ပန်းထဲက ကမ္ဘာ
Vol. 67 Ch. 875
ချင်မူမှာ ဗြဟ္မဗုဒ္ဓ၏ အနန္တကပ်ဘေးသုတ္တန်ကို မည်သို့ ထုတ်လွှတ်နိုင်လိုက်မှန်း မသိပေ။ သူ့ခေါင်းထဲတွင် ကျင့်စဉ်ရှိနေသည်ကို ခံစားလိုက်ရပြီးနောက် တစ်ချိန်တည်းမှာပင် တရေးတမော အိပ်ချင်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အိပ်မက်ထဲ ဝင်ရောက်သွားသည့်အချိန်တွင် အနန္တကပ်ဘေးသုတ္တန်ကို အလိုအလျောက် ထုတ်လွှတ်နိုင်သွားသည်။
သူ၏အိပ်မက်ထဲတွင် ပူစီဖောင်းများ ပြည့်နေသော ကမ္ဘာတစ်ကမ္ဘာ ပွင့်လာသည်။ ပူစီဖောင်းများက တဖြည်းဖြည်း ကြီးထွားလာပြီးနောက် နဂါးအရှင်စီရင်စု၏ အပျက်အစီးများနှင့် တစတစ ပေါင်းစည်းသွား၏။
ဤပူစီဖောင်းကမ္ဘာထဲ၌ မရေမတွက်နိုင်သော ကိုယ်ပွားများသည် ပေါင်းမြက်ပင်များသဖွယ် ထွက်ပေါ်လာပြီး အရပ်မျက်နှာတစ်ခွင် လျှောက်ပြေးနေကြသည်။
ထူးဆန်းသော အိပ်မက်တစ်ခုဖြစ်၏။ အိမ်မက်အတွင်းရှိ ကိုယ်ပွားတိုင်းက သီးသန့်အသိစိတ်အလျဉ်ကို ပိုင်ဆိုင်ထားကြသော်လည်း အကုန်လုံး သူ့မျက်လုံးနှင့် ချိတ်ဆက်နေသည်။ သူ အိပ်မက်ထဲတွင် ပြောနေသော စကားများကလည်း ချင်မူအသေးစားလေးများ ပြောနေသည့် ဘာသာစကားတစ်ရပ် ဖြစ်လာခဲ့သည်။
အိပ်မက်မက်နေစဉ် ယောင်နေသော စကားများသည် နားလည်ရခက်၏။ ချင်မူအသေးစားလေးပင် တစ်ယောက်နှင့်တစ်ယောက် ဘာပြောနေမှန်း နားမလည်ကြပေ။ နောက်ဆုံးတွင် ချင်မူသည် ဤချင်မူအသေးလေးများ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နိုင်အောင် အရိုးရှင်းဆုံးဘာသာစကားကို သုံးရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် ‘မာဟာ’ ဟူသော နဂါးစကားက သူတို့အကြား ဆက်သွယ်ရန် ဘာသာစကား ဖြစ်လာသည်။
သူ့အိမ်မက်မှာ ဆူညံပွက်လောရိုက်နေသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ချင်မူက နဂါးအရှင်စီရင်စုကို ပြောင်းပြန်လှန်ခဲ့ပြီး တည်ထောင်သူဂိုဏ်းသခင် ချန်ထားခဲ့သော သဲလွန်စများအား ရှာတွေ့သွား၏။ ထိုအခါမှ ချင်မူ အိပ်မက်မှ နိုးထလာကာ သမ်းဝေရင်း အပျင်းကြောဆန့်လိုက်သည်။
သူ နိုးလာသည့်အချိန်၌ ပူစီဖောင်းကမ္ဘာ ပြိုကွဲပျောက်ကွယ်သွားသည်။ ကမ္ဘာသည် ဖယ်ရှားခံလိုက်ရသကဲ့သို့ ဖြစ်ပြီး ထိုကမ္ဘာအတွင်းရှိ ချင်မူအသေးလေးများလည်း လုံးဝဥဿုံ ပျောက်ကွယ်သွားတော့သည်။
ဗြဟ္မဗုဒ္ဓ၏ အနန္တကပ်ဘေးသုတ္တန်သည် စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်လောက်အောင် အသုံးဝင်၏။ ဤအိပ်မက်ကမ္ဘာက ဆန်းပြားသော အသုံးဝင်မှုများအနက်မှ တစ်ခုသာ ရှိသေးသည်။ အခြားသဘောတရားများစွာ ရှိသေးသော်လည်း ချင်မူမှာ ဤကျင့်စဉ်ကို မည်သို့ကျင့်ကြံရမည်၊ မည်သို့ထုတ်ဖော်ရမည်ကို အမှန်တကယ် နားမလည်သေးပေ။ အရာအားလုံးက သဘာဝအတိုင်း ရောက်လာပုံရသည်။
