← Chapters

တွေ့ရတာ ဝမ်းသာပါတယ် ဝေစွေ့ဖုန်း

Vol. 67 Ch. 877

တွေ့ရတာ ဝမ်းသာပါတယ် ဝေစွေ့ဖုန်း

Vol. 67 Ch. 877

“ကောင်းကင်နတ်ဧကရီရဲ့ ညီမ... သူ့အလောင်းက ဒီမှာ ဘာလာလုပ်နေတာလဲ”

ချင်မူမှာ မည်သည်ကိုမျှ မတွေးနိုင်တော့ဘဲ သူ့မျက်စိသူ မယုံနိုင်ဖြစ်နေသည်။

ကောင်းကင်နတ်ဧကရီ၏ အလောင်းက တစ္ဆေသင်္ဘောအပေါ်တွင် ဖုံးဝှက်ခံထားရဿည်။ ချင်မူ၏ တစ္ဆေသင်္ဘောအတွေ့အကြုံမှာ အလွန်ထူးခြားဆန်းပြားလွန်း၍ မေ့နိုင်မည့်အရာမဟုတ်ပေ။

တစ္ဆေသင်္ဘော၏ ပဟေဠိကို ဖြေရန် သူ့မှာ သင်္ဘော၏ အသေးစိတ်အချက်အလက်တိုင်း၊ သံသရာလည်သည့် အကြိမ်တိုင်းကို မှတ်သားခဲ့ရသောကြောင့် တစ္ဆေသင်္ဘောအဖြစ်အပျက်မှာ သူ့ဦးနှောက်ထဲတွင် စွဲနေ‌သေး၏။

တစ္ဆေသင်္ဘောအပေါ်တွင် ကောင်းကင်နတ်ဧကရီနှင့် ကျွယ်ဝူချိန်၏အလောင်းနှစ်လောင်းက အခေါင်းတစ်ခုတည်းတွင် အတူတူ ရှိခဲ့သည်။ ချင်မူ ကျွယ်ဝူချိန်၏ဝိညာဉ်ကို ဆင့်ခေါ်သည့်အခါ ကျွယ်ဝူချိန်တွင် ဝိညာဉ်မရှိကြောင်း တွေ့ခဲ့ရသည်။ သူမသည် ကောင်းကင်နတ်ဧကရာဇ်ကို ဖယ်ရှားရန် ကောင်းကင်နတ်အရှင်လင် ဖန်ဆင်းပညာဖြင့် ဖန်တီးခဲ့သော ပြီးပြည့်စုံသည့် အမျိုးသမီးတစ်ယောက်၊ လူလုပ်ခန္ဓာကိုယ်တစ်ခုသာ ဖြစ်၏။

ထို့နောက် ချင်မူ ကောင်းကင်နတ်ဧကရီ၏ဝိညာဉ်ကို ဆင့်ခေါ်ကြည့်ပြီး ကောင်းကင်နတ်ဧကရီ မသေသေးဘဲ ဤကမ္ဘာပေါ်တွင် တည်ရှိနေသေးသည့်အကြောင်း အံ့အားသင့်ဖွယ်ရာ တွေ့ရှိခဲ့ရသည်။

သူက ကောင်းကင်နတ်ဧကရီနှင့် သူ့ညီမ အတူတူ ပူးပေါင်း၍ ကောင်းကင်နတ်ဧကရာဇ်ကို လုပ်ကြံခဲ့သော ဖြစ်စဉ်ကိုလည်း တွေးကြည့်ခဲ့ဖူးသည်။

ညီမအစ်မနှစ်ယောက်သည် ပူးပေါင်းခဲ့လိမ့်မည်။ အငယ်က ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို စောင့်ကြည့်ရန် ကောင်းကင်နတ်ဘုံ၌ ကျန်ရှိခဲ့သည့်အချိန် အကြီးသည် အမျိုးများနှင့် တွေ့ဆုံရန် မွေးရပ်မြေသို့ ပြန်သွားခဲ့မည်။ ထိုနေရာတွင် ရှိနေစဉ် သူမက အနီးနားရှိ နဂါးအရှင်စီရင်စုကို အသုံးချကာ နဂါးအရှင်ဘုရင်ကို ပုန်ကန်စေပြီး သူမအား ဒဏ်ရာရစေကာ အဆုံးသတ်မြို့ပျက်တွင် ဖမ်းဆီးထားအောင် လုပ်ခဲ့သည်။

