြစ်ချေရာ ဝေစွေ့ဖုန်း ချန်ခဲ့သော သဲလွန်စများအား ရှာတွေ့ချင်လျှင် အချိန်များစွာ ကြာမြင့်လိမ့်မည်။
ချင်မူ ဆက်လျှောက်သွားသည်။ ရုတ်တရက် သူက ပြန်လှည့်ပြီး နဂါးအရိုးစုများအကြား လဲချရင်း လက်နှစ်ဖက်ကို ခေါင်းနောက်၌ ကွေး၍ ခေါင်းအုံးကာ ကောင်းကင်ဆီသို့ ငေးကြည့်နေသည်။
တခဏကြာသော် သူက မျက်လုံးပိတ်ကာ အိပ်ပျော်သွားလေသည်။
နဂါးချီလင်က အတင်းတုပ်သည်။ “မမကြီးယန်အာ၊ ဂိုဏ်းသခင်လည်း အပျင်းတစ်တဲ့အချိန်တွေ ရှိတယ်နော်...”
သူ စကားပြောနေစဉ် ချင်မူအသေးစားလေးတစ်ယောက်က ချင်မူ၏ဆံပင်များကြားမှ ထွက်လာသည်။ ချင်မူအသေးလေးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း ပွစိပွစိ ပြောနေ၏။
နဂါးချီလင် လန့်ဖျပ်သွားပြီး စကားထပ်ပြောရန် ပြင်နေစဉ် ချင်မူ၏ဆံပင်ထဲမှ ချင်မူအသေးလေးများ ထပ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ချင်မူလေးများက ခြေလက်များ လှုပ်ရှားရင်း မည်သူမှ နားမလည်နိုင်သော ဘာသာစကားတစ်မျိုးဖြင့် တတွတ်တွတ် ပြောနေကြသည်။ အိပ်နေရာမှ ယောင်နေသောအသံများနှင့် တူလေသည်။
ထို့နောက် ချင်မူ၏ပါးစပ်၊ နှာခေါင်းပေါက်နှင့် နားရွက်များမှလည်း ချင်မူအသေးလေးများ ထွက်လာကြ၍ တစတစ အရေအတွက်များလာ၏။ သူတို့က အရပ်မျက်နှာတခွင် ထွက်ပြေးသွားကြပြီး လူနားမလည်သည့် ဘာသာစကားဖြင့် စကားပြောနေကြသည်။
များစွာမကြာလိုက်ဘဲ နဂါးချီလင်မှာ ရပ်စရာနေရာ မရှိတော့သောကြောင့် ကပျာကယာ လေပေါ် ပျံတက်လိုက်ရလေသည်။
ချင်မူအသေးလေးတချို့က လေပေါ် ပျံတက်ကြပြီး တချို့သည် မြေကြီးအောက်ထဲ ဖောက်ဝင်သွားကြ၏။ နဂါးအရိုးစုကြီးများအနား၌ ပွစိပွစိ ရွတ်နေကြသော တချို့လည်း ရှိသည်။ သူတို့၏ရွတ်ဖတ်သံများနှင့်အတူ နဂါးအရိုးစုကြီးများက တဝုန်းဝုန်း ထလာကြသည်။
ထိုချင်မူအသေးလေးများက နဂါးအရိုးစုကြီးများ၏ ခေါင်း၊ ချိုများနှင့် မျက်တွင်းများအတွင်း၌ ရပ်နေကြသည်။ သူတို့ကား စိတ်အားတရှိန်းရှိန်း တက်ကြွနေသကဲ့သို့ လက်သီးလက်မောင်း ဝှေ့ယမ်းကာ အော်ဟစ်နေကြသည်။ “မာဟာ”
နဂါးချီလင် ဤစကားကိုတော့ နားလည်သည်။ သူက နဂါးနှင့်ချီလင် သွေးနှောမဟုတ်ပါလော။ ဤ ‘မာဟာ’ သည် စိတ်လှုပ်ရှားမှု သို့မဟုတ် စတင်လှုပ်ရှားရန် ဟူ ဆိုလို၏။ သုံးသည့်နေရာအမျိုးမျိုး ရှိလေသည်။
ချင်မူအသေးလေးများက နဂါးအရိုးစုများကို စီးနင်းရင်း ဟိုဟိုသည်သည် ပြေးနေကြသည်။ လေပေါ်ပျံတက်လိုက်၊ မြေထဲငုပ်လျှိုးလိုက်၊ ပင်လယ်ထဲ ဝင်သွားလိုက်ဖြင့် ကောင်းကင်နှင့်မြေပြင်တစ်ခွင် ရှာဖွေရင်း အလုပ်များနေကြ၏။