သူက အနန္တကပ်ဘေးဝင်္ကပါနှင့် ပတ်သက်၍ သံသယများကို ခေါင်းထဲမှ ထုတ်ကာ သူ ရှာတွေ့ခဲ့သော မြို့ပျက်ဧရိယာဆီ လမ်းလျှောက်သွားသည်။
နဂါးချီလင်နှင့် ယန်အာလည်း သူ့နောက်မှ လိုက်လာသည့်အခါ ချင်မူ နဂါးအရှင်စီရင်စု၏ ကြယ်ကြည့်ရာစင်မြင့်တစ်ခုအပေါ်၌ မတ်တပ်ရပ်နေကြောင်း မြင်လိုက်ရ၏။ စင်မြင့်ထက်တွင် ကြယ်လမ်းကြောင်းပြရာ စက်လုံးနှင့် အခြားနတ်လက်နက်များမှာ ပျက်စီးကြေမွနေ၍ ဖရိုဖရဲ ဖြစ်နေသည်။
ချင်မူက ကြမ်းပြင်ထက်ရှိ ကြယ်အမှတ်အသားများကို ငုံ့ကြည့်သည်။ ထို့နောက် သူ၏တွက်ချက်ရေးကိရိယာများ ထုတ်၍ ဆူဆူညံညံ တွက်ချက်တော့သည်။
ယန်အာသည် သင်္ချာမကျွမ်းသည့်အတွက် သူ လုပ်နေသည်ကို အတန်ကြာ ကြည့်နေပြီးနောက်တွင်ပင် နားမလည်ပေ။ သူမက မေးသည်။ “သခင်လေး ဘာတွက်နေတာလဲ”
နဂါးချီလင်က ဖြေသည်။ “ဒါက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းသခင် ချန်ထားတဲ့ ပဟေဠိတစ်ပုဒ်ပဲ... ဒီဆရာတူအစ်ကိုကြီးက ဂိုဏ်းသခင် ဖြေရှင်းဖို့ ပုစ္ဆာအတွက် သင်္ချာကို အမြဲသုံးတတ်တယ်... ပုစ္ဆာကို ဖြေရှင်းပြီးရင် သူ ချန်ခဲ့တဲ့ သဲလွန်စကို တွေ့လိမ့်မယ်.... သူတို့က သင်္ချာဘာသာစကားနဲ့ အချင်းချင်း ဆက်သွယ်နေကြတာ”
ယန်အာ အံ့အားသင့်သွား၏။ “သင်္ချာကလည်း ဘာသာစကားတစ်ခုပဲလား”
“သင်္ချာပညာရှင်တွေအတွက်တော့ ဘာသာစကားပဲ”
နဂါးချီလင်က ဆက်ရှင်းပြသည်။ “တာအိုဂိုဏ်းက သင်္ချာမှာ နံပါတ်တစ်ဂိုဏ်းလို့ ပြောကြပေမယ့် ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ထည့်တွက်ထားတာ မဟုတ်ဘူး... ကျွန်တော် ဂိုဏ်းချုပ်နောက်တုန်းကဆို ဂိုဏ်းချုပ်က သင်္ချာအကြောင်း တစိုက်မတ်မတ် သုတေသန လုပ်တတ်တော့ ကျွန်တော်လည်း နည်းနည်းပါးပါး တတ်ခဲ့တယ်... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း၊ နေရာရွှေ့ပြောင်းဝင်္ကပါ၊ ကြယ်ဝင်္ကပါနဲ့ ဖန်ဆင်းပညာတွေက သင်္ချာကို သုတေသနလုပ်ခဲ့ရာကနေ မွေးဖွားလာကြတာ... ဒါ့အပြင် တည်ထောင်သူဂိုဏ်းသခင်က သင်္ချာမှာ ပညာရှင်၊ တန်ခိုးရှင်သစ်ခုတ်သမားက သင်္ချာမှာ ဆရာသခင်ပဲ... သူ့ရဲ့စီးတော်ကျား၊ အစ်ကိုကြီးကျားလည်း သင်္ချာကျွမ်းတယ်... သူတို့ကို တာအိုဂိုဏ်းထဲမှာ အဆင့်စီလိုက်မယ်ဆိုရင် သေချာပေါက် ထိပ်တန်းပညာရှင်တွေ ဖြစ်လိမ့်မယ်”
ယန်အာက သူ့ကို စွမ်းအင်ဆေးလုံးတစ်လုံး ခွံ့ကာ ချီးကျူးသည်။ “ဖက်တီးနဂါးက တကယ် ဗဟုသုတ ရှိတာပဲ”
ချင်မူက တည်ထောင်သူဂိုဏ်းသခင် ချန်ခဲ့သော ပုစ္ဆာကို ဖြေရှင်းပြီးနောက် ကြယ်ကြည့်ရာစင်မြင့်အပေါ်တွင် လမ်းလျှောက်ရင်း သူ့ဘာသာသူ တွေးနေသည်။ “သူ ချန်ခဲ့တာက နေရာဟင်းလင်းပြင်တစ်ခုအတွက် အချက်အလက်တွေပဲ... ဒါပေမဲ့ နေရာဟင်းလင်းပြင်တွေအတွက် သူတို့ဘယ်နေရာမှာ ရှိလဲ သိရဖို့ ဗဟိုအမှတ်တစ်မှတ် လိုအပ်တယ်... ငါ ကြယ်ကြည့်စင်မြင့်ကို ဗဟိုအမှတ်အဖြစ် သုံးလိုက်ရင်...”
