← Chapters

အခေါင်းထဲက အမျိုးသမီး

Vol. 67 Ch. 876

အခေါင်းထဲက အမျိုးသမီး

Vol. 67 Ch. 876

မည်းမှောင်နေသော ကောင်းကင်နတ်မြစ်သည် နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားပြီးနောက် အောက်စိုက်ဆင်းချသွားသည်။ အမြန်နှုန်းသည် မြန်သထက် မြန်လာ၏။ ပန်းကြီးနှစ်ပွင့်မှာလည်း တဖြည်းဖြည်း အောက်သို့ နိမ့်ဆင်းသွားသဖြင့် အသူရာချောက်နက်ကြီးဆီမှ ကြောက်မက်ဖွယ်ရာ ဆွဲငင်အားကလည်း အားကောင်းသည်ထက် အားကောင်းလာတော့သည်။

အမှောင်ကောင်းကင်နတ်မြစ်နှင့် ဆွဲအားဆီမှ လေးလံသော ဖိအားသည် ချင်မူနှင့် နဂါးချီလင်၏ခန္ဓာကိုယ်များအား လေးလံသထက် လေးလံလာစေ၏။ သူတို့မှာ ဟန်ချက်မထိန်းနိုင်တော့ဘဲ ချောက်နက်ထဲသို့ ယက်ကန်ယက်ကန် ပြုတ်ကျသွားသည်။

“ကောင်းကင်ဘုံကို လှမ်းဟပ်မည့် နဂါးစာကလေးသိုင်းကွက်”

ချင်မူ၏ပခုံးအပေါ်ရှိ အစိမ်းရောင်စာကလေးက ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်ပြီး သူမအနောက်၌ နဂါးစာကလေးအသွင် မူလဝိညာဉ် ဖွဲ့တည်လာသည်။ နဂါးစာကလေးသည် မီးငှက်တစ်ပိုင်း၊ နဂါးစိမ်းတစ်ပိုင်း ဖြစ်၏။ မီးငှက်တစ်ကောင်၏ ခန္ဓာကိုယ်နှင့် အမွှေးအတောင်များ ရှိသော်လည်း နဂါးစိမ်းအမြီးကလည်း ငှက်အမြီးမှ ဆန့်ထွက်နေသည်။

နဂါးစာကလေးက တောင်ပံဖြန့်ကာ ကောင်းကင်ထဲတွင် လှည့်ပတ်ပျံဝဲနေ၍ ခေါင်းနှင့်အမြီးက ဆက်နေသလို ဖြစ်နေသည်။ ထို့နောက် ခေါင်းမော့၍ ခပ်စူးစူးတစ်ချက် အော်လိုက်သည့်အခါ သူမ၏ပါးစပ်မှ မီးငှက်အော်သံနှင့် နဂါးတွန်သံနှင့်အတူ တဟဲဟဲ ထနေသော မီး‌တောက်မီးလျှံများ ပန်းထွက်လာသည်။

သူမ၏ ငှက်အမြီးမှာ အလွန်တရာ ရှည်လျားလှသဖြင့် ဦးခေါင်းနှင့် ထိလုနီးနီး ဖြစ်နေပြီး စက်ဝိုင်းကွင်းသဖွယ် အားလုံးကို ဝန်းရံထားသည်။

သူမပါးစပ်မှ မီးတောက်မီးလျှံများက သူမ၏နဂါးစိမ်းအမြီးတစ်လျှောက် စွဲလောင်သွားပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့လာသောကြောင့် မီးကွင်းတစ်ကွင်းပမာ ထင်ဟပ်နေသည်။ ၎င်းသည် အဆုံးသတ်မြို့ပျက်မှ ကြောက်မက်ဖွယ်ရာစွမ်းအားကို ဟန့်တားပိတ်ဆို့လိုက်၏။

‘ကောင်းကင်ဘုံကို လှမ်းဟပ်မည့် နဂါးစာကလေးသိုင်းကွက်’ ၊ အမြီးကို ဟပ်ထားသော ဦးခေါင်း၊ ကွင်းသဖွယ် ဖွဲ့တည်နေသော ခန္ဓာကိုယ်ဖြင့် အလယ်တွင် တသီးတသန့် ကောင်းကင်ဘုံတစ်ဘုံ ဖြစ်ပေါ်လာသည်။ အဆိုပါအလယ်ဧရိယာက ဘေးကင်းလုံခြုံနေသော နေရာဖြစ်လာ၏။