ထိုအခါ ကောင်းကင်နတ်ဧကရာဇ်က ပုန်ကန်မှုကို နှိမ်နင်းရန် ယွီလင်နန်းစောင့်တပ်ဖွဲ့ကို လွှတ်ခဲ့သည်။ ဝေစွေ့ဖုန်း ကောင်းကင်နတ်ဧကရီကို ကယ်တင်ပြီး‌နောက် ကောင်းကင်နတ်ဘုံသို့ မပြန်ခင်နေ့တွင် ကောင်းကင်နတ်ဧကရီ လုပ်ကြံခံရသည်။ အဆုံးသတ်မြို့ပျက်မှ မြေအောက်ရေစီးကြောင်း ပန်းထွက်လာပြီး ထိုည၌ ကောင်းကင်နတ်ဧကရီနှစ်ယောက် ပေါ်လာခဲ့ကာ ကောင်းကင်နတ်ဧကရီအစစ် သေဆုံးခဲ့သည်။

ဝေစွေ့ဖုန်းက ကောင်းကင်နတ်ဧကရီ၏ အလောင်းကို သယ်၍ ကောင်းကင်နတ်ဘုံသို့ ပြန်ရန် ပြုစဉ် ကောင်းကင်နတ်မြစ်အပေါ်၌ ကောင်းကင်နတ်သိုင်း ထုတ်ဖော်နေသော ကောင်းကင်နတ်အရှင်လင်နှင့် ပက်ပင်းတိုးသည်။ ဝေစွေ့ဖုန်းသည် မြူခိုးများအား ချက်ချင်း အသုံးချပြီး နဂါးဟန်ခေတ်မှ ထွက်ခွာကာ သူ့ခေတ်ဆီသို့ ပြန်လာခဲ့၏။ ထိုအချိန်တွင် ယွီလင်နန်းစောင့်တပ်ဖွဲ့မှာ ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းမှတစ်ဆင့် အချိန်နှင့်နေရာကို သုံးဆယ့်ခြောက်ကြိမ် ဖြတ်သွားရင်း သံသရာလည်နေသော တစ္ဆေသင်္ဘော ဖြစ်လာတော့သည်။

သို့သော် ကောင်းကင်နတ်ဧကရီက မသေဘဲ ကျွယ်ဝူချိန် ဖြစ်လာခဲ့သည်။

ကောင်းကင်နတ်ဘုံကလည်း ကောင်းကင်နတ်ဧကရီ မသေဆုံးခဲ့သည့်အကြောင်း ကြေညာခဲ့သည်။ ကောင်းကင်နတ်ဘုံရှိ ကောင်းကင်နတ်ဧကရီမှာ ကောင်းကင်နတ်ဧကရီ၏ အမြွှာညီမ ဖြစ်လိမ့်မည်ဟု ချင်မူ တွေးခဲ့မိ၏။

အထက်ပါအတွေးအရ ကောင်းကင်နတ်ဧကရီနှင့် သူ့ညီမနှစ်ယောက်လုံး ကောင်းကင်နတ်ဧကရာဇ်ကို သတ်မည့်အစီအစဉ်တွင် ပါဝင်ခဲ့သည်။

သို့တိုင်အောင် သူ့အရှေ့တွင် ကောင်းကင်နတ်ဧကရီ၏ ညီမကား အခေါင်းထဲ၌ လဲနေချေပြီ။

ထိုစဉ်တုန်းက ကောင်းကင်နတ်ဧကရီ၏ ညီမက ကောင်းကင်နတ်ဘုံတွင် နေမကျန်ခဲ့ဘဲ အဆုံးသတ်မြို့ပျက်သို့ လိုက်လာခဲ့ပြီး နဂါးအရှင်စီရင်စု ပုန်ကန်အောင် လှုံ့ဆော်ခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ သူမက အစ်မဖြစ်သူကို လုပ်ကြံရန် ကြိုးစားခဲ့သော်လည်း အစ်မဖြစ်သူ၏ သတ်ဖြတ်ခြင်း ခံလိုက်ရခြင်းလား။

သို့ဆိုလျှင် အကြီးက အငယ်၏အလောင်းကို အဆုံးသတ်မြို့ပျက်ထဲ၌ ဝှက်ထားလိမ့်မည်။ သူမကိုယ်တိုင်လည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသယောင် ဟန်ဆောင်ခဲ့မည်။ ပြီးလျှင် ဝေစွေ့ဖုန်းကို သူမအလောင်းအား ကောင်းကင်နတ်ဘုံဆီ သယ်ဆောင်သွားစေပြီး တစ္ဆေသင်္ဘောကို အသုံးချ၍ ကျွယ်ဝူချိန်အဖြစ် လွတ်မြောက်သွားမည်။