သူ့အမူအရာက ထူးဆန်းသွားပြီး ရုတ်တရက် သူ၏ချိုင်းအောက်မှ လက်များထွက်လာကာ စတင်တွက်ချက်တော့သည်။
“ဒီနေရာဟင်းလင်ပြင်က ကမ္ဘာဦးဘုံနဲ့ တူညီတဲ့ နေရာဟင်းလင်းပြင်မှာ မရှိဘူး”
ချင်မူမှာ ဝေစွေ့ဖုန်း ချန်ခဲ့သော ဟင်းလင်းပြင်အချက်အလက်များအတိုင်း တွက်ရင်း အမူအရာထူးဆန်းလာသည်။ အဆုံးသတ်မြို့ပျက်ကား ကမ္ဘာဦးဘုံထဲတွင် မဟုတ်ပေ။ အခြားကမ္ဘာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်၏။
၎င်းက ကမ္ဘာဦးဘုံထဲက ယိုတုလို နေရာမျိုး ဖြစ်လေသည်။
ယိုတုသည် ကမ္ဘာဦးဘုံ၊ အခြားသော ကမ္ဘာလောကများ၊ ကောင်းကင်ဘုံများနှင့် ထပ်နေ၏။ သို့သော် တူညီသော နေရာဟင်းလင်းပြင်ထဲ၌ မတည်ရှိပေ။
အဆုံးသတ်မြို့ပျက်လည်း အလားတူဖြစ်သည်။
‘နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းနဲ့ ဒီနေရာဟင်းလင်းပြင်ထဲ ဝင်ဖို့ သိပ်ခက်တယ်’
ချင်မူက ဤကြယ်ကြည့်ရာမျှော်စင်အထက်၌ သင်္ကေတအမှတ်အသားများအား တမုဟုတ်ချင်း ခတ်နှိပ်လိုက်သည်။ ဝေစွေ့ဖုန်း မှတ်သားထားသော နေရာဟင်းလင်းပြင်ထဲ ဝင်ရောက်ရန် ဧရာမကြယ်ကြီးတစ်စင်း၏ နေရာရွှေ့ပြောင်းဝင်္ကပါတစ်ခုအား သုံးမှသာ ဖြစ်နိုင်လိမ့်မည်။
နဂါးချီလင်လည်း ကူညီပေး၍ နှစ်ရက်ကြာသည့်အခါ နေရာရွှေ့ပြောင်းဝင်္ကပါ တည်ဆောက်ပြီးစီးသွားသည်။
ယန်အာက အစိမ်းရောင်စာကလေးအသွင် ပြောင်းပြီး ချင်မူ့ပခုံးအပေါ်တွင် နားသည်။ နဂါးချီလင်လည်း စင်မြင့်၏အလယ်သို့ ရောက်လာသည်။ ချင်မူ ဝင်္ကပါကို အသက်သွင်းလိုက်သည်နှင့် နေရာရွှေ့ပြောင်းအလင်းတန်းများက ကောင်းကင်တစ်လျှောက် ထိုးခွင်းသွား၏။ အလင်းတန်းများ မှေးမှိန်သွားသည့်အချိန်တွင် သူတို့အားလုံး နဂါးအရှင်စီရင်စုမှ ပျောက်ကွယ်သွားကြချေပြီ။
ချင်မူ မြေအမာအပေါ်သို့ ရောက်သွားသည့်အခါ သူတို့၏ပတ်ဝန်းကျင်မှာ အလွန်မှောင်မိုင်းအုံ့ဆိုင်းနေကြောင်း မြင်လိုက်ရသည်။ ကောင်းကင်ထဲတွင် ခပ်နိမ့်နိမ့် ပျံဝဲနေသော ဂြိုဟ်တစ်လုံး ရှိပြီး အပေါက်များ ပြည့်နေသည်။ ဂြိုဟ်၏ပျက်စီးနေသော အစိတ်အပိုင်းများကလည်း ဂြိုဟ်အနားပတ်ပတ်လည်၌ လွင့်မျောနေကြ၏။
အောက်၌ မည်းနက်နေသော စက်ဝိုင်းသဏ္ဍာန် တောင်တန်းရှိသည်။ ဘေးတွင် ခမ်းခမ်းနားနား နန်းတော်များ ရပ်တည်နေကြပြီး အဆုံးမဲ့အမှောင်ပင်လယ်တစ်စင်းက တောင်တန်းကို ဝန်းရံထားသည်။
