မြေပုံအတိုင်း လိုက်လာပြီး ငါ့ကို ကယ်ပါ
Vol. 67 Ch. 879
‘ကောင်းကင်နတ်အရှင်လင်ရဲ့ ဆံထိုးက ငါ့အတွက် ထားခဲ့တာဆိုပေမယ့် အစ်ကိုကြီးက ဆွဲနုတ်ပစ်လိုက်တယ်”
ချင်မူက ဝေစွေ့ဖုန်း ပျောက်ကွယ်သွားသော ဧရိယာဆီ လျှောက်သွားသည်။ ဆံထိုးလည်း သူနှင့်အတူ ပျောက်သွား၍ ချင်မူမှာ မျက်မှောင်မကြုတ်မိဘဲ မနေတော့ပေ။
ဆံထိုးသည် ကောင်းကင်နတ်အရှင်လင် သူ့အတွက် ချန်ထားပေးခဲ့ခြင်းဖြစ်ကြောင်း သူ သဘောပေါက်သည့်အချိန်တွင် ခြေတစ်လှမ်း နောက်ကျသွား၏။ ထို့ကြောင့် သူ့အစား ရှေးခေတ်ရောက်သူကား ဝေစွေ့ဖုန်း ဖြစ်သွားခဲ့သည်။
‘အစ်ကိုကြီးက ရှေးဟောင်းနဂါးဟန်ခေတ်မှာ အချိန်တစ်ခုအထိ နေပြီး ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ လက်ယာတပ်မှူးချုပ် ဖြစ်လာလိမ့်မယ်... ကောင်းကင်နတ်ဧကရီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ တစ္ဆေသင်္ဘောကိစ္စ ပြီးမှ သူ ပြန်လာမှာ’
ချင်မူ ကောင်းကင်နတ်ဧကရီ၏အလောင်းကို သလင်းကျောက်ခေါင်းတလားထဲ ထည့်ပြီး တိတ်ဆိတ်စွာ စောင့်ရင်း သူ့ဘာသာသူ တွေးနေမိသည်။ ‘သူ နဂါးဟန်ကောင်းကင်ဘုံဆီက ပြန်လာရင် ဒီမှာပဲ ပေါ်လာလောက်တယ်... ငါ သူ ပြန်လာတာ စောင့်ရမယ်... ကောင်းကင်နတ်အရှင်လင် သူ့ကို တစ်ခုခု ပြောခဲ့လောက်တယ်’
အခြားတစ်ဖက်ရှိ အနက်ရောင်ကမ္ဘာထဲတွင် မည်သည့်လှုပ်ရှားမှုမှ မရှိပေ။ နဂါးချီလင်လည်း ယန်အာကို သွားရန် ထွက်သွားပြီးနောက် ပြန်ရောက်မလာသေး၍ ထိုနေရာရှိ တိုက်ပွဲအခြေအနေကို မသိရသေးပေ။
ချင်မူ သလင်းကျောက်ခေါင်းတလားဘေးတွင် ထိုင်စောင့်ရင်း မှန်ထုတ်ကာ ရှေးဟောင်းနတ်ဘုရားသင်္ကေတအမှတ်အသားများကို ဆက်လက်လေ့လာနေသည်။
ရက်အနည်းငယ်ကြာသည့်တိုင် နဂါးချီလင်နှင့် ယန်အာ ပြန်ရောက်မလာသေး၍ ချင်မူ စိတ်ပူစပြုလာကာ သူတို့နှစ်ယောက်ကို သွားရှာသည်။
ချင်မူက အနက်ရောင်ကမ္ဘာ၏ နယ်စပ်သို့ ရောက်ပြီး အမှောင်ထုထဲ ဝင်တော့မည့်အချိန် ခြေလှမ်းများကို ရပ်ကာ နဖူး၌ ချွေးပြန်လာသည်။