ဝေစွေ့ဖုန်းက တစ်ခုခု မူမမှန်သည့်အပြင် အမှန်တကယ် သေဆုံးသွားသူမှာ ကောင်းကင်နတ်ဧကရီ၏ညီမ ဖြစ်လိမ့်မည်ဟု သဘောပေါက်ခဲ့မည်။ ထို့ကြောင့် အမှန်တရားကို ရှာတွေ့စေရန် ချင်မူ့အတွက် မြေပုံတစ်ပုံ ချန်ထားခဲ့လိမ့်မည်။

‘ဒါပေမဲ့ ဒီအမြင်မှာ ဟာကွက်တစ်ကွက် ရှိနေတယ်.... ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်ဧကရီ မသေဆုံးခဲ့တဲ့အကြောင်း ဘာလို့ ကြေညာခဲ့တာလဲ”

ချင်မူ အတွေးထဲ နစ်မျောသွားသည်။ ‘ကောင်းကင်နတ်ဘုံမှာ ရှိနေတဲ့ ကောင်းကင်နတ်ဧကရီက သေချာပေါက် ညီအစ်မနှစ်ယောက်ထဲက တစ်ယောက်ပဲ ဖြစ်မယ်... ဘယ်တစ်ယောက် ဖြစ်လောက်မလဲ... ဖြစ်နိုင်တာ နောက်တစ်ခုက ညီအစ်မနှစ်ယောက် ပူးပေါင်းကြံစည်တာပဲ... အငယ်မက အကြီးမကို လုပ်ကြံပြီး အားလုံး စောင့်ကြည့်နေတဲ့အချိန် သတ်ပစ်လိုက်မယ်... အဲဒါနဲ့ အကြီးမက သေချင်ယောင်ဆောင်ပြီး ကျွယ်ဝူချိန်အဖြစ် သွားနေမယ်... အငယ်မကတော့ ကောင်းကင်နတ်ဘုံဆီ ပြန်ပြီး တရားဝင်ကောင်းကင်နတ်ဧကရီ ဖြစ်လာမယ်’

‘ကောင်းကင်နတ်ဧကရာဇ် သေဆုံးသွားပြီးတဲ့နောက်ကျ ကောင်းကင်နတ်ဧကရီက အငယ်မကို ဖယ်ရှားပစ်ပြီး အမှန်တရားမပေါ်သွားအောင် ဒီမှာ လာမြှုပ်ထားလိမ့်မယ်... အဲဒီအချိန်မှာ ဝေစွေ့ဖုန်းက ဒီကို ရောက်လာပြီး ကောင်းကင်နတ်ဧကရီရဲ့ ညီမအလောင်းကို ရှာတွေ့သွားမယ်...’

‘ရှေ့နောက်မညီတဲ့ နေရာတွေ ရှိနေသေးတုန်းပဲ... ညီအစ်မနှစ်ယောက်ရဲ့အလောင်း... တစ်ယောက်က တစ္ဆေသင်္ဘောပေါ်မှာ၊ တစ်ယောက်က အဆုံးသတ်မြို့ပျက်မှာ... ဒါဆို အခု သူတို့က ဘယ်သူတွေ ဖြစ်နေမလဲ... ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်ဧကရီရော ရှိသေးရဲ့လား... ဒါမှမဟုတ် ကောင်းကင်နတ်ဧကရီက သူ့ညီမကို မသတ်ဘဲ ညီအစ်မနှစ်ယောက်လုံး ခန္ဓာကိုယ်တစ်ကိုယ်တည်းမှာ အတူတူနေရင်း ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်နေကြတာလား’

....

ချင်မူမှာ ဦးနှောက်ပေါက်ကွဲတော့မလို ခံစားနေရသဖြင့် ထအော်လိုက်သည်။ “ဖက်တီး အဲဒီပေါ်က ဆင်းပြီး အခေါင်းကို ဖွင့်”

နဂါးချီလင် တစ်ကိုယ်လုံး တုန်ရီနေသည်။ သလင်းကျောက်အခေါင်းအပေါ်တွင် လဲနေရာမှ မလှုပ်ရဲပေ။ ချင်မူက သူနှင့် အခေါင်းကို ပင့်မြှောက်၍ ဘေးသို့ ပစ်ချလိုက်ပြီးနောက် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။