စက်ဝိုင်းသဏ္ဍာန်တောင်တန်းက အလွန်ကြီးမားလွန်းသဖြင့် တိုင်းတာ၍မရလောက်အောင် ဖြစ်သည်။ မြင့်းမိုရ်တောင်၏ ကောင်းကင်ဘုံ အထပ်နှစ်ဆယ်ကို ဤနေရာသို့ ရွှေ့လာလျှင်ပင် တောင်တန်း၏အလယ်ရှိ ကွင်းပြင်ချောက်နက်ကြီးအပြည့် ပြည့်သွားမည်မဟုတ်ပေ။
ဤချောက်နက်ကား အဆုံးသတ်မြို့ပျက်၏ ချောက်နက် ဖြစ်ပေသည်။
ကောင်းကင်နတ်မြစ်က ကောင်းကင်နတ်ဘုံမှ စီးဆင်းလာပြီး အဆုံးသတ်မြို့ပျက်၌ အဆုံးသတ်သွားသည်။
သို့သော် ဤနေရာဆီသို့ ကောင်းကင်နတ်မြစ် စီးဝင်နေသည်ကို မမြင်ရပေ။ သူ ကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထဲတွင် ကောင်းကင်နတ်မြစ်၏ မြစ်လက်တက်တစ်ခုအား ဝိုးတိုးဝါးတား တွေ့ရသည်။
မြစ်လက်တက်မှာ ကောင်းကင်နတ်မြစ်၏ အလေးချိန်ကြောင့် ထင်ဟပ်လာသော နေရာဟင်းလင်းပြင်အရာတစ်ရာ ဖြစ်သည်။ သို့သော် ကောင်းကင်နတ်မြစ်သည် ဖြတ်တောက်ခံထားရ၏။
ချုံဧကရာဇ်ခေတ်၏ အဆုံးသတ်တွင် ကောင်းကင်နတ်အရှင်လင်က ယွမ်တု၏ ချုံဧကရာဇ်ကောင်းကင်နတ်ဘုံထဲ၌ ကောင်းကင်နတ်သိုင်း ထုတ်လွှတ်ကာ ကောင်းကင်နတ်မြစ်ကို ဖြတ်တောက်၍ ကောင်းကင်နတ်မြစ်၏ ဒြပ်ထုများနေရာ၌ သူမကိုယ်သူမ အစားထိုးခဲ့၏။ သူမက အတိတ်၊ အနာဂတ်နှင့် ပစ္စုပ္ပန်ကို ဖြတ်သွားနိုင်သော အံ့အားသင့်ဖွယ် ကောင်းကင်နတ်သိုင်းတစ်ခုအား ထုတ်ဖော်ပြသခဲ့သည်။
ထိုအချိန်မှစ၍ ကောင်းကင်နတ်မြစ်က အဆုံးသတ်မြို့ပျက်ထဲသို့ မစီးဝင်တော့ဘဲ အရှေ့ပင်လယ်ထဲသို့ စီးဆင်းခဲ့သည်။
ကမ္ဘာဦးဘုံ ယွမ်တု ချိတ်ပိတ်ခံလိုက်ရသည့်အခါ ကောင်းကင်နတ်မြစ်က မာန်ဟုန်မြစ်ဖြစ်လာခဲ့သည်။
ယခုတွင် ကောင်းကင်နတ်မြစ်မှာ ဖြတ်တောက်ခံထားရ၍ အဆုံးသတ်မြို့ပျက်ထဲသို့ မစီးဆင်းတော့ပေ။ ကောင်းကင်ထဲ၌ ကြွေမွနေသော ဂြိုဟ်သည် ထိုစဉ်တုန်းက ကောင်းကင်နတ်မြစ်ကို လှည့်ပတ်နေသော ကြယ်ဖြစ်ခဲ့သော်လည်း စစ်ပွဲကြီးတစ်ပွဲကြောင့် ဆိုးဆိုးရွာရွာ ပျက်စီးပြိုကွဲနေ၏။
ချင်မူတို့က အဆုံးသတ်မြို့ပျက်၏ အရန်နန်းဆောင်အရှေ့တွင် ရပ်လျက် အဆုံးသတ်မြို့ပျက်၏ အလယ်ဗဟိုသို့ ကြည့်နေသည်။ သူတို့မှာ ကြည့်လိုက်သည်နှင့် ဝိညာဉ်များ ဤချောက်နက်ထဲသို့ စုပ်ယူခံလိုက်ရတော့မည့်အလား ခံစားလိုက်ရရင်း မူးဝေလာကြ၏။ ထို့ကြောင့် ကပျာကယာ အကြည့်လွှဲလိုက်ကြရသည်။
“အစ်ကိုကြီးရဲ့မြေပုံမှာ ပြထားတာ... ဒီနေရာပဲ”