“မာဟာ မာဟာ”
ချင်မူအသေးလေးများက တစ်ယောက်နှင့်တစ်ယောက် ဆုံသည့်အခါ တည်ကြည်လေးနက်သောအမူအရာများဖြင့် ပြောဆိုဆက်ဆံကြလေသည်။
နဂါးချီလင်နှင့် ယန်အာမှာ ဤမြင်ကွင်းကို ငေး၍ ကြည့်နေမိသည်။ ချင်မူ့ခေါင်းမှ ထွက်လာသော ချင်မူအသေးလေးများက အရေအတွက် ဆထက်တိုးလာပြီး မကြာခင်မှာပဲ တိတ်ဆိတ်ခြောက်ကပ်နေသည့် နဂါးအရှင်စီရင်စုတစ်စုလုံး စည်ကားသိုက်မြိုက်လာတော့သည်။ ချင်မူအသေးလေးများသည် အလွန်လေးလေးနက်နက်ဖြင့် ပိုက်စိတ်တိုက် ရှာနေကြပြီး နဂါးအရှင်စီရင်စုအား မြေလှန်နေကြ၏။
“ဒီကျင့်စဉ်ကို ငါ ကြားဖူးတယ်... ဗြဟ္မဘုံက ဗြဟ္မဗုဒ္ဓရဲ့ ဧကရာဇ်ပလ္လင်အဆင့် အစစ်အမှန်ကျမ်းစာ ဖြစ်လောက်တယ်”
ယန်အာသည် လူအသွင်ပြောင်း၍ ချင်မူအသေးလေးတစ်ယောက်ကို မ,လိုက်၏။ ချင်မူအသေးလေးက သူမလက်ဝါးတစ်လျှောက် ဖြတ်ပြေးပြီး သူမခန္ဓာကိုယ်ပေါ်တွင် ခြေဦးတည့်ရာ လျှောက်သွားနေသည်။
“နတ်ဘုရားမ တစ်ခါပြောပြဖူးတယ်... ဒီကျင့်စဉ်ကို ကျင့်ဖို့ အိပ်ပျော်နေဖို့ လိုတယ်တဲ့... ဒါက တကယ် လျှို့ဝှက်ဆန်းကြယ်တာပဲ”
ယန်အာမှာ သူမကိုယ်ပေါ်တွင် လျှောက်ပြေးနေသော ချင်မူအသေးလေးကြောင့် ယားလာပြီး တခစ်ခစ် ရယ်နေမိတော့သည်။ “လျှောက်မပြေးနဲ့တော့ ယားတယ်..... မြန်မြန်ထွက်လာခဲ့၊ နင် အဲဒီကို သွားလို့မရဘူး”
သူမက ချင်မူအသေးလေးကို ဆွဲထုတ်ရန် ပြင်နေသော်လည်း သူသည် ဖျတ်ခနဲ သူမခေါင်းပေါ် ပြေးတက်သွားပြီး ငှက်မွှေးတောင်တစ်ချောင်းအား ဆုပ်ကိုင်၏။ သူက အလေးအနက်အမူအရာဖြင့် ရှေ့သို့ လက်ညှိုးထိုးကာ အော်ဟစ်လေသည်။ “မာဟာ”
ယန်အာမှာ မည်သို့မျှမတတ်နိုင်တော့၍ တောင်ပံဖြန့်ကာ ကောင်းကင်သို့ ပျံတက်ရင်း ဤလူအသေးလေး ညွှန်ပြနေသောဘက်ဆီ ပျံသန်းသွားတော့သည်။
ချင်မူအသေးလေးတစ်ယောက်က နဂါးချီလင်၏ ခေါင်းပေါ် ခုန်တက်ကာ အော်ဟစ်နေသည်။ “မာဟာ မာဟာ” သူက နဂါးချီလင်ကို ပျံသန်းရန် ညွှန်ကြားနေ၏။
ကောင်းကင်၊ မြေပြင်နှင့် ပင်လယ်တွင် ဤလူအသေးလေးများ ပြည့်နေသည်။ သူတို့က နတ်ဘုရားမျက်လုံးများ အသက်သွင်း၍ ဝေစွေ့ဖုန်း ချန်ခဲ့သော သဲလွန်စများကို ရှာနေသဖြင့် သူတို့၏မျက်လုံးသုံးလုံးစလုံး တောက်ပလင်းလက်နေသည်။ ရုတ်တရက် ချင်မူအားလုံး နဂါးအရှင်စီရင်စုဆီသို့ အသားကုန်ပြန်ပြေးသွား၏။ ထို့နောက် သူတို့အားလုံး ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
ချင်မူက သမ်းဝေရင်း အပျင်းကြောဆန့်၍ ရယ်လိုက်သည်.။ “နောက်ဆုံးတော့ တွေ့ပြီ”