ချင်မူ့အနောက်၌ ကောင်းကင်အလိုတော်မုခ်ဝ ဖွဲ့တည်လာသော်လည်း ထူးဆန်းသည်မှာ ကောင်းကင်အလိုတော်မုခ်ဝသည် အတိုင်းထက်အလွန် မှေးမှိန်နေ၏။ ၎င်းမှာ ပေါက်လိုက်ပျောက်လိုက်ဖြင့် ရုပ်လုံးပေါ်မလာနိုင်ပေ။

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ အဆုံးသတ်မြို့ပျက်သည် ထူးဆန်းလွန်း၏။ ၎င်းက ယိုတု၏ကောင်းကင်နတ်သိုင်းကို ချေဖျက်နေရာ ဝိညာဉ်လမ်းညွှန်ဖြင့် ကောင်းကင်နတ်ဧကရီ၏ညီမ အသက်ရှင်နေသေးသည်လား ၊ သေသွားပြီလား စစ်ဆေးမရ ဖြစ်နေသည်။

‘ဝေစွေ့ဖုန်းက ကောင်းကင်နတ်ဧကရီရဲ့ ညီမအလောင်းကို အဖိုးထိုက်ရတနာအဖြစ် ဒီမှာ ထားခဲ့တယ်... မဟုတ်မှ ငါ့ကို ဒီအလောင်းကို အပြင်ထုတ်သွားစေချင်တာလား’

ချင်မူ မျက်မှောင်ပိုကြုတ်လာပြီး အခေါင်းထဲရှိ ကောင်းကင်နတ်ဧကရီ၏ ညီမကို ကြည့်ရင်း လှည့်ပတ်လျှောက်နေသည်။

‘ဒါကို ငါနဲ့ တကယ် ယူသွားရမှာလား’

ရုတ်တရက် ဝေါခနဲ ရေစီးသံက အပြင်မှ ထွက်လာသည်။ ချင်မူ အံ့အားသင့်သွား၏။ သူက အနီရောင်နန်းတော်အပြင်သို့ ခပ်သွက်သွက် ထွက်၍ လှမ်းကြည့်လိုက်သည်။ ရေသံသည် ကောင်းကင်ဆီမှ လာခြင်းဖြစ်သော်လည်း ပန်းအတွင်းရှိ ကမ္ဘာဆီ ရောက်မလာပေ။

‘ကောင်းကင်နတ်မြစ်က ဖြတ်တောက်ခံထားရတာမလား.... ရေသံက ဘယ်ကနေ ထွက်လာတာလဲ’

ချင်မူမှာ ဇဝေဇဝါ ဖြစ်နေသည်။ ‘မဟုတ်မှ....’

ဤအခိုက်အတန့်တွင် သိပ်သည်းသော မြူခိုးများ ကောင်းကင်တစ်လျှောက် ရွေ့လျားလာပြီး အဟနေရာများမှတစ်ဆင့် ပန်းကမ္ဘာထဲသို့ ရောက်လာကာ တဖြည်းဖြည်း ကမ္ဘာတစ်ခုလုံး ပြည့်နှက်လာသည်။

ယန်အာသည် ဝတ်ဆံမြွေမနှင့် အပြင်းအထန် တိုက်ခိုက်နေဆဲဖြစ်ပြီး မြူခိုးများထဲ၌ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေ၏။

တခဏကြာသော် မြူများ လွင့်စင်ပြိုကွဲသွားကာ ရေသံလည်း တိတ်ဆိတ်သွားသည်။ အလွန်ကျယ်လောင်သော အသံကြီးတစ်သံ ကြားလိုက်ရပြီး ပန်းအတွင်းကမ္ဘာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွား၏။ ထို့နောက် ပန်းနှစ်ပွင်းစလုံး အပေါ်သို့ ဖြည်းဖြည်းချင်း မြင့်တက်သွားသည်ကို ချင်မူ ခံစားလိုက်ရသည်။

‘ဒီပန်းတွေ အဆုံးသတ်မြို့ပျက်အပေါ် တက်သွားတော့မှာပဲ’

ချင်မူ ရင်ထဲ လှုပ်ခါသွားပြီး အနီရောင်နန်းတော်ထဲ အလျင်အမြန် ဝင်၍ နဂါးချီလင်ကို မကာ အခေါင်းအပေါ်မှ ဆွဲချလိုက်သည်။

“ဖက်တီးနဂါး၊ တုန်မနေနဲ့တော့.... ငါ မင်းကို အစာပိုကျွေးမယ်... မမကြီးယန်အာကို မြန်မြန်သွားခေါ်... ပန်းပွင့်တွေ အပေါ် မြောက်တက်နေတဲ့အချိန် ဒီကနေ ထွက်သွားကြရအောင်”