ချင်မူက ထောင်ကျယ်အိတ်ထဲမှ စာလိပ်တစ်လိပ်ထုတ်၍ ပြန့်နေအောင် ဖြန့်ကာ အသေအချာ ကြည့်နေသည်။ ပရမတ္တလှေ၏အပြင်၌ ဝေစွေ့ဖုန်း ကြယ်သဲမှုန်များဖြင့် ဆွဲပြခဲ့သော မြေပုံများအနက်မှ တစ်ခုက အဆုံးသတ်မြို့ပျက်၏ မြေပုံဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်သောင်းတုန်းက ဝေစွေ့ဖုန်းသည် ရှေးဟောင်းလျှို့ဝှက်ချက်များကို ရှာ၍ သူတော်စင်ဖြစ်လာရန် ထာဝရရှင်သန်ခြင်းသုံးမျိုးအား ဖြည့်ဆည်းချင်ခဲ့၏။ ထိုစဉ်အခါက ဤနေရာတွင် ကောင်းကင်နတ်မြစ် ပြန်လည်စီးဆင်းနေသော မြင်ကွင်းကို သူ မြင်တွေ့ခဲ့ရသည်။
ကောင်းကင်နတ်မြစ်မှာ ဖြတ်တောက်ခံထားရသော်ငြား သူ ရောက်လာသည့်အချိန်တွင် ပြန်ပေါ်လာ၏။ ကောင်းကင်ထဲရှိ ခြောက်ကပ်နေသော မြစ်လက်တက်က ထည်ဝါခံ့ညားသော ကောင်းကင်နတ်မြစ်အသွင်ဖြင့် ကောင်းကင်ထက်မှ တဝုန်းဝုန်း ကျဆင်းလာရင်း အဆုံးသတ်မြို့ပျက်ထဲသို့ စီးဝင်သွားသည်။
ထူးဆန်းသည်က ကောင်းကင်နတ်မြစ်မှ မြူခိုးများ တထောင်းထောင်း ထလာပြီး ဝေစွေ့ဖုန်းကို ဖုံးလွှမ်းသွားခဲ့သည်။ သူသည် မြူခိုးထဲ၌ ကောင်းကင်နတ်အရှင်လင်နှင့် ဆုံတွေ့ခဲ့ပြီး မြူခိုးအပြင် ပြန်ထွက်လိုက်သည့်အခါ နဂါးဟန်ခေတ်သို့ ပြန်ရောက်သွားပြီး ထိုခေတ်၏ပြည်သူတစ်ယောက်အဖြစ် ဖြစ်လာခဲ့၏။ နောက်ပိုင်း ကောင်းကင်နတ်ဧကရာဇ်၏ လက်အောက်ရှိ အင်အားအကြီးမားဆုံး နတ်ဘုရားမိစ္ဆာစစ်တပ်ကြီးကို အုပ်စိုးထိန်းချုပ်ရသော နဂါးဟန်ကောင်းကင်နတ်ဘုံ ယွီလင်နန်းစောင့်တပ်ဖွဲ့၏ တပ်မှူးချုပ်ပင် ဖြစ်လာခဲ့သည်။
ချင်မူ မြေပုံကို အနီးကပ်ကြည့်နေသည်။
တစ္ဆေသင်္ဘောအပေါ်မှာတုန်းက ဝေစွေ့ဖုန်းသည် စာတစ်စောင် ထားခဲ့၏။ စာထဲတွင်လည်း အဆုံးသတ်မြို့ပျက်၏ မြေပုံပါသည်။ သို့သ်ော ချင်မူ့တွင် ရှိသည့်တစ်ခုနှင့် မတူပေ။ မတူညီသောခေတ်ကာလများအတွင်း ရေးဆွဲထားကြောင်း သိသာသည်။
သို့သော် အဆုံးသတ်မြို့ပျက်က ပြောင်းလဲသွားခြင်းမရှိပေ။
“အစ်ကိုကြီး ချန်ထားခဲ့တဲ့ဟာက အဆုံးသတ်မြို့ပျက်အထဲမှာပဲ”
ချင်မူ့အမူအရာမှာ ထူးဆန်းနေသည်။ သူက မြေပုံကို ကြည့်လိုက်၊ ချောက်နက်ဆီသို့ ကြည့်လိုက်ဖြင့် ခေါင်းမူးလာတော့သည်။
ဝေစွေ့ဖုန်း ပစ္စည်းဖွက်ထားသည်ဟု မြေပုံပေါ်တွင် မှတ်သားထားသော နေရာသည် ချောက်နက်ကြီး ဖြစ်နေ၏။
“ချောက်ထဲက ဝင်လို့ရရဲ့လား”
ချင်မူ မယုံသင်္ကာဖြစ်မိသည်။ ချောက်နက်က ကောင်းကင်နတ်မြစ်ကိုပင် ဝါးမြိုနိုင်သည့်အပြင် အတိုင်းထက်အလွန် ထူးဆန်းသည်။ ဝိညာဉ်များကိုလည်း စုပ်ယူနိုင်ပုံရသည့်အတွက် အနည်းငယ် ခြေချော်လက်ချော် ဖြစ်သွားလျှင် အသေဆိုးနှင့် သေရလိမ့်မည်။