ဤသည်မှာ ယန်အာ ပြိုင်ဘက်ကင်းသိုင်းကွက်အား ထုတ်ဖော်နေသည်ကို ချင်မူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သိုင်းကွက်ကား အလွန်တရာ အားကောင်းပြင်းထန်လှ၏။ ၎င်းကြောင့် အမှောင်ကောင်းကင်နတ်မြစ်၏ နောက်ပြန်စီးဆင်းမှုနှင့် ဆွဲငင်အား ရပ်တန့်သွားသည်။

ဤမိန်းကလေးကား အဆာပြေ စားသောက်ရန် ကမ္ဘာဦးဘုံထဲရှိ နတ်ဘုရားများနှင့် မိစ္ဆာများကို ဖမ်းဆီးတတ်သော်လည်း သူမ၏သိုင်းကွက်များကို ချင်မူ တစ်ခါမှ မမြင်ဖူးပေ။ ဤမိန်းကလေးသည် အခြားသူများဆီ ခွံ့ကျွေးရသည်ကို နှစ်ခြိုက်ပြီး ချင်မူ့အဝတ်အစားများအား သပ်သပ်ရပ်ရပ် ပြန့်နေအောင် လုပ်ပေးရသည်ကိုလည်း သဘောကျ၏။

ထို့အပြင် ယခုတွင် ယန်အာ၏အစွမ်းအစများ ပေါ်ထွက်လာသည့်အခါမှ သူမ မည်မျှသန်မာအားကောင်းပြီး ကြောက်စရာကောင်းကြောင်း သိရတော့သည်။ ယန်အာကား ပထမလူသားဧကရာဇ်ထက်ပင် ကြမ်းတမ်းပြီး သန်မာလေသည်။

ပထမလူသားဧကရာဇ်က ကျောက်စိမ်းမြို့တော်အဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်၏။

‘မမကြီးယန်အာက သိကြားဗုဒ္ဓနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲမသိဘူး’

ချင်မူက ချက်ချင်း အရှိန်တင်ကာ ဧရာမပန်းပွင့်ကြီးနှစ်ပွင့်ဆီသို့ ပြေးသွားသည်။ သူ့စိတ်ထဲတွင် အစေခံမိန်းကလေးအဖြစ် တောင်အရပ်နတ်မင်း ကျူချွဲအာမှ ကောင်းကင်နတ်အရှင်ယွဲ့ထံ လက်ဆောင်ပေးခဲ့သော ယန်အာ၏ နောက်ကြောင်းနှင့် ပတ်သက်ပြီး သိချင်နေသည်။ ‘သူ့မှာ မီးငှက်သွေးရော၊ နဂါးစိမ်းသွေးရော ရှိနေတာဆိုတော့ မမကြီးယန်အာ၊ တောင်နတ်မင်းကျူချွဲနဲ့ အရှေ့အရပ်နတ်မင်းချင်းလုံတို့ ကြားက ပတ်သက်မှုက ဘာများဖြစ်လောက်မလဲ”

သူက မျက်တောင်ပုတ်ခတ်နေသည်။ အခြားသူများအား အလုပ်အကျွေး ပြုစုပေးရသည်ကို နှစ်သက်သော ဤမိန်းကလေးသည် တောင်အရပ်နတ်မင်းကျူချွဲအာနှင့် အရှေ့အရပ်နတ်မင်းချင်းလုံတို့၏ သမီးတော့ မဖြစ်နိုင်လောက်ဘူးမလား။

နတ်မင်းနှစ်ပါး၏ သမီးတော်ဖြစ်လျှင် မင်းသမီးတစ်ပါးနည်းတူ အဖိုးထိုက်တန်သင့်သော်လည်း အဘယ်သို့ပြု၍ အခြားသူများကို အလုပ်အကျွေးပြုစုပေးချင်သော အကျင့် ရှိနေပါသနည်း။

နောက်ဆုံးတော့ သူတို့အားလုံး ပန်းပွင့်ကြီးနှစ်ပွင့် မပိတ်သွားခင် ပွင့်ချပ်များအကြားသို့ ပြေးဝင်နိုင်သွားသည်။

သူတို့အနောက်၌ ပွင့်ချပ်များသည် လုံးလုံးလျားလျား ပိတ်သွားပြီး အသူရာချောက်နက်ဆီမှ ကြောက်မက်ဖွယ်ဆွဲအားနှင့် အမှောင်ကောင်းကင်နတ်မြစ်ဆီမှ ဖိအားကို ဖြတ်တောက်လိုက်၏။ သို့သော် ဆွဲအားနှင့် ဖိအား ရုတ်ခြည်း ပျောက်ကွယ်သွားသဖြင့် ယန်အာမှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မြေကြီးပေါ်သို့ တရှိန်ထိုး ပြုတ်ကျသွားတော့သည်။