“ပန်းပွင့်တွေထဲက ကမ္ဘာတွေမှာ နေနဲ့ည အပြောင်းအလဲ မရှိပေမယ့် အနီရောင်ပန်းပွင့်နဲ့ အနက်ရောင်ပန်းပွင့်တွေမှာတော့ နေနဲ့ ညရှိလိမ့်မယ်”
သူ့မျက်လုံးများက အလင်းရောင်မရှိသော အနက်ရောင်ပန်းပွင့်ကမ္ဘာဆီသို့ လှမ်းကြည့်သည်။ ထို့နောက် ကျောက်စိမ်းတစ်တုံး ထုတ်ပြီး မျက်နှာပြင်အပေါ်တွင် ‘ငါ့ကို စောင့်နေ’ ဟူသော စာလုံးများ ရေးထွင်းပြီးနောက် အနက်ရောင်ပန်းပွင့်ကမ္ဘာထဲသို့ ပစ်ထည့်လိုက်သည်။
ကျောက်စိမ်းတုံးသည် အနက်ရောင်ပန်းပွင့်ကမ္ဘာထဲ ရောက်သွားပြီး ကျသွားသည့်အသံပင် မကြားရခင် ပျောက်ကွယ်သွား၏။
ယခုလို ပျောက်ကွယ်သွားခြင်းက ဤခေတ်မှ လုံးဝပျောက်ကွယ်သွားခြင်း ဖြစ်ပေသည်။
‘အနီရောင်ပန်းပွင့်က နေ့၊ အနက်ရောင်ပန်းပွင့်က ညပဲ... နေ့ကနေ ညထဲ ဝင်သွားလိုက်ရင် အချိန်ခရီးသွားတာ ရပ်တန့်ပြီး မူလနေရာဆီ ပြန်ရောက်သွားလိမ့်မယ်... ဖက်တီးနဂါးနဲ့ မမကြီးယန်အာက ငါတို့ခေတ်ဆီ ပြန်ရောက်သွားပေမယ့် ငါက အမှောင်ထုထဲ မဝင်တော့ အစ်ကိုကြီးရဲ့ခေတ်မှာ ကျန်ခဲ့တာပဲ’
ချင်မူ ပြန်ထွက်လာပြီး သလင်းကျောက်ခေါင်းတလားဘေး၌သာ ဆက်ထိုင်နေသည်။ အနက်ရောင်ပန်းပွင့်ကမ္ဘာထဲသို့ မဝင်သရွေ့ အဆုံးသတ်မြို့ပျက်ဆီ ပထမဆုံး ရောက်လာခဲ့သော ခေတ်ဆီသို့ ပြန်ရောက်သွားမည်မဟုတ်ပေ။
သို့သော် စိတ်ချရစေရန် မဟာနေဧကရာဇ်၏ မဟာတာအိုသင်္ကေတအမှတ်အသားများဖြင့် နေတစ်စင်း ဖွဲ့တည်ကာ ကမ္ဘာထဲ၌ ချိတ်ဆွဲထားသည်။
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး ချင်မူမှာ ထိုက်ဝေသင်္ချာကျမ်းသုံး၍ ရှေးဟောင်းကြယ်တာရာအရှင်သခင်တို့၏ မဟာတာအိုသင်္ကေတအမှတ်အသားများကို ရှင်းလင်းတွက်ထုတ်ပြီးချေပြီ။ သူ့မျက်နှာပေါ်ရှိ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးတို့မှာလည်း ပိုထူလာသည်။
ဤခေတ်တွင် သူ ကုန်ဆုံးခဲ့သော အချိန်က နဂါးဟန်ခေတ်တွင် နေခဲ့စဉ်ကထက် ပိုရှည်လျား၏။
ဤအတောအတွင်း ပျက်စီးနေသော ဂြိုဟ်အစအနများ ချောက်ထဲသို့ ပြုတ်ကျလာတတ်သည်။ မြေအောက်ရေစီးကြောင်း ပန်းထွက်သွားပြီး ပန်းပွင့်များ ပွင့်သွားတတ်သော်လည်း မည်သူမှ ဝင်မလာခဲ့ပေ.