နဂါးချီလင်မှာ တမုဟုတ်ချင်း စိတ်အားတက်ကြွသွားပြီး အနီရောင်နန်းတော်အပြင် ပြေးထွက်သွားကာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။ “ဂိုဏ်းသခင် ပန်းတွေက ပွင့်သွားပြီ... မမကြီးယန်အာနဲ့ အဲဒီရှေးဟောင်းနတ်ဘုရားက အနက်ရောင်ကမ္ဘာအထိ တိုက်ခိုက်ရင်း ဝင်သွားတယ်... အဲဒီနေရာက မှောင်လွန်းလို့ ကျွန်တော် မဝင်ရဲဘူး”

“နှစ်နပ် ထပ်ကျွေးမယ်”

နဂါးချီလင်က ယန်အာကို ရှာရန် အနက်ရောင်ကမ္ဘာဆီ ပြေးဝင်သွားတော့သည်။ ထိုအချိန်တွင် ချင်မူသည် သလင်းကျောက်အခေါင်းကို မ၍ ရယ်လိုက်၏။ “ကောင်းကင်နတ်ဧကရီနဲ့ သူ့ညီမ ဘယ်လိုလှည့်ကွက်တွေ ကစားနေလဲ ငါ မသိပေမယ့် ဒီအခေါင်းကို အပြင်ထုတ်လိုက်တာနဲ့ သူ သေလား၊ ရှင်လား သိရမှာပါ...”

ချင်မူ အနီရောင်နန်းတော်၏အပြင် ထွက်လိုက်သည့်အချိန်မှာပဲ သက်လက်ပိုင်းလူတစ်ယောက်က သူ့ဆီသို့ လျှောက်လာနေသည်။ ထိုလူက ဖျင်ကြမ်းထည်များ ဝတ်ဆင်ထားပြီး ခရီးပန်းနေသောအမူအရာ ရှိသည်။ သူ့တွင် တုတ်တုတ်ခိုင်ခိုင် ခြေလက်များ၊ ထူသော မျက်ခုံး၊ ကြီးမားသော မျက်လုံးများ ရှိပြီး ခါးတွင် ဖြစ်သလို ယှက်လုပ်ထားသော ခါးပတ်တစ်ခု ဝတ်ထားသည်။ သူ့အရှေ့တွင် သူရွေ့လျားသည့်အတိုင်း လိုက်လံရွေ့လျားနေသော ဆိတ်သားရေတစ်ခု ပျံဝဲနေ၏။

ဆိတ်သားရေအပေါ်တွင် ပန်းအတွင်းရှိ ကမ္ဘာ၏ အနေအထားကို အလိုအလျောက် ရေးဆွဲနေသော စုတ်တံတစ်လက် ရှိသည်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်မိသည်နှင့် မှင်သက်သွားကြ၏။

“တည်ထောင်သူ ဂိုဏ်းသခင်.... ဆရာတူအစ်ကိုကြီး”

ချင်မူ့ပခုံးအပေါ်ရှိ အခေါင်းက မြေပြင်ပေါ် ပြုတ်ကျသွားသည်။ သူက သက်လတ်ပိုင်းလူကို ငေးငေးကြောင်ကြောင် ကြည့်၍ ရေရွတ်နေလေသည်။ “ဝေ... ဝေစွေ့ဖုန်း”

“မင်းက ဘယ်သူလဲ”

သက်လတ်ပိုင်းလူမှာလည်း အံ့အားသင့်နေပြီး မြေပြင်ပေါ်ရှိ အခေါင်းအပေါ် အကြည့်ရောက်သွားသည်။ အခေါင်းမှာ ပွင့်သွား၍ အမျိုးသမီးအလောင်းတစ်လောင်း လိမ့်ထွက်လာကာ မျက်နှာက မြေကြီးတွင် အပ်လျက် လဲသွားသည်။ သူမ၏နောက်စေ့တွင် မက်မွန်သားဆံထိုးတစ်လက် စိုက်နေသော အပေါက်တစ်ပေါက် မြင်သာလာ၏။

သက်လတ်ပိုင်းလူက ထိတ်လန့်သွားဟန်ဖြင့် ဆိတ်သားရေ၊ စာလိပ်၊ စုတ်တံနှင့် မင်တို့ကို ကပျာကယာ သိမ်းသည်။ “မင်းက ဘယ်သူလဲ... ငါ့ကို ဘယ်လိုလုပ် သိတာလဲ... ဒီအမျိုးသမီးအလောင်းနဲ့ ဘာလုပ်မလို့လဲ”