နဂါးချီလင်က ကျောက်တုံးကြီးတစ်တုံး မ,၍ ချောက်ထဲ ပစ်ချကြည့်သည်။ ကျောက်တုံးသည် ပြုတ်ကျသွားရင်း ပျောက်ကွယ်သွား၏။ အတော်လေး ကြာသည့်နောက်တွင်ပင် မြေပြင်နှင့် ထိလိုက်သည့်အသံ ထွက်မလာသေးပေ။
“ခုန်ဝင်ရမှာလား”
ချင်မူ မျက်မှောင်ကြုတ်လျက် ကောင်းကင်နတ်ဆိုးဖန်ဆင်းကျင့်စဉ်ဖြင့် သူ၏ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များကို ချုပ်ထားလိုက်သည်။ ဤနည်းဖြင့် ချောက်နက်ကြီး သူ၏ဝိညာဉ်ကို ဆွဲထုတ်ရန် မဖြစ်နိုင်တော့ပေ။
သူ ချောက်ထဲ ခုန်ဝင်ရန် ပြင်နေစဉ် ကောင်းကင်မှ ဥက္ကာခဲမိုးများ ရွာကျလာသည်။ မရေတွက်နိုင်သော ကျောက်တုံးများသည် အပေါ်မှ တဘုန်းဘုန်း ကျလာကြ၏။ ပျက်စီးနေသော ဂြိုဟ်မှာလည်း ချောက်နက်အတွင်းရှိ ဆွဲငင်အားနှင့် ငြိမ်သွား၍ ဂြိုဟ်အစိတ်အပိုင်းများ တဝေါဝေါ ရွာကျလာလေသည်။
တောင်အရွယ်ရှိသော ဂြိုဟ်ပအပိုင်းအစများမှာ ကောင်းကင်တစ်လျှောက် ရောင်စုံအလင်းတန်းများ ဖြန့်ကျက်ရင်း ချောက်နက်ထဲသို့ အရှိန်ပြင်းပြင်း ကျသွားကြကာ တစ်ခဲပြီးတစ်ခဲ ပျောက်ကွယ်နေကြသည်။
ကောင်းကင်ထဲတွင် ဂြိုဟ်ကြီးမှာ ပျက်စီးနေသည့်တိုင် အတိုင်းထက်အလွန် ကြီးမားသေးလေသည်။ ဤအခိုက်အတန့်တွင် ဂြိုဟ်ကြီးလည်း ချောက်နက်၏ စုပ်ယူခြင်းခံလိုက်ရသည်။ ၎င်းလည်း ချောက်နက်ဆီသို့ ကျဆင်းလာချေပြီ။
ဂြိုဟ်ကြီးကျဆင်းလာသည်နှင့်အမျှ လေထုဖိအားနှင့် ပွတ်တိုက်မှုကြောင့် ဂြိုဟ်မျက်နှာပြင်မှာလည်း မီးတောက်လာသည်။ ၎င်းအပေါ်ရှိ မီးတောင်များ ပန်းထွက်လာပြီး မကြာခင် မျက်နှာပြင်တစ်ခုလုံး ချော်ရည်ပူမီးပင်လယ်တစ်စင်း ဖြစ်သွားတော့သည်။
ဂြိုဟ်ကြီးမှာ ဤအတိုင်းကျလာနေစဉ် ကြောက်မက်ဖွယ်ရာအားတစ်ရပ်၏ ဆောင့်ဆွဲမှုကြောင့် ခေါက်ဆွဲမျှင်များသဖွယ် ပါးသထက်ပါးကာ ရှည်သထက် ရှည်လာသည်။
ချင်မူတို့အုပ်စု ကြောက်လန့်တကြား ကြည့်နေစဉ် ဂြိုဟ်ကြီးသည် မီးတဝုန်းဝုန်းတောက်လောင်နေသော ခေါက်ဆွဲမျှင်ပမာ ချောက်နက်ထဲ၌ နစ်မြုပ်သွားတော့၏။
ချောက်ထဲတွင် မီးတောက်များက အတန်ကြာသည်အထိ တဟဲဟဲ တောက်လောင်နေပြီးနောက် တဖြည်းဖြည်း မှိန်ကျသွားသည်။
ချင်မူမှာ နဖူးပေါ်ရှိ ချွေးများကို သုတ်ရင်း အက်ကွဲနေသော အသံဖြင့် ပြောလေသည်။ “ဖက်တီးနဂါး ငါတို့ ကောင်းကင်နတ်မြစ်ရဲ့ မြစ်လက်တက်ကတစ်ဆင့် ဒီနေရာကနေ ထွက်သွားလို့ရတယ်”
သူ စကားပြော၍မပြီးခင် ချောက်ကြီး၏ အတွင်းပိုင်းထဲမှ မီးတောက်များ လင်းထိန်လာပြီး ပို၍တောက်ပလာ၏။