ယနေ့တွင် ချင်မူမှာ လေ့လာတွက်ချက်ရာတွင်သာ စိတ်ရောကိုယ်ပါ နစ်မြုပ်သွား၍ မည်သည်ကိုမှ အာရုံမရှိတော့ပေ။ ဤတစ်ကြိမ်တွင် သလင်းကျောက်ခေါင်းတလားအတွင်းရှိ အမျိုးသမီးအလောင်းက တဖြည်းဖြည်း မျက်လုံးပွင့်လာသည်။
အမျိုးသမီးအလောင်းသည် အသံမထွက်ဘဲ ချင်မူ့ဘက်သို့ လှည့်ကာ တိတ်တဆိတ် ကြည့်နေ၏။
ပြီးခဲ့သည့်လများအတွင်း ဤအမျိုးသမီး၏ နောက်စေ့ရှိ ဒဏ်ရာမှာ အလိုအလျောက် ပြန်ကျက်သွားခဲ့လေသည်။
ချင်မူ ရုတ်တရက် တစ်စုံတစ်ခု ခံစားလိုက်ရသဖြင့် ခေါင်းလှည့်ကြည့်မိသည်။ အမျိုးသမီးအလောင်းသည် အခေါင်းထဲတွင် စောစောက အနေအထားနှင့်မဟုတ်ဘဲ အိပ်စက်နေသည့်အတိုင်း ရှိမြဲရှိနေ၏။
‘ထူးဆန်းတယ်... ငါ့ကို ကြည့်နေတဲ့အကြည့်ကို ခံစားခဲ့ရပါတယ်’
ချင်မူက ခေါင်းယမ်းကာ ဆက်လေ့လာနေသည်။ သို့သော် သူသည် မှန်ကို ထောင်၍ သူ့အနောက်ရှိ သလင်းကျောက်ခေါင်းတလားဆီ မျက်နှာမူထား၏။
သူက တွက်ချက်ရေးဝိညာဉ်လက်နက်များကို သုံးရင် မနားမနေ တွက်ချက်ကာ သင်္ကေတအမှတ်သအားများကို လေ့လာနေသည်။ အတော်လေးကြာသော် အမျိုးသမီးအလောင်းက မျက်လုံးပြန်ဖွင့်သည်။
အမျိုးသမီးအလောင်းသည် အခေါင်းထဲတွင် လှဲနေသော်လည်း ခေါင်းက သူ့ဘက်သို့ တိတ်ဆိတ်စွာ လှည့်လာ၏။ လည်ပင်းမှာ ကျိုးလိမ်နေတော့မလား လည်နေပြီး ကျောချမ်းဖွယ်အကြည့်က ချင်မူ့ကျောပြင်အပေါ် ကျရောက်လာသည်။
အခေါင်းအဖုံးက အသံမထွက်ဘဲ မြောက်တက်သွားပြီး အမျိုးသမီးအလောင်းလည်း တိတ်ဆိတ်စွာ ပျံဝဲနေသည်။
ချင်မူမှာ တွက်ချက်နေဆဲဖြစ်သော်လည်း မျက်ဝန်းထောင့်စွန်းများ တွန့်နေသည်။
သူ့အနောက်တွင် အမျိုးသမီးအလောင်းက တိတ်တဆိတ် ဆင်းသက်လာသည်။ သူမ၏ခန္ဓာကိုယ်က လေထဲတွင် ပျံဝဲနေပြီး ခေါင်းကြီးက အောက်ငိုက်စိုက်ကျနေသဖြင့် ဆံပင်ရှည်များသည် နှင်းကဲ့သို့ဖြူဆွတ်နေသော လည်တိုင်မှ ပြေကျလာ၏။
သူမခေါင်းက ချင်မူ့လည်ပင်းနှင့် တစတစ နီးကပ်လာသည်။
ချင်မူ့ပုံစံက မည်သည်ကိုမှ သတိထားမိဟန်မရသော်လည်း သူ့နဖူးမှ ချွေးပေါက်များ စီးကျလာသည်။ သူ့ထောင်ကျယ်အိတ်ထဲရှိ ဓားစက်လုံးက ပြဒါးရည်အသွင်ဖြင့် တဖြည်းဖြည်း စိမ့်ထွက်သွားရင်း အမျိုးသမီးအလောင်း၏ ခေါင်းအနောက်သို့ တိတ်တဆိတ် ချဉ်းကပ်နေသည်။ ထို့နောက် ဓားထိပ်အသွင်ဖွဲ့၍ မကြာသေးမီကမှ အနာကျက်သွားသော ဒဏ်ရာဆီ ချိန်ရွယ်ထားသည်။
ဤအခိုက်အတန့်တွင် အရှေ့၌ အလင်းရောင်ဝဲတစ်ခု လည်သွားပြီး အဖြူရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူတစ်ယောက် ဝဲထဲမှ ထွက်လာသည်။