ချင်မူမှာ မတွေးတတ်တော့ပေ။ စောစောက မြူခိုးများ၊ သူ့အစ်ကိုကြီး ဝေစွေ့ဖုန်း၏ ရုတ်တရက် ပေါ်ထွက်လာမှု၊ ကောင်းကင်နတ်ဧကရီ၏ညီမအလောင်း နောက်စေ့ရှိ မက်မွန်သားဆံထိုး... မထင်မှတ်ထားသော အဖြစ်အပျက်များကြောင့် သူ့အတွေးများကို တခဏလေးအတွင်း အစီအစဉ်ချရန် မဖြစ်နိုင်ပေ။

သက်လတ်ပိုင်းလူသည် အမှန်ပင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တည်ထောင်သူဂိုဏ်းသခင် ဝေစွေ့ဖုန်း ဖြစ်၏။ တန်ခိုးရှင်သက်ဆင်းတောင်ပေါ်ရှိ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဌာနချုပ်တွင် သူ၏ပုံတူပန်းချီကို ချိတ်ဆွဲထားပြီး ဂိုဏ်းသခင်တိုင်း ကျောက်တုံးပေါ်ရှိ အထွတ်အမြတ်ဆရာသခင်ဆီမှ သင်ကြားပြသမှုများကို လက်ခံရသည်။ ထိုသင်ကြားပြသမှုများက တန်ခိုးရှင်သစ်ခုတ်သမား၏ သင်ကြားပြသမှုများအား နားထောင်နေသော ဝေစွေ့ဖုန်းကို ပြသတတ်လေသည်။

သူ့ကို မည်သည့်နည်းနှင့်မျှ မမှားနိုင်ပေ။

‘စောစောက ရေသံက ကောင်းကင်နတ်မြစ် ပြန်ပေါ်လာတဲ့ အသံပဲ.... အဲဒီနောက် မြူခိုးတွေ ထွက်ပေါ်လာတော့ ဒီနေရာက လွန်ခဲ့တဲ့နှစ်နှစ်သောင်းကို ပြန်ရောက်သွားတာ ဖြစ်မယ်’

ချင်မူ့အတွေးများ ယောက်ယက်မခတ်တော့ပေ။ ဖြစ်ပျက်နေသောအရာကို သူ ချက်ချင်း တွေးလိုက်နိုင်သွားသည်။

ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းက သူ့ကို လွန်ခဲ့သော နှစ်နှစ်သောင်းကို ပြန်ခေါ်သွားသည်။ ဤအချိန်တွင် ဝေစွေ့ဖုန်းသည် ထာဝရရှင်သန်ခြင်းသုံးမျိုး ဖြည့်ဆည်း၍ သူတော်စင်တန်ခိုးရှင်ဖြစ်လာရန် အတိတ်၏လျှို့ဝှက်ချက်များကို လိုက်ရှာခဲ့ရင်း အဆုံးသတ်မြို့ပျက်သို့ ရောက်လာခဲ့လိမ့်မည်။

ကောင်းကင်နတ်ဧကရီ၏‌ညီမ ခေါင်းနောက်စေ့တွင် မက်မွန်သားဆံထိုး ရှိနေခြင်းမှာ သူမကို လုပ်ကြံခဲ့သူက ကောင်းကင်နတ်ဧကရီမဟုတ်ဘဲ ကောင်းကင်နတ်အရှင်လင် ဖြစ်နေသောကြောင့်ပင်။

ကောင်းကင်နတ်အရှင်လင်က ကောင်းကင်နတ်ဧကရီ၏ ညီမအလောင်းကို ဤနေရာတွင် လာဝှက်ထားခြင်း ဖြစ်သည်။

“မင်း ဘာလို့ ဘာမှမပြောတာလဲ”

သက်လတ်ပိုင်းလူက ကျောတွင် လက်နက်အမျိုးမျိုး သယ်ထား၏။ သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ လက်နက်အားလုံး မြေပြင်ပေါ် ပြုတ်ကျသွားပြီး လျင်မြန်စွာ ချိတ်ဆက်သွားသည်။ သူက ချင်မူ့ကို သတိအနေအထားဖြင့် ကြည့်နေသည်။ “မင်း ဘယ်လိုလုပ် ငါ့ကို သိတာလဲ... မင်းက ပြင်ပကောင်းကင်နတ်ဘုံကနေ ဒီမှာ အစောင့်ချထားတဲ့ လူလား... သင်္ချိုင်းသူခိုးလား”