သူမ၏မူလဝိညာဉ် ဝန်းရံထားသော ကောင်းကင်ဘုံလေးလည်း ပြိုကွဲပျက်စီးသွား၏။ ချင်မူနှင့် နဂါးချီလင်လည်း မြေပြင်‌ပေါ်သို့ ဒလိမ့်ခေါက်ခွေးပြုတ်ကျသွားသည်။ သူတို့အားလုံး ဝတ်ဆံအကြီးကြီးတစ်ခုကို ဝင်တိုက်ပြီးနောက် နောက်ဝတ်ဆံအပေါ် ကျကာ ပြန်ကန်ထွက်သွားပြန်သည်။

ဝတ်ဆံများက အလွန်နူးညံ့သောကြောင့် အရှိန်နှင့် ကျလာခဲ့သော်လည်း ဒဏ်ရာမရကြပေ။ သို့သော် ဟိုမှသည်၊ သည်မှဟို ကန်ထွက်နေသည့်အတွက် အတော်လေး မူးဝေလာကြ၏။ မူးဝေသည်မှလွဲ၍ အကုန်အဆင်ပြေလေသည်။

ချင်မူက ထရပ်ပြီး ယန်အာကို ဆွဲထူပေးသည်။ နဂါးချီလင်လည်း ကုန်းရုန်းထသော်လည်း ခြေထောက်အောက်ရှိ မြေကြီးက ပျော့စိစိဖြစ်နေကြောင်း ခံစားလိုက်ရသည်။ သူက မြေကြီးအပေါ် ဖိနင်းကြည့်သည့်အခါ အမှန်ပင် ပျော့စိနေကြောင်း သဘော‌ပေါက်သွား၏။ သူ တအံ့တဩ စုပ်သပ်မိလေသည်။

ချင်မူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ အပြင်နှင့်ယှဉ်လျှင် ဤနေရာသည် ထူးထူးဆန်းဆန်း တိတ်ဆိတ်အေးချမ်းနေပြီး ကျယ်ဝန်း၏။ ပန်းပွင့်နှစ်ပွင့်က တစ်ခုနှင့်တစ်ခု ဆက်နေသော ကမ္ဘာနှစ်ခုကို တည်ဆောက်ထားပုံရသည်။

ဤကမ္ဘာနှစ်ခုသည် မသေးပေ။ အပြင်တွင် ရှိသော ကောင်းကင်ဘုံများနှင့် ညီမျှသော်လည်း နေ၊ လနှင့် ကြယ်တာရာများ ကောင်းကင်ထဲ၌ ကင်းမဲ့နေသည်။

ထို့အပြင် အဆုံးသတ်မြို့ပျက်တွင် အလွန်မည်းမှောင်နေသည့်တိုင် ဤနေရာတွင်မူ အလင်းရောင်ရှိနေသည်။ ကမ္ဘာတစ်ခုက ပန်းနီရောင်ဖြစ်ကာ၊ ကျန်ကမ္ဘာတစ်ခုက အနက်ရောင်ဖြစ်သည်။ သူတို့သုံးယောက် ကျလာခဲ့သည်မှာ ပန်းနီရောင်ကမ္ဘာထဲသို့ ဖြစ်ပြီး ကောင်းကင်ထက်ရှိ ပန်းပွင့်ချပ်များအပေါ်တွင် တစ်ခုနှင့်တစ်ခု ယှက်ဖွဲ့နေသည့် အမှတ်အသားများအား တွေ့မြင်ရ၏။ အမှတ်အသားများက အလွန်ထူးဆန်းပြီး အနီရောင်တဖျပ်ဖျပ် လက်နေလေသည်။

ကမ္ဘာနှစ်ကမ္ဘာ ဆုံသောနေရာတွင် နန်းတော်နှစ်ဆောင် ရှိနေသည်။ တစ်ဆောင်၏ အနီရောင်ဖြစ်ကာ တစ်ဆောင်က အနက်ရောင်ဖြစ်၏။

နဂါးချီလင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း သတိအနေအထားဖြင့် မေးသည်။ “စောစောက ဂြိုဟ်ကြီး ကြွေကျသွားလို့ ကောင်းကင်နတ်မြစ်ရဲ့ မြေအောက်ရေစီးကြောင်း ပေါ်လာခဲ့တယ်... ဒီနေ့ကစပြီး ကြွေကျလာမယ့် ကြယ်တို့၊ ဂြိုဟ်တို့ မရှိတော့ရင် ဘယ်လိုလုပ်မလဲ... ကျွန်တော်တို့ ဒီမှာပဲ ထာဝရပိတ်မိသွားတော့မှာလား”