သက်လတ်ပိုင်းလူသည် တည်ကြည်ဖြောင့်မတ်သော အသွင်ရှိပြီး ပေါ်လာသည်နှင့် ချင်မူ့အနောက်၌ ပျံဝဲနေသော အမျိုးသမီးအလောင်းကို မြင်လျှင် ဒေါသဖြင့် မျက်လုံးများ ပြူးကျယ်သွား၏။ သူ့အနောက်မှ နတ်လက်နက်တလက်ပြီးတစ်လက် ခုန်ထွက်လာပြီး ဂျိန်းခနဲ မြည်ဟည်းသံကြီးနှင့်အတူ ကောင်းကင်နန်းဆောင်တစ်ဆောင် ဖွဲ့တည်လာသည်။
ကောင်းကင်နန်းဆောင်အထဲတွင် အမျိုးမျိုးသော ခန်းမအဆောင်များအထက်၌ နတ်ဘုရားမိစ္ဆာပုံရိပ်များ ရပ်နေကြသည်။ သူတို့သည် ကောင်းကင်နန်းဆောင်၏အထက်၌ ကြယ်မြစ်တစ်စင်းအသွင်ဖြင့် စုဝေးနေကြ၏။
သူ၏မူလဝိညာဉ်က ကြယ်စင်စုကြီး၏ အဆုံးမဲ့အင်အားကို သယ်ထမ်းထားသော ရှေးဟောင်းနတ်ဘုရားတစ်ပါးအသွင် ဖြစ်သည်။ သူက ဧကရာဇ်ပလ္လင်ခန်းမအရှေ့တွင် နတ်ကောင်းကင်ခန်းမအရှေ့၌ ပေါ်လာပြီး လက်ဝါးတစ်ဖက် ဆန့်ထုတ်လျက် ချင်မူ့အနောက်ရှိ အမျိုးသမီးအလောင်းအား တိုက်ခိုက်လိုက်သည်။
“အရှင်မယွမ်မူ၊ သေပြီးနေတာတောင် ဘာလို့ပြဿနာ ရှာနေသေးတာလဲ”
နာမည်အရင်း ခေါ်လိုက်သည်ကို ကြားလျှင် ချင်မူ့အနောက်ရှိ အမျိုးသမီးအလောင်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး အောက်ကျနေသော ဆံပင်များ ပျံ့လွင့်သွား၏။ ရုတ်ခြည်းဆိုသလို သူမကိုယ်ထဲရှိ အဆုံးသတ်မြို့ပျက်တာအိုက အသက်ဝင်လာသကဲ့သို့ အနက်ရောင်ပန်းပွင့်အတွင်းရှိ အနက်ရောင်လှိုင်းဂယက်များက သူတို့ဆီ စီးဆင်းလာတော့သည်။
ဧရာမဖိအားကြီးကို ချင်မူ ခံစားလိုက်ရသည်။
ဤဖိအားသည် အမျိုးသမီးအလောင်း၏ ခန္ဓာကိုယ်အတွင်း၌ နိုးထလာနေသော ရှေးဟောင်းနတ်ဘုရားစွမ်းအား ဖြစ်၏။ သူ့အနောက်တွင် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါတိုင်းအား ဝါးမြိုပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာစွမ်းအား ပေါ်ထွက်လာသကဲ့သို့ ထင်ရသည်။ သို့သော် သက်လတ်ပိုင်းလူ၏ မူလဝိညာဉ်က သူမနဖူးပေါ် လက်ဝါးဖြင့် ဖိလျက် သူမအနောက်၌ အုံကြွသောင်းကျန်းနေသော အမှောင်ထုကို အနက်ရောင်ပန်းပွင့်ကမ္ဘာထဲသို့ ပြန်တွန်းထုတ်နေသည်။
အမျိုးသမီးအလောင်းမှာ နောက်သို့ ဆုတ်သွားရပြီး သလင်းကျောက်ခေါင်းတလားထဲသို့ ဘုန်းခနဲ ကျသွား၏။ အခေါင်းက အမျိုးသမီးအလောင်းကို အထဲ၌ ပိတ်ထားလိုက်သည်။
အမျိုးသမီးအလောင်းသည် အခေါင်းထဲတွင် ရုန်းကန်အော်ဟစ်နေပြီး လှပသော သူမ၏မျက်နှာမှာ ခက်ထန်ကြမ်းကြုတ်နေသည်။ သို့သော် သူမမှာ သက်လတ်ပိုင်းလူ၏ အချုပ်အနှောင်ကြားမှ မလွတ်မြောက်သေးပေ။