ချင်မူ မှင်သက်နေသည်။ အလင်းရောင်က လင်းသထက် လင်း၊ တောက်ပသထက် တောက်ပလာပြီး ရုတ်တရက် မြေကမ္ဘာကြေမွသွားသော အသံကျယ်ကြီးတစ်သံ ကြားလိုက်ရကာ အဆုံးသတ်မြို့ပျက်၏ ချောက်နက်ကား ပေါက်ကွဲသွားတော့သည်။
“အဆုံးသတ်မြို့ပျက်ရဲ့ မြေအောက်ရေစီးကြောင်း ပေါက်ကွဲသွားတာလား”
ချင်မူ ရင်ထဲ ထိတ်သွားပြီး အဆုံးသတ်မြို့ပျက်၏ ချောက်နက်အတွင်းမှ ရေစီးကြောင်းတစ်ကြောင်း ပန်းထုတ်လိုက်သည်။ ၎င်းက ကြောက်မက်ဖွယ်ရာအမြန်နှုန်းဖြင့် ပြန့်ကားလာပြီး ရေစီးအားလှိုင်းက အားကောင်းလွန်းသဖြင့် ကောင်းကင်ကို တိုက်ရိုက်ဖြိုခွင်းပစ်လိုက်၏။
စောစောက သူတို့သည် အဆုံးသတ်မြို့ပျက်အတွင်း၌ အလင်းရောင် မြင်ခဲ့ရ၏။ သို့သော် ချောက်နက်ဆီမှ ပန်းထွက်လာသော ရေလှိုင်းက မည်းနက်နေပြီး မည်သည့်အရောင်မှ မရှိပေ။
ဤအဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်မှာ ဂြိုဟ်တစ်လုံးစားပြီးနောက် လေချဉ်တက်လိုက်သည့် ဧရာမပါးစပ်ကြီးနှင့် တူလေသည်။
ကောင်းကင်ထဲတွင် မည်သည့်အရောင်မှမရှိ။ အစက အလွန်မှေးမှိန်နေခဲ့သော်လည်း ယခုတွင် ညပမာ မှောင်မည်းအုံ့ဆိုင်းလာသည်။ အဆုံးသတ်မြို့ပျက်ကို ဝိုင်းထားသည့် ပင်လယ်ရေသည်လည်း မည်းနက်လာပြီး ကောင်းကင်မှာ အဆုံးသတ်မြို့ပျက်ဆီမှ ရေလှိုင်း၏ ဖြိုခွင်းမှုကြောင့် ပြိုကွဲသွားပြီး ပြာမှုန့်များသဖွယ် လေထဲတွင် လွင့်မျောနေတော့သည်။
အနက်ရောင်အကွက်ပြင်များက ကောင်းကင် ပြာချခံလိုက်ရ၍ ကျန်ခဲ့သော အမှတ်အသားများသဖွယ် လွင့်မျောကျလာပြီးနောက် မြေပြင်ပေါ် ရောက်သည်နှင့် မီးခိုးငွေ့များလို ပြိုကွဲပျောက်ကွယ်သွား၏။
“ကောင်းကင်မှာ ပြာတွေ မရှိဘူး... ဒါတွေက စောစောက ဂြိုဟ်ကြီးရဲ့ ပြာတွေပဲ”
ချင်မူ ခေါင်းမော့၍ မည်းနက်နေသော ရေလှိုင်းကို ကြည့်ရင်း ဆဲမိလုနီးပါး ဖြစ်သွားသည်။ “ဒီသောက်နေရာက လူတွေ လာလို့ရတဲ့နေရာမှ မဟုတ်တာ... အဆုံးသတ်မြို့ပျက်ရဲ့ ချောက်နက်က ဂြိုဟ်တစ်လုံးကိုတောင် အေးအေးဆေးဆေး စားပစ်နိုင်လေ ဘယ်လိုလူသားက ဝင်နိုင်မှာလဲ... အစ်ကိုကြီး ခင်ဗျားကတော့ ပစ္စည်းဖွက်တဲ့နေရာမှာ တော်တော် တော်တာပဲ”
ဤအခိုက်အတန့်တွင် ပန်းထွက်နေသော မြေအောက်ရေစီးကြောင်းက နှေးသွားပြီး အဆုံးသတ်မြို့ပျက်၏ အလယ်မှ တောက်ပသော အလင်းရောင်သည် မြင့်သထက် မြင့်လာ၏။ ထိုအလင်းရောင်က ရေစီးကြောင်း ပန်းထွက်မလာခင် မြင်ခဲ့ရသော အလင်းရောင် ဖြစ်သည်။