ယန်အာက သူ့ကို စိုက်ကြည့်၍ နဂါးချီလင် အပေါက်ပိတ်သွားသည်။

နဂါးချီလင်မှာ ယန်အာ မည်မျှသန်မာအားကောင်းကြောင်း ယခုလေးတင် မြင်ခဲ့ရသည့်အတွက် သူ့ကို အမြဲတစေ ခွံ့ကျွေးနေတတ်သော မမကြီးယန်အာကို ယခုမှစပြီး ရိုသေလေးစားစွာ ဆက်ဆံရန် စိတ်ပိုင်းဖြတ်ထား၏။

ယန်အာက ချင်မူ့အဝတ်ကို သပ်သပ်ရပ်ရပ် လုပ်ပေးနေပြီး အင်္ကျီကော်လံကိုလည်း ပြင်ပေးနေသည်။

ချင်မူမှာ သူမအကျင့်နှင့် အသားကျနေပြီဖြစ်၍ ထွေထွေထူးထူး သဘောမထားဘဲ ကမ္ဘာအနားသတ်သို့ လျှောက်သွားပြီး ပန်းပွင့်နံရံကို ပွတ်သပ်ကြည့်သည်။ အထိအတွေ့က မိန်းမငယ်လေးတစ်ယောက်၏ အရေပြားကို ထိတွေ့လိုက်သကဲ့သို့ နူးညံ့ပြီး ထူးခြားနေသည်။

“ငါတို့က ဒီပန်းပွင့်နှစ်ပွင့်အထဲ ရောက်နေတာပဲ... ဒီပန်းပွင့်တွေက တကယ့်ပန်းအစစ်တွေ... နတ်လက်နက်လိုဟာတွေ မဟုတ်ဘူး”

ချင်မူ့တွင် အထူးအဆန်းဖြစ်နေသော မျက်နှာအမူအရာရှိပြီး သူက တအံ့တဩ ပြောသည်။ “ဘယ်လိုပန်းပွင့်မျိုးက အဆုံးသတ်မြို့ပျက်ဆီက ဒီလောက် ကြောက်စရာကောင်းတဲ့ ဆွဲအားနဲ့ အဖျက်အစီးအားလှိုင်းကို ခုခံနိုင်တာလဲ”

ပန်းနံရံအပေါ်ရှိ အမှတ်အသားများသည် ညင်ညင်သာသာ ရွေ့လျားနေပြီး ရုတ်တရက် မိန်းမတစ်‌ယောက်၏ မျက်နှာ ပေါ်လာသည်။ မျက်နှာက မျက်လုံးများ ပိတ်ထားပြီး သူ့လက်ဝါးဆီသို့ မျက်နှာဖြင့် တိုးဝှေ့ပွတ်သပ်ကာ အလွန်သဘောကျနေပုံရ၏။

ချင်မူ ထိတ်လန့်သွား၍ အလျင်အမြန် လက်ပြန်ရုတ်လိုက်သည်။

“ကောင်းကင်နတ်ဧကရီ”

သူသာ ကြောင်ဆိုလျှင် အမွှေးများ ထောင်နေလိမ့်မည်။

ပန်းနံရံအထက်၌ ပေါ်လာသော မျက်နှာသည် ကောင်းကင်နတ်ဧကရီ၏ မျက်နှာဖြစ်၏။

တစ္ဆေသင်္ဘောပေါ်က အခေါင်းထဲတွင် ကောင်းကင်နတ်ဧကရီ၏မျက်နှာကို သူ မြင်ခဲ့ဖူးသောကြောင့် မမှားနိုင်ပေ။

နံရံ၏မျက်နှာက သူ့လက်ဝါးကို ပွတ်သပ်ရန် လိုက်လာသည်။ ၎င်းသည် အလွန်နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းနေသည်။

“မောင်လေး” ကောင်းကင်နတ်ဧကရီ၏မျက်နှာက ကျောချမ်းဖွယ်ရာ ရယ်လိုက်သည်။

ချင်မူ့ကြွက်သားများ တောင့်တင်းသွားပြီး မလှုပ်ရဲတော့ပေ။ နံရံထဲမှ ထွက်လာသော အမျိုးသမီးမျက်နှာ၏ လည်ပင်းသည် အလွန်ရှည်လှ၏။ ၎င်းတွင် ခန္ဓာကိုယ်မရှိချေရာ မြွေမတစ်ကောင်အလား ထင်ရပေသည်။

“မောင်လေး၊ ဒီကို လူတွေမလာတာကြာပြီ”