သက်လတ်ပိုင်းလူက ချင်မူ့ဆီသို့ လျှောက်လာကာ နှုတ်ဆက်သည်။ “ဒုတိယညီလေး၊ ငါတို့ နှုတ်ဆက်ခဲ့ရတာ နှစ်ရှစ်ထောင် ကြာပြီ... နှစ်ရှစ်ထောင်တောင် မတွေ့ရတော့ မင်း ပါးသိုင်းမွှေးတွေတောင် ပေါက်နေရော့ပါလား... အရှင်မယွမ်တု၊ မင်း အသက်ဝင်လာတာလား”
အမျိုးသမီးအလောင်းသည် ရေထဲမှ ကုန်းပေါ် ရောက်လာသော ငါးသဖွယ် အခေါင်းထဲ၌ လူးလွန့်နေ၏။
ချင်မူ ပြန်နှုတ်ဆက်ကာ ပြုံးသည်။ “မိတ်ဆွေတစ်ယောက်ကို မျှော်နေတာနဲ့ မုတ်ဆိတ်ပါးသိုင်းမွှေးတွေ ရိတ်ဖို့ သတိမရတော့တာပါ... အစ်ကိုကြီး ထွက်သွားတာ နှစ်ရှစ်ထောင်ကြာပြီဆိုပေမယ့် ကျွန်တော် ဒီရောက်နေတာဖြင့် ခြောက်လတောင် မကျော်သေးဘူး... အစ်ကိုကြီး ရေးခဲ့တဲ့စာကို ကျွန်တော် တစ္ဆေသင်္ဘောအပေါ်မှ မြင်ခဲ့ပြီးပြီ... အစ်ကိုကြီး သူတော်စင်တန်ခိုးရှင်လမ်းစဉ်ကို ရှာတွေ့ပြီလား”
သက်လတ်ပိုင်းလူသည် ဝေစွေ့ဖုန်းအပြင် တခြားမဟုတ်ပေ။ သူက ချင်မူ့စကားကို ကြားလျှင် တဟးဟား ရယ်သည်။ “ပြောရရင်တော့ တွေ့ပြီပေါ့ကွာ... ဒါပေမဲ့ နဂါးဟန်ခေတ်မှာ သူတော်စင်တန်ခိုးရှင်ဖြစ်အောင် လုပ်လို့မရဘူး.. ငါ့ခေတ်ကိုပဲ ပြန်လာမှရမှာ... အထွတ်အမြတ်ဆရာသခင်က သူတော်စင်တန်ခိုးရှင် ဖြစ်လာဖို့ ထာဝရရှင်သန်ခြင်းသုံးမျိုး ဖြည့်ဆည်းရမယ် ပြောတယ်... ငါ လိုအပ်နေတာက ကောင်းမှုကုသိုလ်ဆောက်တည်ဖို့ပဲ”
ချင်မူ မနေနိုင်တော့ဘဲ ဝင်ပြောမိသည်။ “အစ်ကိုကြီး သူတော်စင်တန်ခိုးရှင်ဖြစ်လာစေမယ့် ထာဝရရှင်သန်ခြင်းသုံးမျိုးဆိုတာ ဆရာ လျှောက်ပြောခဲ့တာ... အလေးအနက် ထားနေစရာမလိုဘူး... အစ်ကိုကြီး ဘာလုပ်ချင်လဲ မသိပေမယ့် ဆရာပြောတာတော့ အစ်ကိုကြီးက လမ်းမှန်ကနေ သွေဖယ်သွားပြီတဲ့... ဆက်လျှောက်နေရင် အင်မတန် အန္တရာယ်များတယ်... ကျွန်တော့်ခေတ်မှာ အစ်ကိုကြီးကို မြင်တောင် မမြင်ရဘူး”
ဝေစွေ့ဖုန်းသည် အံ့အားသင့်သွားပြီးနောက် ပြုံးနေ၏။ “အထွတ်အမြတ်ဆရာသခင်ရဲ့ စကားလည်း မမှားပါဘူး.... ငါ့တစ်ဘဝလုံးက သူတော်စင်တန်ခိုးရှင် ဖြစ်လာအောင် ထာဝရရှင်သန်ခြင်းသုံးမျိုး ဖြည့်ဆည်းဖို့ပဲ ကုန်ဆုံးနေတာ... ငါ ဖြစ်ချင်တဲ့ သူတော်စင်တန်ခိုးရှင်ဆိုတာ ဆရာ့တစ်ဘဝလုံး မရခဲ့တဲ့အရာပဲ... ဆရာဟာ ခိုင်ဧကရာဇ်ကို ကူညီရင်း သူလိုချင်တာတွေ၊ သူလုပ်ချင်တာတွေကို မလုပ်နိုင်ခဲ့ဘူး... အဲဒါကြောင့် သူ့တာအိုနှလုံးသားက မပြည့်စုံဘူး.... ညီလေး ၊ ငါက ဆရာ့ထက် သာတဲ့သူ၊ လူသားတွေရဲ့ ကံကြမ္မာဆိုးတွေကို ပြောင်းလဲပေးနိုင်မယ့်သူ ဖြစ်ချင်တာ... မင်း ငါ့ကို နားချစရာမလိုဘူး.... ငါ စိတ်ပိုင်းဖြတ်ထားပြီးပြီ”