ချင်မူမှာ တခဏ အံ့အားသင့်သွားသည်။ အမှောင်ထုသည် ကောင်းကင်ထဲ၌ တည်ရှိနေပြီး အလွန်နှေးကွေးစွာ စီးဆင်းနေသော အမှောင်ကောင်းကင်နတ်မြစ်ကို ဖွဲ့တည်ထားသယောင် ထင်ရ၏။
ထိုမြေအောက်ရေစီးကြောင်းအတွင်းမှ အလင်းရောင်က သူတို့ဆီ ချဉ်းကပ်လာသည်။
နောက်ဆုံးတော့ သူတို့အရှေ့၌ အလင်းရောင်ပေါ်လာသည်။
၎င်းက တုနှိုင်းမဲ့အောင် ကြီးမားလှသော ပန်းတစ်ပန်း ဖြစ်သည်။ ရိုးတံတစ်တံတည်း ရှိသော်လည်း ပန်းပွင့်နှစ်ပွင့် ပေါက်နေ၏။ အသွင်သဏ္ဍာန်က ကြာပွင့်များနှင့် တူသည်။ တစ်ပွင့်သည် အနီရောင်ဖြစ်ပြီး ကျန်တစ်ပွင့်က မည်းနက်နေလေသည်။ အနက်ရောင်ပန်းပွင့်က စီးဆင်းနေသော အမှောင်ထုထဲ၌ နစ်မြုပ်နေသည့်အလား ထင်ရသည်။
ချင်မူမှာ ရင်ထဲ လှုပ်ခတ်သွားပြီး တဟားဟား အော်ရယ်တော့သည်။ “ဒီလိုကိုး.... အစ်ကိုကြီးက တကယ့်ဉာဏ်ကြီးရှင်ပဲ.... အခု အဆုံးသတ်မြို့ပျက် ငြိမ်သက်သွားပြီဆိုတော့ ဆွဲအားတွေ မရှိတော့ဘူး... ပန်းဆီ သွားပြီး ပန်းကနေတစ်ဆင့် ချောက်နက် ဝင်လို့ရပြီ... သူ ချန်ခဲ့တဲ့ပစ္စည်းကို ယူနိုင်မယ်”
“ဂိုဏ်းသခင် အထဲ ဝင်ချင်တာ သေချာလား” နဂါးချီလင်မှာ ကြောက်လွန်း၍ ရင်တဒိန်းဒိန်း ခုန်နေလေသည်။
ချင်မူက အမှောင်ကောင်းကင်နတ်မြစ်ထဲသို့ ဝင်၍ ပန်းကြီးနှစ်ပွင့်ဆီ ပျံသန်းသွားပြီဖြစ်သည်။ ယန်အာက သူ့ပခုံးပေါ်၌ နားနေပြီး လှည့်အော်နေ၏။ “ဖက်တီးနဂါး မြန်မြန်”
ဖက်တီးနဂါးမှာ လိုက်မဝင်ချင်ပေ။ သို့သော် ပတ်ဝန်းကျင်မှာ အလွန်မှိုင်းညို့အုံ့ဆိုင်းနေပြီး ကျောစိမ့်ဖွယ် အသံများ လာနေကြောင်း ခံစားရသည်။ အသံများက အဆုံးသတ်မြို့ပျက်၏ အမှောင်ထု နေရာဟင်းလင်းပြင်နှင့် ပွတ်တိုက်နေသော အသံလော၊ မကောင်းဆိုးဝါးကြီးတစ်ကောင် ထွက်လာသည့် အသံလော သူ မသိပေ။ ထို့ကြောင့် သူ့မှာ အမှောင်ကောင်းကင်နတ်မြစ်ဆီသို့ ကပျာကယာ ပြေး၍ ချင်မူ့နောက်မှ လိုက်သွားတော့သည်။
“ဂိုဏ်းသခင်၊ ဒီပန်းနှစ်ပွင့် ချောက်နက် ပြန်ကျသွားရင် ဘယ်လိုလုပ်မလဲ... ကျွန်တော်တို့ အဲဒီမှာ သေတဲ့အထိ ပိတ်မိသွားမှာမဟုတ်ဘူးလား” သူက ကရောသောပါး မေးလေသည်။
ဤအခိုက်အတန့်တွင် ပန်းကြီးနှစ်ပွင့်သည် ညင်ညင်သာသာ တုန်ခါသွားပြီး အမှောင်ကောင်းကင်နတ်မြစ်မှာလည်း နောက်ပြန်စီးဆင်းစပြုလာ၏။
ချင်မူက နဂါးချီလင်ကို စိန်းစိန်းဝါးဝါး ကြည့်၍ ပန်းကြီးနှစ်ပွင့်ဆီသို့ ခပ်သွက်သွက် ပြေးတော့သည်။
“ဖက်တီးနဂါး၊ နင် အရင်ဘဝက ကျီးကန်းများ ဖြစ်ခဲ့သလား” ယန်အာက စပ်စုလေသည်။