မြွေမက ချင်မူ့ကို ရစ်ပတ်နေပြီး ၎င်း၏လည်ပင်းအပေါ်၌ အကြေးခွံများ ပေါက်လာသည်။ အကြေးခွံများ ချင်မူ့လည်ပင်းဘေးမှ ဖြတ်သွားသည့်အခါ ချင်မူ့လည်ပင်းအပေါ်တွင် ပြတ်ရှရာများ ပေါ်လာ၏။ ဒဏ်ရာများမှ သွေးများ စတင်စီးကျလာသည်။

ချင်မူ၏ရုပ်ခန္ဓာသည် နတ်ဘုရားတစ်ပါးလို ကြံ့ခိုင်တောင့်တင်းသည့်တိုင်အောင် တည်ဆောက်ခံထားရသော်လည်း ဤမြွေမ၏ ကြေးခွံများအရှေ့တွင် တို့ဟူးပမာ အားနည်းနေသည်။

‘အဆုံးသတ်မြို့ပျက်မှာ မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားတွေက ကောင်းကင်နတ်ဧကရီနဲ့ သူ့ညီမတင် မဟုတ်ဘူးပဲ...’

သူ့နှလုံးခုန်သံက တဒိန်းဒိန်း မြည်ဟည်းနေသည်။ ‘တခြားရှေးဟောင်းနတ်ဘုရားတွေလည်း ရှိနေတယ်’

ချင်မူ့ပခုံးအပေါ်ရှိ ယန်အာက အလျင်အမြန် ပျံသန်းပြီး နဂါးချီလင်၏ခေါင်းပေါ် ဆင်းသက်လိုက်သည်။ သူမက ခေါင်းစောင်း၍ ပန်းနံရံအထဲမှ ဆန့်ထွက်လာနေသော မြွေမကို စပ်စပ်စုစု ကြည့်နေလေသည်။

“ငါက အစ်မတော်ရဲ့ အမိန့်ကြောင့် ဒီနေရာကို စောင့်ရှောက်နေခဲ့ရတာ.... တစ်ယောက်တည်း နှစ်ပေါင်းထောင်သောင်းချီ အထီးကျန်ခဲ့ရတယ်”

ကောင်းကင်နတ်ဧကရီ၏ မျက်နှာအနောက်ရှိ လည်ပင်းက ချင်မူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး မျက်နှာကမူ ချင်မူ့မျက်နှာကို လာထိနေသည်။ သူမက သူမမျက်နှာဖြင့် ချင်မူ့မျက်နှာကို ညင်ညင်သာသာ ပွတ်သပ်ရင်း တခစ်ခစ် ရယ်သည်။ “အစ်မတော်ကောင်းကင်နတ်ဧကရီက ငါ့ကိုပဲ အမြဲ အိမ်စောင့်ခိုင်းတယ်... ငါ ပျင်းလွန်းလို့ သေတောင် သေမယ်... နောက်ဆုံးတော့ အကြာကြီး စောင့်ပြီးတဲ့နောက်မှာတော့ နင့်လို ချစ်စရာမောင်လေးတစ်ယောက် ရောက်လာခဲ့ပြီ”

သူမက လျှာထုတ်လိုက်သည်။ လျှာကား မိန်းကလေးတစ်ယောက်၏ လျှာမဟုတ်ဘဲ အလွန်ရှည်လျားပြီး နူးညံ့နေသော လျှာနှစ်ခွ ဖြစ်သည်။ သူမသည် ချင်မူ့မျက်နှာကို လျက်၍ အပြုံးတစ်ခုဖြင့် ပြော၏။ “မောင်လေးက အစ်မတော်ရဲ့အမိန့်နဲ့ ဒီရောက်လာတာလား”

ချင်မူက မကြောက်လန့်သွားဘဲ ပြောသည်။ “ဟုတ်ကဲ့ ကောင်းကင်ဧကရီရဲ့ တော်ဝင်အမိန့်တော်ကြောင့် ရောက်လာတာပါ”

မျက်နှာက ချင်မူ့ရင်ဘတ်အနား ကပ်ကာ ရင်ခုန်သံနားထောင်သည်။ သူမက တခစ်ခစ် ရယ်ရင်း ပြောသည်။ “နင့်ရဲ့ နှလုံးခုန်သံက မပြောင်းလဲသွားဘူး... သွေးဖိအားလည်း မပြောင်းလဲဘူး... နင် လိမ်နေတာဆိုရင် လိမ်တဲ့နေရာမှာ ဆရာတစ်ဆူပဲ ဖြစ်လိမ့်မယ်”

ချင်မူသည် အပြုံးတစ်ခုဖြင့် ပြော၏။ “မမကြီး၊ ကျွန်တော်က ဘယ်လိုလုပ် လိမ်ရဲမှာလဲခင်ဗျာ”