ချင်မူ ထပ်မပြောတော့ပေ။
ဝေစွေ့ဖုန်းက ပြုံးသည်။ “မင်းက ငါ ချန်ခဲ့တဲ့ မြေပုံကနေ ဒီနေရာကို ရှာတွေ့ခဲ့တယ်ပြောတယ်... ငါ မင်းအတွက် မြေပုံမထားခဲ့ရင် မင်းလည်း ဒီနေရာကို ဘယ်ရှာတွေ့နိုင်ပါ့မလဲ... ငါ့အတွက် မင်းကို မြေပုံပေးတယ်ဆိုတာ အနာဂတ်၊ မင်းအတွက်တော့ အတိတ်ပဲ.... ဒါကြောင့် အနာဂတ်မှာ ငါ မင်းဆီ မြေပုံမပေးခဲ့ရင် အနာဂတ်ကို ပြောင်းလဲလိုက်သလို ဖြစ်မသွားဘူးလား”
ချင်မူ အတန်ကြာ တိတ်ဆိတ်သွားသည်။ “အစ်ကိုကြီး ကျွန်တော့်ခေတ်မှာ အစ်ကိုကြီးကို တစ်ခါမှမတွေ့ခဲ့ဘူး... မြေပုံကလည်း အစ်ကိုကြီးရဲ့ နတ်လက်နက်ကနေတစ်ဆင့် ကျွန်တော့်ဆီ ပြခဲ့တာ.... အဲဒီအချိန်မှာ အစ်ကိုကြီး သေနေပြီလား၊ ရှင်သေးလား ကျွန်တော် မသိဘူး”
ဝေစွေ့ဖုန်းက တဟားဟား ရယ်သည်။ “ငါ သေချာပေါက် ရှင်ဦးမှာကွ.... စိတ်အေးအေးသာထား... ငါတို့ဆရာတူညီအစ်ကိုနှစ်ယောက် အခုလို နှစ်နှစ်သောင်းအကြား ဆုံတွေ့ခွင့်ရခဲ့တာ ဘယ်လောက် အံ့ဩစရာကောင်းလိုက်သလဲ.... ငါ့မှာ မင်းကို ဒီခေတ်မှာ ဆက်နေစေနိုင်မယ့် နည်းလမ်းရှိတယ်... ဒီလိုလုပ်ပါလား၊ ငါတို့ညီအစ်ကိုနှစ်ယောက် သမိုင်းကြောင်းရဲ့ အမှန်တရားတွေကို လိုက်ရှာပြီး ဆရာတောင် မစွမ်းဆောင်နိုင်သေးတဲ့ ကောင်းမှုကုသိုလ်တွေကို အတူတူဆောက်တည်ကြမယ်လေ... ငါ့မှာ အင်အားလုံလုံလောက်လောက် ရှိနေပြီ.... အရင်လို အမြဲသတိကပ်ထားစရာ မလိုတော့ဘူး”
ချင်မူ ခေါင်းယမ်းလိုက်၏။ “ကျွန်တော် ပြန်မှဖြစ်မယ်... ဒီမှာမနေဘူး”
ဝေစွေ့ဖုန်း မျက်မှောင်ကြုတ်သွားသည်။ “မင်း ဘာလို့ ဒီလောက်ခေါင်းမာတာလဲ”
သူက ဟက်ခနဲ ရယ်လိုက်သည်။ “ငါလည်း ခေါင်းမာတဲ့လူပါပဲ... ဪ ဟုတ်သား ငါ ဒီကို ပြန်လာတုန်းက မြူခိုးထဲမှာ ကောင်းကင်နတ်အရှင်လင်နဲ့ တွေ့ခဲ့တယ်... သူက မင်းဆီ ဒါပေးလိုက်ဖို့ မှာတယ်”
သူက မက်မွန်သားဆံထိုးတစ်ချောင်း ထုတ်ကာ ပြုံးပြသည်။ “ဒီဆံထိုးက ကောင်းကင်နတ်အရှင်လင် တန်ဖိုးထားတဲ့ ရတနာပဲ... သူ့ကြည့်ရတာ ကောင်းကင်နတ်မြစ်ထဲမှာ ပိတ်မိနေတဲ့ပုံပေါ်တယ်... သူက ငါ့ဆီ ဒီဆံထိုး ပေးပြီး မင်းလက်ထဲ ထည့်ပေးပါတဲ့... မင်း ငါ့ကို ငှားလို့ရမလား”
ချင်မူမှာ ဤအတွက် စောင့်နေခြင်းဖြစ်၍ ဆံထိုးဆီ လှမ်းလိုက်သည်။ ဝေစွေ့ဖုန်းက လက်ပြန်ရုတ်သည်။ “ညီလေး ငါ့ကို ဆံထိုး ငှားကွာ”