သူ့လက်နက်များက အလွန်ထူးဆန်းသည်။ မတူညီသော အစိတ်အပိုင်းများကို အတူဆက်၍ လက်နက်ပုံစံအမျိုးမျိုးအား စိတ်တိုင်းကျ ဖွဲ့တည်နိုင်လေသည်။

ချင်မူ အရေးကြီးသည့်အချက်ကို သဘောပေါက်သွား၍ ပြုံးလိုက်သည်။ “အစ်ကိုကြီး၊ ကျွန်တော်က အစ်ကိုကြီးရဲ့ ဒုတိယညီပါ.. ကျွန်တော်တို့နှစ်ယောက်လုံးက ဆရာသစ်ခုတ်သမားရဲ့ တည့်တွေပဲ...”

သက်လတ်ပိုင်းလူက ကျောနောက်သို့ လက်လှမ်းလိုက်သည့်အခါ စောစောက ချိတ်ဆက်သွားသည့် နတ်လက်နက်က သူ့လက်ထဲ ရောက်လာသည်။ သူက အေးစက်စက် ရယ်လိုက်၏။ “မင်းက ငါ့ညီဟုတ်လား.. အထွတ်အမြတ်ဆရာသခင်က ဘယ်တော့မှ တခြားတပည့် လက်မခံဘူး.. မင်းက ဘယ်သူလဲ”

သူ့လက်ထဲရှိ လက်နက်သည် ဝါးခမောက်အသွင် ရှိသော်လည်း အသွင်သဏ္ဍာန်များစွာအနက်မှ တစ်ခုသာ ဖြစ်လိမ့်မည်။

“ကျွန်တော်က နှစ်နှစ်သောင်းအလွန်က ဆရာတူညီလေးပါ”

ချင်မူ ကပျာကယာ ရှင်းပြလိုက်သည်။ “အခုကနေစပြီး နောက်နှစ်နှစ်သောင်းကြာတော့ ဆရာသစ်ခုတ်သမားက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံခဲ့တာပါ... ကျွန်တော်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လည်း ဟုတ်တယ်... ကျွန်တော်တို့ကြားမှာ နှစ်နှစ်သောင်းကွာတယ် အစ်ကိုကြီး... စောစောက မြူခိုးတွေနဲ့ ဆွေ့ခဲ့တယ်မလား... အဲဒီမြူခိုးတွေကြောင့် ကျွန်တော် နှစ်နှစ်သောင်းနောက်ပြန်ရောက်လာတာ... ကျွန်တော်က အစ်ကိုကြီး ထားခဲ့တဲ့ မြေပုံအတိုင်း လိုက်လာခဲ့လို့ ဒီနေရာ၊ ဒီအခေါင်းနဲ့ အခေါင်းထဲက အမျိုးသမီးကို တွေ့ခဲ့တာပါ... ဒါ‌တွေအားလုံးက အစ်ကိုကြီး ကျွန်တော့်အတွက် ထားခဲ့တဲ့ ကျွန်တော်ဖော်ထုတ်ရမယ့် သမိုင်းအမှန်တွေပဲ... ဒီအမျိုးသမီးက ပြင်ပကောင်းကင်နတ်ဘုံက ကောင်းကင်နတ်ဧကရီရဲ့ ညီမ....”

သူ့မှာ ပြောရင်း ဆက်မပြောနိုင်တော့ပေ။

သူသာ ဝေစွေ့ဖုန်း၏ နေရာတွင် ဆိုလျှင် ဤစကားလုံးများအား မည်သို့ယုံနိုင်မည်နည်း။

ထူးဆန်းလွန်းသည်မဟုတ်ပါလော။

ချင်မူ သက်ပြင်းချမိ၏။ “ဒါတွေအားလုံး... အစ်ကိုကြီး မယုံဘူးမလား”

“ယုံမယ်ထင်နေတာလား”

သက်လတ်ပိုင်းလူ၏ သရော်နေသောအမူအရာက ပိုမိုပေါ်လွင်လာသည်။ “အခေါင်းနဲ့ အမျိုးသမီးအလောင်းကို ထားခဲ့... ငါ မင်းကို ထွက်သွားခွင့်ပေးမယ်”