မြွေမက ဟက်ခနဲ ရယ်ကာ ပြောသည်။ “အပြောလေး ချိုတယ်နော်... စကားဝှက်ပြော”

ချင်မူ ရင်လေးသွားပြီး မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ မြွေမ၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူမက ချင်မူ့ကို တင်းတင်းကြပ်ကြပ် ချုပ်လိုက်၏။ ထို့နောက် ခေါင်းမော့ကာ အပြုံးတစ်ခုဖြင့် ပြောလေသည်။ “နင်က တကယ်ပဲ လိမ်တဲ့နေရာမှာ ဆရာတစ်ဆူပါလား... ငါ့ကို လှည့်စားနိုင်ခဲ့တယ်... ဟီးဟီး စောစောက ငါ နင့်ကို စားချင်နေခဲ့တာ.... အခုတော့ စားလို့ရပြီ”

သူမ၏ပါးစပ်က ပြဲသထက် ပြဲလာသည်။ ဤအခိုက်အတန့်တွင် ယန်အာ၏ ကျယ်လောင်ပြတ်သားသောအသံက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ထွက်‌ပေါ်လာ၏။ “ချစ်စရာကောင်းလိုက်တဲ့ ... တီကောင်ကြီး”

အစိမ်းရောင်စာကလေးသည် တောင်ပံတဖျတ်ဖျတ် ခတ်နေရင်း ခန္ဓာကိုယ် ကြီးမားလာ၏။ သူမက မြွေမ၏ လည်ပင်းကို ဆတ်ခနဲ ထိုးဆိတ်ကာ ဆောင့်ဆွဲလိုက်သည်။

ချင်မူမှာ တင်းကြပ်စွာ ရစ်ပတ်ခံထားရ၍ သေတော့မလို ဖြစ်နေရာမှ အလျင်အမြန် အရိပ်အသွင်ပြောင်းကာ ရုန်းထွက်လိုက်သည်။ သူက မြေကြီးတွင် ကပ်ရင်း ခပ်သွက်သွက် ရွေ့လျားသွားလေသည်။

မြွေမမှာ လည်ပင်းကို ကိုက်ခံထားရသောကြောင့် သွေးပျက်စွာ အော်သည်။ “ငှက်ကလေး၊ ငါက တီကောင်မဟုတ်ဘူး”

ယန်အာက သူမလည်ပင်းကို ကိုက်ထားရင်း ဆွဲထုတ်နေသည်။ သူမ နောက်သို့ ခြေတစ်လှမ်းဆုတ်လျှင် ဆယ်မိုင်ကျော် ရွေ့သွားပြီး မြွေမမှာ အပြင်သို့ ရောက်သထက် ရောက်လာသည်။

ချင်မူ အရိပ်အသွင်ဖြင့် လွတ်မြောက်သွားသည့်အချိန်မှာပဲ အစိမ်းရောင်စာကလေးက သူ့ခေါင်းပေါ်မှ ကျော်သွားပြီး မြွေမအား ဆောင့်ဆွဲထုတ်နေသည်ကို မြင်လိုက်ရသည်။

ချင်မူ ကမန်းကတန်း လှမ်းအော်လိုက်၏။ “မမကြီး အဲဒါ အဆုံးသတ်မြို့ပျက်ထဲက ရှေးဟောင်းနတ်ဘုရား‌နော်”

“တီကောင်ပါဟယ်”

အစိမ်းရောင်စာကလေးသည် နဂါးအမြီးနှင့် နဂါးစာကလေးအသွင် ပြောင်းလိုက်၏။ သူမ၏ငှက်ခြေသည်းများက မာကြောကြံ့ခိုင်သော နဂါးခြေသည်းများ ဖြစ်လာပြီး အားဖြင့် နောက်သို့ဆွဲသွားနေသည်။ သူမကား ‘တီကောင်ကြီး’ကို နံရံထဲမှ ဆွဲထုတ်၍ စားရန် ကြံစည်နေချေပြီ။ “ဒါ တီကောင်ကြီးဟ... ဒီပန်းပွင့်ထဲမှာ တီကောင်ရှိနေတာ”

ချင်မူနှင့် နဂါးချီလင်မှာ ကျောရိုးတစ်လျှောက် စိမ့်‌အေးသွားသည်။ မြွေမမှာ မိုင်တစ်ရာကျော် ဆွဲထုတ်ခံထားရသော်လည်း အပြင်သို့ အပြည့်အဝ ရောက်မလာသေးပေ။