ချင်မူ ဒေါသထွက်သွားပြီး လှမ်းလုသည်။ “ကျွန်တော့်ကို ပေးပါဆို... ကောင်းကင်နတ်အရှင်လင် ဒီဆံထိုးကို အရှင်မယွမ်မူရဲ့ ခေါင်းနောက်မှာ စိုက်ပြီး ကျွန်တော့်အတွက် ထားခဲ့တာလေ... အစ်ကိုကြီးကြောင့် သူ့အစီအစဉ်ပျက်သွားတာ”
ဝေစွေ့ဖုန်းက အလျင်အမြန် ပြန်ဖြေ၏။ “ငါ ဒီဆံထိုးကို တကယ်လိုလို့ပါ... ညီလေး၊ နောင်ကျ ငါ မင်းကို ပြန်ပေးပါ့မယ်... အဆုံးသတ်မြို့ပျက်မှာ ပြန်ထားပေးထားမယ်.... စိတ်မပူနဲ့ ငါ့ကို ငှားပါကွာ”
ချင်မူ လုရန် ပြင်လိုက်သော်လည်း အဆုံးသတ်မြို့ပျက်၏ မြေအောက်ရေစီးကြောင်း ပန်းထွက်လာသည်။
ဝေစွေ့ဖုန်းသည် ပန်းပွင့်လာသည့်အချိန်၌ ကောင်းကင်သို့ ပျံတက်ကာ အပြင်ထွက်သွားပြီး တဟားဟား ရယ်နေ၏။ “စိတ်အေးအေးထား နောင်ကျ ငါ ဒီမှာပဲ ပြန်ထားပေးပါ့မယ်”
“ဝေစွေ့ဖုန်း သောက်ချီးထုပ်ကြီး”
ဝေစွေ့ဖုန်းက ကျယ်လောင်စွာ ရယ်မောရင်း ပျောက်ကွယ်သွားသည်။ “မင်း မင်းခေတ်ဆီ ပြန်ရောက်ရင် နန်းတော်ကို သွားပြီး ဆံထိုးရှာချည်၊ ငါ မင်းအတွက် မြေပုံချန်ထားခဲ့မယ်”
ချင်မူ မှင်သက်သွား၏။
တခဏကြာသော် ပန်းထွက်နေသော မြေအောက်ရေစီးကြောင်း ရပ်တန့်သွား၏။
ချင်မူ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး သလင်းကျောက်ခေါင်းတလားကို အလျင်အမြန် သယ်ကာ အနက်ရောင်ပန်းပွင့်ကမ္ဘာထဲ လမ်းလျှောက်သွားသည်။
သလင်းကျောက် အခေါင်းထဲတွင် အရှင်မယွမ်မူသည် တခစ်ခစ်ရယ်လျက် သူမနှင့် နီးသထက် နီးလာနေသော အနက်ရောင်ပန်းပွင့်ကမ္ဘာကို မျှော်လင့်နေ၏။
သူမသည် အသက်ပြန်ဝင်လာသော်လည်း အနက်ရောင်ကမ္ဘာက သူမ မွေးဖွားခဲ့ရာနေရာ ဖြစ်သည့်အတွက် သူမကို အလွန်ဆွဲဆောင်နေသည်။ ထို့အပြင် အနက်ရောင်ပန်းကမ္ဘာထဲသို့ ဝင်လိုက်လျှင် အနက်ရောင်ပန်းပွင့်၏ မဟာတာအိုဖြင့် ဝေစွေ့ဖုန်း၏ အတားအဆီးအစီအရင်ကို ဖျက်စီးကာ ဤသလင်းကျောက်အခေါင်းထဲမှ ထွက်နိုင်မည်။
ချင်မူ အနက်ရောင်ပန်းကမ္ဘာအရှေ့တွင် ရပ်သည်။ သူက သလင်းကျောက်အခေါင်းကို ချ၍ မျက်ခုံးနှစ်ဖက်အကြားရှိ မိုးမခသစ်ရွက်ကို ခွာကာ ကျယ်လောင်စွာ ပြောသည်။ “ကောင်းကင်နယ်စားမင်း ဒီအမျိုးသမီးအလောင်းကို ကြည့်ထားပေးပါဦး... အစ်ကိုကြီး မစားစေနဲ့” ထိုသို့ပြောရင်း အခေါင်းကို ချင်စာလုံးကမ္ဘာထဲသို့ ထည့်လိုက်၏။
အမျိုးသမီးအလောင်း ဒေါသူပုန်ထသွားသည်။