ချင်မူ သက်ပြင်းချလိုက်ပြန်သည်။ “ဆရာက ပြောတယ်.... အစ်ကိုကြီးက သိပ်ခေါင်းမာတယ်တဲ့.... တစ်ခုခုနဲ့ပတ်သက်ပြီး စိတ်ပိုင်းဖြတ်ပြီးသွားရင် ခေါင်းကိုးလုံးနွားတစ်ကောင်တောင် အစ်ကိုကြီးကို ဆွဲမထားနိုင်ဘူး ၊ ဘယ်သူမှ အစ်ကိုကြီး စိတ်ပြောင်းအောင် မလုပ်နိုင်ဘူးတဲ့လေ... ကြည့်ရတာ တိုက်ခိုက်ပြီး ကျွန်တော် အစ်ကိုကြီး အနိုင်ယူလိုက်မှ ကျွန်တော်က အစ်ကိုကြီးရဲ့ တပည့်ဆိုတာ လက်ခံမယ်ထင်တယ်.... ကျွန်တော်တို့ ဆရာတူညီအစ်ကိုသုံးယောက်က တစ်‌ယောက်နဲ့တစ်ယောက် တစ်ခါမှ မတိုက်ခိုက်ဖူးသေးဘူး”

သက်လတ်ပိုင်းလူသည် ရိုးရှင်းသောအသွင်အပြင် ရှိပြီး သူ့စကားကို ကြားလျှင် တဟားဟား ရယ်တော့သည်။ “ငါ့မှာ တတိယညီ ရှိသေးတယ်လား... ဒီနေ့ ဒီမိစ္ဆာမြေကို ရောက်လာတာနဲ့ ရုတ်တရက် ညီနှစ်ယောက် ရသွားပြီ.... တကယ် ထူးဆန်းတာပဲ”

ချင်မူက အလေးအနက် ပြန်ဖြေသည်။ “နောင်ကျ ကျွန်တော်တို့ကို တွေ့ပါလိမ့်မယ်.... ဒါပေမဲ့ ဒီနေ့ကတော့....”

သူ စကားမဆုံးခင် ဝေစွေ့ဖုန်းက ဝါးခမောက်ကို ပစ်တင်လိုက်သည်။ ခမောက်သည် လည်သွားပြီး လေထဲ၌ ပျံဝဲနေကာ ပျောက်ကွယ်သွား၏။ ချင်မူ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်တွင် ကြယ်တာရာများ ပြည့်နှက်နေလေသည်။

ကြယ်အလင်းတန်းများက တစ်တန်းနှင့်တစ်တန်း ကန့်လန့်ဖြတ်လျက်‌ အောက်သို့ပစ်ချကြသည်။

“ကြယ်သဲမှုန်လား... မဟုတ်ဘူး... မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရဲ့ ကောင်းကင်နတ်သိုင်းတွေပဲ”

သူ တွေးနေစဉ် ကြယ်များဖြင့် လွှမ်းခြုံခံလိုက်ရသည်။

ဝေစွေ့ဖုန်းက လက်ဆန့်ထုတ်လိုက်၍ ဝါးခမောက်သည် သူ့လက်ထဲသို့ ပြန်ရောက်လာ၏။ သူက မှင်သေ‌သေ ပြောသည်။ “ငါ့ကို တိုက်ခိုက်မယ်ဟုတ်လား... မင်းကို အနိုင်ယူဖို့က ငါ့အတွက် အလွယ်လေးပဲ..”

ဘုန်း

သူ့လက်ထဲရှိ ဝါးခမောက်သည် ရုတ်တရက် ပေါက်ကွဲသွားပြီး လေထဲတွင် နတ်လက်နက်များ ပြန့်ကြဲသွား၏။ ချင်မူက ဝါးခမောက်ကို တိုက်ခိုက်ပြီးနောက် လေပေါ် ခုန်တက်ကာ ရယ်နေသည်။ “အစ်ကိုကြီး၊ ဆရာ့သိုင်းကွက်တွေနဲ့ ကျွန်တော့်ကို အနိုင်ယူဖို့က မဖြစ်နိုင်ဘူး....”

ဝေစွေ့ဖုန်း၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ နတ်လက်နက်များက အတူတူပြန်စုသွားကာ ဒယ်အိုးအသွင်သဏ္ဍာန်ဖြင့် ချင်မူအပေါ် မတက်နိုင်ခင် ချင်မူ့အား အုပ်ချလိုက်သည်။

“ကောင်းကင်နတ်မြစ်ကို မြှုပ်နှံသော ကောင်းကင်ဘုံသိုင်းကွက်”

ကြယ်တာရာများက သူ့ကို လှည့်ပတ်နေပြီး ရုတ်တရက် ကြီးမားကျယ်ဝန်းသော ကြယ်မြစ်ကြီးသည် ဒယ်အိုးဆီ ပြေးဝင်သွားတော့၏။

All Chapters