“အဲဒါကြီးက ရှေးဟောင်းနတ်ဘုရား တီကောင်ကြီးလည်း ဖြစ်နိုင်တာပဲလေ” ချင်မူ လှမ်းအော်ပြောလိုက်သည်။

ရုတ်တရက် ဤကမ္ဘာထဲရှိ ဝတ်ဆံများသည် တစ်မျှင်နှင့်တစ်မျှင် ရစ်ပတ်စပြုလာပြီး ထိပ်ဖျားတို့၌ ကောင်းကင်နတ်ဧကရီ၏ မျက်နှာများ ပေါက်လာသည်။ မျက်နှာတစ်ဖက်တိုင်းက နာကျင်စွာ အော်ဟစ်နေသည်။ “နာတယ်လို့”

“ငှက်ကလေး နင် ငါ့ကို နာအောင် လုပ်နေတယ်”

ဝတ်ဆံအရှည်ကြီးများက မြွေများလို ခန္ဓာကိုယ်များအား ရစ်ပတ်ရင်း နဂါးစာကလေးဆီသို့ လျှပ်စီးသဖွယ် ပြေးဝင်လာကြသည်။

ယန်အာမှာ တမုဟုတ်ချင်း စိတ်လှုပ်ရှားလာတော့သည်။ “ဒီတီကောင်ကြီးမှာ ခေါင်းတွေလည်း အများကြီးပဲဟ... ဒါ့အပြင် ငါထင်ထားတာတောင် ပိုကြီးနေသေးတယ်... အကြာကြီး ထိုင်စားလို့ရပြီ”

သူမက တောင်ပံခတ်ပြီး တစ်ချက်တစ်ချက် ကြီးလိုက်၊ သေးလိုက်ဖြင့် ဝတ်ဆံများဆီမှ တိုက်ခိုက်မှုများအား ရှောင်တိမ်းနေသည်။ တစ်ချက်တစ်ချက် တောင်ပံများဖြင့် ဝတ်ဆံများအား ခုတ်ပိုင်းတတ်သည်။ တစ်ချက်တစ်ချက် မီးတောက်များ ထွေးထုတ်လျက် လောင်ကျွမ်းပစ်တတ်၏။ တစ်ချက်တစ်ချက် ကောင်းကင်မိုးကြိုးများကို ထိန်းချုပ်ကာ ဟိုဟိုသည်သည် ပစ်ချတတ်လေသည်။

ချင်မူက နဂါးချီလင်ကို ခေါ်၍ ဤသတ္တဝါကြီးနှစ်ကောင်၏ ကောင်းကင်နတ်သိုင်းများဆီမှ အားလှိုင်းများ မရိုက်ခတ်လာအောင် ကမ္ဘာနှစ်ခု ဆုံသော နေရာရှိ အနက်ရောင်နန်းတော်နှင့် အနီရောင်နန်းတော်ဆီသို့ ဦးတည်သွားသည်။

ကောင်းကင်ထဲတွင် ယန်အာသည် မြွေမနှင့် အသည်းအသန် တိုက်ခိုက်နေဆဲဖြစ်၏။ သူတို့နှစ်ယောက်၏ ကောင်းကင်နတ်သိုင်းများက အားကောင်းသထက် အားကောင်းလာသည်။

‘မမကြီးယန်အာ အဆင်ပြေပါ့မလား’

သူ အလျင်အမြန် နောက်လှည့်ကြည့်လိုက်သည့်အခါ နဂါးစာကလေးယန်အာတွင် တောင်အရပ်နတ်မင်း၏ မီးလျှံနှင့် အရှေ့အရပ်နတ်မင်း၏ မိုးကြိုးနယ်ပယ်ထက် ကျော်လွန်သော အစွမ်းအစများ ရှိနေကြောင်း မြင်လိုက်ရသည်။ သူမ၏ကောင်းကင်နတ်သိုင်းက အလွန်ထူးဆန်းလာသည်။

သူမ၏ခန္ဓာကိုယ် ပြောင်းလဲသွားတိုင်း ကိုယ်ပွားပုံရိပ်များ ဖြစ်ပေါ်လာတတ်ပြီး စုစုပေါင်း ကိုယ်ပွားပုံရိပ် ၁၃ ခု ရှိသည်။ ကိုယ်ပွားပုံရိပ်တိုင်းသည် သူမ၏အစွမ်းအစများကို ပိုင်ဆိုင်ထား၍ မြွေမကို တိုက်ခိုက်ကြသည့်အခါ ယန်အာသည် လုံးဝအရေးမနိမ့်ပေ။

ကိုယ်ပွားပုံရိပ် ၁၃ လွှာ

‘ကောင်းကင်နတ်အရှင်ယွဲ့ သူ့ကို သင်ပေးထားတာများလား’