ချင်မူက မတုန်လှုပ်ဘဲ အနက်ရောင်ပန်းပွင့်ကမ္ဘာထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
သူ မြေပြင်ပေါ် ဆင်းသက်၍ မျက်လုံးဖွင့်လိုက်သည့်အခါ အနက်ရောင်ပန်းပွင့်ကမ္ဘာထဲသို့ ရောက်နေကြောင်း မြင်လိုက်ရသည်။ အနီရောင်ပန်းပွင့်ကမ္ဘာထဲမှ နဂါးချီလင် ယန်အာကို ပွစိပွစိ ပြောနေသောအသံ ပျံ့လွင့်လာ၏။ “.... အဲဒီလိုမစားနဲ့ အဲဒီလိုမစားနဲ့လို့ ပြောသားပဲ... မမကြီးက စားဖြစ်အောင် စားလိုက်သေးတယ်လေ... အခုတော့ ကြည့်... ဂိုဏ်းသခင်ကို ဘယ်လိုပြန်ဖြေမလဲ”
ချင်မူ ကမ္ဘာနှစ်ခု ဆုံသည့်နေရာတွင် တည်ရှိနေသော နန်းတော်နှစ်ခုဆီသို့ အပြေးသွားလိုက်သည်။ နဂါးချီလင်က သူ့ကို မြင်လျှင် အံ့ဩဝမ်းသာသွားပြီး ကျယ်လောင်စွာ လှမ်းပြော၏။ “ဂိုဏ်းသခင်ရေ၊ ကျွန်တော်တို့ ဂိုဏ်းသခင် လှမ်းပို့လိုက်တဲ့ ကျောက်စိမ်းတုံးကို ရလို့ ဒီမှာပဲ တစ်ချိန်လုံး စောင့်နေတာ... မမကြီးယန်အာကတော့ မြွေမကို စားပြီးပြီ အခု သူ....”
“ပိတ်ထားစမ်း” ယန်အာ၏ အသံ ထွက်ပေါ်လာသည်။
ချင်မူမှာ နဂါးချီလင်၏ ဦးခေါင်းအပေါ်တွင် ရပ်နေသော လုံးလုံးဝန်းဝန်း အစိမ်းရောင်စာကလေးတစ်ကောင်ကို ဝိုးတိုးဝါးတား မြင်လိုက်ရသည်။ သူက စာကလေးကို ကြည့်မနေဘဲ အနက်ရောင်နန်းတော်ထဲသို့ အလျင်အမြန် ပြေးဝင်ကာ နန်းတော်ထဲတွင် လိုက်ရှာနေသည်။
ရုတ်တရက် သူ့အကြည့်သည် အနက်ရောင်နန်းတော်အတွင်းရှိ ပူဇော်ရာစားပွဲတစ်လုံးဆီ ကျရောက်သွား၏။
စားပွဲကို ပတ်ပတ်လည်တွင် ကြယ်သဲမှုန်များ ရှိကာ မြစ်တစ်စင်းပမာ စီးဆင်းနေသည်။
ချင်မူ ဒေါသတကြီး ညည်းတွားနေသည်။ “ထပ်ပြီး လုပ်ပြန်ပြီ”
သူက အလျင်အမြန် တွက်ချက်ရင်း ကြယ်ဝင်္ကပါ၏ အားနည်းချက်ကို ရှာကာ ဝင်္ကပါထဲသို့ တမုဟုတ်ချင်း ပြေးဝင်သွားသည်။ သူက စားပွဲအပေါ်ရှိ အနီရောင်အဝတ်စကို လှမ်းဆွဲလိုက်သည်။ အနီရောင်အဝတ်စအောက်၌ မက်မွန်သာဆံထိုးတစ်ချောင်း ရှိနေ၏။
ဆံထိုးအောက်တွင် စာများ ရေးထားသော ဆိတ်သားရေတစ်ချပ်လည်း တွေ့ရသည်။
ချင်မူမှာ စိတ်သက်သာရာရသွားပြီး ဆိတ်သားရေကို မကြည့်အားဘဲ မက်မွန်သားဆံထိုးကို ကပျာကယာ ကောက်၍ သူ့ဘာသာသူ တွေးမိသည်။ ‘အနည်းဆုံးတော့ အစ်ကိုကြီးက ကတိတည်သေးတာပဲ…. ဒါပေမဲ့ စောစောက အစိမ်းရောင်စာကလေး လုံးလုံးလေးက ဘာပါလိမ့်”
ဤအခိုက်အတန့်တွင် သူ့အကြည့်သည် ဆိတ်သားရေအပေါ် ရောက်သွား၏။ ၎င်းအပေါ်တွင် ဝေစွေ့ဖုန်း၏ လက်ရေးရှိနေပြီး စာလုံးခြောက်လုံးသာ ရေးထားသည်။ “မြေပုံအတိုင်း လိုက်လာပြီး ငါ့ကို ကယ်ပါ”