ချင်မူ မှင်သက်သွားပြီးနောက် မျှော်လင့်လာမိ၏။ သူသာ ကောင်းကင်နတ်အရှင်ယွဲ့၏ ကောင်းကင်နတ်သိုင်းကို ယန်အာဆီမှ သင်ယူနိုင်လျှင် သေချာပေါက် ကံကောင်းခြင်းသာ ဖြစ်ပေသည်။

ယန်အာက အဆုံးသတ်မြို့ပျက်မှ ရှေးဟောင်းနတ်ဘုရားနှင့် အပြင်းအထန် တိုက်ခိုက်နေ၍ ချင်မူနှင့် နဂါးချီလင်မှာ သူတို့၏ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များကို ရှောင်ရင်းတိမ်းရင်း အဝေးသို့ ရောက်သထက် ရောက်သွားသည်။

နောက်ဆုံးတော့ ကမ္ဘာနှစ်ခု ဆုံနေသော နေရာဆီသို့ သူတို့ ရောက်သွားကြချေပြီ။

ချင်မူက အနီရောင်နန်းတော်အရှေ့သို့ လျှောက်သွား၍ နဂါးချီလင်က နန်းတော်အတွင်းသို့ လည်ဆန့်ကြည့်သည်။ “အထဲမှာ ရန်သူတွေ ရှိနေလောက်လား”

“လျှောက်မပြောနဲ့”

ချင်မူ ဒေါပွသွား၍ နဂါးချီလင်ကို နန်းတော်အတွင်း ကန်ထည့်လိုက်သည်။ နဂါးချီလင်က ပြဲလန်နေအောင် အော်ဟစ်နေပြီး အတန်ကြာသည်အထိ သူ့အသံမှာ ကျယ်နေဆဲ ဖြစ်၏။

ချင်မူမှာ စိတ်အေးလက်အေး ဖြစ်သွားပြီး နန်းတော်ထဲ ဝင်လိုက်သည်။ သူက ဟက်ခနဲ ရယ်ကာ ပြောလေသည်။ “ဖက်တီးနဂါး အော်မနေနဲ့တော့ ရန်သူမရှိ....”

ချင်မူ မှင်သက်သွားသည်။ သူ ကန်လိုက်မှုကြောင့် နဂါးချီလင်သည် သလင်းကျောက်ခေါင်းတလားတစ်ခုအပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျသွားခဲ့၏။ သူ၏ ခြေလေးဖက်က အခေါင်း၏ ထောင့်လေးထောင့်ကို ဆုပ်ကိုင်ထားပြီး အခေါင်းပေါ်တွင် ခြေကားရားဖြင့် မလှုပ်ရဲဖြစ်နေသည်။

နဂါးချီလင် အကြောက်ဆုံးက သဘာဝလွန်အရာများ ဖြစ်သည့်အတွက် အခေါင်းပေါ် ကျသွားသည့်အခါ လိပ်ပြာလွင့်မတတ် ကြောက်သွား၏။ သူက သလင်းကျောက်အခေါင်းကိုသာ စိုက်ကြည့်ရင်း မရပ်မနား အော်နေတော့သည်။

ချင်မူ ခေါင်းယမ်းပြီး ရှေ့လျှောက်သွားသည်။ “ငါ့နောက် လိုက်နေတာဖြင့် ဘယ်လောက်ကြာပြီလဲ... ဒီလိုထူးဆန်းတဲ့မြင်ကွင်းတွေနဲ့ အသားမကျသေး...”

ချင်မူမှာ သလင်းကျောက်အခေါင်းထဲရှိ မျက်နှာကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူ့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေပြီး မည်သို့ဆက်ပြောရမည်မှန်း မသိတော့ပေ။

သလင်းကျောက်အခေါင်းထဲတွင် ကောင်းကင်နတ်ဧကရီနောက်တစ်ယောက် ရှိနေသည်။ သို့သော် တစ္ဆေသင်္ဘောအပေါ်ရှိ ကောင်းကင်နတ်ဧကရီနှင့် မတူပေ။ ဤအခေါင်းထဲရှိ ကောင်းကင်နတ်ဧကရီ၏ မျက်ခုံးနှစ်ဖက်အကြား၌ အနက်ရောင်အမှတ် ရှိသော်လည်း တစ္ဆေသင်္ဘောအပေါ်ရှိ ကောင်းကင်နတ်ဧကရီ၏ မျက်ခုံးနှစ်ဖက်အကြားတွင် အနီရောင်အမှတ် ရှိ၏။

All Chapters